အခန်း (၇၅)
Vol. 5 Ch. 75
နောက်တစ်နေ့နံနက်တွင် ရှောင်းကော စောစောနိုးကာ မီးဖိုချောင်တွင် မနက်စာပြင်ဆင်ရန်အတွက် အိပ်ရာမှထလိုက်သည်။
ရှောင်းကော ယနေ့နံနက် နံနက်စာလုပ်ရန် အားအပိုထုတ်သုံးလိုက်သည်။
အဓိကစားစရာတွေမှာ ဂျုံယာဂုနှင့်အတူ အဆီနည်းသည့်အသားပန်ကိတ်၊ ကြက်ဥကြော်၊ ရာသီထွက်ဒေါက်ခွရွက်သုပ်နှင့် ချဉ်စပ်အာလူးမွကြော်တို့ဖြစ်သည်။
ကျွမ်းကျွမ်းနှင့် ချင်းအန့်မင်တို့မှာ မီးဖိုချောင်မှ အနံ့များကြောင့် နိုးလာခဲ့သည်။ သူတို့နှစ်ယောက်လုံး အိပ်ရာမှထကာ မီးဖိုချောင်ရှိ ရှောင်းကောအား နှုတ်ဆက်လိုက်သည်။ ရှောင်းကောက သူတို့အား လက်ဆေးပြီး စားကြရန် တုံ့ပြန်လိုက်သည်။
မနေ့ညက သူတို့နှစ်ယောက် ညဉ့်နက်ခဲ့မှန်း ရှောင်းကောသိသည်။ သူတို့အချင်းချင်း ညဉ့်နက်သည်အထိ တီးတိုးတီးတိုး ပြောနေသံကို သူမ ကြားတာကြောင့် သူတို့အားအိပမခိုင်းထားတာဖြစ်သည်။
ချင်းအန့်မင်က အရင်ဝင်လာသည်။ သူက စားပွဲတွင်ထိုင်လိုက်ကာ ရှောင်းကောအား ဂျုံယာဂုကူချပေးလိုက်သည်။
"ရှောင်းကော၊ ညီမလေးရဲ့ နွားတင်းကုပ်က တကယ် ကောင်းကောင်းဆောက်ထားတာပဲ!"
သူလက်ဆေးတဲ့အချိန် စားခွက်နဲ့ နွားတင်းကုပ် ခေါင်မိုးတွေ ပြီးနေတာကို သူ သတိပြုလိုက်မိသည်။ သူ အဲ့ဒါတွေကို တစ်ချက်ကြည့်လိုက်သေးသည်။ တကယ်မဆိုးဘူး!
ရှောင်းကော ပြုံးလိုက်သည်။ "ညီမ မနေ့က ဘာမှလဲလုပ်စရာမရှိတော့ ကျွမ်းကျွမ်းနဲ့လုပ်လိုက်တာ"
အဲ့ဒီအချိန် ကျွမ်းကျွမ်းဝင်လာကာ ခွေးခြေပေါ် ခုန်တက်လိုက်သည်။ "မနေ့က မေမေလေ အံ့သြစရာကြီး!"
ရှောင်းကော သူ့ကို ပန်းကန်တစ်လုံး ပေးကာ ပြုံးပြလိုက်သည်။ ချင်းအန့်မင်လည်း ပြုံးလိုက်သည်။ သူက ကျွမ်းကျွမ်းကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ် သားရဲ့ မေမေက အံ့သြစရာပဲ!"
ကျွမ်းကျွမ်း ရယ်လိုက်သည်။
ခွဲရဖို့ အချိန်အတော်ကြာ ကျန်သေးသကဲ့သို့ သုံးယောက်သား မနက်စာကို ပျော်ရွှင်စွာဖြင့် စားကြသည်...
ရှောင်းကောက မြည်းလှည်းမောင်းကာ ချင်းအန့်မင်နှင့် ကျွမ်းကျွမ်းတို့က ထိုင်နေကြသည်။ သူတို့ ခရိုင်ကိုရောက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။ ယနေ့က ဈေးနေ့မဟုတ်သော်လည်း အိပ်ရာခင်း၊ မွေ့ရာ တို့ရောင်းချသည့်ဆိုင်တချို့လည်းရှိသည်။ ရှောင်းကော ဆိုင်ထဲဝင်သွားကာ ခေါင်းအုံး၊ စောင်နှင့် မွေ့ရာအစုံအလင်ကိုတစ်စုံ ဝယ်လိုက်သည်။
ခေါက်ဆွဲဆိုင်သို့ ရောက်သည့်အခါ ရူရီသည်မျက်မှောင်ကြုတ်ရင်း တံခါးဝတွင် စောင့်နေပြီဖြစ်သည်။ ရှောင်းကော၏ မြည်းလှည်းအား သူမမြင်လိုက်ရသည့်အခါ သူမစိတ်အေးသွားပြီး ပြုံးပြလိုက်သည်။
"ညီမရှောင်းကော! အစ်ကိုအန့်မင်! ကျွမ်းကျွမ်း!"
