အခန်း (၇၇)
Vol. 6 Ch. 77
ရှောင်းကော အသက်ပြင်းပြင်းရှူလိုက်ပြီး ကျွမ်းကျွမ်းအား စနောက်လိုက်သည်။ "အဆင်သင့်ဖြစ်ပြီလား?"
"အဆင်သင့်ဖြစ်ပြီ!" ကျွမ်းကျွမ်းလည်း သူမနောက်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့နှလုံးက ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မည်။
ရှောင်းကော ပုလင်းကိုဖွင့်လိုက်သည်နှင့် ကျွမ်းကျွမ်းသည် အတွင်းဘက်သို့ အမြန်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် စိတ်ပျက်မှုတွေနှင့် ပြည့်နေသည်။ ဘဲဥက လုံးဝ မပြောင်းဘူး။ အရောင်က အတူတူဘဲ ရှိသေးတယ်။
ကျွမ်းကျွမ်းဘာတွေးနေမှန်း ရှောင်းကောတစ်ချက်ကြည့်လိုက်ရုံနှင့်ပြောနိုင်သည်။ “ပြောင်းသွားတာကို အထဲမှာဘဲမြင်ရမှာ။ အပြင်ပိုင်းကတော့ ဒီအတိုင်းပဲ"
ကျွမ်းကျွမ်း ထိုစကားကိုကြားသည့်အခါ မျှော်လင့်ချက်တွေ ပြန်ပြည့်လာပြန်သည်။ ရှောင်းကော မီးဖိုချောင်ထဲသို့ ဆေးဘဲဥ ငါးလုံးယူလာလိုက်သည်။ ကျွမ်းကျွမ်း၏ မျှော်လင့်နေသည့်အကြည့်အောက်တွင် သူမသည် အပြင်ဘက်ရှိ ရွှံ့အလွှာအား ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ကာ ဘဲဥ၏အခွံကို ပေါ်လာစေသည်။ ထို့နောက် သူမသည် ဘဲဥတွေအား စားပွဲပေါ်တွင် လှိမ့်လိုက်သည်။ ကျွမ်းကျွမ်းသည် အက်ကြောင်းတစ်လျှောက်တွင် အနက်ရောင်အပိုင်းအစတချို့ကို မြင်နေရပြီဖြစ်သည်။
ကျွမ်းကျွမ်း ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။ ရှောင်းကောလည်း အရမ်းပျော်သွားသည်။ သူမ အခွံအမြန်ခွါလိုက်ကာ လှပသည့် အနက်ရောင်ဥတစ်လုံးကို ဖော်ထုတ်လိုက်သည်။ ကျွမ်းကျွမ်းက စိတ်လှုပ်ရှားစွာဖြင့်ခုန်ပေါက်လိုက်ကာ တစ်ချက်ပေးကြည့်ဖို့တောင်းလိုက်သည်။ ရှောင်းကောလည်း ဘဲဥအား သူ့ဆီ ကမ်းပေးလိုက်ပြီး ကောင်းကောင်းကြည့်ဖို့ ပြောလိုက်သည်။ ထို့နောက် ကျန်သည့် ဆေးဘဲဥများအား ချက်ပြုတ်ရန် ယူသွားလိုက်သည်။
အရင်ဆုံး သူမသည် ဆေးဘဲဥနှစ်လုံးအား အတုံးသေးသေးလေးများလှီးကာ ဆန်ပြုတ်ထဲထည့်လိုက်ပြီး သမအောင် မွှေလိုက်သည်။ ထို့နောက် အခုလေးတင် ကျွမ်းကျွမ်း စူးစမ်းပြီးသည့်တစ်လုံးနှင့် ကျန်တစ်လုံးအား လှီးလိုက်ကာ ကြက်သွန်ဖြူနှင့် ဂျင်းအနှစ်ထဲ ထည့်လိုက်သည်။ ရှာလကာရည် အနည်းငယ်ထည့်လိုက်ပြီးနောက် ဆေးဘဲဥဆားစိမ်က အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။
