အခန်း (၇၄)
Vol. 5 Ch. 74
သူတို့သုံးယောက် နွားတွေ မြည်းတွေကိုပြန်ခေါ်ကာ အိမ်ပြန်လိုက်ကြသည်။ လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းက ချင်းအန့်မင်နှင့် စကားပြောလာသည်။ ကျွမ်းကျွမ်းက ဒီနေ့ သူဘာလုပ်ခဲ့လဲ၊ ဘယ်သွားလည်ခဲ့လဲ လို့မေးသည်။
ချင်းအန့်မင် ကျွမ်းကျွမ်းအား ပြန်ဖြေသည်ကို ရှောင်းကော တိတ်တဆိတ် နားထောင်နေသည်။ စိတ်အားထက်သန်နေတဲ့ ချင်းအန့်မင်ကိုကြည့်ရင်း ရှောင်းကောသည် သူမ မှန်ကန်သည့် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ခံစားလိုက်မိသည်။ သူမအစ်ကိုလည်း စီးပွားရေးလုပ်ရတာ ပျော်နေလောက်သည်။
သူတို့အိမ်ပြန်ရောက်တော့ ရှောင်းကောလည်း ညစာပြင်ဆင်ရန် အရင်သွားလိုက်ကာ ကျွမ်းကျွမ်းက မီးမွှေးပေးရန် သူမ နောက်မှလိုက်လာသည်။ ချင်းအန့်မင်မှာ တစ်နေ့တာလုံး အလုပ်လုပ်ခဲ့သဖြင့် ဝက်ခြေထောက်နှပ်၊ အသီးအရွက်ကြော်နှင့် ဒေါက်ခွရွက်ကြက်ဥဟင်းချို ချက်ရန် ဆုံးဖြတ်လိုက်သည်။ အဓိက အစားအစာကတော့ ဘန်းမုန့်ပေါင်းဖြစ်သည်။ ရှောင်းကောသည် နေ့လယ်စာစားပြီးကတည်းက မုန့်နှစ်ပြင်ထားတာဖြစ်သည်။
ထမင်းစားပွဲတွင် ချင်းအန့်မင်က ဒီနေ့တစ်နေ့တာ သူဘာလုပ်ခဲ့လဲဆိုတာကို ရှောင်းကောအား ပြောပြသည်။ ရှောင်းကောကလည်း သူ့ပြောစကားတွေကို ဂရုတစိုက် နားထောင်ပေးသည်။ သူပြောတာ ပြီးတော့မယ့်ပုံပေါ်ပေမယ့် ချင်းအန့်မင်က ခဏရပ်ကာ တုံ့ဆိုင်းသွားသည်။ သူ့အသံထဲမှ တုံ့ဆိုင်းနေမှုကို ရှောင်းကောကြားနိုင်တာကြောင့် သူမ အရင်ပြောလိုက်သည်။
"အစ်ကို၊ ညီမကို ပြောစရာရှိလို့လား?"
ရှောင်းကော ပြောလာတာကိုမြင်တော့ ချင်းအန့်မင်လည်း ဝေ့လည်ကြောင်ပတ်လုပ်နေတာရပ်ကာ စကားပြောဖို့ ပြင်ဆင်လိုက်သည်။ “တကယ်တော့ ညီမလေးနဲ့ ဆွေးနွေးစရာရှိလို့။ ဒါက ရူယီက ညီမလေးနဲ့ဆွေးနွေးခိုင်းဖို့ ရည်ရွယ်တာ"
ရှောင်းကော မျက်ခုံးပင့်လိုက်သည်။ "ရူယီ? မိန်းကလေးရူ မဟုတ်တော့ဘူးဘဲ…”
ချင်းအန့်မင် ပထမတော့ အံ့အားသင့်သွားသည်။ အစပိုင်းတွင် ရှောင်းကော ဘာကို ဆိုလိုသလဲဆိုတာ သူ နားမလည်သော်လည်း သူမ၏ စနောက်ချင်တဲ့အကြည့်ကို မြင်လိုက်ရတဲ့အခါ သူ နားလည်သွားသည်။ သူ့မျက်နှာ နီရဲလာပြီး နှုတ်ခမ်းတွေက တုန်နေပေမယ့် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
"မဟုတ်ဘူး၊ မဟုတ်ဘူး... ရှောင်းကော!"
