အခန်း (၇၁)
Vol. 5 Ch. 71
နောက်တစ်နေ့ မနက်စာစားပြီးနောက် ရှောင်းကောသည် မြည်းလှည်းဖြင့် သူမကိုယ်တိုင် ခရိုင်ဆီသွားရန် စီစဉ်လိုက်သည်။ သို့သော် ချင်းအန့်မင်က စိုးရိမ်နေသည်။ ခွန်အားမရှိသည့် အမျိုးသမီးတစ်ဦးဟာ ခရိုင်သို့ တစ်ယောက်တည်းသွားဖို့ဆိုတာ မလုံခြုံဟု သူခံစားမိသည်။
၎င်းတွင် လူမျိုးစုံရှိသည်။ ရှောင်းကောဟာ ပိန်သွယ်သွယ်ဖြင့် အရမ်းလည်းလှသည်။ သူမဟာ မိခင်တစ်ဦးဖြစ်သော်လည်း သူမ၏ ပုံစံကတော့ မပြောနိုင်ပေ။
သူမကို တစ်ယောက်တည်း အပြင်ထွက်ခွင့် ပေးလိုက်ရင် သူ ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မလဲ? ရှောင်းကောက သူမ အဲဒီကို အကြိမ်ပေါင်းများစွာ သွားဖူးတယ်လို့ ပြောခဲ့ပေမယ့် သူကတော့ မနေနိုင်ဘဲ စိတ်ပူမိသေးသည်။
ရှောင်းကောမှာ ချင်းအန့်မင်အား သူမနှင့်အတူ ခေါ်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ သေချာပေါက်၊ သူမ ကျွမ်းကျွမ်းကိုလည်း ခေါ်သွားရမည်ပင်။
"ကျွမ်းကျွမ်း၊ ဒီမနက် စာကျက်ရမယ်လို့ သားမပြောခဲ့ဘူးလား?"
ရှောင်းကောမှာ သူမရဲ့ရင်ခွင်ထဲ ခွေနေသည့်ကျွမ်းကျွမ်းအား ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။
ကျွမ်းကျွမ်း မော့ကြည့်လာကာ နစ်နာသည့်လေသံဖြင့်ပြောလာသည်။ "မေမေတို့နှစ်ယောက်လုံးသွားရင် အိမ်မှာသားတစ်ယောက်ထဲ ကျန်ခဲ့မှာပေါ့။ ပြီးတော့ သားက ဦးလေးကို မနက်ဘက်မှာ စကားလုံးနည်းနည်းသင်ပေးဖို့ လုပ်ထားတာ၊ ဒါပေမဲ့ ဦးလေးက မေမေနဲ့လိုက်သွားမှုဆိုတော့ အိမ်မှာ သားတစ်ယောက်တည်း ဘာလုပ်ရမှာလဲ?"
ရှောင်းကောမှာ သူ့ကို စကားမပြောနိုင်တော့ပေ။ ဒီတလော၊ ကျွမ်းကျွမ်းတစ်ယောက် ပိုလို့တောင် ထက်မြက်လာသည်။ ရှောင်းကော လွယ်လွယ်နှင့် လိမ်လို့ရတော့သည့် ကလေးမဟုတ်တော့ပေ။
သူမခေါင်းငုံ့ကာ သူ့နဖူးအား ခပ်ပြင်းပြင်းနမ်းလိုက်သည်။ ကျွမ်းကျွမ်းက ရှောင်းကောအနမ်းကို ခံယူကာ သူမ ရင်ခွင်ထဲမှ ရယ်မောလိုက်သည်။
ချင်းအန့်မင်သည် ခရိုင်သို့သွားရာလမ်းတွင် အတော်လေးပျော်နေသည်။ ဒါပထမဆုံးအကြိမ် သူခရိုင်ကိုသွားတာပင်။