အစားအသောက်တွေ အဆင်သင့်ဖြစ်တော့ ထမင်းစားပွဲသဆီ ရွှေ့လိုက်သည်။ ကျွမ်းကျွမ်းက ဆေးဘဲဥတစ်စိတ်ကို အရင်မြည်းကြည့်သည်။ သူသည် ဆေးဘဲဥတစ်စိတ်အား ညှပ်ယူလိုက်ကာ အချဥ်ရည်ခွက်ထဲ နှစ်လိုက်သည်။ သူ့ပါးစပ်ထဲ ရောက်သွားတာနဲ့ ထူးဆန်းတဲ့ ရနံ့တစ်ခုကပါးစပ်ထဲ ပျံ့နှံ့သွားသည်။ ထူးခြားကာ မွှေးပြီး နူးညံ့သည်။ ကျွမ်းကျွမ်းက ဟင်းပွဲအား အပြည့်အဝကို ချီးကျူးတော့သည်။
ရှောင်းကောကတော့ အရသာရှိရင်တောင် အလွန်အကျွံမစားဖို့ သတိပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးဘဲဥတွင် ခဲ ပါသည်။ သူမကိုယ်တိုင် လုပ်ထားတာဖြစ်ပေမဲ့ လျှော့စားတာက ပိုကောင်းသည်။
ကျွမ်းကျွမ်းကလည်း အရမ်းနာခံသည်။ သူ အနည်းငယ်စားပြီးသည့်အခါ ရပ်လိုက်ပြီး ဆန်ပြုတ်နှင့် ဘန်းမုန့်များကို ဆက်စားသည်။
ကျွမ်းကျွမ်း စားသောက်ပြီးသာ့်အခါ ရှောင်းကောက သူ့အား ဆေးကြောကာ အဝတ်အစားလဲခိုင်းလိုက်သည်။
ရူယီခေါက်ဆွဲဆိုင် ပြန်ဖွင့်တော့မှာမို့ ဒီနေ့ သူတို့ နှစ်ယောက် ခရိုင်ကို သွားကြမည်။
အရင်တစ်ခေါက် သူမဆိုင်မှနေ မပြန်ခင် ရူယီက ဖွင့်ပွဲအခမ်းအနားသို့ ကျွမ်းကျွမ်းကိုပါ ခေါ်လာရန် ရှောင်းကောအား အထူးဖိတ်ကြားခဲ့သည်။
ကျွမ်းကျွမ်းသည် သူ့အတွက် ရှောင်းကောပြင်ပေးထားသည့် အဝတ်အစားများအား လဲဝတ်ရန် အခန်းထဲသို့သွားလိုက်သည်။ ရှောင်းကောမှာ ခြင်းတောင်းနှင့် မီးဖိုချောင်ထဲတွင် ရှိနေသည်။ သူမသည် ပုလင်းဆီသို့သွားကာ အဖုံးဖွင့်လိုက်ပြီး ဆေးဘဲဥအလုံးနှစ်ဆယ် ထုတ်လိုက်သည်။
အိမ်ထဲပြန်ရောက်တော့ သူမသည် ဆီစိမ်စက္ကူအား ထုတ်ကာ နှစ်ပိုင်းခွဲလိုက်သည်။ သူမသည် ဆေးဘဲဥများအား သီးသန့်အထုပ်နှစ်ထုပ်ဖြင့် ထုပ်လိုက်သည်။ တစ်ထုပ်မှာ ကြက်ဥခြောက်လုံးနှင့် ကျန်တစ်ထုပ်တွင်ဆယ့်လေးလုံးပါရှိသည်။
"ကျွမ်းကျွမ်း သွားကြစို့!"
ရှောင်းကောသည် လှည်းအား မြည်းနှင့်တွဲကာ လျှောက်ထွက်လာသည်။ တံခါးဝသို့ရောက်သည့်အခါ၊ ကျွမ်းကျွမ်းအား လှမ်းအော်ခေါ်လိုက်သည်။ ကောင်လေးက အထဲတွင် အကြာကြီးရှိနေသည်။ သူ ဘာတွေလုပ်နေလဲဆိုတာ သူမ သိချင်သွားသည်။
"လာပြီ! လာပြီ!"
ကျွမ်းကျွမ်းက ပြောသည့်အတိုင်း ပြေးထွက်လာသည်။ ရှောင်းကော လှည့်ကြည့်လိုက်တော့ ခါးကုန်းသွားလုနီးနီးပင်။
"ကျွမ်းကျွမ်း?"
“ဟုတ်! မေမေ! သွားကြရအောင်!"
