← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

"မေမေ ချမ်းနေလား?"

ကျွမ်းကျွမ်းက ရှောင်းကော တုန်တုန်ယင်ယင်ဖြစ်နေသည်ကိုမြင်ပြီး သူမ အေးနေသည်ဟု ထင်သွားသည်။ သူ့လက်သေးသေးလေးတွေနှင့် သူမလက်မောင်းအား အားတက်သရော ပွတ်ပေးလိုက်သည်။

“စောစောအိပ်တော့လေ။ မနက်ဖြန်ကျရင်လည်း ချုပ်လို့ရပါတယ်"

ချင်းအန့်မင်လည်း ရှောင်းကော တုန်တုန်ယင်ယင်ဖြစ်‌နေသည်ကြောင့် စိတ်ပူသွားမိသည်။

“အဆင်ပြေပါတယ်။ မအေးဘူး”

ရှောင်းကောတကယ်လည်း နေကောင်းနေပေမယ့် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် တုန်တုန်ယင်ယင်ဖြစ်လာသည်။ တစ်ယောက်ယောက်ကများ သူမအကြောင်းပြောနေတာများလား?

မျက်လုံးတွေကို ပွတ်ရင်း မော့ချူး လက်ထဲရှိ အပ်နှင့် အပ်ချည်ကို ချလိုက်ကာ တစ်ဝက်တစ်ပျက် ချုပ်ထားသည့် အဝတ်တွေကို စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။ ဘယ်နားမှာချည်တွေ မညီမညာဖြစ်နေလဲဆိုတာ သေချာကြည့်လိုက်သည်။

ချင်းအန့်မင် ကြည့်လိုက်တော့ အဝတ်အစားတွေက သူ့အတွက်ချုပ်နေမှန်း တွေ့လိုက်ရသည်။ သူအရမ်းဝမ်းသာသွားသည်။ အဲ့ဒါတွေက တကယ်ကြည့်ကောင်းလှသည်။

“မြန်မြန် အနားယူလိုက်တော့”

ချင်းအန့်မင် ရှောင်းကောအား ပြောလိုက်သည်။

“ဒါဆို အစ်ကိုတို့လည်း စာလုပ်နေတာ ရပ်သင့်ပြီ။ နောက်ကျနေပြီ။ စောစောအနားယူကြတော့"

ရှောင်းကောမှာ သူတို့နှစ်ဦး စိတ်အားထက်သန်စွာနှင့် စာဆက်ဖတ်နေတာကို ကြည့်လိုက်သည်။ သူမ မနေနိုင်ဘဲ သူတို့ကိုလည်း သတိပေးလိုက်သည်။

အရမ်းနောက်ကျနေပြီမို့ သုံးယောက်သား ပစ္စည်းတွေ သိမ်းကာ ဖယောက်းတိုင်တစ်ချောင်းစီဖြင့် အခန်းဆီသွားကြတော့သည်။

ချင်းအန့်မင် ထူထူထောင်ထောင်ဖြစ်လာချိန်တွင် ကျွမ်းကျွမ်းတစ်ယောက် နေ့တိုင်းစာလုပ်နေသည်ကို သူတွေ့ခဲ့ရသည်။ သူ မနေနိုင်ဘဲ သူ့အားဘေးမှ နေသာကြည့်နေခဲ့သည်။ ကြည့်နေရင်းဖြင့် သူ စိတ်ဝင်စားလာခဲ့သည်။ ထို့ကြောင့် ကျွမ်းကျွမ်းက သူ့ဆရာဖြစ်လာပြီး သူထားသမျှကို သူ့အားပြန်သင်ပေးခဲ့သည်။

ယခုချိန်တွင် ချင်းအန့်မင်သည် စကားလုံးများစွာကို သင်ယူပြီးပြီဖြစ်သည်။ တစ်ဖက်တွင် ကျွမ်းကျွမ်းကတော့ ရှေးအက္ခရာတစ်ထောင်ကို သင်ယူပြီးမြောက်သွားပြီဖြစ်ကာ နောက်လိုက်တပည့်စည်းကမ်းတွေကို စတင်‌သင်ယူနေပြီဖြစ်သည်။

