Top Tier Immortal fruit
Vol. 68 Ch. 982
သန့်စင်လိုက်တဲ့ အရှုပ်အထွေးအစွမ်းပါလား
ချူပန်းလင် မနေနိုင်ဘဲ ခဏရပ်၍ အရောင်အဝါ ထွက်လာသည့်ဘက် လှမ်းကြည့်လိုက်သည်။
ကဲလေ .. လောနေစရာလဲ လိုမှမလိုတာ။ရှားပါးရတနာလေးတွေ အရင်စုလိုက်တာ ကောင်းပါတယ်
ချူပန်းလင် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အရှုပ်အထွေးနတ်ဘုရားမြို့တော်သည် သူ့အတွက်လည်း အခွင့်ကောင်းကြီးတစ်ခု မဟုတ်ပါလား။
ယခုလို အခွင့်ကောင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံနေရချိန်တွင် သူ မည်သို့ မျက်နှာလွှဲနိုင်မည်နည်း။
သူသာ အရှုပ်အထွေးခန္ဓာကိုယ် ရလိုက်ပါက အရာအားလုံး ပိုကောင်းသွားပေမည်။
ချူပန်းလင် ထိုသို့တွေးကာ အရှုပ်အထွေးအစွမ်း ထွက်လာသည့်ဘက် ချက်ချင်းသွားလိုက်သည်။
ဤသို့ဖြင့် မကြာမီမှာပင် သူ အရှုပ်အထွေးအစွမ်း ထွက်လာသည့်အရင်းမြစ်ကို တွေ့လိုက်ရပြီး မျက်လုံးများ အရောင်လက်သွားတော့၏။
ဒါ ... မသေမျိုးကိုးပါးသစ်သီးပဲ ။ ဒီအသီးထဲမှာ အရှုပ်အထွေးအစွမ်းတွေလဲ ပါနေတယ် ။ ဟား ဟား .. ငါ ကံတော်တော်ကောင်းနေတာပဲ
ချူပန်းလင် ဝမ်းသာလွန်း၍ မျက်လုံးများ အရောင်လက်နေ၏။
ရှေးဟောင်းမှတ်တမ်းများအရ ဆိုလျှင် အရှုပ်အထွေးအစွမ်း ပါဝင်သည့် မသေမျိုးကိုးပါး သစ်သီးမှာ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲရှိ ပထမတန်းစား မသေမျိုးသစ်သီး ဖြစ်ကြောင်း သူ သိထားပြီးသား ဖြစ်ပါသည်။
၎င်းသစ်သီးကိုသာ သန့်စင်နိုင်ပါက အရှုပ်အထွေးခန္ဓာကိုယ် ရနိုင်သည့်အခွင့်ရေးလည်း ၂၀% ရှိပါသေးသည်။
အကယ်၍ အရှုပ်အထွေးခန္ဓာကိုယ်ကို မရခဲ့လျှင်ပင် မိမိ၏ ခန္ဓာကိုယ်အခြေနေကို များစွာ တိုးတက်စေနိုင်ပါသေးသည်။
၎င်းမှာ အံ့မခန်း အခွင့်ကောင်းကြီး တစ်ခုပါပင်။
မသေမျိုးသစ်ပင်ပေါ်တွင် ရှိနေဆဲဖြစ်သော ရင့်မှည့်ခါနီး မသေမျိုးကိုးပါး သစ်သီးများအား ချူပန်းလင်တစ်ယောက် ဝမ်းသာအားရ ကြည့်လိုက်သည်။
သစ်ပင်၏ ဘေးပတ်လည်တွင်ကား သစ်သီးများ ရင့်မှည့်သည်နှင့် ခူးယူရန် ချုံခို၍ အသင့်စောင့်နေကြသည့် လူများစွာ ရှိနေပါသည်။
ချူပန်းလင်၏ မျက်လုံးများထဲ အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွား၏။
ထိုစဉ် တဖက်မှလူစုကလည်း ချူပန်းလင်အား သတိထားမိသွားကြပါသည်။
သခင်လေး ၊ ကျေးဇူးပြုပြီးတော့ ရှေ့ဆက်မတိုးပါနဲ့ ။ သစ်သီး မှည့်သွားတဲ့အချိန်မှ ကျုပ်တို့ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရင်လဲ နောက်မကျသေးပါဘူး
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ချူပန်းလင်ရှေ့ ရောက်လာကာ တည်တည်ငြိမ်ငြိမ်ဆိုသည်။
ချူပန်းလင်က အေးစက်စက် တစ်ချက်ပြန်ကြည့်၍ ထိုသူရှိရာဘက် လက်ညိုးထိုးလိုက်၏။
ဝုန်း
တဖက်လူ၏ခေါင်း တမဟုတ်ချင်း ပေါက်ကွဲထွက်သွားသည်။
ဘယ်လိုဖြစ်ပြီးတော့ ....