ရှောင်းကော၏ အဓိပ္ပါယ်ပါပါအပြုံးကို မြင်လိုက်ရသည့်အခါ ချင်းအန့်မင်သည် ရှက်ရွံ့စိတ်ဖြင့် ဒေါသတကြီး သူမနာမည်အား အော်ခေါ်လိုက်သည်။
သူဟာ သူ့မိသားစုအပေါ်တွင် ဒေါသမထွက်တတ်သည့် စက္ကူကျားတစ်ကောင်သာဖြစ်ကြောင်း သူမ သိတာကြောင့် ရှောင်းကောက လုံးဝဂရုမစိုက်ပါချေ။ ရှောင်းကော သူ့ကို ဘယ်လောက်ပဲ စိတ်ဆိုးအောင်လုပ်ပါစေ သူ စိတ်ဆိုးမှာ မဟုတ်ပေ။ သူမအပေါ် သူ၏သည်းခံမှုနှင့် အလိုလိုက်နိုင်စွမ်းမှာ အကန့်အသတ်မရှိပေ။
“ကောင်းပြီ၊ ကောင်းပြီ” ရှောင်းကောက ချင်းအန့်မင် မျက်နှာ နီရဲနေတာကို မြင်သည့်အခါ ရပ်လိုက်သည်။ သူ့ကြည့်ရတာ သူ့သွေးကြောတွေတောင် ပေါက်တော့မလိုပင်။
ချင်းအန့်မင် သက်ပြင်းချလိုက်သည်။ သူစကားပြောခါနီးမှာ ကျွမ်းကျွမ်းတစ်ယောက် သူမျက်နှာပူသွားအောင် တစ်ခုခုပြောလာတော့သည်။
“ဦးလေး၊ ဘာဖြစ်လို့ ဦးလေး မျက်နှာပူနေတာလဲ?"
ကျွမ်းကျွမ်းမှာ ချင်းအန့်မင်မျက်နှာအား မသိနားလည်စွာဖြင့် ထိလိုက်သည်။ ဦးလေးမျက်နှာမှာ ထုံးလိမ်းထားလို့များလား?
ရှောင်းကောမှာ ကျွမ်းကျွမ်း၏ မျက်နှာပေါ်ရှိ အပြစ်ကင်းစင်သည့် အကြည့်ကို ကြည့်လိုက်ပြီး မြေကြီးထဲ တိုးဝင်ဖို့ အသင့်ဖြစ်နေတဲ့ ချင်းအန့်မင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် အပြောင်အပြက်သဘောဖြင့်ရယ်လိုက်ကာ သူမအစ်ကိုအား ဒုက္ခကနေလွတ်အောင် ကူညီရန် ဆုံးဖြတ်လိုက်သည်။
“လာ မေမေ့အချစ်လေး ကျွမ်းကျွမ်း၊ ဒီဝက်သားရေ အပိုင်းအကြီးကြီး လာယူ။ ဒါက သားကို ကော်လဂျင်တွေပိုထုတ်ပေးတယ်။ ဒါကိုစားပြီးရင် ကျွမ်းကျွမ်းရဲ့မျက်နှာက ပိုပြီးတော့ပြောင်လာလိမ့်မယ်။ မေမေက သားမျက်နှာလေးကို အရင်ကထက်တောင် ပိုသဘောကျလာအုံးမှာ!"
ကျွမ်းကျွမ်းမှာ ကော်လဂျင်အကြောင်းကို နားမလည်သော်လည်း နောက်ဆုံးစာကြောင်းကိုတော့ သူကြားလိုက်သည်။ သူက ချင်းအန့်မင်ကို လွှတ်ပေးလိုက်ပြီး ရှောင်းကောပေးခဲ့သည့် ဝက်သားရေကို စားရန် ပန်းကန်ကို ကောက်ယူလိုက်ကာ ပါးစပ်အပြည့်စားလိုက်သည်။ အမေက သူ့ကို ပိုလို့တောင် သဘောကျလာရမှာ!