ကျွမ်းကျွမ်းသည် မြည်းလှည်းပေါ်သို့တက်ကာ ရှောင်းကောအား ရွှင်မြူးစွာဖြင့်ကြည့်လိုက်ပြီး သွားရန် တိုက်တွန်းလိုက်သည်။
ရှောင်းကော တံခါးကို သော့ခတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။ 'ဒီကလေး ဘာလုပ်နေတာလဲ? သူဘာလို့ဒီလိုပြင်ထားရတာလဲ?'
ကျွမ်းကျွမ်းသည် သူ့အတွက် ရှောင်းကောချုပ်ထားပေးသည့်အဝတ်အစားအသစ်ကို ဝတ်ထားသည်။ ဖိနပ်အသစ်တွေကိုလည်း ဝတ်ထားသည်။ သူ့ဆံပင်တွေကိုတောင် အကုန် လှန်သိမ်းထားသည်။ ရှောင်းကောသည် အဝတ်အပိုင်းစတွေဖြင့် ခေါင်းစည်းတစ်ခု ပြုလုပ်ထားကာ ကျွမ်းကျွမ်းက ၎င်းအားဆံပင်အားလုံးကို စည်းရန် အသုံးပြုထားသည်။
သူ့မျက်နှာကိုလည်း ဆေးကြောထားကာ သန့်ရှင်းသပ်ရပ်နေပုံရသည်။
ကျွမ်းကျွမ်းကတော့ သူ့၀တ်စားထားပုံကို အရမ်းကျေနပ်နေသည်။ ရှောင်းကော လှည်းပေါ်တက်ထိုင်ပြီးနောက် သူက သူမရင်ခွင်ထဲ တိုးဝှေ့လာသည်။
ကျွမ်းကျွမ်းသည် ဤဖွင့်ပွဲအခမ်းအနားအား အလွန်အလေးအနက်ထားကြောင်း ရှောင်းကောပြောနိုင်သည်။ ထို့နောက် သူမကိုယ်သူမ ကြည့်မိသည်။ သူမသည် ယခင်က အဝတ်အစားဟောင်းများသာ ၀တ်ဆင်ထားသည်။ ဒါကသင့်တော်ရဲ့လား?
အများကြီးစဉ်းစားကြည့်ပြီးမှ သူမ မြည်းလှည်းကို ရပ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူမမှာ ခပ်ဝေးဝေး မရောက်သေးပေ။ ကျွမ်းကျွမ်းအား မြည်းလှည်းပေါ်တွင် စောင့်နေရန် သူမ ပြောလိုက်သည်။
ရှောင်းကောသည် ခြေလှမ်းအနည်းငယ်ပြေးလိုက်ပြီး တံခါးကို သော့ဖွင့်ကာ အဝတ်အစားအသစ်၊ ဖိနပ်အသစ် လဲရန်အိမ်ထဲသို့ အမြန်ပြန်ဝင်လိုက်သည်။
အိမ်တွင် ကြေးမုံမှန်တစ်ချပ်ရှိသည်။ ရှောင်းကော လျှောက်လာကာ သူမ၏ပုံစံအား စစ်ဆေးလိုက်သည်။ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် သူမ အိမ်မှအမြန် ထွက်လာလိုက်သည်။
ခေါက်ဆွဲဆိုင်ဖွင့်ပွဲအတွက် နေ့ရက်နှင့်အချိန်ကို အထူးတလည် ရွေးချယ်ထားသည်။ ရှောင်းကောက ကြန့်ကြာမှုမရှိစေရန် တမင်အစောကြီး ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းက ရှောင်းကောကို ဆက်တိုက်ချီးမွမ်းနေသည်။ ဒီဟာက ရှောင်းကောအား ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွားစေသည်။ သူမသည် ကျွမ်းကျွမ်း၏ ပါးစပ်အားအုပ်ကာ ခရိုင်ဆီ မောင်းနှင်သွားလိုက်သည်။
"ကျွမ်းကျွမ်း၊ ရပ်လိုက်တော့။ မေမေပြောတာကြားလား?"