အားလုံး ၎င်းကိုမြင်ပြီး အံ့ဩမှင်သက်ကုန်ကြ၏။
အစောက စကားပြောခဲ့သည့် သက်လတ်ပိုင်းအရွယ်လူကြီးမှာ မသေမျိုးသခင်ကြီးအဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။
ထိုသို့သော လူတစ်ယောက်က တစ်ချက်တည်းနဲ့ သေသွားခဲ့သတဲ့လား
သို့သော် ချက်ချင်းဆိုသလိုပင် လူများ အသိပြန်ဝင်လာကြကာ ... အဘိုးအိုတစ်ယောက်က အော်ပြောသည်။
အားလုံး ... ဒီလူက အစွမ်းထက်သလို ရက်လဲရက်စက်တယ်။ သူ့ကိုသာ သွားတားရင် ငါတို့အားလုံး သေသွားနိုင်တယ်ကွ
အနားမှ လူတစ်ယောက်ကလည်း ချက်ချင်းတုန့်ပြန်သည်။
အမှန်ပဲ .. အားလုံး အတူတူပေါင်းပြီးတော့ ဒီကောင့်ကို အရင်ရှင်းလိုက်ရအောင်
ဟုတ်တယ် ၊ သူ့ကိုသတ်လိုက်ရင် အားလုံးအတွက် အထောက်အကူဖြစ်မှာ အမှန်ပဲ
အနီးနားတဝိုက်ရှိ လူများ တစ်ယောက်တစ်ခွန်း ပြောလိုက်ကြ၏။
သို့သော် ချူပန်းလင်ကမူ သူ့ရှေ့မှလူအုပ်ကိုကြည့်ရင်း အထင်သေးသည့် မျက်နှာထားဖြင့်သာ ပြန်ပြောပါသည်။
မင်းတို့က ငါ့ကို သတ်ချင်တယ်ပေါ့လေ၊ ငါ ဘယ်သူလဲဆိုတာရော သိကြရဲ့လား
အဘိုးအိုတစ်ယောက် ရှေ့ထွက်လာပြီး လေသံမာမာဖြင့် အော်ပြော၏။
မင်း ဘယ်သူပဲဖြစ်ဖြစ်ပါ ၊ ဒီနေ့တော့ တရားမျှတမှုအောက်က ပြေးမလွတ်ပါဘူး
အမှန်ပဲ
ကျန်လူများလည်း သံယောင်လိုက်ကြ၏။ သို့သော် ထိုလူများအားလုံး လူသတ်အရိပ်အငွေ့ ထုတ်လွှတ်ထားကြသည့်တိုင် မည်သူကမှ စမလှုပ်ရှားရဲကြပါ။
ချူပန်းလင်၏ အစွမ်းက မည်သို့ရှိမည်ကို သူတို့ မသိသေးဘူး မဟုတ်ပါလား ...
ချူပန်းလင်မှာလည်း ၎င်းကို ကောင်းကောင်းကြီး သတိထားမိကာ လူအုပ်ထံ တိုးသွားလိုက်သည်။
သူ တိုးလာသည်နှင့် တဖက်လူအားလုံး နောက်ဆုတ်သွားကြ၏။
ထိုစဉ် .. ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်က ချူပန်းလင်အား စိုက်ကြည့်ကာ အသံတုန်တုန်ဖြင့် ပြောလာသည်။
ခဏနေကြဦး ၊ အားလုံး ... သူ ... သူက ချူပန်းလင်ပဲ
သူ့စကားကို ကြားသည်နှင့် လူအုပ်ကြီး ချက်ချင်း အသံတိတ်သွားကြသည်။
တခဏကြာပြီးနောက်တွင်ကား အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
ဘယ်လို .. သူက ချူပန်းလင်လား ။ ချင်းယွမ်ပါရမီရှင်စာရင်းက ပြိုင်ဘက်ကင်း ပါရမီရှင် ချူပန်းလင်ဆိုတာ သူလား
သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မသေမျိုးသခင်ကြီးအဆင့်မှာပဲ ရှိသေးတာတောင် သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကတော့ မသေမျိုးဘုရင်အဆင့်ကို ရောက်ခါစသူတွေနဲ့ ယှဉ်လို့ရနေပြီ
ဒီလူက .. တကယ်ကို ထူးခြားတာပဲ
အားလုံး၏ မျက်နှာများလည်း သွေးဆုတ်ဖြူရော်ကုန်ကြ၏။
လူအုပ်၏စကားကို နားထောင်နေသော ချူပန်းလင်က နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည် ။