ချင်းအန့်မင် ခေါင်းထပ်မော့လာကာ ရှောင်းကောနဲ့တော့ မျက်လုံးချင်းမဆုံရဲသေးပေ။ သူ့ပါးစပ်ကို ပန်းကန်လုံးနဲ့ ကာလိုက်သည်။
“ခေါက်ဆွဲဆိုင်က သိပ်မကြာခင်မှာဘဲ ညနေပိုင်းရော စလည်ပတ်တော့မှာ။ ချက်ပြုတ်နည်းတွေကို အခိုးခံရမှာကနေ ကာကွယ်ဖို့ အစ်ကိုတို့နှစ်ယောက်ဘဲ ပါဝင်ပစ္စည်း ပြင်ဆင်ရမယ်။ အစ်ကို့အနေနဲ့ နေ့တိုင်း အသွားအပြန်လုပ်ဖို့ဆိုတာ အဆင်မပြေဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် ခေါက်ဆွဲဆိုင်မှာပဲနေဖို့ ရူယီက အကြံပေးခဲ့တယ်။ အနောက်ဘက်ခြံဝန်းမှာ အခန်းတွေ အများကြီးရှိတယ်လို့ သူပြောတယ်။ ပထမအချက်က အဲ့ဒါက အဆင်ပြေပြီးတော့ အချိန်ကုန်လည်း သက်သာတယ်။ နောက်တစ်ချက်ကတော့ ဆိုင်မှာ ကြည့်ပေးမယ့်ယောက်ျားလေးတစ်ယောက်ရှိရင် ကောင်းမယ်။ အစ်ကိုသာရှိနေရင် လူတိုင်းကို ကာကွယ်လို့ရမယ်"
အဲ့ဒီလိုမျိုး အသက်တစ်ရှိုက်စာအတွင်းပြောပြီးသည့်နောက် ချင်းအန့်မင်၏ ပါးစပ်တွင် ယခုတော့ ဘန်းမုန့်များဖြင့် ပြည့်သွားသည်။ ရှောင်းကောသည် သူမအရှေ့မှ ဘန်းမုန့်ကလွဲပြီး တခြားဘာမှမစားသည့်လူအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ သူမသည် ဝက်သားရေတစ်ပိုင်းကို ခပ်ယူလိုက်ပြီး သူ့ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။
"အသားနည်းနည်းပါးပါး စားအုံး"
ချင်းအန့်မင်သည် သူ့ပါးစပ်ထဲမှ မုန့်ကိုဘဲ ဖြည်းညှင်းစွာ ဝါးနေကာ ရှောင်းကောအား မော့မကြည့်ရဲပေ။ သူ ဒီကိုလိုက်လာခဲ့တာက ရှောင်းကောအား အိမ်ကူကြည့်ပေးရန်နှင့် လယ်ယာကိစ္စတွေ ကူလုပ်ပေးရန်အတွက်ဖြစ်သည်။ သူသာ ခရိုင်ကိုသွားရင် ရှောင်းကောဘယ်လိုဖြစ်သွားမလဲ?
"အစ်ကို မသွားတော့ရင်ရော?"
ဒီအတွေးတွေ သူ့စိတ်ထဲဝင်လာတော့ သူနည်းနည်း ဝမ်းနည်းသွားမိသည်။ သူ့မျက်လုံးထဲတွင်၊ ရှောင်းကောနှင့်ကျွမ်းကျွမ်းဟာ သူ့အိပ်မက်တွေထက် ပိုအရေးကြီးသည်!
"အစ်ကိုမ...."
ချင်းအန့်မင် ပြောလို့မပြီးသေးခင် ရှောင်းကောက ဖြတ်ပြောလိုက်သည်။ "ဘယ်တော့သွားမှာလဲ? ညီမလိုက်ပို့ပေးမယ်!"
