အခန်း (၇၈)
Vol. 6 Ch. 78
တစ်ခဏလောက် ရှောင်းကောတံခါးဝကနေ လှမ်းဝင်လိုက်တာနဲ့ သူမ အံ့သြတကြီးအော်မိတာကို မရပ်နိုင်တော့ပေ။ အဲ့ဒါတွေက အံ့ဩရာဘဲ!
ရှောင်းကောသည် စာရွက်ပေါ်တွင် အကြမ်းဖျင်းပုံကြမ်းကိုသာ ရေးဆွဲခဲ့သော်လည်း ရူယီနှင့် ချင်းအန့်မင်တို့မှာ ၎င်းကို လုံးဝပုံစံတူလုပ်နိုင်ခဲ့သည်။
"ရှင်တို့တွေက အံ့သြစရာပဲ!!"
ရှောင်းကောလှည့်ကာ ရူယီလက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။
"ဟီးဟီး၊ ဘာမှမဟုတ်ပါဘူး။ အဲဒါတွေအားလုံးကို အစ်ကိုအန့်မင်ဘဲ လုပ်ခဲ့တာ။ ငါက ကူညီရုံပဲ"
!!
ရူယီက နှိမ့်ချသလိုပြောကာ အလုပ်အတွက် ဂုဏ်ယူစရာနေရာတွင် ချင်းအန့်မင်အား ဆွဲခေါ်ရန်လည်း မမေ့ပေ။
အရင်တစ်ခေါက် ရှောင်းကော ပြန်သွားကတည်းက သူတို့နှစ်ယောက် မနားရပေ။ သူတို့က ပုံကြမ်းတွေကိုယူကာ ပရိဘောဂများ၊ ဗီဒိုများ၊ သစ်သားခွက် ဇလုံများ၊ စားပွဲများနှင့် ကုလားထိုင်များကို မှာယူကြသည်။ ထို့နောက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ကြသည်။ ပါဝင်ပစ္စည်းများ ပြည့်စုံကြောင်း သေချာစေရန်အတွက် ရှောင်းကော၏ ကနဦးအမှာထဲတွင် ဟင်းသီးဟင်းရွက်နှင့် အသားမျိုးစုံကို ပေါင်းထည့်ခဲ့သည်။
ပါဝင်ပစ္စည်းများ မပြင်ဆင်မီ အခြားအကူတစ်ဦးအား သွားဝယ်ကြသည်။ ဒီတစ်ခါတော့ ကောင်မလေးက အသက်နည်းနည်းကြီးကာ သူ့နောက်ကြောင်းကို သေချာစစ်ကြည့်ခဲ့သည်။
ကောင်မလေးနာမည်က ရှောင်စွေ့ဖြစ်သည်။ ဒီနှစ်တွင် သူမအသက်က ၁၇ နှစ်ရှိပြီဖြစ်သည်။ သူမ၏မိသားစုတွင် မိန်းကလေးတွေများစွာရှိကြပြီး သူတို့တွင် အဖိုးတန်သားလေး တစ်ယောက်သာ ရှိသည်။ သူတို့ရဲ့သားအတွက်ကြောင့် ရှောင်စွေ့ရဲ့မိဘတွေဟာ သူတို့ရဲ့အကြီးဆုံးသမီးကို ရောင်းစားခဲ့ကြသည်။
ရှောင်စွေ့ဟာ လူကောင်းတစ်ယောက်ပုံပေါက်သဖြင့် ရူယီက သူမအား အကူအဖြစ်ဝယ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်ကျော်ကပင်၊ ရှောင်စွေ့ဟာ လျင်မြန်သွက်လက်သည့် အလုပ်သမားတစ်ဦးဖြစ်ကာ အရမ်းတော်ကြောင်း သူမပြောနိုင်သည်။
