အခန်း (၇၆)
Vol. 6 Ch. 76
နှစ်ယောက်သား ချိန်းဖို့ သဘောတူလိုက်သည်။ ရှောင်းကော လွှစာအိတ်ကို ယူလိုက်သည်။ အိတ်က ကြီးပေမယ့် တော်တော်လေး ပေါ့သည်။ သူမ ကျွမ်းကျွမ်းအား အော်ခေါ်လိုက်သည် —နောက်ကျနေပြီ—သူမတို့အိမ်ပြန်သင့်ပြီ။
အမျိုးသမီးက အဝေးကနေ လျှောက်လာသည့် ဝမ်ရှောင်ယိအား ကြည့်လိုက်သည်။ ကောင်လေး၏ မျက်လုံးများတွင် ပျော်ရွှင်မှုနှင့် လေးနက် တွန့်ဆုတ်မှုများဖြင့် ပြည့်နေသည်။ သူမ မတတ်နိုင်ဘဲ အနည်းငယ်သနားသွားသည်။ ဝမ်ရှောင်ယိ သူတို့နဲ့ခွဲရမှာ သနားစရာပဲ...
"ဒါ မင်းရဲ့ကလေးလား?"
ရှောင်းကော လန့်သွားကာ အမျိုးသမီးကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည် "ဒါက ကျွန်မသား ကျွမ်းကျွမ်းပါ"
အမျိုးသမီးက ခေါင်းညိတ်ပြကာ ရှောင်ယိကို လက်ညိုးထိုးပြလိုက်ပြီး "ဒါ အစ်မရဲ့သား ရှောင်ယိ"
ရှောင်းကော ခေါင်းညိတ်ပြလိုက်ကာ ရှောင်ယိအားလှည့်ကြည့်လိုက်သည်။ ရုပ်ရည်အရတော့ ကောင်လေးဟာ လင်မယားနှစ်ယောက်လုံးနဲ့ မတူပေ။ ထိုအမျိုးသမီးက သာမန်တောင်ပိုင်း အလှလေးနှင့်တူသည်။ သူမရဲ့ ရုပ်ရည်ဟာ နူးညံ့ပြီး ချစ်စရာကောင်းလှသည်။ အိမ်ထဲတွင် အလုပ်ကြိုးစားနေသည့်အမျိုးသားတွင်တော့ သန်မာပြီး ယောက်ျားပီသသော အသွင်အပြင်ရှိသည်။
သို့ပေမယ့် ဒီကလေး ရှောင်ယိဟာ အရမ်းလှသည်။ ဟုတ်သည်၊ သူ့ကို လှတယ်လို့ပဲ ဖော်ပြနိုင်သည်။ ဒီလိုအရွယ်ငယ်ငယ်လေးမှာတောင် တော်တော်ချောသည်။
ရှောင်းကော သိပ်ပြီး မစဉ်းစားလိုက်ပေ။ တကယ်တော့၊ ငယ်တုန်းမှာ မိဘတွေနဲ့မတူတဲ့ ကလေးတွေ အများကြီးရှိပေမယ့် ကြီးပြင်းလာသည့်အခါ တူတဲ့နေရာတွေပေါ်လာတတ်သည်။ ကလေးတွေရဲ့ရုပ်ရည်ဟာ အရမ်းလျင်လျင်မြန်မြန်ကို ပြောင်းလဲလာတတ်သည်။
အမျိုးသမီးသည် ရှောင်ယိနှင့် အရပ်ချင်းတူသည့် ကျွမ်းကျွမ်းအား ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က အသက်အရွယ် အတူတူလောက် ရှိမယ်ထင်သည်။ "ကျွမ်းကျွမ်းက အသက်ဘယ်လောက်ရှိပြီလဲ?"