ကျွမ်းကျွမ်း ပါးစပ်ကို ပိတ်ထားဖို့ဆိုတာ သင့်လျော်သည့်ပုံမပေါ်ချေ။ လမ်းတလျှောက်တွင် တွေ့တဲ့လူတိုင်းက ရှောင်းကောအား ထူးထူးဆန်းဆန်း ကြည့်လာကြသည်။အားလုံးက ရှောင်းကောအား ကလေးလူကုန်ကူးသမားဟု ထင်နေကြသည်။
သူမဘာတွေတွေးနေလဲဆိုတာကို ကျွမ်းကျွမ်း မပြောနိုင်ပါချေ။ ရှောင်းကောက သူနှင့်ကစားနေသည်ဟုထင်ကာ ပို၍ပင် စိတ်ပါလက်ပါနှင့်ဆက်ပြောနေခဲ့သည်။
သူမ သူ့ကို ထပ်ပြီးမတားနိုင်တော့မှန်းမြင်တော့ ရှောင်းကောသူ့ကို လွှတ်ထားလိုက်တော့သည်။ "ဘာပဲဖြစ်ဖြစ်"
ကျွမ်းကျွမ်းမှာ လွတ်သွားသည်နှင့် တပြိုင်နက် ပိုပြီးတော့တောင် ခပ်မြန်မြန်ပြောလာသည်။ စကားကိုအရမ်းကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သူဘယ်မှာ ဘယ်လိုသင်ခဲ့တာလဲ?
လမ်းပေါ်ရှိလူများမှာ ကျွမ်းကျွမ်း တတွတ်တွတ်ပြောနေသံကိုကြားကြသည်။ တစ်ခဏမှာ သူတို့တွေက ကျွမ်းကျွမ်းကို ကြည့်လိုက်ကြပြီး နောက်တစ်ခဏမှာတော့ ရှောင်းကောကိုညွှန်ပြကာ သိသာစွာဖြင့် ပြုံးလိုက်ကြသည်။
"ကျန်းချင်းဝမ်"
ရှောင်းကောလုံးလုံး ရှက်သွား တော့သည်။ သူမသည် ရှေ့တည့်တည့်ကိုဘဲ စိုက်ကြည့်နေကာ လမ်းဘေးနှစ်ဘက်ရှိ လူများကို မကြည့်ရဲတော့ပေ။ ဒီငတုံးလေးကို သူမ တကယ်မလိုချင်တော့ဘူး။
ကျွမ်းကျွမ်းက စကားလုံးတွေကို ပိုပိုပြီးဖတ်လာနိုင်သည်နှင့်အမျှ သူ၏ စကားပြောစွမ်းရည်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက အမှန်တကယ် ကောင်းမွန်လာသည်ကို တွေ့လိုက်ရသဖြင့် ရှောင်းကောမှာ သူ့ကို အရူးမလုပ်နိုင်တော့ပေ။
ကံကောင်းထောက်မစွာနဲ့ "ကျန်းထျင်းဝမ်" ဆိုတဲ့ စကားလုံးသုံးလုံးက သူ့ကို ခြောက်လို့ရသေးသည်။
ကျွမ်းကျွမ်းမှာ ရှောင်းကော သူ့ကိုနာမည်အပြည့်အစုံ ခေါ်လာတာကြားတော့ ချက်ခြင်း ရပ်သွားတော့သည်။ သူ နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ပေ။ သူက ရှောင်းကောကို မျက်တောင် တဖျပ်ဖျပ်ခတ်ပြလိုက်သည်။
"ချစ်စရာကောင်းသလို လာလုပ်ပြနေလဲ မရဘူးနော် ကောင်လေး"
ရှောင်းကောက သူ့မျက်လုံးတွေကို မကြည့်မိအောင် ကြိုးစားလိုက်သည်။ အန္တရာယ်များလွန်းတယ်။ သူမ လက်နက်ချမိလုနီးနီးပင်။ ဒီကလေးက သူမအားနည်းချက် ဘာလဲဆိုတာ ကောင်းကောင်းသိတယ်။ သူ့မျက်နှာလေးကို သူမ ခံနိုင်ရည်ရှိမရှိဘူးဆိုတာသူသိတယ်။
"ဟင်?"
ကျွမ်းကျွမ်း မျက်နှာပေါ်တွင်တော့ နားမလည်သည့်အကြည့်တွေရှိနေသည်။ ဒီနေ့ သူ့မေမေ ဘာလို့ သူ့ကိုမနမ်းပေးတော့တာလဲ?