ရူယီနှင့် ရှောင်းကောတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောဆိုနေကြပြီး အချိန်ကိုတောင် မေ့လုနီးနီးပင်။ မီးရှူးမီးပန်းတွေဖောက်မယ့် မင်္ဂလာရှိသည့်အချိန်ရောက်ကြောင်း ဦးလေးရှု လာသတိပေးမှသာ သတိရကြတော့သည်။
ရှောင်းကောက ကျွမ်းကျွမ်းအား ချင်းအန့်မင်လက်ပေါ်မှချီလိုက်ကာ တံခါးဝဆီ ချီသွားလိုက်သည်။ ရူယီက တုတ်ရှည်တစ်ချောင်းပေါ်ရှိ မီးရှူးမီးပန်းတွေကို ကိုင်ထားတုန်းမှာ ချင်းအန့်မင်က ကမ္ဗည်းပြားပေါ်ရှိ အနီရောင်အဝတ်စကို ဆွဲဖယ်မည်ဖြစ်သည်။
ရှောင်းကောသည် ကျွမ်းကျွမ်းအား မီးရှူးမီးပန်းအသံတွေကို လန့်သွားမည်စိုးကာ သူ့နားရွက်တွေကို ပိတ်ထားပေးသည်။
ကျွမ်းကျွမ်းသည် သူ့လက်တွေကို ရှောင်းကောလက်ပေါ်တွင်ထားကာ မီးရှူးမီးပန်းများကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။
ရူယီနှင့် ချင်းအန့်မင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရေတွက်လိုက်ကြသည်။ အချိန်စေ့တဲ့အခါ နှစ်ယောက်သား တစ်ပြိုင်နက် လှုပ်ရှားကြတော့သည်။ ရူယီသည် မီးရှူးမီးပန်းများကို ထွန်းညှိလိုက်ပြီး ချင်းအန့်မင်က ကမ္ပည်းပြားပေါ်လာစေရန် အနီရောင်အဝတ်စကို ဖယ်ထုတ်လိုက်သည်။
မီးရှူးမီးပန်းသံများ ထွက်ပေါ်လာသည်။ ဖြတ်သွားတဲ့လူတွေက ရပ်ကြည့်နေကြသည်။ ရှောင်းကောသည် မီးရှူးမီးပန်းများ၏ အခိုးအငွေ့များနောက်တွင် ကမ္ပည်းပြားပေါ်ရှိ စကားလုံးများကို တွေ့လိုက်ရသည်။
ယီကောမင်မာလာထန်
ခပ်နက်နက်နှင့် စွမ်းအားပြည့်လှသည့် စကားလုံးခြောက်လုံးဟာ သူတို့ရှေ့တွင် ပေါ်လာသည်။ လူတွေက ကမ္ပည်းပြားကို လက်ညှိုးထိုးပြပြီး ဘာရောင်းသလဲဆိုတာ ခန့်မှန်းဖို့ ကြိုးစားကြသည်။
ထိုအချိန်တွင် ရူယီသည် တံခါးဝတွင်ရပ်ကာ မာလာထန်ကို လူတိုင်းအား မိတ်ဆက်ပေးသည်။
ရူယီ၏ မိတ်ဆက်ပေးမှုကို နားထောင်ပြီးတဲ့အခါ လူတိုင်းမှာ သွေးဆောင်ခံလိုက်ရတော့သည်။
ဘာမှမစားရသေးတဲ့ သူတွေက မြည်းကြည့်ဖို့ ရောက်လာကြသည်။ ဘာပဲဖြစ်ဖြစ် ဈေးမှမကြီးဘဲ။