ဒီနေရာကနေ ဆယ်စက္ကန့်အတွင်း ထွက်သွားကြ ။ မဟုတ်လို့ကတော့ အားလုံးကို သတ်ပစ်မှာ
ဤနေရာတွင် တိုက်ပွဲဖြစ်သွားပါက မသေမျိုးကိုးပါး သစ်သီးကို ထိခိုက်သွားနိုင်သဖြင့် သူ ထိုသို့ မဖြစ်စေချင်ပါ။
အားလုံး မျက်နှာဆိုးရွားစွာ ပျက်ကုန်ကြ၏။
အခွင့်ကောင်းက လက်တသ်ကမ်းအကွာသို့ ရောက်နေချိန်တွင် မည်သူက အသာတကြည် လက်လျှော့ချင်ပါမည်နည်း။
ချူပန်းလင် ၊ မင်း လွန်နေပြီနော်။ ဒီ မသေမျိုးကိုးပါးသစ်သီးကို ငါတို့အရင် တွေ့ထားတာလေ
လူငယ်တစ်ယောက်က မကျေမနပ် ပြန်ပြောသည်။
ကျန်လူများလည်း ထုတ်မပြောကြသည့်တိုင် သူ့လိုအတွေးမျိုး ရှိနေကြသည်မှာ သိသာပါ၏။
ချူပန်းလင် မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။
မင်းတို့ တစ်ခုမေ့သွားပြီလား
အင်
သူ့စကားကြောင့် အားလုံး အူကြောင်ကြောင်ဖြစ်သွားကြ၏။
ချူပန်းလင်က အေးစက်စက် ဆက်ပြောသည်။
ငါက ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းထဲပါတာ မှန်ပေမယ့် ငါ့မှာ နောက်ထပ်ရာထူးဂုဏ်ပုဒ်တစ်ခုလဲ ရှိသေးတယ်။ ငါက .. ကောင်းကင်ဘုံသားတော်ရဲ့ လူယုံပဲကွ။ အခု ဒီကိုလာတာကလဲ ကောင်းကင်ဘုံသားတော်ရဲ့ အမိန့်နဲ့ မသေမျိုးကိုးပါးသစ်သီးကို ယူဖို့လာခဲ့တာ။ ဒါနဲ့တောင် မင်းတို့က ငါ့ကို တားရဲတယ်ပေါ့လေ ။ မင်းတို့က ကောင်းကင်ဘုံသားတော်ကို ဆန့်ကျင်ချင်တာလား
စကားဆုံးချိန်တွင် သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့တစ်ခုလည်း ထွက်လာပါသည်။
ဘေးပတ်ဝန်းကျင် အပူချိန်လည်း ရုတ်တရက်ကျသွား၏။
ထိုစဉ်မှသာလည်း ချူပန်းလင်မှာ ကောင်းကင်ဘုံသားတော်၏ လက်အောက်ခံတစ်ယောက်ဖြစ်ကြောင်း အားလုံး အသိပြန်ဝင်ကုန်ကြပါသည်။
ကောင်းကင်ဘုံသားတော် ဆိုသည်မှာ အနာဂါတ် ဆယ်ဘွဲ့ရမသေမျိုးဘုရင်လောင်း တစ်ယောက်ဖြစ်ပြီး မသေမျိုးဧကရာဇ်အဆင့်သို့ပင် ရောက်နိုင်သူတစ်ယောက် ....
လက်ရှိတွင် အစွမ်းထက်သူများအနေဖြင့် ချူပန်းလင်ကို ဤမျှကြောက်စရာ မလိုသည့်တိုင် ... ကောင်းကင်ဘုံသားတော်ကိုမူ ထိုသို့ မလုပ်ဝံ့ကြပါချေ။
ကောင်းကင်ဘုံသားတော်သည် အလွန်အစွမ်းထက်ရုံမက အလွန်လည်းရက်စက်ကာ ကိစ္စသေးသေးလေးကိုပင် လက်တုန့်ပြန်တတ်သူတစ်ယောက် ဖြစ်ပါ၏။
သူ့ကိုသာ ရန်သွားစမိပါက သူတို့အားလုံး သေရမည့်အပြင် သူတို့၏ မိသားစုဝင်များ ၊ မျိုးနွယ်စုဝင်များနှင့် ဂိုဏ်းတစ်ခုလုံးပါ အပြောင်ရှင်းခံရနိုင်ပါသည်။
ခွင့်ပြုပါဦး ၊ကျုပ်သွားတော့မယ်
အဘိုးအိုတစ်ယောက် မှင်သက်နေရာမှ အသိပြန်ဝင်လာကာ ချက်ချင်းထွက်သွားရန် ပြင်လိုက်သည်။
ထို့နောက်တွင် ကျန်လူများလည်း အခြေအနေကို သဘောပေါက်ကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကုန်ကြ၏။
ဤသို့ဖြင့် မကြာခင်မှာပင် မသေမျိုးကိုးပါး သစ်ပင်အောက်၌ လူများ ပြောင်ရှင်းသွားပါတော့သည်။