ချင်းအန့်မင် ပါးစပ်ကိုဟကာ ရှောင်းကောအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ? ညီမလေး ကြောင်သွားတာလား?"
ရှောင်းကော ရယ်ချင်သွားသည်။ ဘာဖြစ်လို့လဲ? သူမသဘောမတူလောက်ဘူးလို့ သူ ထင်ထားတာလား? သူ သူမကို လျှော့တွက်ထားတာပဲ!
"ဒါပေမယ့် အစ်ကိုသာ ခရိုင်မှာ သွားနေရင် မင်းနဲ့ ကျွမ်းကျွမ်းတို့ ဘယ်လိုလုပ်မလဲ? အိမ်မှုကိစ္စတွေကရော ဘယ်လိုလုပ်မလဲ?"
"ညီမ လုပ်နိုင်ပါတယ်! ညီမက အစ်ကို့ကို အလုပ်လုပ်ခိုင်းဖို့ ဒီကိုခေါ်လာတာ မဟုတ်ဘူး။ အစ်ကို့ဘာသာအစ်ကို နေနေရတာကို မမြင်ရက်လို့။ အစ်ကို ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့နေဖို့ ညီမ ဒီကို ခေါ်လာခဲ့တာ!"
ရှောင်းကော ခဏရပ်လိုက်ပြီး ချင်းအန့်မင်ရဲ့မျက်လုံးတွေကို ကြည့်လိုက်သည်။ သူမက လေးလေးနက်နက်ပြောလိုက်သည်။ “အခု အစ်ကို့ရဲ့ပန်းတိုင်ကို ရှာတွေ့သွားလို့ ညီမအရမ်းပျော်တယ်။ ညီမသာ ဒါကိုသဘောမတူနိုင်ဘူးဆိုရင် အစ်ကို့ကို စားသောက်ဆိုင်ရဲ့ ရှယ်ယာရှင်ဖြစ်ခိုင်းမှာ မဟုတ်ဘူး"
ချင်းအန့်မင် ငိုချင်လာသလို ခံစားလိုက်ရသည်။ သူ့
မျက်ရည်တွေ စီးကျလာတော့ သူ့အင်္ကျီလက်ဖြင့် အမြန်သုတ်လိုက်သည်။
“ပြီးတော့၊ အစ်ကို အဲ့ဒီမှာသွားနေတာက ပြန်မလာတော့တာမှ မဟုတ်ဘဲ။ ကျွန်မတို့က ခရိုင်နဲ့ အရမ်းနီးတာကို။ ညီမတို့ အစ်ကို့ကိုလွမ်းရင် မြည်းလှည်းနဲ့ လာတွေ့လို့ရတယ်။ အစ်ကိုလဲ ညီမတို့ကို လွမ်းရင် လှည်းငှားပြီး ပြန်လာလို့ရတယ်" ရှောင်းကောက ဆက်ပြောလိုက်သည်။
ချင်းအန့်မင်လည်း ခေါင်းညိတ်ကာသဘောတူလိုက်သည်။ "ဟုတ်တယ်! အစ်ကို သေချာပေါက် ပြန်လာခဲ့မယ်!"
ကျွမ်းကျွမ်းလည်း သူတို့ပြောနေတာကို ကြားလိုက်သည်။ “ ဦးလေးက ထွက်သွားတော့မှာ....."
သူ့လက်ထဲက ဝက်ခြေထောက်မှာ ဇလုံထဲကို ကျသွားတော့သည်။ ချင်းအန့်မင်ကိုကြည့်ရင်း သူ့မျက်လုံးထဲကနေ မျက်ရည်တွေ ချက်ချင်းစီးကျလာသည်။
ရှောင်းကော ကျွမ်းကျွမ်း၏ အပြောင်းအလဲကို ချက်ချင်းသတိပြုလိုက်ကာ သူ့အား စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်း"
ချင်းအန့်မင် ကျွမ်းကျွမ်းအား ကောက်ချီလိုက်ကာ သူ့ပေါင်ပေါ် တင်လိုက်သည်။ သူက ကျွမ်းကျွမ်းရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို ချစ်ခင်စွာဖြင့် သုတ်ပေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ငါတို့ ကျွမ်းကျွမ်းက ဘာလို့ ငိုနေတာလဲ?"