ရှောင်းကောက ပြန်မဖြေဘဲ ကျွမ်းကျွမ်းအား သူ့ဘာသာသူ ပြောခွင့်ပေးလိုက်သည်။ ကျွမ်းကျွမ်းက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။ “ဒီနှစ်ဆို သုံးနှစ်ရှိပြီ”
အမျိုးသမီးက ခေါင်းညိတ်လိုက်ကာ အံ့သြသွားသည့်ပုံပင်။ "သူက ငါတို့ရှောင်ယိနဲ့ အသက်တူတူပဲ"
ရှောင်းကောလည်း အံ့သြသွားသည်။“ကျားနှစ်မှာ မွေးတာလား?"
အမျိုးသမီးက ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာက တောက်ပသွားသည်။ “ဟုတ်တယ်၊ သူက နှစ်အစမှာ မွေးတာ။ ညီမရဲ့သားကကော?"
"သူက နှစ်ကုန်မှာမွေးတာ"
ရှောင်းကောက ပြောလိုက်သည်။ "ဒါဆို ရှောင်ယိက ကျွမ်းကျွမ်းထက် အသက်ကြီးတာပဲ"
အမျိုးသမီးသည် ၎င်းကို ကံကြမ္မာဟု မှတ်ယူကာ ရှောင်းကောနှင့် ခဏလောက် စကားစမြည်ပြောလိုက်သေးသည်။ ရှောင်ယိက ကျွမ်းကျွမ်းအား ရှောင်းဟူကိုချည်ထားတဲ့ဆီ ပြန်ဆွဲခေါ် သွားကာ သူ့နဲ့ခပ်တိုးတိုးလေးစကားပြောသည်။
သူမတို့တွေစကားစမြည်ပြောဆိုရင်းဖြင့် အမျိုးသမီး၏ အမည်မှာ စုဟွေ့ဖြစ်ကာ သူမ၏ ခင်ပွန်းမှာ ထန်ကျူးဖြစ်ကြောင်း သိလိုက်ရသည်။
ရှောင်းကောမှာ ထိုယောက်ျား၏ အမည်ကိုကြားသိရသည့်အခါ ကျယ်လောင်စွာ ရယ်မောလုနီးပါးပင်။ ကြွက်သားအဖုအထစ်တွေနဲ့ အမျိုးသားတစ်ယောက်မှာ ဒီလိုအနုပညာဆန်တဲ့ နာမည်မျိုးရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ?
သူတို့လင်မယားနှစ်ယောက်ဟာ ယုံဟိုင်ခရိုင်ကို အခုမှရောက်လာတာဖြစ်သည်။ ရှောင်ယိနှင့် ခရိုင်တွင် အခြေချရန် မဆုံးဖြတ်မီ သူတို့နှစ်ဦးက ခြေသလုံးအိမ်တိုင်ဘ၀နှင့်နေခဲ့သည်။
ရှောင်းကောက တိတ်တဆိတ် နားထောင်ပေးသည်။ စုဟွေ့ ပြောခဲ့သည့်အရာဟာ ရှောင်းကော၏အာရုံအားဖမ်းစားလိုက်သည်။
"ဟင်း၊ ရှောင်ယိကို ကြည့်ပါအုံး။ သူက တိရိစ္ဆာန်တွေ၊ ခွေးတွေကြောင်တွေနဲ့ အဆင်ပြေပြေ ကစားတတ်ပေမဲ့ စာလုပ်ရတာကိုတော့ သဘောမကျဘူးလေ။ သူ နောက်နှစ်ကျရင် ဝင်ခွင့်စာမေးပွဲကို ဘယ်လိုလုပ်ဖြေမှာလဲ?"