"ဘာလဲ ဟင် လဲ? အသုံးမဝင်ဘူး။ ကောင်းကောင်းနေ။ ရောက်ခါနီးပြီ"
ကျွမ်းကျွမ်းက အင့်ခနဲ မတ်မတ်ထိုင်လိုက်ကာ မခံမရပ်နိုင်သလိုကြည့်လိုက်သည်။
ခေါက်ဆွဲဆိုင်ပေါက်ဝကို ရောက်တဲ့အခါ ရှောင်းကောမှာ သူမ နေရာမှားရောက်လာတာလားလို့တောင် ထင်မိလုနီးနီးပင်။
ခါတိုင်းရှိနေကျ ရူယီခေါက်ဆွဲဆိုင် ဆိုင်းဘုတ်က မရှိတော့ပေ။ ကမ္ပည်းပြားအဟောင်းနေရာတွင် အသစ်ဖြင့် အစားထိုးထားသည်။ ၎င်းအား အနီရောင် အဝတ်စဖြင့်ပင် ဖုံးထားသေးသည်။
ဒါက စိတ်ဝင်စားဖို့ကောင်းကြောင်း ရှောင်းကောတွေ့လိုက်ရသည်။ သူတို့ ဆိုင်နာမည်ကို ပြောင်းလိုက်တာများလား?
ရှောင်းကောလည်း ကျွမ်းကျွမ်းနှင့်အတူ လှည်းပေါ်မှ ဆင်းလိုက်သည်။ ရှောင်းကောကို တွေ့လိုက်တဲ့အချိန် ချင်းအန့်မင်သည် တံခါးဘေးတွင် ရပ်နေတာဖြစ်သည်။ သူ သူမတို့အနားကို အမြန်လျှောက်သွားလိုက်သည်။
"ရှောင်းကော!"
"အစ်ကို!"
ရှောင်းကော သူမရှေ့မှ ထိုလူကို ရွှင်မြူးစွာဖြင့် ကြည့်လိုက်သည်။ သူမတို့တွေ မတွေ့ရတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ သူမ သူ့ကို အရမ်းသတိရနေတာဖြစ်သည်။
"ဦးလေး!"
ချင်းအန့်မင်က ကျွမ်းကျွမ်းကို ကောက်ချီလိုက်ပြီး သူ့လက်ပေါ်က သူ့အလေးချိန်ကို ခံစားလိုက်ရသည်။ "အို၊ ငါတို့ကျွမ်းကျွမ်း ကိုယ်အလေးချိန် ထပ်တက်လာပြန်ပြီ!"
"သားက ဝဝကစ်ကစ်လေးဆိုရင် ကြည့်လို့ကောင်းတယ်လို့ မေမေကပြောတယ်!"
ကျွမ်းကျွမ်းက သူ့မျက်နှာပေါ်တွင် ဂုဏ်ယူတဲ့အမူအရာကို တပ်ထားသည်။ ချင်းအန့်မင်ရဲ့ လေသံထဲက စနောက်ရိပ်တွေကို သူသတိမထားမိချေ။
ထိုစကားကိုကြားသည့်အခါ ချင်းအန့်မင် ရယ်လိုက်သည်။ သူ မနေနိုင်ဘဲ ကျွမ်းကျွမ်းရဲ့ မျက်နှာပြည့်ပြည့်လေးကို ညှစ်လိုက်သည်။ တကယ်ကို နူးညံ့ပြီး ညှစ်လို့ကောင်းတယ်။
"ညီမရှောင်းကော! ကျွမ်းကျွမ်း!"
ရူယီကလက်ထဲတွင် မီးရှူးမီးပန်းများကိုင်ကာ ထွက်လာသည်။ ရှောင်းကောကိုဘတွေ့သည့်အခါ သူမ ဝမ်းသာအားရ ဖြင့်နှုတ်ဆက်ရန် အပြေး ရောက်လာသည်။
ကျွမ်းကျွမ်းကလည်း သူ့အား ကျဲကျဲလို့ခေါ်ကာ နှုတ်ဆက်လိုက်ပြီး ရှောင်းကောလည်း သူမကို နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်သည်။
ရူယီသည် ရှောင်းကောအား ပြုပြင်မွမ်းမံထားသည့်ရလဒ်များကို ပြသရန် အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။
ရှောင်းကော အံ့သြသွားသည်။ ဒီလိုအချိန်တိုလေးအတွင်းမှာ သူတို့ ဘယ်လိုတောင် လုပ်ခဲ့ကြတာလဲ?
