Mountain and river seal
Vol. 68 Ch. 991
ထိုတခဏ၌ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသယောင် ...
ခပ်လှမ်းလှမ်းရှိ အရှုပ်အထွေးဓားရေကန်မှ တချက်တချက် ထွက်လာသည့် ဓားစွမ်းအင် အသံအချို့သာ ရှိနေပါ၏။
အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်လျက် ...
အချိန်အတန်ကြာသွားပြီးမှသာ လူတစ်ယောက်၏ တအံ့တဩရေရွတ်သံ ထွက်လာသည်။
ငါ အမြင်မှားသွားတာလားဟင် ၊ ဝမ်ချန်းက တစ်ချက်တည်းနဲ့ သေသွားရတာလား
ဝမ်ချန်းက တကယ်ကြီး အသတ်ခံလိုက်ရတာလား
ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရင်းနဲ့ အသတ်ခံလိုက်ရတာ
ထို့နောက်တွင်ကား လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။
ဟိုကောင်လေးက ဘယ်သူလဲ ၊ သူ့ကို အရင်က မတွေ့ဖူးပါဘူး
ဟုတ်တယ်ကွ ၊ ဝမ်ချန်းကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့သူက သာမာန်လူတစ်ယောက် မဟုတ်တာတော့ သေချာတယ်
ငါ .. မှတ်မိပြီ။ အဲ့တစ်ယောက်ကို အရှုပ်အထွေးတံခါးပေါက် အပြင်ဘက်မှာ တွေ့ခဲ့သေးတယ်။ ဒီကောင်လေးက ကောင်းကင်ဘုံအဆင့်မှာပဲ ရှိသေးတဲ့တစ်ယောက်ပဲ
ဘယ်လို ၊ ကောင်းကင်ဘုံကျင့်ကြံခြင်းအဆင့်နဲ့ တစ်ယောက် ဟုတ်လား ။ အဲ့ဒါ သူလား ၊ အဲ့တစ်ယောက်က ဒီတိုင်း အမှိုက်ကောင် မဟုတ်ဘူးလားကွ
ဘယ်ကလာ အမှိုက်ရမှာလဲ ၊ အမှိုက်ကောင်က ပါရမီရှင်စာရင်း ထိပ်ပိုင်းကသူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ပါ့မလားကွ
လူအုပ်ကြီး သူတို့ထင်ရာကို ပြောလိုက်ကြပါသည်။
ထိုစဉ် လောထျန်းမှာ သူသတ်ထားခဲ့သည့် ဝမ်ချန်းကို လက်မှခါချ၍ ကျန်သုံးယောက်ဘက် လှည့်ကြည့်လိုက်၏။
တဖက်သုံးယောက်မှာလည်း ၎င်းကိုမြင်ပြီး အနောက်ဘက် ပေတစ်ထောင်ခန့်အကွာသို့ ချက်ချင်းဆုတ်လိုက်ကြသည်။
အကြည့်တစ်ချက်နံ့တင် ပါရမီရှင်သုံးယောက်လုံး ကြောက်သွားအောင် ခြောက်လိုက်နိုင်တာလား
တစ်ယောက်က အံ့ဩတကြီး ရေရွတ်သည်။
လျှောက်ပြောမနေနဲ့ ၊ မင်းဆိုရင်ရော အဲ့လိုမပြေးဘဲ နေမှာလား
အခြားတစ်ယောက်က ပြန်ရန်တွေ့ပါသည်။
တဖက်လူ ချက်ချင်း ပါးစပ်ပိတ်သွား၏။
မှန်ပါသည် ။ ယခုလို အချိန်မျိုး၌ မည်သူမဆို အသက်ဘေးမှလွတ်ရာသို့ ပြေးကြမည်သာ ။
ထိုစဉ် ဝူကျန့်က အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် နျဲ့လင်နှင့် ချူပန်းလင်တို့ဘက် လှည့်ကြည့်၏။