ရှောင်းကော သူမအား ပြန်နှုတ်ဆက်လိုက်ကာ ကျွမ်းကျွမ်းလည်း သူမအား နာနာခံခံဖြင့် နှုတ်ဆက်လိုက်သည်။ ချင်းအန့်မင်က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
မြည်းလှည်းကို ကြိုးနှင့်ချည်ပြီးနောက်၊ ရူယီက ချင်းအန့်မင်၏ အိတ်ကို ယူလိုက်ကာ သူမတို့သုံးယောက်အား အိမ်နောက်ဖေးခြံဝင်းသို့ ခေါ်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူမက ရှောင်းကောနှင့် စကားစမြည်ပြောလာသည်။
"ညီမရှောင်းကော ကြည့်ကြည့်၊ ဒါကို တစ်ညလုံး သန့်ရှင်းရေးလုပ်ထားတာ...ဘယ်လိုထင်လဲ?"
ရူယီတံခါးကိုဖွင့်ကာ သူမ လုပ်ခဲ့တာတွေကို ပြလိုက်သည်။
အခန်းက ကျယ်ကာ လင်းလင်းရှင်းရှင်း ရှိသည်။ အခန်းက ကောင်းကောင်းပြင်ဆင်ထားကာ ကုတင်ပေါ်တွင် အသစ်စက်စက် မွေ့ရာတစ်ခုရှိသည်။ ရှောင်းကောမှာ ရူယီ၏ စဉ်းစားပေးမှုကြောင့် ထိမိသွားကာ သူမကို အဆုံးမရှိ ချီးကျူးလိုက်သည်။
ရှက်ရွံ့စွာဖြင့်ကြည့်ရင်း ရူယီ လက်ထဲက အထုပ်ကို ချလိုက်သည်။ "ဒါက ဘာမှမဟုတ်ပါဘူး"
ရှောင်းကော အိပ်ရာထုပ်အား ဖယ်လိုက်ကာ ဗီရိုထဲတွင် ထည့်လိုက်သည်။ ထို့နောက် သူမ အဝတ်ထုပ်အား ချင်းအန့်မင်နေရာချနိုင်ရန် ကုတင်ပေါ်တင်လိုက်သည်။
ရှောင်းကောက ရူယီနှင့် ခဏကြာလောက် စကားစမြည်ပြောလိုက်သည်။ ဒီနေ့ သူတို့တွင် လုပ်စရာ အလုပ်တွေ ရှိမှန်း သူမ သိတာမို့ မဆွဲထားတော့ပေ။ သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ရှောင်းကော မြည်းလှည်းပေါ် ပြန်တက်လိုက်သည်။
မြည်းလှည်းထွက်သွားတာကို ကြည့်နေချိန် ချင်းအန့်မင်ရဲ့ မျက်လုံးတွေထဲ တွန့်ဆုတ်မှုတွေနဲ့ ပြည့်နေကာ မျက်ရည်တွေ ကျလာသည်။ သူဝမ်းနည်းနေတာကိုမြင်တော့ ရူယီလည်း ဆင်ခြေပေးကာ ထွက်သွားလိုက်သည်။ သူ့ပစ္စည်းတွေကို နေရာချပြီးနောက်မှ အပြင်ထွက်ရန် ပြောလိုက်သည်။
ချင်းအန့်မင်လည်း သူမ၏ ကြင်နာမှုကို လက်ခံကာအခန်းထဲ ပြန်ဝင်လာလိုက်သည်။ ကုတင်ပေါ်မှ အထုပ်ကို သူမြင်တော့ ဖွင့်ကြည့်ရန် သွားလိုက်သည်။သူအထုပ်ဖြည်တော့မည့်အချိန် အနီရောင် အိတ်အသေးလေးက သူ့မျက်လုံးကို ဖမ်းစားလိုက်သည်။
ချင်းအန့်မင် တုန်ရီသည့်လက်ချောင်းများဖြင့် ဖွင့်လိုက်သည်။ အထဲတွင် ရှောင်းကော ချန်ထားခဲ့သည့် ငွေတုံးငါးဆယ်ရှိနေသည်။