သူတို့အထဲတွင် ပုံမှန်ဖောက်သည်တွေလည်း ပါ၏။ သူတို့ရဲ့ အားပေးမှုကို ပြသရန်ရောက်လာကြပြီး စည်းစနစ်ကျကျ ဝင်လာကြသည်။
အဲ့ဒီအချိန်မှာ မီးဖိုချောင်ရှိ ဟင်းရည်တွေက ပွက်ပွက်ဆူနေပြီဖြစ်သည်။ ရနံ့က လမ်းမပေါ် ပျံ့လွင့်နေကာ အပြင်ဘက်ရှိ လူများကို ဆွဲဆောင်နေသည်။
စားပြီးတဲ့လူတွေကလည်း မွှေးရနံ့ကြောင့် ဆိုင်ထဲကို ၀င်လာကြသည်။ အများကြီး မစားနိုင်ရင်လည်း လျှော့စားရုံပင်။
လူတိုင်းက သူတို့ရဲ့ သက်ဆိုင်ရာ နေရာတွင် ရပ်နေကြသည်။ ရူယီ၊ လင်လုံ နှင့် ဖူအာတို့မှာ မီးဖိုချောင်တွင် တပ်စွဲထားသည်။ ပါဝင်ပစ္စည်းများကို ချက်ပြုတ်ရန် သူတို့တွင် တာဝန်ရှိသည်။ ဦးလေးရှုက ငွေရှင်းကောင်တာတွင် ငွေကောက်ခံရန် တာဝန်ယူထားသည်။ ရှောင်စွေ့၏ အခန်းကဏ္ဍမှာ စားပွဲများကို သန့်ရှင်းရေးလုပ်ပြီး ပန်းကန်များကို ဆေးကြောရန် ဖြစ်သည်။ ချင်းအန့်မင်က ပါဝင်ပစ္စည်းများ ပြင်ဆင်ရန် တာဝန်ကျသည်။ တစ်ခုခုကုန်သွားလျှင် သူကထပ်ဖြည့်ပေးမည်။
အလုပ်တာဝန်ခွဲဝေမှုမှာ ရိုးရှင်းသည်။ ဆိုင် တံခါးဖွင့်ချိန်မှစ၍ လူတိုင်းဟာ သူတို့တာဝန်ရှိရာနေရာဆီ ရောက်နေကြကာ အလုပ်စလုပ်ကြသည်။
မနက်ခင်းတွင် လူတော်တော်လေးများနေတာကိုတွေ့လိုက်ရသဖြင့် ရှောင်းကောလည်း ဝင်ကူပေးသည်။ သူမက ကျွမ်းကျွမ်းအား ဦးလေးရှုနားတွငနေကာ ကောင်တာနောက်ကနေ မထွက်ဖို့ သတိပေးလိုက်သည်။
သူမသည် ရှောင်စွေ့အား စားပွဲတွေကိုရှင်းကာ ပန်းကန်ဆေးရာတွင် ကူညီပေးသည်။ မနိုင်တော့သည့်သူတွေကိုလည်း သူမကူညီပေးသည်။
မာလာထန်စီးပွါးရေး၏ ပထမဆုံးနေ့သည် ကောင်းမွန်စွာဖြင့် အစပြုခဲ့သည်။ နံနက်ပိုင်း လုပ်ငန်းစဉ်များဟာ ပြဿနာမရှိ ချေယချောမွေ့မွေ့ဖြစ်ခဲ့သည်။ သူတို့ရဲ့ ဖောက်သည်တွေဟာလည်း ပုံစံသစ်ကို အတော်လေး လက်ခံနိုင်ကြကာ လူတိုင်းက ကောင်းကောင်း လိုက်လျောညီထွေဖြစ်ကြသည်။
အလုပ်များသည့် နံနက်ခင်းပြီးတဲ့နောက်မှာ၊ ဝယ်သူအများစုလည်း ထွက်ခွာသွားကြသည်။ လူတိုင်းမှာ ယခုမှ အကျောဆန့် အနားယူနိုင်ပြီဖြစ်သည်။