စုဟွေ့သည် ခွေးနှင့်ကစားနေသည့် ရှောင်ယိအား ကြည့်လိုက်သည်။ သူမ မျက်နှာပေါ်တွင် စိုးရိမ်မှုတွေအပြည့်ပင်။
ရှောင်းကောလည်း သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်တော့ ရှောင်ယိသည် ထောင့်တစ်နေရာတွင် ခွေးကို ကိုင်ထားကာ ကျွမ်းကျွမ်းအား ခြေဟန်လက်ဟန်ဖြင့်ပြနေသည်ကို တွေ့လိုက်ရသည်။ သူက ခွေးဟောင်သလို ဟောင်ပြနေသေးသည်။ ကျွမ်းကျွမ်း ဘက်ကို ကြည့်လိုက်တော့ သူနှင့်ယှဉ်ပါက ပိုပြီးတိတ်ဆိတ်နေပုံရသည်။ သူက ရှောင်ယိ ခွေးလိုဟောင်ပြနေတာကိုကြည့်ကာ ဘေးနားတွင် နာနာခံခံဖြင့်ရပ်နေရင်း သူ့ပါးစပ်ကို လက်နဲ့အုပ်ကာ တခစ်ခစ်ရယ်နေသည်။
ရှောင်းကောပြုံးကာ စုဟွေ့ကို လှည့်ကြည့်လိုက်သည်။ စောစောက သူမစိတ်ဝင်စားနေသည့် မေးခွန်းအားမေးလိုက်သည်။ "နောက်နှစ်ကျ ရှောင်ယိဘယ်ကျောင်းတက်မှာလဲ?"
ရှောင်းကောလည်း ကျွမ်းကျွမ်းအား နောက်နှစ်တွင် ကျောင်းထားရန် ပြင်ဆင်ထားသော်လည်း သူမ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ ပိုကောင်းတဲ့ ကျောင်းတွေအားလုံးက သူတို့အိမ်မှာရှိတဲ့ ဆရာတွေက ဦးစီးကာ ရှောင်းကောအနေဖြင့် ဘယ်ကိုပို့ရမှန်းသိဘူးဟု ဆိုရမည်။ အခု စုဟွေ့က အဲ့ဒီအကြောင်း ပြေလာတော့ သူမ မေးရမည်ပင်။
ကျောင်းတွေအကြောင်း ပြောလာတော့ စုဟွေ့ တက်ကြွလာသည်။ မကြာသေးမီကပင် သူမသည် မတူညီသည့်ကျောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခု ရှောင်းကောက ဒီအကြောင်းမေးလာတော့ သူမ သိသမျှကို ပြောပြလိုက်သည်။
“နောက်နှစ်မှာ ဆရာကောင်း ဒီမှာ ကျောင်းဖွင့်မယ်လို့ ကြားတယ်။ သူ မြို့တော်ကနေ အငြိမ်းစားယူသွားပြီလို့ ပြောကြတယ်။ ယုံဟိုင်ခရိုင်က သူ့မွေးရပ်မြေဆိုတော့ သူ့ကျောင်းသတင်းကို စောင့်နေကြတဲ့ မိဘတွေလဲ အများကြီးရှိတယ်"
ရှောင်းကော နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဆရာကောင်းက မြို့တော်တွင် အကျော်ကြားဆုံး ဆရာတစ်ဦးဖြစ်သည်။ သူသည် တော်ဝင်မိသားစုမှ တစ်စုံတစ်ဦး၏ သီးသန့်ဆရာဖြစ်ခဲ့ဖူးကြောင်း ကြားသိခဲ့ရသည်။ ဒါသာအမှန်ဆိုလျှင် သူမ ပိုပြီးအာရုံစိုက်ထားရမည်ပင်။
စုဟွေ့နှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက်တွင်တော့ နောက်ကျနေပြီဖြစ်သည်။ ရှောင်းကောလည်း ကျွမ်းကျွမ်းအား ခေါ်လိုက်ကာ အိမ်ပြန်ရန်ပြောလိုက်သည် သူမတို့ မသွားခင် စုဟွေ့က ရှောင်ယိအား သူတို့ကို လိုက်ပို့ရန်ခေါ်လိုက်သည်။ ကောင်လေးက ကျွမ်းကျွမ်းကို တွန့်ဆုတ်စွာဖြင့် လက်ဝှေ့ယမ်းပြပြီး သူနဲ့ထပ်တွေ့ဖို့ ကတိလုပ်လိုက်သည်။