ချင်းအန့်မင် မျက်ရည်များ ဝဲတက်လာကာ ငိုမိတော့သည်။
ရှောင်းကော၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ခံထားရသည့် ကျွမ်းကျွမ်းမှာ မှေးမှိန်သွားသည့် သူ့ဦးလေး၏ ပုံရိပ်ကိုပြန်လှည့်ကြည့်ကာ အနည်းငယ် ဝမ်းနည်းသွားသည်။ သူသည် လှည်းအား အလေးအနက် မောင်းနေသည့် ရှောင်းကော၏ ဘေးတိုက်မျက်နှာအား ကြည့်လိုက်သည်။ သူ သူမကို ခပ်တိုးတိုးခေါ်လိုက်သည်။
“မေမေ…”
ရှောင်းကော ကျွမ်းကျွမ်းအား ငုံ့ကြည့်လိုက်သည်။ သူမ သူ့ပါးလေးအား နမ်းကာ နှစ်သိမ့်ပေးလိုက်သည်။ "အဆင်ပြေပါတယ် ကျွမ်းကျွမ်း။ ခေါက်ဆွဲဆိုင်ဖွင့်ပြီး နှစ်ရက်နေရင် မေမေတို့ ပြန်လာမယ်လေ"
ဒီတော့မှ ကျွမ်းကျွမ်း ပြုံးကာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူမတို့ ခရိုင်ထဲကနေ မထွက်သေးတာကိုမြင်တော့ ကျွမ်းကျွမ်းက သိချင်စိတ်ဖြင့် ရှောင်းကောအားမေးလိုက်သည်။ "သားတို့ ဘယ်သွားမလို့လဲ?" ရှောင်းကောက ပစ္စည်းတွေ သွားဝယ်မလို့ လို့ပြောလိုက်သည်။ သူမဝယ်ပြီးတာနဲ့ အိမ်ပြန်ကြမည်။
ကျွမ်းကျွမ်းလည်း ရှောင်းကော ဦးဆောင်ရာဆီ လိုက်သွားလိုက်သည်။ "မေမေ၊ သားတို့ ဒီမှာ ဘာဝယ်မလို့လဲ?"
ရှောင်းကော မြည်းလှည်းကို ချည်လိုက်ကာ ကျွမ်းကျွမ်းအား လှည့်းပေါ်မှ ချီချလိုက်သည်။ သူမ သူ့အားအိမ်ထဲသို့ ခေါ်သွားကာ ပြောလိုက်သည်။ “မေမေ ဒီမှာ လွှစာလာဝယ်တာ"
ကျွမ်းကျွမ်းက နားမလည်သည့်ပုံပင်။ သူတို့ဘာလို့ လွှစာလိုတာလဲ?
ရှောင်းကော သူ့ကို မျက်ခုံးပင့်ပြသော်လည်း အသေးစိတ် မပြောပြလိုက်ပေ။ အိမ်ရောက်မှ သူ့အားအသေးစိတ်ပြောပြမည်။
သူမ တံခါးသွားခေါက်လိုက်သည်။ ခဏကြာတော့ ခေါင်းသေးသေးလေးတစ်လုံး ထွက်လာသည်။ ရှောင်းကောကိုမြင်တော့ ကောင်လေးက သူမကို မှတ်မိနေသည့်ပုံပင်။
“အိုး! ထပ်ပြီး အဒေါ်ပဲ။ ပရိဘောဂတွေလာဝယ်တာလား?"
ဤနေရာဟာ ရှောင်းကော အရင်တစ်ခေါက်က ပရိဘောဂဝယ်ရန် လာခဲ့သည့်နေရာဖြစ်သည်။ သူမအား တံခါးလာဖွင့်ပေးသူမှာ ပိုင်ရှင်ရဲ့သားဖြစ်သည်။
ကျွမ်းကျွမ်း သူ့ရှေ့မှ ကောင်လေးအား စူးစူးစမ်းစမ်းကြည့်လိုက်သည်။ သူနဲ့ အသက်တူတူဘဲလား..? သူ့မေမေနဲ့ ဘယ်လိုသိတာလဲ?