ချင်းအန့်မင် ပါဝင်ပစ္စည်းများအား စစ်ဆေးကြည့်ရာ တော်တော်များများ သုံးထားကြောင်း သိလိုက်ရသည်။ သို့သော် ဒီဟာတွေက မျှော်လင့်ထားသည့်အရာတွေဖြစ်သည်။ ပါဝင်ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားသည်။ နောက်ထပ် သုံးလေးရက်လောက် စားဖို့ လုံလောက်သေးသည်။
အလုပ်များသည့် နံနက်ခင်း ပြီးဆုံးသွားသော်လည်း နေ့လယ်နှင့် ညဘက်တွင် နောက်ထပ် လှုပ်ရှားမှုများ ထပ်ရှိဦးမည်ကို ရှောင်းကောသိသည်။ ဆိုင်ရှိ ဝန်ထမ်းများ မလုပ်နိုင်တော့မှာ ရှောင်းကောစိုးရိမ်မိသည်။
သို့ပေမဲ့ အခုသူတို့ရဲ့ပုံစံအရ ပြဿနာမရှိလောက်ဘူးဟု ထင်ရသည်။ သူတို့မျက်နှာတွေပေါ်တွင် အပြုသဘောဆောင်သည့် စွမ်းအင်တွေနှင့် ပြည့်နှက်နေပြီး ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တောင်မရှိပေ။
ရှောင်းကောလည်း ပြန်ရန်အလျင်မလိုပေ။ သူမသည် သူတို့နှင့်အတူ ဆိုင်တွင်ခင်းကျင်းကာ နေ့ခင်းဘက် လူစုလူဝေးကို ကြိုဆိုရန် ပြင်ဆင်လိုက်သည်။
မကြာခင် နေ့လယ်စာ စားချိန်ရောက်ပြီဖြစ်သည်။ လူတွေ တစ်ယောက်ပြီးတစ်ယောက် ဆိုင်ထဲကို ဝင်လာကြသည်။ တစ်ချို့က အစားအသောက်ကြောင့် ဆွဲဆောင်ခံလိုက်ရကာ၊ တစ်ချို့က သူငယ်ချင်းတွေဆီကနေ မိတ်ဆက်ပေးခံခဲ့ရသည်။ ဖြတ်သွားဖြတ်လာတချို့က ဆိုင်ဟာ စိတ်ဝင်စားဖို့ကောင်းတာကို တွေ့ရှိခဲ့ကြသည်။ ပထမဆုံးအကြိမ်လာတဲ့သူတွေလည်းရှိသည်...
သူတို့အုပ်စုက ရုန်းရင်းဆန်ခတ်နဲ့ အလုပ်ဆက်လုပ်ကြသည်။
ရှောင်းကော ပန်းကန်အချို့ကို မီးဖိုချောင်ဆီ သယ်သွားတော့မည့်အချိန်တွင် အတည်ပြုသလို အသံတစ်ခု ထွက်လာသည်။
"ရှောင်းကောလား?"
ရှောင်းကောလှည့်ကြည့်လိုက်တော့ ဘယ်သူလဲဆိုတာတွေ့လိုက်ရသည်။ "စုဟွေ့!"
စုဟွေ့ ဖြစ်သည်။ သူမ ရှောင်းကောကို ဒီမှာတွေ့လိုက်ရတော့ အံ့ဩသွားသည်။
"ဒီမှာဘာလုပ်နေတာလဲ?"
ရှောင်းကောက အသေးစိတ် မပြောပြလိုက်တော့ဘဲ ဆိုင်ရှင်နှင့် သိတာကြောင့် ဆိုင်ဖွင့်သည့်နေ့တွင် ကူညီပေးနေတာလို့ဘဲ ပြောထားလိုက်သည်။
စုဟွေ့ ခေါင်းညိတ်လိုက်သည်။ ဒီအချိန်မှာ ရှောင်ယိကမေးလိုက်သည်။ "ဒေါ်လေး၊ ကျွမ်းကျွမ်းရောရှိလားဟင်?"