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဇလုံးကြီးတစ်လုံးတင်ထားသည့် စားပွဲတစ်လုံးရှိနေသည်။ ပန်းကန်လုံးတွင် အညှပ်တွေအများအပြား ချိတ်ဆွဲထားသည့် သစ်သားချောင်းများရှိသည်။
စားပွဲဘေးတွင် သစ်သားကောင်တာကြီးတစ်ခုရှိသည်။ ၎င်းတွင် အကန့်တွေ အများအပြားရှိသည်။ အကန့်တစ်ခုချင်းစီတွင် ပါဝင်ပစ္စည်းများနှင့် ပြည့်နေသည့် သစ်သားဇလုံတစ်ခုစီရှိသည်။ အပေါ်ဆုံးတန်းတွင် အသားလုံးနှင့် အသားများဖြစ်သည်။ အောက်ဆုံးတန်းတွင် ဟင်းသီးဟင်းရွက်နှင့် ခေါက်ဆွဲအတွက်ဖြစ်သည်။
သူမတို့ ဆက်လျှောက်သွားတော့ တခြားကောင်တာတစ်ခုဆီ ရောက်သွားသည်။ ဒီနေရာတွင်တော့ အလေးချိန်ရန်အတွက်ဖြစ်သည်။ တစ်ကစ်တီလျှင် ကြေးဒင်္ဂါး ၂၀ ကျသင့်သည့်စျေးနှုန်းအရ သာမန်လူတစ်ဦးအနေဖြင့် ပုံမှန်တစ်ပွဲဆိုလျှင် ကြေးနီဒင်္ဂါးဆယ်ပြားခန့်သာ သုံးစွဲရန်လိုအပ်သည်။
အလေးချိန်ကာ၊ ငွေပေးချေပြီးနောက် နံပါတ်ပြားတစ်ခုကို ဝယ်ယူသူအား ပေးထားမည်ဖြစ်သည်။ ဟင်းလျာများအား ချက်ပြုတ်ပြီးသည့်အခါ နံပါတ်ကိုခေါ်လိုက်ပါက ဝယ်သူအနေဖြင့် သူတို့မှာထားသည်များကို လာယူနိုင်မည်ဖြစ်သည်။
မီးဖိုချောင်မှ ဝယ်သူတွေရွေးထားသည့် ပါဝင်ပစ္စည်းများကို လက်ခံရရှိသည့်အခါ သူတို့ ရွေးချယ်ထားသည့် အခြေခံဟင်းရည်ဖြင့် ချက်ပြုတ်ကာ ချထားပေးမည်ဖြစ်သည်။ ထို့နောက် ဝယ်သူတွေမှ ချထားပေးသည့်နေရာတွင် သူတို့မှာထားသည်များကိုလာယူကာ ကြိုက်နှစ်သက်သည့် ဟင်းခတ်အမွှေးအကြိုင်များအား ထပ်ထည့်နိုင်သည်။
ဟင်းခတ်အမွှေးအကြိုင်တွေကို အိုးအသေးလေးတွေဖြင့် အညွှန်းတွေကပ်ကာ ထားထားတာကြောင့် ဟင်းခတ်အမွှေးအကြိုင် တစ်ခုချင်းစီက ဘာတွေလဲဆိုတာ လူတွေသိနိုင်လိမ့်မည်ပင်။
ပါဝင်ပစ္စည်းတွေ ထားထားသည့်နေရာ၊ အလေးချိန်ရမည့်နေရာနှင့် စားသောက်ခန်းတို့မှာတစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်။ လူများသွားလာရန်လည်း နေရာသတ်မှတ်ပေးထားသည်။
ကျန်သည့်နေရာလွတ်များတွင်တော့ စားပွဲများအား ခွဲထားသည်။ စားပွဲအရေအတွက်ဟာ ယခင်ကထက် သုံးပုံတစ်ပုံ ပိုများတာကြောင့် စားသုံးသူများအနေဖြင့် ဆိုင်တွင် စားသုံးနိုင်မည်ဖြစ်သည်။