ကောင်လေးက တံခါးဖွင့်လိုက်ကာ ရှောင်းကောတို့အား ဝင်ခွင့်ပေးလာသည်။ ကျွမ်းကျွမ်းလည်း နောက်မှနေ နီးနီးကပ်ကပ် လိုက်သွားလိုက်သည်။
ရှောင်းကော အထဲဝင်လာတော့ ကောင်လေးက တံခါးကို ပိတ်လိုက်ချင်ပေမယ့် သူမ နောက်မှ ကောင်လေးတစ်ယောက် လိုက်လာတာကို တွေ့ရလိမ့်မယ်ဟု မမျှော်လင့်ထားပါချေ။
ကျွမ်းကျွမ်းကလည်း သူ့ကိုကြည့်နေကာ သူလည်း ကျွမ်းကျွမ်းအား ပြန်ကြည့်လိုက်သည်။ သူတို့ မျက်လုံးချင်းဆုံသွားကာ တစ်ယောက်နှင့်တစ်ယောက် စူးစူးစမ်းစမ်းဖြင့်ကြည့်နေကြသည်။
ရှောင်းကော သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျွမ်းကျွမ်းကို ခေါ်လိုက်သည်။ ကျွမ်းကျွမ်း သတိပြန်ဝင်လာကာ ရှောင်းကောနှင့်အတူ ခြံဝင်းဆီ လိုက်သွားလိုက်သည်။
ကောင်လေးလည်း အိမ်ထဲသို့ ပြေးဝင်သွားကာ သူ့မိဘတွေကို သွားခေါ်လိုက်သည်။ ရှောင်းကော သူတို့ကို မြင်သည့်အခါ နှုတ်ဆက်လိုက်ပြီး သူမလိုအပ်တာတွေကို ပြောပြလိုက်သည်။ အဲဒီလူက သူမပြောတာကိုကြားကာ လွှစာအိတ်တစ်အိတ်အား သူမလက်ထဲ မထည့်ခင် အပြည့်ထည့်ပေးလိုက်သည်။ ရှောင်းကောက သူမပိုက်ဆံအိတ်အား လှမ်းယူလိုက်သည့်အချိန် ထိုအမျိုးသား၏ ဇနီးမှ သူမအား တားလာသည်။
“လွှစာက ဘယ်လောက်မှမကျဘူး! ဒါတွေက အသုံးမလိုဘူး။ တို့တွေက ဒါကိုအမြဲလွှင့်ပစ်နေရတာ။ ဒီတိုင်းယူလိုက် !”
ရှောင်းကောက ဘယ်လိုလုပ် အလကား ယူနိုင်ပါ့မလဲ? သူမ ဘယ်လိုပဲပေးပေး အမျိုးသမီးက ပိုက်ဆံကို လက်မခံပါချေ။
"တကယ် ပေးးရာမလိုဘူး! ဒါက အမှိုက်တွေချည်းပဲ။ မင်းရဲ့ပိုက်ဆံကို ဘယ်လိုလုပ်ယူရမှာလဲ!"
ထိုအမျိုးသမီးက ပိုက်ဆံအား ရှောင်းကောလက်ထဲသို့ ပြန်ထည့်လိုက်ရင်း လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
ဒါကိုမြင်တော့ ရှောင်းကောလည်း လက်လျော့လိုက်တော့သည်။ သူတို့နှစ်ယောက်ဟာ လားတွေလိုမျိုး ခေါင်းမာလှသည်။ သူတို့သည် သူမဆီမှ ပိုက်ဆံအား ပြင်းပြင်းထန်ထန်ကို ငြင်းကြသည်။ ကူကယ်ရာမဲ့စွာဖြင့် ရှောင်းကောမှာ ပိုက်ဆံတွေကို ပြန်ထည့်လိုက်ရပြီး သူတို့အား ကျေးဇူးတင်လိုက်သည်။
ပထမတော့ ကျွမ်းကျွမ်းမှာ ရှောင်းကောနှင့်အတူ ရပ်နေတာဖြစ်သည်။ သူမ ဆိုင်ပိုင်ရှင်နှင့် စကားပြောနေချိန်တွက် စောစောကသူတွေ့ခဲ့သည့် ကောင်လေးက သူ့အနားအား ဖြည်းဖြည်းချင်း တိုးလာကာ ဂရုတစိုက်မေးလာသည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ?"