ရှောင်းကော ခရိုင်အဝင်ဝကို ရောက်သည်နှင့် ဝင်ဖို့ တန်းစီနေတဲ့လူတွေ အများကြီးရှိနေတယ်ဆိုတာ တွေ့လိုက်ရသည်။ ဒါဟာ သုံးလတစ်ကြိမ်ပြုလုပ်သည့် စျေးကြီးနေ့ဖြစ်ကြောင်း သူမ သိလိုက်သည်။
ဒီရက်ပိုင်းတွင် ဈေးဆိုင်ခန်းအရေအတွက်ဟာ ပုံမှန်ထက် သုံးဆပိုများလာသည်။ ယနေ့တွင် လူစည်ကားသည့်လမ်းများတွင်ပင် ပိုလို့ပြည့်ကျပ်နေသည်။ လူတိုင်း အတူတူ တိုးဝှေ့ပူးကပ်နေကြကာ ရွှေ့စရာနေရာနည်းနည်းလေးသာရှိသည်။
ယနေ့တွင် ကမ္ဘာတစ်ဝှမ်းမှ လူများသည် ရှားပါးပစ္စည်းများကို လှည့်လည်ရောင်းချရန် လာရောက်ကြသည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဝတ်အထည်၊ အသုံးအဆောင်စသည်ဖြင့် အမျိုးမျိုးရှိသည်။ ကုန်ပစ္စည်းရောင်းချသူများအပြင် ရှားပါးပစ္စည်းများအား ရှာဖွေရန် အနီးနားရှိ ကျေးရွာများနှင့် ခရိုင်များမှ ခရီးသွားများ လည်း ရှိသည်။
ရှောင်းကော မြည်းလှည်းအား ဂရုတစိုက် မောင်းလိုက်သည်။ ဆိုင်လေးတွေက ခရိုင်အဝင်ပေါက်ကနေ ခရိုင်ဗဟိုအထိ တိုးလာသည်။ လမ်းနှစ်ဘက်လုံးတွင် ပျံကျဈေးသည်တွေလည်း တန်းစီနေ၏။ ထူးဆန်းသည့်အဝတ်အစားများကို ၀တ်ဆင်ထားကာ ခပ်ဝဲဝဲတရုတ်သံဖြင့် သူတို့၏ ကုန်ပစ္စည်းများကို မိတ်ဆက်ပေးနေကြသည့် သူတွေလည်းရှိသည်။ မည်းမှောင်သော အသားအရည်ရှိသော လူများကလည်း မီးတုတ်များနှင့်ဆော့ကစားကာ ပိုက်ဆံရှာကြသည်...
ကျွမ်းကျွမ်း မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ရှောင်းကော ရင်ခွင်ထဲမှနေ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေသည်။ သူ့မျက်လုံးတွေက သူ့ပတ်ဝန်းကျင်ရှိ မြင်ကွင်းတွေကို ပြည့်ပြည့်ဝဝ မမြင်ရပေ။ ရှောင်းကော ကျွမ်းကျွမ်းအား ဘယ်လက်ဖြင့် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ကာ အနည်းငယ် စိတ်ပျက်သွားသည်။ ဒီနေ့ ဒီလိုဈေးနေ့ကြီးဖြစ်လိမ့်မယ်မှန်း သူမသာသိခဲ့ရင် ဘာပဲဖြစ်ဖြစ် လာမှာမဟုတ်ပေ။ ဒီမှာ လူတွေအရမ်းများနေသည်!