"ဦးလေက ထွက်သွားတော့မှာလား? ဘာလို့လဲ?"
ကျွမ်းကျွမ်းဟာ အခုချိန်မှာ ရှိုက်ကြီးတငင်ဖြင့်ငိုနေသည်။ ဘာလို့ သူ့ဦးလေးက ထွက်သွားမှာလဲ? သူတို့နဲ့ အတူနေဖို့ အဆင်မပြေလို့လား? ဘာလို့ သူထွက်သွားမှာလဲ?
"တိတ်ပါ ကျွမ်းကျွမ်းရဲ့။ ဦးလေးက ထွက်သွားမှာမဟုတ်ပါဘူး"
ချင်းအန့်မင်က ကျွမ်းကျွမ်းအား ချော့လိုက်သည်။ ကောင်လေးက ချင်းအန့်မင်ကို မော့ကြည့်ပြီးနောက် အတည်ပြုသလို ရှောင်းကောအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"ဟုတ်တယ် ကျွမ်းကျွမ်း။ ဦးလေးက ထွက်သွားတာမဟုတ်ဘူး။ အစ်မရူယီတို့ ခေါက်ဆွဲဆိုင်မှာ ကူပေးဖို့ ခရိုင်မှာ သွားနေမှာ"
ရှောင်းကောက ကျွမ်းကျွမ်းရဲ့ မျက်ရည်တွေအား ညင်သာစွာဖြင့် သုတ်ပေးလိုက်သည်။ "မေမေတို့ ဦးလေးကို သတိရရင် ခရိုင်မှာသွားတွေ့မယ်။ ဦးလေးအားတဲ့အခါကျရင်လဲ ကျွမ်းကျွမ်းကို လာပြန်တွေ့မှာပေါ့"
ချင်းအန့်မင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကျွမ်းကျွမ်း စိတ်မပူပါနဲ့။ ဦးလေးက ပြန်မလာတော့တာမှမဟုတ်ဘဲ။ ဦးလေးက သားကို ဘယ်လိုလုပ်ထားခဲ့နိုင်ရမှာလဲ? ဦးလေး အားတဲ့အချိန်ကျရင် ချက်ချင်းပြန်လာမယ်လို့ ကတိပေးတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ?"
ကျွမ်းကျွမ်းမှာ သူတို့နှစ်ယောက်ဆီကနေ အချော့ခံလိုက်ရပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားသည်။
"ဒါဆို... ပန်းရောင်ကတိနော်?"
ကျွမ်းကျွမ်းက သူ၏လက်သန်းလေးအား ထုတ်လိုက်ကာ ချင်းအန့်မင်နှင့် ချိတ်ရန် စောင့်နေသည်။
ချင်းအန့်မင် ပြုံးလိုက်ကာ သူ့မျက်လုံးထောင့်မှ မျက်ရည်များအား သုတ်လိုက်သည်။ သူလည်း လက်သန်းကို ထုတ်လိုက်သည်။
“ပန်းရောင်ကတိ မတည်ရင် ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေ။ နှစ်တစ်ရာတိုင်အောင် မပြောင်းဘူး!"
ကျွမ်းကျွမ်း သူ့လက်ကို ချလိုက်ကာပြုံးလိုက်သည်။ ရှောင်းကောသည်လည်း သူမ အစ်ကိုနှင့်ခွဲရန် အနည်းငယ် ဝန်လေးသလို ခံစားရသည်။ အခုချိန်မှာတော့ သူမရဲ့ ခံစားချက်တွေလည်း လျော့ပါးစပြုလာကာ ပြုံးလိုက်သည်။ "ကောင်းပြီ၊ လာ၊ စားရအောင်!"
