Three Luo Tians
Vol. 68 Ch. 989
ထိုလူလေးယောက်၏ စကားသံဆုံးသည်နှင့် ဘေးပတ်ဝန်းကျင် လူများထံမှ တအံ့တဩ ရေရွတ်သံများ ထွက်လာတော့သည်။
ဟင် .. ဒီလေးယောက်လုံးက ပါရမီရှင်တွေပါလား
ဒီလူတွေကလဲ မိုရှန့်လိုပဲ ထျင်းယွမ်ဒေသ ပါရမီရှင်စာရင်းထဲမှာ ထိပ်ပိုင်းအဆင့် ရထားတာမဟုတ်လား
ဒါဆို .. ဒီပါရမီရှင်တွေက အရှုပ်အထွေးဓားရေကန်ကို ကံစမ်းဖို့အတွက် ရောက်လာကြတာပေါ့
သေချာတာပေါ့ကွာ။ ဒီလိုပါရမီရှင်တွေက အရှုပ်အထွေးဓားရေကန်လို အခွင့်ကောင်းမျိုးကို ဘယ်လက်လွတ်ခံပါ့မလဲ ။ ဒါပေမယ့် သူတို့တွေ မိုရှန့်လို အရှုပ်အထွေးဓားစိတ်ဆန္ဒကို ရပါ့မလား ဆိုတာတော့ မပြောနိုင်ဘူးကွ
ဒါနဲ့ .. ခုနက ဒီပါရမီရှင်လေးယောက်ကို စိန်ခေါ်ခဲ့တဲ့သူက ဘယ်သူပါလိမ့်
ထိုသူ၏ စကားဆုံးချိန်တွင် အားလုံး၏အကြည့်က ချောင်ချီလျိုထံ ရောက်သွားကြပါသည်။
ထိုစဉ်တွင် ချောင်ချီလျိုတစ်ယောက်မှာ လေထဲတွင် တောင့်တောင့်ကြီးရပ်နေကာ နဖူးမှ ချွေးစက်များ စီးကျနေပြီး ခြေထောက်များလည်း တုန်နေပါ၏။
ငါ နားကြားမှားသွားတာပဲ ဖြစ်ရမယ် ၊ အဲ့လိုပဲ ဖြစ်ရမယ် ။ ဒါမှမဟုတ် နာမည်တူတဲ့သူတွေများ ဖြစ်နေမလား
အဲ့လိုပဲ ဖြစ်မှာပါ။ အောက်ကမ္ဘာက ဘာမဟုတ်တဲ့ကောင်တွေနဲ့တောင် လက်ရည်တူအောင် တိုက်ခိုက်နိုင်တဲ့သူက ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းထဲမှာ ထိပ်ပိုင်းရထားတဲ့သူတွေ မဖြစ်နိုင်ဘူး
ချောင်ချီလျို သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။
ထိုစဉ် တဖက်မှ ဝမ်ချန်းက ချောင်ချီလျိုအား မျက်မှောင်ကြုံ့ စိုက်ကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလာသည်။
ကောင်လေး ၊ ခုနက ငါတို့လေးယောက်ကို သတ်မယ်လို့ ပြောလိုက်တာလား
ချောင်ချီလျိုမှာ သူ့စကားကိုကြားပြီး နှလုံးခုန် အလွန်မြန်သွား၏။ သူ တစ်ခုခု ပြန်ပြောလိုက်ချင်သော်လည်း ကြောက်စိတ်တို့ပြည့်နေ၍ ဘာစကားမှ မဆိုနိုင်ရှာပါ။
မင်း အဲ့ဒါ ဘာသဘောလဲ ။ ငါ့ကို အထင်သေးလို့ ငါမေးတာကို ပြန်မဖြေတာလား
တဖက်မှ ဝမ်ချန်းတစ်ယောက် ဒေါသပိုထွက်လာဟန်တူပြီး တိုက်ခိုက်မည့်ပုံ ပြင်လိုက်၏။
ထိုစဉ် နျဲ့လင်က ရုတ်တရက် လက်ဆန့်၍ သူ့အားတားပါသည်။
ဟင် .. နျဲ့လင် ၊ မင်းက ဘာဖြစ်လို့ ငါ့ကို တားနေတာလဲ
ဝမ်ချန်း၏ မျက်နှာကြီး ချက်ချင်းပုပ်သိုးသွား၏။
နျဲ့လင်က အေးစက်စက်အသံဖြင့် ပြန်ပြောပါသည်။
ဝမ်ချန်း ၊ မင်း သတိထားသင့်တယ်ကွ
သတိထားရမယ် ၊ ငါက ဘာကိစ္စကြောင့် သတိထားရမှာလဲ
ဝမ်ချန်းက မရွှင်မပျ ပြန်ပြောသည်။
နျဲ့လင် အသက်ပြင်းပြင်း ရှိုက်လိုက်၏။
ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းထဲက ငါတို့လေးယောက်ကို တစ်ပြိုင်တည်း စိန်ခေါ်ရဲတဲ့သူဆိုတာ အဲ့လောက်မရိုးရှင်းဘူးလေကွာ
မျက်နှာတည်ဖြင့် ပြောလာသော နျဲ့လင်၏စကားကြောင့် ဝမ်ချန်းတစ်ယောက် ချက်ချင်း မျက်နှာထားတည်သွားကာ ချောင်ချီလျိုအား လှမ်းကြည့်လိုက်သည်။ သူ့အကြည့်မှာလည်း ယခင်လောက် ရန်လိုစိတ် ပြင်းမနေတော့ပါ။
သို့သော် တဖက်မှ ချောင်ချီလျိုမှာကား သူတို့စကားကိုကြားပြီး သေးထွက်ကျမတတ် ကြောက်ရွံ့သွားပါ၏။
သူ .. ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းလို့ ပြောလိုက်တာလား ။ ဒီလေးယောက်က တကယ်ပဲ အဲ့လေးယောက်လား
ချောင်ချီလျိုရင်ထဲ အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ ခေါင်းလည်း မူးနောက်သွားပါ၏။
သူ့ဘေးနားရှိ ကမ္ဘာကြီးတစ်ခုလုံးလည်း ပြိုကွဲသွားတော့မလိုပါပင် ...
ဟို အောက်ကမ္ဘာက ကောင်တွေက ငါ့ကို လိမ်ဖို့ကြိုးစားနေကြတာလား
သူ့စိတ်ထဲမှလည်း လောပိုင်တို့လူစုအား ဆဲရေးလိုက်ပါ၏။
လက်ရှိ သူ့ရှေ့တွင်ရောက်နေသော လူလေးယောက်မှာ သူ စော်ကား၍ မရသူများ ဖြစ်ပါသည်။
သို့သော် သူ ထိုသူများကို သတ်ပစ်မည်ဟု အားလုံးရှေ့၌ ပြောမိခဲ့ပါ၏။
သွားပါပြီကွာ .. ငါ့ဘဝတော့ ဆုံးပြီနဲ့တူတယ်
ချောင်ချီလျိုတစ်ယောက် ထိုအတွေးနှင့်အတူ မထိန်းနိုင်တော့ဘဲ ခန္ဓာကိုယ် ယိုင်သွားသည်။
ဟင်
တဖက်မှ နျဲ့လင်တို့ လူအုပ်မှာလည်း လေထဲမှ ဖြည်းဖြည်းချင်း ပြုတ်ကျသွားသော ချောင်ချီလျိုကိုကြည့်ကာ နားမလည်နိုင်သည့် မျက်နှာထားများ ဖြစ်သွားကြသည်။
ဒီကောင်က ဘာဖြစ်နေတာလဲ
ဝမ်ချန်း မျက်မှောင်ကြုံ့သွား၏။
တဖက်မှ လောထျန်းဘေးတွင် ရှိနေသည့် လောဟွေ့မှာလည်း ချောင်ချီလျိုအား နားမလည်နိုင်သည့် မျက်နှာဖြင့် ကြည့်လျက် ...
အကိုထျန်း ၊ ဘာတွေဖြစ်နေတာလဲ
လောဟွေ့ မေးလိုက်သည်။
လောထျန်းမှာလည်း သူ့နည်းတူပင် နားမလည်နိုင် ဖြစ်နေသဖြင့် ခေါင်းယမ်းကာ ပြန်ပြောပါ၏။
ငါက ဘယ်လိုလုပ်သိမှာလဲကွာ
ထိုစဉ် လောပန်းက ဝင်ပြောသည်။
ထားလိုက်ပါဗျာ ၊ အဲ့လူ ဘယ်လိုတွေးနေတယ်ဆိုတာ ဘယ်သူသိမှာလဲ။ သူ မလုပ်နိုင်ဘူးဆိုတော့ ကျုပ်တို့ကိုယ်တိုင်ပဲ လုပ်လိုက်ကြတာပေါ့
လောပိုင်ကလည်း သဘောတူစွာ ခေါင်းညိတ်ပါသည်။
ဟုတ်တယ် ၊ထမတစ်ကြိမ်တုန်းက အဲ့ကောင်ေတွထွက်ပြေးတာကို ဒီတိုင်းကြည့်နေခဲ့ရတာ။ ဒီတစ်ခေါက်တော့ သူတို့ကို သတ်မှဖြစ်မယ်
လောထျန်းက သူ့လူများကို ကြည့်ကာ ခေါင်းညိတ်၏။
ကောင်းပြီလေ ၊အဲ့လိုဆိုတော့လဲ မင်းတို့ကို စိတ်ချလိုက်မယ်ကွာ
ဟုတ်ကဲ့ပါ အကိုထျန်း
လောပိုင်တို့ သုံးယောက်သား ပြောပြီး လေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လိုက်ကြသည်။
ဝုန်း ... ဝုန်း ... ဝုန်း ...