မင်းတို့တွေ သူနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတာ သေချာရဲ့လား
နျဲ့လင်တစ်ယောက် နှုတ်ခမ်းများ တုန်နေရင်းမှ အံကြိတ်ထိန်းကာ ပြောပါသည်။
အခု အဲ့ဒါတွေ ပြောနေလို့ရော ဘာထူးမှာလဲ ။ ဒီကောင့်ကိုပဲ အရင်ရှင်းရအောင်
ရှင်းမယ် ၊ ဘယ်လိုရှင်းမှာလဲ ပြောပါဦး
ချူပန်းလင်က မကျေမနပ်ပုံဖြင့် ဝင်ပြော၏။
အစောက လောထျန်း၏ လုပ်ရပ်မှာ အမှန်တကယ် တုန်လှုပ်ဖွယ်ရာပါပင် ။
နျဲ့လင်က ကျန်နှစ်ယောက်ဘက် လှည့်ကြည့်ပြီး တိတ်တဆိတ်အသံလွှင့်နည်းဖြင့် ပြောလိုက်သည်။
ငါ့ဆီမှာ မူလမသေမျိုးလက်နက် တစ်ခုရှိတယ် ။ အဲ့ဒါနဲ့ဆို သူ့ကို နိုင်လောက်မယ်
မူလမသေမျိုးလက်နက် ဟုတ်လား ၊ အရင်က တစ်ခါမှလဲ မမြင်ဖူးပါလားကွ
ချူပန်းလင် တအံ့တဩပြန်ပြော၏။
နျဲ့လင် အံကြိတ်လိုက်သည်။
ဘာလို့လဲဆိုတော့ ငါ့မှာ အဲ့လက်နက်ကို သန့်စင်ဖို့ အချိန်မရှိခဲ့လို့လေ
ထိုစကားကို ကြားသည်နှင့် ကျန်နှစ်ယောက် ချက်ချင်း သဘောပေါက်သွားကြပါသည်။
မူလမသေမျိုးလက်နက်တစ်ခု၏ အစွမ်းမှာ ပြိုင်ဘက်ကင်းလှသော်လည်း ၎င်းကို သန့်စင်ရန် အလွန်ခက်လှပါ၏။
မသေမျိုးဘုရင်အဆင့် အောက်မှ ကျင့်ကြံသူများအဖို့ဆိုလျှင် ၎င်းလက်နက်မျိုးကို ပြီးပြည့်စုံအောင်သန့်စင်ရန် မဆိုထားဘိ ၊ တည်ငြိမ်သည့်အဆင့်သို့ ရောက်အောင် သန့်စင်ရန်ပင် နှစ်သောင်းချီကြာ အချိန်ယူရတတ်ပါသည်။
ဒါဆို အဲ့ဒါကို ထုတ်သုံးလို့ရော ဘာထူးမှာလဲကွ
ဝူကျန့် မကျေမနပ် ပြောလိုက်သည်။
နျဲ့လင်က အေးစက်စက်ပြန်ပြော၏။
အဲ့လက်နက်ကို ငါတစ်ယောက်တည်း မသုံးနိုင်ဘူးဆိုပေမယ့် ငါတို့သုံးယောက်နဲ့အစွမ်းနဲ့ ဆိုရင်တော့ ရနိုင်တယ်ကွ
သူ့စကားကိုကြားပြီး ဝူကျန့်နှင့် ချူပန်းလင်တို့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့ ပြိုင်တူခေါင်းညိတ်လိုက်ကြ၏။
ကောင်းပြီ
လက်ရှိတွင် သူတို့အတွက် အခြားရွေးချယ်စရာလည်း ရှိမနေပါ။
နျဲ့လင် အသက်ပြင်းပြင်း ရှိုက်ပြီးနောက် လက်တစ်ချက်ယမ်းလိုက်ရာ သူ့လက်ထဲတွင် မှော်အချုပ်အနှောင်တစ်ခု ပေါ်လာသည်။
ဝုန်း
ထိုအချုပ်အနှောင် ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားတစ်ခုလည်း ရုတ်ချည်းထွက်လာ၏။
၎င်း ဖိနှိပ်အားကြီးက နေရာအနှံ့သို့ တမဟုတ်ချင်း ပျံ့သွားပါသည်။
သတိလက်လွတ် ဖြစ်နေခဲ့သော လူများစွာပင် သွေးအန်ကာ မေ့လဲကျကုန်၏။
ဒါ ..