ရှောင်းကောက သူမှန်း မြင်လိုက်ရသည့်အခါ ကျွမ်းကျွမ်း ဘယ်မှာရှိနေလဲဆိုတာ ပြောပြလိုက်သည်။ ရှောင်ယိ ထွက်သွားပြီးမှ ထန်ကျူးလည်း ပါလာကြောင်း ရှောင်းကော သိလိုက်ရသည်။ သူက စကားတစ်ခွန်းမှ မပြောတာကြောင့် သူမ သတိမထားမိလိုက်ပေ။ သူဟာ သန်မာသော်လည်း အာရုံကိုမဆွဲဆောင်နိုင်ပေ။ သူမသာ သေချာမကြည့်မိပါက သူ့ကိုသတိထားမိမည်မဟုတ်ပေ။
ရှောင်းကောလည်း သူ့ကိုနှုတ်ဆက်လိုက်သည်။ စကားစမြည်ပြောဖို့ အချိန်ကောင်း မဟုတ်သေးပေ။ ဒီအချိန်တွင် စုဟွေ့တို့ရဲ့ အစားအသောက်တွေက မီးဖိုချောင်ကနေ ရလာသည်။ ရှောင်းကောသည် ၎င်းကိုအခွင့်အရေးကိုယူကာ ထွက်သွားလိုက်ပြီး ပန်းကန်တွေအား မီးဖိုချောင်ဆီပြန်ယူသွားလိုက်သည်။
မွန်းတည့်ချိန်က အထွတ်အထိပ်အချိန်ဖြစ်ကာ မနက်ခင်းကထက် လူပိုများလာတယ်ဆိုတာ သိသာလှသည်။ ရှောင်းကောမှာ အလုပ်များလွန်းလို့အနားယူရန် အချိန်တောင်မရှိပေ။ သူမသည် စုဟွေ့တို့မိသားစုမပြန်ခင် ဆေးဘဲဥများပေးရန် ရည်ရွယ်ထားသည်ကြောင့် သူတို့မိသားစုကို အာရုံစိုက်ထားသေးသည်။
ရှောင်းကော သူတို့နှစ်ယောက်ကို ဆေးဘဲဥပေးချင်ရသည့် အကြောင်းရင်း နှစ်ချက်ရှိသည်။ ပထမအချက်မှာ၊ သူတို့သည် သူမအား လွှစာမှုန့်များ အလကားပေးခဲ့တာကြောင့်ဖြစ်သည်။ အဲ့ဒါတွေက သူတို့လွှင့်ပစ်မယ့် တန်ဖိုးမရှိတဲ့အရာ ဖြစ်ပေမယ့် ရှောင်းကောအတွက်တော့ တန်ဖိုးရှိနေဆဲဖြစ်သည်။ သူမအနေဖြင့် ၎င်းအား အလကားမယူချင်ပါချေ။
တစ်ဖက်တွင်မူ စုဟွေ့သည်ပြောခဲ့သည့် ဆရာကောင်း ကျောင်းစဖွင့်မည့်အကြောင်းကို ရှောင်းကောတွေးမိခဲ့သည်။ အနာဂတ်တွင် တိုးတက်မှုတွေ ရှိလာခဲ့ပါက သူမကိုပါ အသိပေးနိုင်ရန်အတွက် သူမနှင့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တာဖြစ်သည်။
ထိုအတွေးဖြင့် သူမသည် မီးဖိုချောင်မှထွက်လာကာ အဲ့ဒီအချိန်တွင် သူတို့က တူတွေကိုချလိုက်ကြောင်း တွေ့လိုက်ရသည်။
ရှောင်းကောက သူတို့အား အမြန်ခေါ်လိုက်ကာ ငွေရှင်းကောင်တာဆီ သွားလိုက်သည်။ သူမက ကျွမ်းကျွမ်းအား ဆေးဘဲဥ အထုပ်သေးတစ်ထုပ် ပေးရန်ပြောလိုက်သည်။ ဆေးဘဲဥခြောက်လုံးက တစ်နပ်စာအတွက်တော့ လောက်သည်။
ရှောင်းကော ထွက်သွားတော့ ကျွမ်းကျွမ်းလည်း သူမ အနောက်မှ လိုက်သွားလိုက်သည်။ ရှောင်ယိက ကျွမ်းကျွမ်းကို အမြန်ဆွဲထားလိုက်ကာ သူနှင့် စကားစပြောတော့သည်။
စုဟွေ့သည် ရှောင်းကောထံမှ အထုပ်ကို လက်ခံလိုက်သည်။ "ဒါဘာများလဲ?"