အားပြင်းသော အရောင်အဝါသုံးခုလည်း သူတို့ထံမှ ထွက်လာ၏။
တဖက်မှ နျဲ့လင်တို့ လူအုပ်မှာလည်း ထိုသုံးယောက်၏ အရောင်အဝါကို တမဟုတ်ချင်း အာရံုခံမိလိုက်ကြပါသည်။
ချက်ချင်းမှာပင် နျဲ့လင် ၊ ချူပန်းလင်နှင့် ဝမ်ချန်းတို့ သုံးယောက်၏ မျက်လုံးထဲ၌ အရောင်များ လက်သွားကြ၏။
သူတို့သုံးယောက်လုံးဆီမှ တအံ့တဩ ရေရွတ်သံများလည်း တစ်ပြိုင်နက်တည်းနီးပါး ထွက်လာသည်။
လောထျန်း ...
သူတို့၏ အသံများထဲ၌ ဒေါသတို့ ပါဝင်သလို လူသတ်အရိပ်အငွေ့လည်း ရောယှက်နေပါသေး၏။
ဝူကျန့် တစ်ယောက်တည်းကသာ ရှေ့မှ လူသုံးယောက်ကိုကြည့်ရင်း အံ့ဩတကြီး မေးလာပါသည်။
လောထျန်း ဟုတ်လား ၊ ဘယ်တစ်ယောက်က လောထျန်းလဲ
လက်ရှိ သူတို့လေးယောက်ထဲ၌ လောထျန်းနှင့် မတွေ့ဖူးဟု ယုံကြည်နေသူမှာ သူတစ်ယောက်တည်းပါပင်။
သူတို့အားလုံး လောထျန်းအား အလိုရှိကြောင်း ဆုကြေးထုတ်ထားသည့် စာရွက်ကို မြင်ဖူးထားသည့်တိုင် ထိုစဉ်က လောထျန်းမှာ သူတို့အတွက် ဘာမှမဟုတ်သည့် သူတစ်ယောက်ဖြစ်ပါသည်။
ထို့အပြင် ချင်းယွမ်ဒေသ၌ အလိုရှိစာရင်း ကြေငြာခံထားရသူများလည်း သိန်းပေါင်းများစွာ ရှိပေရာ ဘာမဟုတ်သည့် လောထျန်းအား သူတို့ ဂရုမစိုက်မိခဲ့ပါချေ။
ထို့ကြောင့်လည်း ဝူကျန့်မှာ သူ့ရှေ့မှ လူသုံးယောက်ထဲ၌ မည်သူက လောထျန်းမှန်း မသိဘဲ မေးလိုက်ခြင်းဖြစ်ပါသည်။
သူ့စကားကို ကြားသည်နှင့် နျဲ့လင်က အံကြိတ်၍ပြန်ပြော၏။
လောထျန်းဆိုတဲ့ကောင်က သိသာပါတယ်
ဝမ်ချန်းကလည်း အံကြိတ်ကာဆိုသည်။
ဒီကောင် ပြာမှုန့်ဖြစ်သွားရင်တောင် ငါ သူ့ကို မှတ်မိနေဦးမှာ
ချူပန်းလင်ကလည်း သူ့ကိုယ်ထဲမှ မသေမျိုးစွမ်းအင်ကို ထုတ်လွှတ်ရင်း အေးစက်စက်အသံဖြင့် ပြောသည်။
ဘာမှ မှားစရာအကြောင်း မရှိဘူး
ထို့နောက်တွင် သူတို့သုံးယောက်လုံး ပြိုင်တူနီးပါး လက်ညိုးညွှန်ကာ အော်လိုက်ကြသည်။
အဲ့ဒါ သူပဲ
ဝူကျန့်မှာကား သူတို့သုံးယောက် လက်ညိုးညွှန်ရာသို့ ကြည့်လိုက် ၊ သူတို့သုံးယောက်ကို ပြန်ကြည့်လိုက်ဖြင့် အူကြောင်ကြောင် ဖြစ်သွားရှာ၏။
ထို့နောက် သူ ဒေါသတကြီး အော်လိုက်သည်။
မင်းတို့ ဘယ်သူ့ကို လက်ညိုးထိုးနေလဲရော သိကြလား
ဟင်
သူ့စကားကြောင့် နျဲ့လင်တို့သုံးယောက် မှင်သက်မိသွားကြ၏၊
ထိုစဉ်မှလည်း သူတို့သုံးယောက်လုံး မတူသည့် လူတစ်ယောက်စီကို လက်ညိုးထိုးပြနေကြမှန်း သတိထားမိသွားပါသည်။