ချူပန်းလင်တစ်ယောက် ၎င်းကိုကြည့်ရင်း မျက်နှာထား ချက်ချင်းပြောင်းသွားသည်။
ဝူကျန့်ကလည်း တအံ့တဩ ရေရွတ်၏။
တောင်တန်းနဲ့မြစ် အချုပ်အနှောင်ပါလား ။ နှစ်ပေါင်းများစွာကြာ ပျောက်နေခဲ့တဲ့ တောင်တန်းနဲ့မြစ် မသေမျိုးဧကရာဇ်ရဲ့ သဘာဝမသေမျိုးလက်နက်က မင်းလက်ထဲ ရောက်နေခဲ့တာလား
ထိုစဉ် အချုပ်အနှောင်ကို လက်ထဲကိုင်ထားသည့် နျဲ့လင်က ဖြူရော်နေသော မျက်နှာဖြင့် ပြောပါသည်။
ငါ ဒါကို မမျှော်လင့်ဘဲ ရခဲ့တာပါကွာ
ချူပန်းလင်က ပါးစပ်အဟောင်းသားဖြင့် ဆိုပါသည်။
ဒီလက်နက်ကို မင်းတစ်ယောက်တည်း မသုံးနိုင်တာ မဆန်းပါဘူးကွာ
နျဲ့လင် နှာခေါင်းရှုံ့လိုက်၏။
ဘာမှလျှောက်ပြောမနေနဲ့ ။ အခု ငါနဲ့အတူပေါင်းပြီး တိုက်မှာလား ၊ မတိုက်ဘူးလား ။ ငါ ကြာကြာတောင့်မခံနိုင်ဘူးကွ
ကျန်နှစ်ယောက်မှာလည်း ထိုစဉ်မှ အသိပြန်ဝင်ကာ လက်ဖြင့် အချုပ်အနှောင်များကို ကိုယ်စီလုပ်လိုက်ကြသည်။
ဝုန်း
ချက်ချင်းမှာပင် သူတို့နှစ်ယောက်၏ မသေမျိုးစွမ်းအင်များ တောင်တန်းနှင့်မြစ် အချုပ်အနှောင်ထဲသို့ စီးဝင်သွားကာ ၎င်းမှ မရေမတွက်နိုင်သော အလင်းတန်းများ တလက်လက်တောက်လာ၏။ ထွက်နေသည့် ဖိအားကြီးမှာလည်း အဆများစွာ တိုးသွားသည်။
ထို့နောက်တွင် တောင်တန်းနှင့်မြစ် အချုပ်အနှောင်က လေထဲပျံတက်သွားကာ သူတို့သုံးယောက်၏ ခေါင်းထက်၌ ပျံဝဲနေပါတော့သည်။
ဟေ့ လောထျန်း ၊ မင်း ဒီလောက်စွမ်းနေရင် ဒီကိုလာပြီးတော့ တောင်တန်းနဲ့မြစ် အချုပ်အနှောင်ရဲ့ အစွမ်းကို လာခံကြည့်လိုက်ပါဦး
နျဲ့လင် အံကြိတ်၍ အော်လိုက်သည်။
၎င်းကိုမြင်သော ခပ်လှမ်းလှမ်းမှ လူတစ်ယောက်က မျက်မှောင်ကြုံ့ကာ ပြော၏။
ဒါကြီးက လွန်လွန်းပါတယ်ကွာ ။ စောနကပြောတော့ မူလမသေမျိုးလက်နက် မသုံးရဘူးဆို
တခြားသူကိုပဲ ပေးမသုံးတာ ၊ သူတို့ကျ သုံးလို့ရတယ်ပေါ့။ အရှက်လဲ မရှိကြဘူး
ရှူး တိုးတိုး .., မင်းစကားကို သူတို့ကြားသွားရင် အသက်ပျောက်သွားမယ်နော်
ထိုသူ၏စကားကြောင့် အားလုံး တိတ်သွားကြသည်။
ထိုစဉ်တွင် နျဲ့လင်တို့သုံးယောက်၏ ပြင်ဆင်မှုများ ပြီးသွားကာ ...