ရှောင်းကောက ပြောလိုက်သည်။ "လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီဆေးဘဲဥတွေကို ကျွန်မလုပ်ခဲ့တာ"
စုဟွေ့သည် ဤဝေါဟာရအသစ်ကိုကြားသည့်အခါ အထုပ်ကိုဖွင့်ကြည့်လိုက်ပြီး အံ့ဩတကြီးဖြင့်ပြောလိုက်သည်။ "ဒါက လွှစာတွေလား?"
ဒီဥရဲ့ အပြင်ဘက်ကို တကယ်ဘဲ လွှစာဖြင့်အုပ်ထားသည်!
ဒါကိုကြားတော့ ထန်ကျူး တစ်ချက်လှမ်းကြည့်လာကာသူလည်းအံ့ဩသွားသည်။
“ဟုတ်တယ်၊ တကယ်တော့ ဒါတွေက ဘဲဥတွေလေ။ဒီလိုစိမ်လိုက်တော့ အထဲကဘဲဥတွေက အနက်ရောင်ကြည်ကြည်လေးဖြစ်သွားတယ်။ အခွံခွါပြီးရင် ဘဲဥကို အစိတ်စိတ်လိုက်။ ပြီးရင် ကြက်သွန်ဖြူနဲ့ ဂျင်းအနှစ်နဲ့ရောလိုက်။ ရှာလကာကည်လည်း ထည့်လို့ရတယ်"
စုဟွေ့သည် ဆေးဘဲဥများအား အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ ဘဲဥတွေကို ဒီလိုမျိုး ပြင်ဆင်လို့ရတယ်ဆိုတာ သူမ မသိခဲ့ပေ။
ရှောင်းကောကို ကျေးဇူးတင်ပြီးနောက် သူမသည် ကျွမ်းကျွမ်းနှင့် အတူရှိနေသည့် ရှောင်ယိအား ပြန်ရန်ခေါ်လိုက်သည်။ ရှောင်ယိက အဲ့ဒါကိုကြားတဲ့အခါ ကျွမ်းကျွမ်းလက်ကို တုံ့ဆိုင်းစွာဖြင့် ဆုပ်ကိုင်လိုက်သည်။
ဒါကိုမြင်တော့ စုဟွေ့က ရှောင်းကောအား ဝမ်းနည်းစွာ ရှင်းပြလာသည်။
"ငါတို့ရှောင်ယိက ငါတို့နဲ့အတူ လှည့်လည်သွားလာရတဲ့ဘဝကို ဖြတ်သန်းခဲ့ရတာ။ သူ့မှာ သူငယ်ချင်းအများကြီးမရှိဘူး၊ အဲ့ဒါကြောင့်... သူအိမ်မှာဆိုရင် ကျွမ်းကျွမ်း အကြောင်းကိုဘဲနေ့တိုင်း တွေးနေတာ"
ရှောင်းကော နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ဒီတော့ ဒါကြောင့်ကိုး။ သူမက ကလေးနှစ်ယောက်ကို အလျင်စလိုမလုပ်ဘဲ စကားပြောဖို့ လွှတ်ထားပေးလိုက်သည်။
ကျွမ်းကျွမ်းက ရှောင်းကောအား တံခါးဝဆီ ခေါ်သွားကာ ရှောင်ယိတို့မိသားစု ပြန်တာကို သွားလိုက်ပို့ပေးသည်။ သူတို့ထွက်သွားတာကို ကြည့်ပြီးနောက် ဆိုင်ထဲ ပြန်ဝင်လာလိုက်သည်။
ကျွမ်းကျွမ်း ကောင်တာဆီပြန်သွားကြောင်းသေချာပြီးတဲ့နောက် ရှောင်းကောလည်း အလုပ်လုပ်ရန်မီးဖိုချောင်ထဲ ပြန်ဝင်လာလိုက်သည်။