ကျွမ်းကျွမ်းလည်း ရှောင်ယိအား အားရပါးရ လက်ပြနှုတ်ဆက်လိုက်သည်။
အိမ်အပြန်လမ်းတွင် ရှောင်းကောက ကျွမ်းကျွမ်းအား ကျောင်းတက်ရမည့်အပေါ် သူ့အတွေးတွေအား မေးသည်။ ကျွမ်းကျွမ်းမှာ ထိုအကြောင်းကို အနည်းငယ်မျှသာ သိသော်လည်း ရှောင်းကော ရှင်းပြချက်အရ ကျောင်းတက်ခြင်းသည် ဗဟုသုတများစွာရမည်ဟု ဆိုလိုသည်။ ကျွမ်းကျွမ်းမှာ ကျောင်းသွားတက်ရမည်ကို စိတ်ကူးတွေဖြင့် လုံးဝသွေးဆောင်ခံလိုက်ရတော့သည်။
သူသာ တစ်နေကုန် ကျောင်းသွားနေရရင် သူ့အမေကို တစ်ရက်လုံး မတွေ့ရတော့ဘူးလို့ ဆိုလိုတာလား? ဒါက မကောင်းဘူး။ ဒါကိုတွေးမိပြီး ရှောင်းကောရဲ့ရင်ခွင်ထဲတွင် သူ့ကိုယ်သူ မြှုပ်ထားလိုက်သည်။
ကျွမ်းကျွမ်း ရုတ်တရက် စိတ်မဝင်စားဖြစ်သွားသည်ကို မြင်တော့ ရှောင်းကော အံ့ဩသွားသည်။ ကျွမ်းကျွမ်းဟာ စာလုပ်ရတာကို သဘောကျသည်။ ဘယ်အရာက သူ့ကို မသွားချင်အောင် လုပ်လိုက်တာလဲ? သူမ ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသလဲဆိုတာ မဖော်ပြနိုင်ပေ။ ထို့ကြောင့် ရှောင်းကော အရှုံးပေးလိုက်သည်။ အနာဂတ်တွင် သူအား ဖြည်းဖြည်းချင်း စည်းရုံးရမည့်ပုံပင်။
သူအိမ်ပြန်ရောက်တော့ ကျွမ်းကျွမ်းက သူ့သူငယ်ချင်းတွေကို ချက်ချင်း အစာကျွေးသည်။ တိရိစ္ဆာန်တွေက ကျွမ်းကျွမ်းကို မြင်တဲ့အခါ အားလုံး ကျယ်ကျယ်လောင်လောင်ဖြင့် အော်ကြတော့သည်။ ခွေးပေါက်လေးနှစ်ကောင်လည်း သူ့ခြေထောက်နားတွင် တိုးဝှေ့နေကာအစာတောင်းနေကြသည်။
ရှောင်းကော မြည်းလှည်းအား ချည်လိုက်ပြီး မြည်းကို အစာကျွေးရန် ကျွမ်းကျွမ်းကို သတိပေးလိုက်သည်။ သူ့အဖြေကိုကြားရပြီးတဲ့နောက် သူမ နေ့လယ်စာပြင်ဆင်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။
နေ့လယ်စာစားပြီးသည့်နောက် ကျွမ်းကျွမ်းက အိပ်ရာဝင်ချင်သည်။ သို့သော်၊ ရှောင်းကောသည် လွှစာနှင့် ဇလုံတစ်ခုနှင့်အတူ ခြံဝင်းဆီ သွားနေတာကို သူတွေ့လိုက်ရသည်။ သူမကထုံးမှုန့်တွေကိုလည်း ယူသွားသည်။ သူ သိချင်သွားသည် 'လွှစာတွေ ဘာလို့လိုလဲဆိုတာ မေမေ ငါ့ကိုမပြောပြထားဘူး'
ဒီအတွေးနဲ့အတူ သူ ရှောင်းကောနားသို့ပြေးသွားကာ သူမ ဘာတွေတွေးနေလဲဆိုတာ မေးလိုက်သည်။
"မေမေက ဘဲဥနဲ့ ဆေးဘဲဥလုပ်မလို့"
"ဆေးဘဲဥ?" ကျွမ်းကျွမ်းက ရှောင်းကောပြောတာကို ထပ်ခါတလဲလဲပြောကာ မရင်းနှီးသည့် စကားလုံးတွေကို ရေရွတ်နေသည်။ ဆေးဘဲဥဆိုတာဘာလဲ?