သေစမ်း
သူတို့၏ ပြိုင်တူအော်သံကြီး ထွက်လာသည်။
ဝုန်း
တောင်တန်းနှင့်မြစ် အချုပ်အနှောင်က အောက်သို့ ချက်ချင်းကျလာ၏။
ထို တောင်တန်းနှင့်မြစ်ပုံရိပ်မှာ သိပ်မကြီးလှသည့်တိုင် အောက်တွင်ရှိနေသူ အားလုံးအဖို့မှာကား ကောင်းကင်ကြီး ပြိုကျလာသလို ခံစားရကာ အသက်ပင် ကောင်းကောင်းမရှူနိုင်ကြတော့ချေ။
လောထျန်းက အောက်သို့ကျလာသော တောင်တန်းနှင့်မြစ် အချုပ်အနှောင်ကိုကြည့်ရင်း မျက်မှောင်အနည်းငယ် ကြံု့လိုက်သည်။
တဖက်တွင်ရှိသော နျဲ့လင်က အသက်ပြင်းပြင်းရှိုက်နေရင်း လှောင်သံဖြင့် လှမ်းပြော၏။
ဒီအချုပ်အနှောင်ကို တောင်တန်းနဲ့မြစ် မသေမျိုးဧကရာဇ်ကြီးကိုယ်တိုင် သေချာလုပ်ထားခဲ့တာကွ။ ဒီအချုပ်အနှောင်ရဲ့ အဓိကအစွမ်းက ဖိနှိပ်အားပဲ။ ကြားဖူးတာတော့ တောင်တန်းနဲ့မြစ် မသေမျိုးဧကရာဇ်ကြီးသာ ကိုယ်တိုင်တိုက်ခိုက်ရင် ကမ္ဘာပေါင်းသုံးထောင်က ဖိနှိပ်ထားသလို ခံစားရတယ်တဲ့။ မသေမျိုးဧကရာဇ် အဆင့်နီးပါး ရှိတဲ့သူတွေတောင် အရိုးပဲကျန်တော့တဲ့အထိ ဖိနှိပ်ခံကြရမှာ
ငါတို့သုံးယောက်ကတော့ တောင်တန်းနဲ့မြစ် မသေမျိုးဧကရာဇ်ကြီးလောက် အစွမ်းမထက်ပေမယ့် ဒီသိုင်းကွက်ထဲမှာ ကမ္ဘာငယ်တစ်ခုစာ ဖိနှိပ်အားတွေ ပါတယ်ကွ။ အဲ့တော့ ခုချိန် မင်း မူလမသေမျိုးလက်နက် ထုတ်သုံးရင်တောင် ဒီဖိအားကို ခံနိုင်မှာမဟုတ်ဘူး။ ဒီ တောင်တန်းနဲ့မြစ် အချုပ်အနှောင်သိုင်းကွက်က ရိူရှင်းသလို ကြမ်းလဲကြမ်းတယ်။ ဒီတော့ မင်းအတွက် သေလမ်းတစ်မျိုးတည်း ကျန်တော့တယ်ကွ
ကားဆံုးသည်နှင့် သူတို့သုံးယောက်သား လှောင်ပြုံးကိုယ်စီ ပြုံးလိုက်ကြပါသည်။
ဘယ်လို ၊ ကမ္ဘာငယ်တစ်ခုစာ ဖိအားတဲ့
ကြောက်စရာကောင်းလိုက်တာကွာ
ကြားလိုက်ရသည့် စကားကြောင့် အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြပြန်၏။
မူလမသေမျိုးလက်နက်မှာ မည်မျှအစွမ်းထက်သည်ကို သူတို့ သိထားပြီးဖြစ်သော်ငြား .. ယခုက လွန်လွန်းလှပါသည်။
ထိုစဉ်မှာပင် တောင်တန်းနှင့်မြစ် အချုပ်အနှောင်က လောထျန်းပေါ်သို့ ကျလာပါ၏။
လောထျန်းမှာ ၎င်းတောင်တန်းနှင့်မြစ် အချုပ်အနှောင်၏ အရောင်အဝါထဲ ပိတ်မိနေဟန်တူပြီး ထွက်ပြေးနိုင်ပုံ မရပါ။
ထိုတခဏ၌ အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြပါသည်။
ထိုစဉ် လောထျန်းက သူ့ခေါင်းပေါ်နားလေးသို့ ရောက်လာသော တောင်တန်းနှင့်မြစ် အချုပ်အနှောင်ကိုကြည့်ပြီး လက်တစ်ဖက် ဆန့်ထုတ်လိုက်၏။
ဟင် .. ခုခံဖို့ ကြိုးစားနေသေးတာလား ။ အသုံးမဝင်ပါဘူးကွာ
နျဲ့လင် အပြုံးဖြင့် ပြောလိုက်သည်။
လောထျန်းတစ်ယောက် တောင်တန်းနှင့်မြစ် အချုပ်အနှောင်ကြောင့် သေရတော့မည်ကို သူ သေချာ မြင်နေရပါ၏။
သို့သော် ...