ရှောင်းကော၏ ဂရုစိုက်မှုအောက်တွင် တစ်လကျော်ကြာပြီးနောက်၊ ချင်းအန့်မင် ခန္ဓာကိုယ်ဟာလည်း ယခင်ကထက် ပိုမိုသန်မာလာခဲ့သည်။ သူ တစ်နေကုန် အလုပ်လုပ်ပြီးသည့်တိုင် ပင်ပန်းနွမ်းနယ်မှုကို မခံစားရပါချေ။

သူ့ခန္ဓာကိုယ် ပြန်ကောင်းလာပြီးသည့်နောက် လယ်ထဲတွင် အလုပ်သွားလုပ်သည်။ အကြာကြီး လဲနေခဲ့ရတာကြောင့် ငြီးငွေ့လာပြီလို့ သူပြောသည်။

လယ်တွေထဲ သူရောက်သည့်အခါ သူ့အတွက် အဆုံးမရှိတဲ့ စွမ်းအင်တွေ ရှိနေသည့်ပုံပင်။ သူ လယ်ထဲရှိ ပေါင်းမြက်တွေအား ရှင်းလင်းလိုက်သည်။ များမကြာမီ လယ်ကွက်နှစ်ကွက်ရှိ ပေါင်းပင်များ ရှင်းလင်းသွားတော့သည်။ ရှောင်းကောကတော့ အများကြီးလုပ်စရာမလိုလိုက်ပေ။

သူတို့နှစ်ဦး ပေါက်ပြားကိုယ်စီဖြင့် အိမ်သို့ပြန်သည့်အချိန် လယ်ထဲတွင် ကြိုးကြိုးစားစား အလုပ်‌လုပ်‌နေရသည့် တခြားအမျိုးသမီးတွေဆီကနေ မနာလိုဖြစ်ခံထိကြရသည်။

လီကျောက်ဒီတစ်ယောက် မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။ ရှောင်းကော သူမအား ဖြတ်လျှောက်သွားသည့်အချိန် သူမက ငေါ့တော့တော့အကြည့်တစ်ချက်ပေးလိုက်သည်။

ရှောင်းကော ဒေါသမထွက်ပေ။ သူမ ချင်းအန့်မင်အား အရင်သွားစေကာ သူမက သူ့အနောက်ကနေ လိုက်လာသည်။ သူမ လီကျောက်ဒီအား ဖြည်းဖြည်းချင်း တစ်ခုခုပြောလိုက်သည်။ လီကျောက်ဒီ ထိုစကားအားကြားလိုက်ရသည့်အခါ သူမသည် ဒေါသထွက်ရလွန်းလို့ ဦးခေါင်းခွံပါကွဲလုမတတ်ပင်။

ချင်းအန့်မင်က ရှောင်းကောအား ထိုအမျိုးသမီး ဒေါသထွက်အောင် သူမ ဘာပြောခဲ့လဲဆိုတာသိချင်စိတ်ဖြင့်မေးလိုက်သည်။

ရှောင်းကောက ရယ်ပြီး သူ့ကို အမှန်အတိုင်း မပြောပေ။ သူမ ဘာမှသိပ်မ‌ပြောလိုက်ဘူးလို့ဘဲ ပြောလိုက်သည်။ လီကျောက်ဒီကသာ အမြဲတမ်း ဘာမဟုတ်သည့်အရာတွေအပေါ် ဒေါသထွက်နေခြင်းပင်။

တကယ်လည်း သူမ ဘာမှသိပ်မပြောလိုက်ပေ။ သူမ ဒီတိုင်း အစိမ်းသက်သက် အကြောတစ်ခုအား ထိလိုက်ရုံပင်။

ဒီတော့ သူ့ယောက်ျားက အခုအရာရှိဖြစ်‌နေလဲဘာဖြစ်လဲ? သူပြန်မလာနိုင်သေးဘူးလေ။ သူမ ဘယ်လောက်ပဲ ချမ်းသာနေပါစေ ပေါင်းပင်တွေရှင်းဖို့ လယ်တွေထဲသွားနေရတုန်းပဲ။ ပြီးတော့ ရှင်းစရာ ပေါင်းပင်တွေကလည်းအဆုံးကိုမရှိဘူး။ သူမအနေနဲ့ အဲ့ဒါတွေကို ဘယ်တော့မှ အပြီးသတ်နိုင်မှာ မဟုတ်ဘူး။