ရှောင်းကော ကျွမ်းကျွမ်းအား ချီထားရင်း မြည်းလှည်းကို တစ်ချိန်တည်းမှာဘဲ မောင်းနှင်ရန် ခက်ခဲနေမှန်း တွေ့လိုက်ရသဖြင့် ချင်းအန့်မင်သည် ကောင်လေးကို သူမဆီမှခေါ်လိုက်ကာ ရှောင်းကောအား ကောင်းကောင်းမောင်းခွင့်ပေးလိုက်သည်။
ရှောင်းကော ချက်ချင်းဘဲ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူမ လှည်းအား လက်နှစ်ဖက်ဖြင့် မောင်းလို့ရပြီဖြစ်သည်။ သူမမြို့ထဲကို အမြန်မောင်းလာလိုက်သည်။ ခရိုင်အရှေ့ဘက်ခြမ်းတွင် ကြွေပြားနှင့် အုတ်ရောင်းသည့်ဆိုင်များစွာရှိကြောင်း ရှောင်းကောကြားထားသည်။
အုတ်ကြွပ်နှင့် အုတ်ရောင်းသည့်နေရာဆီသို့ သူမမောင်းသွားလိုက်သည်။ လမ်းတွက် သူမ ရူယီခေါက်ဆွဲဆိုင်အား ဖြတ်သွားရသည်။
ရှောင်းကော လှည်းကို ရပ်လိုက်သည်။ သူမ ဒီကိုမရောက်တာကြာပြီမို့ ခဏရပ်ကာ ဝင်ကြည့်ဖို့ ချင်းအန့်မင်အား ရှင်းပြလိုက်သည်။
ကျွမ်းကျွမ်းက အဲ့ဒီနေရာနဲ့ အရမ်းရင်းနှီးသည်။ သူသည် ချင်းအန့်မင်လက်ကို ကိုင်ထားပြီး ရှောင်းကောနောက်မှလိုက်ကာ အပြင်ဘက်ရှိ တန်းစီနေသည့်လူတွေအား ဖြတ်သွားလိုက်သည်။ သုံးယောက်သား ခေါက်ဆွဲဆိုင်ထဲ ဝင်သွားလိုက်သည်။
ရှောင်းကော ဝင်လာသည်နှင့် သူမ အရင်တစ်ကြိမ်ကတွေ့ခဲ့ဖူးသည့် ကောင်မလေးကို ထပ်တွေ့လိုက်ရသည်။ ရှောင်းကောကို မြင်တော့ ကောင်မလေးက သူမတို့အား အနောက်ဘက်ခြံဝန်းဆီ တိုက်ရိုက်ခေါ်သွားလိုက်သည်။ သူမ သူဌေးကိုသွားခေါ်နေတုန်းမှာ ခဏလောက်စောင့်ဖို့ပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ ရှုရူယီကဝင်လာကာ သူမရဲ့ ရှေ့ဖုံးခါးစည်းကို ချွတ်လိုက်ပြီး ရှောင်းကောအား နှုတ်ဆက်လိုက်သည်။
"ညီမရှောင်းကော၊ ဒီနေ့ ဈေးကြီးနေ့အတွက် ရောက်လာတာလား?"
ဒီနေ့ဟာ စျေးကြီးနေ့မှန်း သူမလည်း သိသည်။ အာလူးခေါက်ဆွဲဝယ်ရန် ပုံမှန်လူအုပ်၏ ထက်ဝက်ကျော်လောက် တန်းစီနေကြသည်။ သူမမှာ အရမ်းအလုပ်များတာကြောင့် အသက်ရှုဖို့ အချိန်တောင်မရှိပေ။ ရှောင်းကော ရောက်လာကြောင်း သူမကြားလိုက်ရတော့ အမြန်ထွက်လာလိုက်သည်။
သူမတကယ် အလုပ်များနေမှန်း ရှောင်းကောပြောနိုင်သည်။ ဒီမနက် သူမတွင် လုပ်စရာအများကြီးမရှိတာကြောင့် ဆိုင်တွင် ရူယီအား ကူလို့ရသည်။ ကြွေပြား တွေကတော့ ခဏစောင့်လို့ရသည် — နေ့ခင်းပိုင်းလောက်မှ သူမ သွားကြည့်ကြည့်မည်။