မွန်းလွဲပိုင်းတွင် လူအုပ်စုတွေထွက်သွားပြီးနောက် ဆိုင်လည်း ငြိမ်သက်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သူတို့အုပ်စုက အစွမ်းကုန်ကြိုးစားကာ ရှင်းလင်း သိမ်းဆည်းကြသည်။ ပြီးသွားတဲ့နောက်မှာ လူတိုင်းက မာလာထန်တစ်ပွဲစီစားကြသည်။ ဒါက သူတို့ရဲ့နေ့လယ်စာပင်။
ကျွမ်းကျွမ်းက ဒါကိုပထမဆုံးအကြိမ် စားဖူးတာပင်။ သူက ပန်းကန်လုံးအကြီး တစ်ပန်းကန်စားလိုက်သည်။
ရှောင်းကောနှင့် ရူယီတို့က စကားစမြည်ပြောကြသည်။
“ညကျရင်တော့ လူတွေ ဒီလောက်ထိမများလောက်တော့ဘူး"
ရှောင်းကောရဲ့စကားကိုကြားပြီးနောက် ရူယီလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ အခုခေတ်တွင် လူတွေဟာ ညဘက်သေရည်ဆိုင်သွားကြတဲ့သူတွေများသည်။ အလုပ်များတဲ့နေ့တွေဆို သူတို့က ဝိုင်သောက်ပြီး ညဘက်တွင် အနားယူကြသည်။ အများစုဟာ ခေါက်ဆွဲစားဖို့ မလာတတ်ကြပေ။
ရှောင်းကော ပြန်ဖို့ပြင်လိုက်သည်။ သူမတွင် လုပ်စရာအများကြီးရှိသည်။
မပြန်ခင် ရှောင်းကောက ဆေးဘဲဥတွေကို ချင်းအန့်မင်ဆီ ကမ်းပေးလိုက်ပြီး ရူယီဘက်လှည့်ကာ ပြောလိုက်သည်။ "ဒီဘဲဥတွေကို ညီမကိုယ်တိုင် လုပ်ထားတာ။ ပါးပါးလှီးပြီး ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ရှာလကာရည်နည်းနည်းထည့်လိုက်ရုံပဲ"
နှစ်ယောက်သား ခေါင်းညိတ်လိုက်သည်။ ချင်းအန့်မင်က ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့အား တုံဆိုင်းစွာဖြင့်ကြည့်ကာ ကတိပေးလိုက်သည်။ "အစ်ကို အားတဲ့နေ့ကျရင်ပြန်လာမယ်"
"ဦးလေး ပြန်လာရမယ်နော်!"
ကျွမ်းကျွမ်းက ဘေးကနေပြောလိုက်သည်။ သူ့စကားကို ပြန်ရုတ်သိမ်းသွားမှာ စိုးတာကြောင့် သူ့လက်သန်းကိုထုတ်ကာ ပန်းရောင်ကျိန်စာလုပ်လိုက်သည်။
ချင်းအန့်မင်က အလိုလိုက်သလို ပြုံးကာကောင်လေးနှင့်လက်သန်းချင်းချိတ်လိုက်သည်။
ရှောင်းကော သူတို့နှစ်ယောက်ကို လက်ပြကာ နှုတ်ဆက်လိုက်ပြီး ကျွမ်းကျွမ်းကိုချီကာ ထွက်သွားသည်။