ရှောင်းကော သူမ၏ အမူအရာကို သတိရလိုက်ကာ တစ်ယောက်ထဲရယ်လိုက်သည်။

ရှောင်းကော၏ စကားကိုကြားပြီးနောက် ချင်းအန့်မင်လည်း သဘောတူသလို ခေါင်းညိတ်လိုက်သည်။

လီကျောက်ဒီကို သူ သိသည်။ သူ ချင်အိမ်မှာရှိတုန်းက ရှောင်းကောနှင့် လီကျောက်ဒီတို့ လက်မထပ်ရသေးခင် လီကျောက်ဒီတစ်ယောက် သူ့ကိုရှာဖို့အိမ်ကို အမြဲလာလေ့ရှိသည်။ သူမ ရောက်လာတိုင်း မိတ်ကပ်ထူထူလိမ်းလာတတ်သည်။ ထိုသည်မှာ မြင်ရတာ ကြောက်စရာကောင်းလှသည်။ သူမက သူ့ကိုတွေ့တိုင်း သူမဟာ ထူးထူးခြားခြား ပြုမူတတ်သည်။

ရှောင်းကော ထိုအကြောင်းကို မသိပါချေ။ သူမသိသွားလျှင် သေလောက်အောင် ရယ်နေလိမ့်မယ်ပင်။ လီကျောက်ဒီ၏ ရှက်ရွံ့သလိုအမူအရာနှင့် အပြုအမူတွေဟာ ချင်းအန့်မင်၏ မျက်လုံးထဲတွင်တော့ ထူးဆန်းသည့် အမူအရာတွေသာဖြစ်သည်။ ဟားဟားဟားဟား

အိမ်အပြန်လမ်းတွင် သူမတို့တွေ အမျိုးသမီးယန်၏ အိမ်ကို ဖြတ်သွားရသည်။ ရှောင်းကောနှင့် ချင်းအန့်မင်တို့သည် လယ်တွေထဲတွင် ပေါင်းပင်များရှင်းရန် အလုပ်ရှုပ်နေဆဲဖြစ်သည့် အမျိုးသမီးယန်အား တွေ့လိုက်ရသည့်အခါ သွားနေတာရပ်လိုက်ကြသည်။

"အစ်ကို ပင်ပန်းနေပြီလား?"

ရှောင်းကော၏ အမူအရာကိုမြင်သည့်အခါ ချင်းအန့်မင်လည်း ရှောင်းကောပြောချင်သည့် အဓိပ္ပါယ်ကိုသဘောပေါက်လိုက်သည်။

“မပင်ပန်းသေးပါဘူး။ သွားကြတာပေါ့!"

ရှောင်းကော ရယ်မောကာ အမျိုးသမီးယန်ဆီ ပေါက်ပြားသယ်ရင်း လျှောက်သွားလိုက်သည်။

"အစ်မ! အခြေအနေ ဘယ်လိုလဲ?"

ရှောင်းကောက အဝေးကနေ လှမ်းမေးလိုက်သည်။ အမျိုးသမီးယန်က သူမအသံကိုကြားတော့ လှည့်ကြည့်လာသည်။ သူမတို့နှစ်ယောက်ဖြစ်မှန်း မြင်လိုက်ရတော့ သူမအမြန်အော်ပြောလိုက်သည်။ “မလိုဘူး၊ မလိုဘူး! ပြီးခါနီးပြီ! မင်းတို့တွေပြီးသွားရင် စောစောပြန်နားကြ!"

ရှောင်းကောက သူမ ပြောတာကိုနားမထောင်ပေ။ သူမနှင့် ချင်းအန့်မင်တို့သည် ပေါင်းသင်နေသည့်အတန်းနောက်လိုက်ကာ ပျိုးပင်နှစ်တန်းဆီ ရောက်လာကြသည်။ သူတို့က အဲ့ဒီနေရာကနေစကာ လုပ်ကြသည်။

ဒါကို အမျိုးသမီးယန်မြင်တော့ သူတို့ကိုတားနေတာရပ်လိုက်ကာ သူမအရှိန်ကိုမြှင့်လိုက်သည်။ ရှောင်းကောနှင့် ချင်းအန့်မင်တို့ လုပ်ရနည်းစေရန် သူမပိုလုပ်လိုက်သည်။