ရှောင်းကောက ကျွမ်းကျွမ်းအား ချင်းအန့်မင်နောက်လိုက်သွားကာ လျှောက်မသွားနေဖို့ ပြောလိုက်သည်။ ထို့နောက် သူမသည် ရူယီနှင့်အတူ မီးဖိုချောင်ထဲလိုက်သွားလိုက်သည်။
သူမတို့ နှစ်ယောက် မီးဖိုချောင်ထဲတွက် အချိန်အတော်ကြာ အလုပ်ရှုပ်နေကြသည်။ အပြင်တွင် တန်းစီနေကြတဲ့လူတွေက အရေအတွက် များလာသလိုပင်။ ချင်းအန့်မင်က ကျွမ်းကျွမ်းအား အနောက်ဘက်ခြံဝန်းကနေ ခေါ်လာလိုက်ပြီး သူတို့ရှေ့မှ အလုပ်ရှုပ်နေသည့် မြင်ကွင်းကို ကြည့်လိုက်သည်။ သူ့အနေဖြင့် ဘာမှမလုပ်ဘဲနေဖို့ဆိုတာ အဆင်မပြေချေ။ ကျွမ်းကျွမ်းက ငွေကိုင်ဖြင့် ရင်းရင်းနှီးနှီး စကားစမြည်ပြောနေသည်ကို သူတွေ့လိုက်ရသည်။
ကျွမ်းကျွမ်းက ရင်းနှီးသည့်သူတစ်ဦးနှင့်ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူပိုပြီးစိတ်အေးသွားသည်။ ထို့နောက် ချင်းအန့်မင်သည် စားပွဲများကို ကူပြီးရှင်းလင်းပေးကာ ခေါက်ဆွဲတွေကို ကူပြီးချပေးလိုက်သည်။
သူတို့အားလုံး တစ်မနက်လုံး အလုပ်ရှုပ်နေကြသည်။ သူတို့တွေမှာ မီးဖိုချောင်အထဲမှာရော အပြင်ဘက်တွင်ပါ ဆက်တိုက် ပိတ်မိနေသည်။ နောက်ဆုံးဝယ်သူအတွက် ပို့ပြီးသည့်နောက်မှာတော့ မီးဖိုချောင်ရှိ ပါဝင်ပစ္စည်းများ အားလုံး ကုန်သွားပြီဖြစ်သည်။ အသီးအရွက် တစ်ရွက်လေးတောင် မကျန်ပါချေ။
မွန်းတည့်ချိန်၌ လူတိုင်းမှာ တစ်မနက်လုံး အလုပ်ကြိုးစားခဲ့သည့်အတွက် ဗိုက်ဆာနေကြသည်။
ရှောင်းကောက ထွက်သွားချင်ပေမယ့် ရူယီက သူတို့အား လွှတ်မပေးခဲ့ပေ။ အလုပ်တွေပြီးသွားတော့ သူတို့တွေ နေ့လယ်စာ စားဖို့နေရမည်။
ရှောင်းကောမှာ သူမ၏ ကြင်နာသည့် ကမ်းလှမ်းမှုကို မငြင်းနိုင်ပါချေ။ သူမ ချင်းအန့်မင်နှင့် ကျွမ်းကျွမ်းတို့ကို နေချင်သေးလားလို့ မေးလိုက်တော့ နှစ်ယောက်စလုံးက သူမအား ဆုံးဖြတ်ခွင့်ပေးလိုက်သည်။ ဒီလိုနဲ့ ရှောင်းကောလည်း နေရန် သဘောတူလိုက်သည်။
ခေါက်ဆွဲဆိုင်တွင် ဘာမှ မကျန်တော့သည့်အတွက် ရူယီက ပါဝင်ပစ္စည်းတချို့အား သွားဝယ်သည်။ ရှောင်းကောလည်း သူမနှင့်အတူလိုက်သွားကာ ခေါက်ဆွဲဆိုင်တွင် သန့်ရှင်းရေးလုပ်ရန် ကျန်တဲ့သူတွေကို ချန်ထားလိုက်သည်။