သူ့လေသံမှာ အနည်းငယ် ရှက်ရွံ့နေပုံရသည်။ ၎င်းဟာ သူနှင့်ရွယ်တူ တစ်စုံတစ်ယောက်နှင့်အတူ ပထမဆုံးအကြိမ် စကားပြောဖူးသည့်ပုံပင်။
ကျွမ်းကျွမ်း ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရတော့ အံ့ဩသွားသည်။ သူလှည့်ကြည့်လိုက်တော့ ကောင်လေးအား မြင်လိုက်ရသည်။ သူက မရှက်မရွံ့သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ "ငါ့နာမည်က ကျန်းချင်းဝမ်။ အိမ်ခေါ်နာမည်က ကျွမ်းကျွမ်း။ မင်းကရော?"
ကျွမ်းကျွမ်းရဲ့ နာမည်ကို သိပြီးတဲ့နောက် ကောင်လေးက သူ့ကိုယ်သူ မိတ်ဆက်လာသည်။ "ငါ့နာမည် ထန်ယိ! အိမ်ခေါ်နာမည်က ရှောင်ယိ!"
သူတို့အချင်းချင်း မိတ်ဆက်ပြီးတဲ့နောက် ကလေးနှစ်ယောက်ဟာ မြန်မြန်ဆန်ဆန်ဘဲ ရင်းနှီးကြသည်။ ရှောင်းကော စကားပြောနေတုန်း ရှောင်ယိက ကျွမ်းကျွမ်းနှင့်အတူ တစ်ဘက်ရှိ သူ့ပထမဆုံးသူငယ်ချင်းဖြစ်သည့် မွေးထားသည့် ခွေးအဝါလေးတစ်ကောင်နှင့် မိတ်ဆက်ပေးသည်။
"ကြည့် သူ့နာမည်က ရှောင်းဟူတဲ့!"
ကျွမ်းကျွမ်း ဒီနာမည်ကိုကြားသည့်အခါ၊ မြေပြင်ပေါ်တွင် လဲလျောင်းကာ လျှာထုတ်ထားသည့် ခွေးလေးအား ငုံ့ကြည့်လိုက်သည်။ သူ့နာမည်ကဘာ? အစ်ကိုရှောင်းဟူလိုမျိုး ရှောင်းဟူလား?
ကျွမ်းကျွမ်း၏ ပဟေဋ္ဌိဖြစ်နေသည့်မျက်နှာကို ကြည့်လိုက်ရင်း ရှောင်ယိမှာ သူ ပြောတာ မရှင်းဘူးဟု ထင်သွားကာ နာမည်ကို ထပ်ခါတလဲလဲ ပြောလိုက်သည်။ ကျွမ်းကျွမ်း နာမည်ကိုထပ်ကြားလိုက်ရသည်။ ရှောင်ယိ တတိယအကြိမ် ပြောခါနီးမှာ နောက်ဆုံးတော့ ကျွမ်းကျွမ်းထံမှ တုံ့ပြန်မှုတစ်ခုထွက်ပေါ်လာကာ သူ့အသံကို လုံးဝတားလိုက်သည်။
“ကောင်းပြီ၊ ငါ မင်း ပြောတာကို ရှင်းရှင်းလင်းလင်းကြားရတယ်။ ငါ့အိမ်မှာလည်း သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူတို့တွေကို မည်းနက်နဲ့ ဖြူသေး၊ ပမ်းပမ်းနဲ့ ဖေးဖေး လို့ခေါ်တယ်။ ကြက်တွေ၊ ဘဲတွေ၊ မြည်းတွေလည်း ရှိတယ်!”
ရှောင်ယိမှာ သူ့မိသားစု ရတနာတွေကို ရေတွက်နေသလိုမျိုး သူပြောတဲ့နာမည်တွေအား လက်ချောင်းတွေထောင်ကာရေတွက်လိုက်သည်။ အားကျသည့်အရိပ်အယောင်တွေ သူ့မျက်လုံးထဲတွင် တဖြည်းဖြည်းပေါ်လာသည်။ သူ့မှာ သူငယ်ချင်းတွေ အများကြီးရှိတာပဲ...
ကျွမ်းကျွမ်းမှာ သူ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း သိလိုက်တာကြောင့် သူနှင့် သဘောတူညီမှုတစ်ခု လုပ်လိုက်သည်။ "ငါအချိန်ရရင် မင်းကို ငါ့အိမ်မှာ လာကစားဖို့ဖိတ်ပြီး သူတို့နဲ့ မိတ်ဆက်ပေးမယ်! ဘယ်လိုလဲ?"
ရှောင်ယိ အရမ်းပျော်သွားသည်။ သူက အကြိမ်ကြိမ် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။