သူတို့၏ အကူအညီဖြင့် အမျိုးသမီးယန်၏ အလုပ်မှာ လျင်လျင်မြန်မြန် ပြီးမြောက်သွားသည်။ သူတို့ သုံးယောက်သား ပေါက်ပြားတွေကိုထမ်းကာ ချွေးတွေတသီဖြင့် ပျော်ရွှင်စွာ အိမ်သို့ လျှောက်လာကြသည်။

လီကျောက်ဒီမှာ ပင်ပန်းလွန်းလို့ ချွေးတွေရွှဲနေသည်။သူမ ချွေးတွေအား အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး မျက်လုံးမှေးကျဉ်းကာ သူတို့သုံးယောက်အားကြည့်လိုက်သည်။ သူမ သူတို့ဘက်ဆီ တံတွေးထွေးလိုက်သည်။ အဲဒါက ဘာများကြီးကျယ်နေလို့လဲ?

လယ်ထဲတွင် လုပ်စရာအလုပ်တွေ မရှိတော့ပေ။ ရှောင်းကောသည် နောက်တစ်နေ့တွင် ချင်းအန့်မင်နှင့်အတူ တောင်ပေါ်သို့သွားရန် စီစဉ်ခဲ့သည်။ သူမတို့တွေ သစ်တွေခုတ်ကာ နွားတင်းကုပ်ဆောက်ရန်ပြန်လာကြသည်။

သူမတို့အိမ်ပြန်ရောက်သည့်အချိန် ကျွမ်းကျွမ်းက နွားတွေနှင့် အပြင်မှာ ကစားနေတုန်းပင်။ အိမ်တွင်ဘယ်သူမှမရှိပေ၊ ဒါကြောင့် ရှောင်းကောလည်း နေ့လယ်စာပြင်ဆင်ရန် သွားလိုက်သည်။

ချင်းအန့်မင်သည် အိမ်ထဲသို့ ဘဲဥကြီးသုံးလုံး ယူလာကာ ပြည့်နေပြီဖြစ်သည့် ခြင်းတောင်းထဲတွင် ထည့်လိုက်သည်။

"ဘဲဥတွေများနေပြီ"

ရှောင်းကောလည်း အဲ့ဒါက အမှန်ဖြစ်ကြောင်း သိသည်။ သူမသည် မနက်တိုင်း ကြက်ဥတွေကို ချက်သည်။ သူမတို့မှာ ဥတွေ ဥတဲ့အရှိန်ကို အမီမလိုက်နိုင်ဘူးလို့ တွေးမိသည်။

ရှောင်းကောက ချင်းအန့်မင်အား ဘဲဥနှစ်လုံးကို ခွဲခိုင်းလိုက်သည်။ နေ့လယ်စာအတွက် သူမသည် ခေါက်ဆွဲ၊ ကြက်ဥနှင့် ခရမ်းချဉ်သီး‌မွှေကြော်၊ ခရမ်းသီးနှင့်တုံးထားသည့်ဝက်သားတုံးတို့ကို ချက်မည်။

နေ့လည်စာ အဆင်သင့်ဖြစ်သည့်အခါ၊ ရှောင်းကောလက်သွားဆေးလိုက်သည်။ ကျွမ်းကျွမ်း ပြန်မလာသေးတာကို မြင်တော့ သူမအပြင်ထွက်ကာ သူ့ကိုသွားရှာဖို့ ပြင်လိုက်သည်။

သူမတံခါးဝကိုရောက်တော့ နွားနှစ်ကောင်နှင့်အတူ အိမ်ကိုပြန်လာနေသည့် ကျွမ်းကျွမ်းအား တွေ့လိုက်ရသည်။

ရှောင်းကောက ကျွမ်းကျွမ်းအား ခပ်ကျယ်ကျယ် အော်ခေါ်လိုက်သည်။ ကျွမ်းကျွမ်း သူမအသံကိုကြားတဲ့အခါ ခြေလှမ်းကျဲကျဲဖြင့် သူ့အားကြိုနေသည့် ရှောင်းကောဆီသွားလိုက်သည်။

"မေမေ!"

"ဒီနေ့ ဘာလို့ပြန်တာ နောက်ကျတာလဲ?"