ဝုန်း
လောထျန်းက အချုပ်အနှောင်အား လက်ဖြင့်ဖမ်းပြီး သူ့ရှေ့သို့ ဆွဲယူ၍ အနီးကပ်ကြည့်လိုက်ပါသည်။
ဟင်
ချူပန်းလင်မှာ မြင်နေရသည့်မြင်ကွင်းကို မယုံနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွား၏။
ဘာတွေဖြစ်နေတာလဲ ၊ သူက ဘယ်လိုလုပ်ပြီးတော့ အချုပ်အနှောင်ကို ကိုင်နေနိုင်တာလဲ
ဝူကန့်ကလည်း တအံ့တဩပြောသည်။
ဒီဟာက စိတ်ဝင်စားစရာ ကောင်းသားပဲ
လောထျန်းသည် တောင်တန်းနှင့်မြစ် အချုပ်အနှောင်အား လက်ထဲကိုင်၍ အချိန်အတန်ကြာ ကြည့်နေပြီးမှ ၎င်းကို လေထဲမြှောက်လိုက်၏။ ထို့နောက် ပြန်ဖမ်းယူ၍ သေချာထပ်ကြည့်လိုက်ပြန်သည်။
ဒါ
ဝူကျန့်တစ်ယောက် အံ့ဩလွန်း၍ ဆွံ့အသွားပါသည်။
ထို့နောက် သူ နျဲ့လင်ဘက်လှည့်ကြည့်ကာ ပြော၏။
နျဲ့လင် ၊ ဘာတွေဖြစ်နေတာလဲ ။ ဒီတောင်တန်းနဲ့မြစ် အချုပ်အနှောင်က ဘာလို့ အဲ့လိုတွေဖြစ်နေရတာလဲ ။ မင်း အဲ့ဒါကို မထိန်းချုပ်နိုင်တော့ဘူးလား
သို့သော် သူ ထိုသို့ ပြောပြီးပြီးချင်းမှာပင် သူ့စကားက တစ်ခုခုလွဲနေကြောင်း ရိပ်မိလိုက်ပါသည်။
ထိုစဉ်တွင် နျဲ့လင်မှာလည်း မျက်နှာအလွန်ပျက်နေ၏။
ငါ အချုပ်အနှောင်ကို ထိန်းချုပ်လို့ ရနေသေးတယ်ကွ
နျဲ့လင် အသံတုန်တုန်ဖြင့် ဆိုသည်။
ဘယ်လို .. ဒါဆိုရင် ဟိုကောင့်ကို သတ်ပစ်လိုက်တော့လေကွာ ၊ ဘာလုပ်နေသေးတာလဲ
ချူပန်းလင်က နားမလည်နိုင်ပုံဖြင့် ဝင်ပြောသည်။
နျဲ့လင် အေးစက်စက်အသံဖြင့် ပြန်ပြော၏။
ဘာလို့လဲဆိုတော့ သူ့ရဲ့အစွမ်းက အားပြင်းလွန်းလို့ကွ