ရှောင်းကောသည် ဆေးဘဲဥ၏ ဇစ်မြစ်နှင့် ၎င်းအားပြုလုပ်ပုံအကြောင်း ကျွမ်းကျွမ်းကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးသည်။
သူမက ပြောနေရင်း လက်နှင့်အလုပ်မပြတ်ထိုင်နေကာ သူမ လုပ်သည့်တစ်ဆင့်ချင်းစီတိုင်း ရှင်းပြလိုက်သည်။
ပထမဆုံးအနေနဲ့ ထုံးမှုန့်အား ရေနှင့်ရောမွှေသည်။ ရေထည့်လိုက်သည့်အခါ ထုံးပျော်ရည်တွေဟာ ပူလာမည်။ ရှောင်းကောက ကျွမ်းကျွမ်းအား အဝေးတွင် ရပ်ရန် သတိပေးလိုက်သည်။ ထုံးရည်ရောစပ်ပြီးသည်နှင့် အဝါရောင်ရွှံ့၊ သစ်ပြာ၊ ဆားနှင့် အယ်လကာလီစစ်စစ်တို့ကို မထည့်မီ အနည်းငယ် အအေးခံထားလိုက်သည်။ အားလုံးကို သေချာမွှေပြီးနောက် ဖျော်ထားသည့်အရည်အား အအေးခံထားလိုက်သည်။ နောက်ဆုံးအဆင့်အနေဖြင့် ဘဲဥများကို ထည့်လိုက်သည်။
ကျွမ်းကျွမ်းသည် ဘဲဥများကို ယူလာကာ ရှောင်းကော၏ ညွှန်ကြားချက်အတိုင်း ဘဲဥများအား ဖျော်ရည်ထဲသို့ထည့်လိုက်သည်။ ရှောင်းကောသည် သစ်သားချောင်းနှစ်ချောင်းကို သုံးကာ ဘဲဥများအား ဆယ်ယူလိုက်ပြီး လွှစာမှုန့်ထဲ မထည့်မီ ထုံးပျော်ရည်တွေ အညီအမျှအုပ်နေစေရန် လှည့်လိုက်သေးသည်။ ထို့နောက် ဘဲဥများအား လက်ကိုသုံးကာ လွှစာများဖြင့် အညီအမျှအုပ်လိုက်သည်။
လွှစာဖြင့် အုပ်ပြီးပါက ဘဲကများအား သန့်ရှင်းသည့်ပုလင်းထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။ ရှောင်းကော အိုးထဲသို့ ဘဲဥတစ်လုံးထည့်ပြီးသည့်အခါ၊ ကျွမ်းကျွမ်းက ရှောင်းကောခုနအတိုငထပ်လုပ်ရန် ဘဲဥနောက်တစ်လုံးထပ်ထည့်ပေးသည်။ ဘဲဥ စုစုပေါင်း အလုံးငါးဆယ်နီးပါးလောက် ရှိသည်။ မကြာခင်မှာဘဲ ပုလင်းတစ်ဝက်နီးပါး ပြည့်သွားသည်။ ရှောင်းကော အဖုံးအား သေချာပိတ်လိုက်သည်။ သူမသည် သေချာစေရန် ပုလင်းအား တင်းတင်းကျပ်ကျပ်စွာ အလုံပိတ်လိုက်သည်။ ဒီလိုရာသီဥတုမျိုးတွင် ဆေးဘဲဥတွေအား အရိပ်မှာထားပါက တစ်ပတ်လောက်သာ ကြာလောက်သည်။