ရှောင်းကော နွားများအားလှမ်းယူလိုက်တော့ ကျွမ်းကျွမ်း ရင်ခွင်ထဲတွင် တစ်ခုခု ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ရှောင်းကော စူးစမ်းသလို ကြည့်လိုက်သည်။ ရုတ်တရက် အဝတ်က လှုပ်သွားပြီး အော်သံတွေ ထွက်လာသည်။

ရှောင်းကော အံ့သြသွားသည်။ ကျွမ်းကျွမ်းက အမြန်ဖုံးလိုက်ပြီး အပြစ်ကင်းသည့် အပြုံးဖြင့် သူမအား မော့ကြည့်လိုက်သည်။

ရှောင်းကောက မလွှတ်ပေးပါချေ။ သူမက ကျွမ်းကျွမ်းရဲ့ နာမည်အား ခြိမ်းခြောက်သလို ခေါ်လိုက်သည်။ "ကျန်းချင်းဝမ်?"

ကျွမ်းကျွမ်း ပြုံးပြနေတာကိုအမြန်ရပ်လိုက်ပြီး သူ့ရင်ခွင်ထဲက ဟာကို ထုတ်ပြလိုက်သည်။

ရှောင်းကော နှာမှုတ်ကာ ငုံ့ကြည့်လိုက်သည်။ ခွေးကလေး နှစ်ကောင်ပင်။

"သူတို့တွေကို မင်းဘယ်ကရလာတာလဲ?"

"မြစ်ကမ်းနားက တွင်းထဲမှာ ခွေးကြီးတစ်ကောင်နဲ့ရှိနေတာ ဒါပေမယ့် ခွေးကြီးက သေသွားပြီ"

ကျွမ်းကျွမ်း ရှင်းပြတာကို နားထောင်ရင်း ခွေးကြီးဟာ ခွေးပေါက်လေးများ၏ မိခင်ဖြစ်ကြောင်း ရှောင်းကော သဘောပေါက်သွားသည်။ သို့သော် ခွေးပေါက်တွေ၏ မိခင်မှာသေသွားပြီဖြစ်သည်။ ကျွမ်းကျွမ်း၏ ဖော်ပြချက်အရ ခွေးအမေကြီးဟာ အစာငတ်ရင်းသေဆုံးကြောင်း သူမ ခန့်မှန်းမိသည်။ အဲ့ဒါက အဓိပ္ပာယ်ရှိသည်။ ယခုခေတ်အခါတွင် ခွေးတွေမပြောနှင့် လူတွေပင် စားဖို့မလောက်ပေ။

ရှောင်းကော စိတ်ဆိုးပုံမပေါ်သည်ကိုမြင်သည့်အခါ ကျွမ်းကျွမ်းက နားမလည်ဖြစ်သွားသည်။

"မေမေ၊ သားကိုမဆူဘူးလား?"

ရှောင်းကောမှာ ကျွမ်းကျွမ်း၏ စကားကို သဘောကျသွားသည်။ "မေမေက သားကို ဘာလို့ဆူရမှာလဲ?"

“အဲဒီတုန်းက ရှောင်းဟူလည်း အဲဒီမှာရှိတယ်။ ခွေးလေးတွေကို ပြန်ယူသွားရင် သူ့အမေက သူ့ကိုသေချာပေါက်ဆူမှာ လို့ပြောတယ်"

ကျွမ်းကျွမ်းက ရှောင်းဟူ အသံတိုင်းတုကာ ပြောတော့ ရှောင်းကောမှာ ရယ်မိတော့သည်။

"မေမေက သားကိုမဆူပါဘူး၊ ချီးတောင် ချီးကျူးဦးမှာ!"

ကျွမ်းကျွမ်းမှာ ရှောင်းကောဘာလို့ အဲ့ဒီလိုပြောလဲဆိုတာ သိချင်သွားသည်။

"ဘာဖြစ်လို့လဲဆိုတော့ ကျွမ်းကျွမ်းက ကြင်နာတတ်လို့လေ။ သူတို့တွေအပြင်မှာ ဗိုက်ဆာပြီးသေမှာစိုးလို့ သားသူတို့ကို ပြန်ခေါ်လာတာ မဟုတ်လား?”