နှစ်ယောက်သား ဈေးဝယ်သွားရင်း စကားစမြည်ပြောသွားကြသည်။ စျေးထဲရှိ လူစုလူဝေး အများအပြားမှာ လူစုကွဲလာကာ လူတချို့တလေလောက်သာ ကျန်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ဟင်းရွက်ဆိုင်က အခုချိန်ထိ ဖွင့်နေတုန်းပင်။ နှစ်ယောက်သား နေ့လယ်စာအတွက် အသီးအရွက်နှင့် အသားအချို့ဝယ်လိုက်သည်။ ရှောင်းကောမှာ သူမတို့သုံးယောက်ပါ နေ့လယ်စာ စားကြမည်ဖြစ်တာကြောင့် ပါဝင်ပစ္စည်းတွေအတွက် ငွေပေးချေလိုက်သည်။ အစားအသောက်အတွက် ပေးချေလိုက်တာက ပိုသင့်တော်သည်။
ရူယီမှာ ရွေးချယ်စရာမရှိတော့ဘဲ သူမအားလွှတ်ထားလိုက်ရတော့သည်။ အပြန်လမ်းတွင်၊ ရှုရူယီနှင့် ရှောင်းကောတို့သည် လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားစရာ အကြောင်းအရာတချို့ကို ဝေမျှခဲ့ကြသည်။
စကားစမြည်ပြောရင်း ရှုရူယီနှင့်ရှောင်းကောတို့ ခေါက်ဆွဲဆိုင်အကြောင်း စပြောမိကြသည်။
ရူယီအနေဖြင့် ဆိုင်ရှိလုပ်ငန်းဟာ ကောင်းမွန်သည်ဟု ခံစားမိသော်လည်း၊ အလွန် ငြီးငွေ့ဖွယ်ရာကောင်းနေသည်။ ဆိုင်လည်ပတ်ပုံပြောင်းရင် ကောင်းမလားဆိုတာကို သူမရှောင်းကောနှင့် ဆွေးနွေးချင်သည်။
ရူယီက အသေးစိတ်ကို မပြောပြသော်လည်း သူမပြောတာနှင့် အတွေးအား ရှောင်းကောနားလည်သည်။ အာလူးခေါက်ဆွဲအား မနက်မှနေ မွန်းတည့်ချိန်အထိ ရောင်းချသည်။ နေ့ခင်းဘက်တွင်တော့ သူတို့သည် နောက်နေ့အတွက် ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ရသည်။ ထိုနာရီအနည်းငယ်အတွင်း စားသောက်ဆိုင်အား ပိတ်ထားသည်မှာ အလဟဿဖြစ်သည်။ လည်ပတ်ချိန်ကို ထပ်တိုးရန် သူမ မျှော်လင့်ထားသည်။
ရှောင်းကော အဲဒါကို စဉ်းစားကြည့်ကာ အကြံကောင်းတစ်ခု ထွက်လာသည်။ အဲ့ဒီအစား သူမတို့တွေ မာလာထန် လုပ်လို့ရသည်။ ၎င်းကို နေ့လယ်စာနှင့် ညစာ နှစ်မျိုးစလုံးအတွက် လုပ်နိုင်မည်ဖြစ်သည်။ ပါဝင်ပစ္စည်းများမှာ အမျိုးမျိုးရှိသည်ကြောင့် ဝယ်ယူသူများအနေဖြင့် မိမိတို့စားချင်သမျှကို ရွေးချယ်နိုင်သည်။ ရွေးချယ်ထားသည့်ပစ္စည်းများအား ဇလုံတစ်ခုအတွင်းထည့်ကာ အလေးချိန်ဖြင့် ပေးချေရမည်။
သူမ တွေးထားသည်အား ရူယီကိုပြောပြပြီးသည့်နောက် ရှုရူယီ၏ မျက်လုံးတွေ တောက်ပလာသည်။ သူမက ဝမ်းသာအားရနှင့် အော်လိုက်သည်။ ရှောင်းကောက သူမကို ကောင်းကောင်းသိတာဘဲ!