ကျွမ်းကျွမ်းက ထောင့်နားရှိ ပုလင်းအား စူးစူးစမ်းစမ်းဖြင့်စိုက်ကြည့်နေသည်။ ခုနစ်ရက်… မနက်ဖြန် သူနိုးလာတဲ့အခါ ခုနစ်ရက်ကြာသွားရင် ကောင်းမယ်လို့ သူမျှော်လင့်သည်။ ဒီလိုဆိုရင် သူ့အမေပြောသလို အမည်းရောင် ကြည်ကြည်လေး ဖြစ်သွားမလားဆိုတာသူမြင်ရလိမ့်မည်။
ကျွမ်းကျွမ်းသည် နေ့ခင်းဘက်တွင် တစ်ရေးတစ်မောအိပ်ရန် စိတ်ကူးထားသော်လည်း သူက အရမ်းတက်ကြွနေကာ လုံးဝကို အိပ်မငိုက်ပါချေ။ သူ အပြင်ထွက်မည့်အကြောင်း ရှောင်းကောအား အသိပေးပြီးနောက် နွးကျောင်းရန်ထွက်သွားတော့သည်။
ခုနစ်ရက်အကြာ…
ကျွမ်းကျွမ်း နိုးလာချိန်၌ ရှောင်းကောတစ်ယောက် ဘူးထဲမှ ဆေးဘဲဥအား ထုတ်လာမှာကို စောင့်မျှော်နေသည်။
ရှောင်းကောက ဘာမှမပြောချေ။ ကျွမ်းကျွမ်း တိရစ္ဆာန်တွေကို အစာကျွေးပြီးနောက် သူ့လက်တွေကို ဆေးခိုင်းလိုက်သည်။ သူပြန်ရောက်လာတဲ့အခါမှ သူမဆေးဘဲဥတွေကိုထုတ်မည်ဖြစ်သည်။
ကျွမ်းကျွမ်းအဝတ်အစား မြန်မြန်ဝတ်လိုက်ကာ ကုတင်ပေါ်မှ လှိမ့်ချလိုက်သည်။ ရှောင်းကောသည် အခန်းထဲမှ ထွက်လာပြီး ဆန်ပြုတ်ချက်ပြုတ်ရန် မီးဖိုချောင်ဆီ သွားလိုက်သည်။ သူမသည် အဆီနည်းသည့်ဝက်သားပိုင်းနှင့် ဆေးဘဲဥဆန်ပြုတ်ချက်မည်။
သူမသည် ဝက်သားများအား နုတ်နုတ်စဉ်းကာ မွှေကြော်ခြင်းဖြင့် စလိုက်ပြီး ဆန်ပြုတ်လုပ်ရန် ရေထည့်လိုက်သည်။ ဆေးဘဲဥကိုတော့ နောက်ဆုံးမှထည့်မည်။
အရင်နေ့က ဘန်းမုန့်ပေါင်းတွေလည်း ရှိသေးသည်။ အဲ့ဒါတွေကို နောက်မှအပူပေးမည်။ သူမသည် ဆေးဘဲဥဆားစိမ်အား အရံဟင်းတစ်ခုအနေနှင့် ထပ်ထည့်ဦးမည်။
သူမအိမ်ထဲသို့ရောက်သည့်အခါ ကျွမ်းကျွမ်းသည် ရေတွင်းထဲမှရေကို ခပ်နေသည်။ ရှောင်းကောကို သူတွေ့တဲ့အခါ၊ သူ့ကိုစောင့်ရန် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ ပြောပြီးသွားတော့ သူက ရေတစ်ဇလုံခပ်ကာ နွားစာခွက်ထဲ ထည့်လိုက်သည်။ လွန်ခဲ့တဲ့ ခုနစ်ရက်ကတည်းက နွားတွေဟာ တင်းကုပ်ထဲတွင် နေနေပြီဖြစ်သည်။
ရှောင်းကောက သူ့အားအေးဆေး လုပ်ဖို့ပြောလိုက်သည်။ ကျွမ်းကျွမ်းက လက်ကိုအမြန်ဆေးလိုက်ပြီး ရှောင်းကောနဲ့အတူ တဲဆီ လိုက်သွားလိုက်သည်။