ကျွမ်းကျွမ်းက အားတက်သရော ခေါင်းညိတ် ထောက်ခံသည်။

ရှောင်းကောက ဆက်ပြောသည်။ " မေမေ့သားက ဒီလောက် ကြင်နာတတ်တာ၊ ဘာလို့ဆူရမှာလဲ?"

"ဒါပေမယ့် အစ်ကိုရှောင်းဟူက ပြောတယ်..."

“အဲဒါက ဘာလို့လဲဆိုတော့ တချို့လူတွေက သူတို့မိသားစုရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကို ဂရုစိုက်ရလို့လေ။ တခြားတိရိစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ဖို့ သူတို့မတတ်နိုင်ကြဘူး။ ဒါက ရှောင်းဟူရဲ့မေမေက သူ့ကိုခွေးပေါက်လေးတွေ ပြန်မယူလာခိုင်းရတဲ့အကြောင်းရင်းပဲ”

ကျွမ်းကျွမ်း သူမစကားကို နားလည်သွားတာမြင်တော့ ရှောင်းကောက ဆက်ပြောလိုက်သည်။ “သားကို မေမေ မဆူရတဲ့နောက်ထပ်အကြောင်းရင်းက မေမေတို့က သူတို့တွေကို ကျွေးမွေးဖို့ တတ်နိုင်လို့ဘဲ။ အဲဒါကြောင့် သူတို့ကိုနေခွင့်ပေးတာ"

ကျွမ်းကျွမ်းက နားလည်ကြောင်းပြကာ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် မေမေ!"

ရှောင်းကော သူ့နှာခေါင်းလေးအား တို့လိုက်ကာ ခွေးပေါက်လေးနှစ်ကောင်ကို ငုံ့ကြည့်လိုက်သည်။ ခွေးပေါက်လေးတွေဟာ ဝဝကစ်ကစ်နှင့် သွားလေးတွေ ပေါက်နေကြပြီဖြစ်သည်။ သူတို့တွေဟာ တစ်လသားလောက်ရှိလိမ့်မည်။ သူတို့ကို ဘာကျွေးရမလဲဆိုတာ သူမ စိတ်ပူနေစရာ မလိုပေ။

ကျွမ်းကျွမ်းတစ်ယောက် ခွေးလေးနှစ်ကောင်ကို ခက်ခက်ခဲခဲ သယ်ထားရတာမြင်လိုက်ရတော့ သူမငုံ့ကာခွေးကလေးတစ်ကောင်ကို သူ့လက်နှစ်ဖက်ကြားမှယူလိုက်သည်။ ခွေးလေးက ရှောင်းကောလက်ထဲ ပြောင်းသွားတော့ သူမကို နည်းနည်းဟောင်လိုက်သည်။

ခွေးပေါက်လေးတွေက အတော်လေး ခွန်အားပြည့်ဝနေတာကို မြင်လိုက်ရတော့ သူတို့ကိုမွေးထားတဲ့ ခွေးအမေကြီးအတွက် ရှောင်းကော စိတ်မကောင်းဖြစ်မိသွားသည်။

သူမသည် ကျွမ်းကျွမ်းအား ခွေးကဘယ်နားမှာသေနေတာလဲလို့ မေးလိုက်သည်။ နောက်မှ သူမကိုယ်တိုင် ခွေးကိုမြုပ်ပေးဖို့ ရည်ရွယ်လိုက်သည်။ သို့သော် ကျွမ်းကျွမ်းတစ်ယောက် ထိုစကားကိုကြားသည့်အခါ ရှောင်းကောမြင်ရန် သူ့လက်တွေကို ဖြန့်ပြလိုက်သည်။

ကျွမ်းကျွမ်း၏ ပြည့်ပြည့်ဖောင်းဖောင်းလက်တွေရော လက်သည်းတွေပါမကျန် ရွှံ့မည်းမည်းတွေဖြင့် ဖုံးနေသည်။

"မေမေ၊ သား အခုလေးတင် မြေမြုပ်လိုက်တာ"

ရှောင်းကော ကြည့်လိုက်သည်။ အမှန်ပင်။

"မေမေတို့ သားအမိနှစ်ယောက် တကယ်အတွေးတူနေတာပဲ!"

All Chapters