ချူပန်းလင်က ၎င်းကိုကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံး၏။
အမှိုက်ကောင်တွေ ၊ ငါ့လက်ကနေ အခွင့်ကောင်းကို လုဖို့တောင် ကြိုးစားလိုက်ကြသေးတယ်
သူ ပြောပြီး မသေမျိုးကိုးပါးသစ်ပင်နားသို့ လျှောက်သွားလိုက်သည်။
သို့သော် ထိုစဉ်တွင် သစ်ပင်အောက်မှ မခွာသေးသော ကောင်လေးတစ်ယောက်ကိုမြင်ပြီး သူ အံ့ဩသွားရ၏။
ဟင် .. မင်း ခုနက ငါပြောတာ မကြားလိုက်ဘူးလား ။ မဟုတ်မှလွဲရော ကြောက်သေးတွေထွက်ကျလို့ မသွားနိုင်ဖြစ်နေတာလား
ချူပန်းလင်က လူငယ်အား အေးစက်စက်အငွေ့အသက်တို့ ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
လက်ရှိတွက် ထွက်ခွာသွားသောလူအုပ်မှာ အဝေးသို့ မရောက်သေးကြပါချေ။
ထို့ကြောင့် ချူပန်းလင်အသံကို ကြားသည်နှင့် သူတို့အားလုံး နောက်လှည့်ကြည့်လိုက်ကြ၏။
သစ်ပင်အောက်တွင်ကား တင်ပျင်ခွေထိုင်နေသော လူငယ်လေးတစ်ယောက် အမှန်တကယ်ပင် ရှိနေသည်။
အဲ့တစ်ယောက်က ဘယ်သူလဲ ၊ ဘယ်သူ ခေါ်လာတဲ့သူလဲကွ။သူ့ကို ချက်ချင်း ထွက်သွားခိုင်းလိုက်ကြဦး
ဒီကောင့်ကို ... ငါ မသိဘူး ။ အကိုဝမ် ၊ အဲ့ဒါ ခင်ဗျားရဲ့ သားလား
တစ်ယောက်က မေးသည်။
အကိုဝမ်ဆိုသူက တအံ့တဩဖြင့် ခေါင်းယမ်းပြ၏။
မဟုတ်ဘူး ၊ ကျုပ်တို့ ဒီတိုင်း အတူတူထိုင်ခဲ့ကြရုံပဲရှိတာ။ ကျုပ်က သူ့ကို ခင်ဗျားရဲ့ မိသားစုဝင် တစ်ယောက်ယောက်လို့ ထင်နေခဲ့တာ
မဟုတ်ပါဘူးကွာ ။ ဒီကောင်လေး ဘယ်ကလာတယ်ဆိုတာ ဘယ်သူသိကြလဲဟေ့
အဲ့ဒါက အရေးမကြီးဘူး ။ သူ အခုချက်ချင်း ထွက်မသွားရင် သေတော့မှာပဲ
အားလုံး ထိုစကားကို သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ထိုစဉ် လူငယ်က ချူပန်းလင်ကို စိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလာ၏။
မင်းက ကောင်းကင်ဘုံသားတော်ရဲ့ လက်အောက်ခံလို့ ပြောခဲ့တာလား
ချူပန်းလင် ပြုံးလိုက်သည်။
အမှန်ပဲ ၊ ငါ ဆိုတဲ့ ချူပန်းလင်က ကောင်းကင်ဘုံသားတော်ရဲ့ လက်အောက်ခံ စစ်သူကြီးလေးယောက်ထဲက တစ်ယောက်ပဲကွ။ ကောင်လေး ၊ အခု ငါဘယ်သူလဲ သိရတာတောင် ထွက်မသွားသေးဘူးလား။ ဘာလဲ .. မင်းက ငါ့ရဲ့ နောက်လိုက် လုပ်ချင်လို့လား ။ဒါပေမယ့် ငါက မင်းလိုအမှိုက်ကောင်တွေကို တပည့်အဖြစ် လက်မခံဘူး
လူငယ်၏ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်သည်ကို သတိထားမိသဖြင့် ချူပန်းလင် လှောင်သံဖြင့် ပြောလိုက်သည်။
သို့သော် ထိုစဉ်တွင် .. တဖက်လူငယ်၏ မျက်လုံးထဲ၌ အေးစက်စက် လူသတ်အရိပ်အငွေ့များ ပေါ်လာပြီး ဒေါသတကြီး အော်ပြော၏။
မင်းကို သတ်မယ်
ဝုန်း
ထို့နောက် လူငယ်က ကောက်ကွေးနေသည့် လှံတစ်ချောင်းကို ချက်ချင်းဆွဲထုတ်ကာ ချူပန်းလင်အား ပစ်လိုက်သည်။