သူမတို့နှစ်ယောက် ခေါက်ဆွဲဆိုင်ဆီ လျှောက်လာရင်း သူတို့ အစီအစဉ်တွေအကြောင်း အတွေးအမြင်ဖလှယ်ကြသည်။
ထိုနေ့လယ်ပိုင်းတွင် ရှောင်းကောက စားဖိုမှူးအဖြစ် တာဝန်ယူသည်။ သူမသည် လူတိုင်းအား သူမ၏ အချက်အပြုတ်လက်ရာကို မြည်းစမ်းခွင့်ပေးမည်ဖြစ်သည်။
သူမ စုစုပေါင်း ဟင်းဆယ်မျိုးနှင့် ဟင်းချိုတစ်ပွဲ ပြင်ဆင်ခဲ့သည်။ နောက်ဆုံးဟင်းချိုပန်းကန်ကို စားပွဲပေါ်ချပြီး သွားတော့ နေ့လည်စာ အဆင်သင့်ဖြစ်ပြီဖြစ်သည်။
သူတို့ ခုနစ်ယောက်က ဝိုင်းဖွဲ့ထိုင်ကာ သူတို့ရဲ့တူတွေကိုမကိုင်မခင် ရှောင်းကောထိုင်တာကို စောင့်လိုက်သည်။
စားပွဲဝိုင်းတွင် ချီးမွမ်းသံများ ထွက်ပေါ်လာသည်။ ရှောင်းကော အနည်းငယ် ရှက်သလို ခံစားလိုက်ရပြီး လူတိုင်းအား များများစားရန် အမြန်ပြောလိုက်သည်။
ရှုရူယီကတော့ ရှောင်းကောပြောခဲ့သည့် မာလာထန်အကြောင်းအား တွေးနေဆဲပင်။ ရှောင်းကော တူချလိုက်တာနဲ့ ဆွေးနွေးရန် သူမအခန်းထဲသို့ စိတ်အားထက်သန်စွာဖြင့် ဆွဲခေါ်သွားလိုက်သည်။
ရှောင်းကောက သူမစိတ်ထဲရှိတာတွေကို အသေးစိတ်ရှင်းပြပြီး ရူယီကအားလုံးကို ရေးမှတ်ထားလိုက်သည်။ ရှောင်းကောက ပြင်ဆင်ရမဲ့ အသားလုံးအသေးလေးတွေအကြောင်း ရူယီအား ပြောပြကာ ချက်နည်းကို ချရေးပေးလိုက်သည်။ အသားလုံး ပြုလုပ်ရသည်က လွယ်ကူကာ အခြေခံအားဖြင့် ငါးသားလုံးနှင့် အတူတူပင်ဖြစ်သည်။
အဲ့ဒါက အရမ်းရိုးရှင်းတာကို ရူယီသိလိုက်ရပြီး ပြုလုပ်နည်းအကြောင်း အသေးစိတ် မေးပြီးသည့်နောက်တွင် လုပ်ငန်းစဉ်တစ်ခုလုံးကို သူမ ကောင်းကောင်းနားလည်သွားသည်။
ရှောင်းကောသည် စာရွက်တစ်ရွက်ပေါ်တွင် မီနူးထဲ ထည့်သွင်းနိုင်သည့် ဟင်းသီးဟင်းရွက်များစာရင်းကို ချရေးလိုက်သည်။ နှမ်းဆော့၊ ရှာလကာရည်၊ ငရုတ်ဆီ၊ မြေပဲ၊ နံနံစေ့အမှုန့် စသည့် ဟင်းခတ်အမွှေးအကြိုင်များလည်း ပါသည်။
သူမ အပြည့်ရေးထားသည် စာရွက်ခုနစ်ရွက်၊ရှစ်ရွက်ကို ကြည့်ကာ ကျန်သေးတာရှိမရှိ ရှောင်းကော ဂရုတစိုက် စစ်ဆေးလိုက်သည်။ ပြီးမှ သူမ စာရွက်တွေကို ရှုရူယီလက်ထဲအပ်လိုက်သည်။
ရူယီက စာရွက်တွေကို အဖိုးတန်ရတနာတစ်ခုလို ကိုင်ထားသည်။ သူမတွက် ယုံကြည်မှုတွေအပြည့်ပင်!
"ညီမရှောင်းကော၊ ငါ နောက်ထပ်ကောင်မလေးတွေ ဝယ်ရမလား?"
ကူလုပ်မည့်သူ များများရှိလျှင် သူမအတွက် ပိုသက်သာလိမ့်မည်ဟု ရူယီ ခံစားမိသည်။
ရှောင်းကောလည်း သဘောတူသည်။ လူများလာပါက ပါဝင်ပစ္စည်းတွေကိုလည်း ပိုပြီးပြင်ဆင်နိုင်လိမ့်မည်ပင်။ အခြေခံအားဖြင့် လူတိုင်းအတွက် ပိုသက်သာလိမ့်မည်ပင်။