သူတို့ သုံးယောက်လုံး တွန့်ဆုတ်နေကြသော်လည်း မျက်ရည်များကို ထိန်းကာ စားသောက်နေကြဆဲပင်။
ထမင်းစားပြီးနောက် ကျွမ်းကျွမ်းသည် ပန်းကန်များ ဆေးရန် သွားလိုက်သည်။ ရှောင်းကောက ချင်းအန့်မင်နှင့်အတူ အိမ်ထဲသို့ ဝင်သွားလိုက်သည်။
"အစ်ကို မနက်ဖြန်သွားမှာလား?"
ရှောင်းကော ချင်အန့်မင်အား မေးလိုက်တော့ သူခေါင်းညိတ်ပြတာကို တွေ့လိုက်ရသည်။
ရှောင်းကော - "မနက်ဖြန် ညီမ လိုက်ပို့ပေးမယ်"
ချင်းအန့်မင် ကုတင်ပေါ်တွင်ထိုင်ကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ!”
အချိန်ကိုဆုံးဖြတ်ပြီးသည့်နောက် ရှောင်းကောအခန်းထဲ ဝင်လာကာ အဝတ်ထုပ်ကို ထုတ်လိုက်သည်။ သူမက အဲဒါကို ဖြန့်လိုက်ပြီး ချင်းအန့်မင်၏ အိပ်ရာပေါ်တင်လိုက်သည်။
“ဒီအပေါ်ဝတ်နှစ်ထည်က ဒီနေ့ပဲ လျှော်ပြီးတယ်။ ဒီဟာတွေကို အစ်ကို့အတွက် အောက်နားမှာ ထည့်လိုက်မယ်။ ပြီးတော့ ဒီဖိနပ်တွေ၊ ဒါတွေကိုလဲ အစ်ကို့အတွက် ညီမထည့်ထားပေးမယ်။ မနက်ဖြန် ခရိုင်ကို သွားတဲ့အခါကျရင် အသစ်တစ်ရံဝယ်ပေးမယ်။ ပြီးတော့…”
ရှောင်းကောသည် မျက်ရည်များကို ထိန်းကာ ထုပ်ပိုးလိုက်သည်။ ထို့နောက် ခရိုင်တွင်အေးသည့်အခါ အဝတ်အစားများ ပိုဝတ်ရန်နှင့် ပူသည့်အခါ ထပ်ဝတ်ထားသည်များအား ချွတ်ရန် သတိပေးလိုက်သည်။
“ ကောင်းပြီ၊ ညီမရပ်သင့်ပြီ၊ ညီမတို့တွေ တစ်ယောက်နဲ့တစ်ယောက် ထပ်မတွေ့ရတော့တာမှ မဟုတ်ဘဲ။ ကျွမ်းကျွမ်းနဲ့ညီမတို့ နောက်နေ့ကျ အစ်ကို့ဆီလာလည်မယ်"
ရှောင်းကော ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။ သူမသာထပ်ပြောမိပါက နှစ်ယောက်စလုံး ငိုမိကြလိမ့်မည်ပင်။ လောလောဆယ်တော့ ဒီလောက်ဘဲပေါ့!
ကျွမ်းကျွမ်းလည်း ဝင်လာကာ ရှောင်းကောအားမေးလိုက်သည်။ "မေမေ၊ သား ဒီည ဦးလေးနဲ့အိပ်လို့ရမလား?"
ကျွမ်းကျွမ်းက သူ့ဦးလေးထွက်သွားမယ့်ကိစ္စအပေါ် တွန့်ဆုတ်နေမှန်း ရှောင်းကော သိတာကြောင့် သူမ ခေါင်းညိတ်လိုက်သည်။ သူမလည်း ကျွမ်းကျွမ်း၏ ခေါင်းအုံးနှင့် စောင်အား ချင်းအန့်မင်ရဲ့အခန်းဆီ ယူလာပေးကာ သူမတို့အခန်းဆီ ပြန်သွားလိုက်သည်။