ဟေ့ .. မင်းတို့နှစ်ယောက်က ဘယ်သူ့ကို လက်ညိုးထိုးပြနေကြတာလဲ ။ ဟိုတစ်ယောက်ကမှ လောထျန်းအစစ်လေ
နျဲ့လင် ဒေါသတကြီး အော်လိုက်သည်။
ဝမ်ချန်းက နှုတ်ခမ်းမဲ့ပြီး ပြန်ပြောပါ၏။
မင်းက ဘာတွေပြောနေတာလဲ ၊ဟိုတစ်ယောက်ကမှ လောထျန်းလေ
ချူပန်းလင်ကလည်း စူပုတ်နေသော မျက်နှာဖြင့် ပြောသည်။
လောထျန်းက ဟိုတစ်ယောက်ပါကွာ ။ ငါကိုယ်တိုင် တိုက်ခိုက်ခဲ့ရတာကို ဘာကိစ္စ မှားရမှာလဲ
သူတို့သုံးယောက်သား မိမိကိုယ်ကိုသာ အမှန်ထင်ပြီး မည်သူကမှ အလျှော့မေပးလိုကြပါချေ။
ဝူကျန့်ကမူ သူတို့သုံးယောက်အား အံ့ဩသည့် မျက်နှာထားဖြင့် ကြည့်နေပြီး အချိန်အတန်ငယ်ကြာမှ ပြောပါ၏။
မင်းတို့သုံးယောက် ငါ့ကို နောက်နေကြတာလား
နျဲ့လင် မျက်မှောင်ကြုံ့လိုက်သည်။
ငါ့မှာ အဲ့လိုနောက်ရအောင် အချိန်ပေါတယ်များ ထင်နေတာလား
ချူပန်းလင်ကလည်း လှောင်ပြုံးဖြင့်ဆိုပါသည်။
နောက်နေတယ်ဆိုရင်တောင် သူတို့နှစ်ယောက်ပဲဖြစ်မှာ ။ ငါက နောက်စရာအကြောင်းမရှိဘူး
ဝမ်ချန်း တံတွေးကာက်ထွေးလိုက်သည်။
ငါက စနောက်ရအောင်အထိ ပျင်းနေတယ်များ ထင်လားကွ။ ထားပါ .. စကားတွေအများကြီး မပြောချင်ဘူး ၊ တိုက်ရိုက်ပဲမေးလိုက်မယ်
သူ ထိုသို့ပြောပြီးနောက် ခါးပေါ်လက်ထောက်၍ လောဟွေ့အား အော်လိုက်သည်။
လောထျန်း ၊ ရှေ့ထွက်ပြီး လာတိုက်ခိုက်စမ်းပါ။ ငကြောက်ကြီးလို နောက်မှာပဲ ပုန်းမနေနဲ့
နျဲ့လင်ကလည်း သူ့လိုပင် လောပန်းအား အော်ပြောသည်။
လောထျန်း ၊ ကိုယ့်ကိုကိုယ် သိပ်စွမ်းတယ်လို့ ထင်နေရင် ဒီတစ်ခေါက် မူလမသေမျိုးလက်နက် မသုံးဘဲ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ခိုက်လေကွာ
ချူပန်းလင်ကလည်း အလားတူပင် လောပိုင်အား အော်ပြောပါ၏။
လောထျန်း ၊ အခု မင်းလက်ထဲက မသေမျိုးကိုးပါးသစ်သီးကို ငါ့ကိုပြန်ပေးရမယ့် အချိန်ပဲ
သူတို့ သုံးယောက်လုံး လူတစ်ယောက်စီကို ကြည့်ကာ ပြောလိုက်ကြသည်။
အနီးနားပတ်ဝန်းကျင်မှ လူများမှာကား ဆွံ့အမှင်သက်လျက် ...
အဲ့သုံးယောက်က ဘာဖြစ်နေတာလဲ
ငါလဲ နားမလည်ပါဘူးကွာ ။ သူတို့က မတူတဲ့သူသုံးယောက်ကို ကြည့်ပြီး ပြောနေကြတာ ။ ဒါပေမယ့် သူတို့ရဲ့စကားအရတော့ လူတစ်ယောက်တည်းကို ပြောနေတာနဲ့ တူတယ်ကွ
မဟုတ်မှလွဲရော ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းထဲက သူနှစ်ယောက်က မျက်လုံးစွေနေတာများလား
ထိုစကားကို ကြားပြီးနောက် ကျန်သူများ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။