← Chapters

ပါရမီရှင်

Vol. 54 Ch. 875

ပါရမီရှင်

Vol. 54 Ch. 875

ရှောင်လင်းယဲ့၏ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက်တွင် ရှောင်လင်းယွီသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ထောင်ယွမ်ရွာသို့ ပြန်လာခဲ့လေသည်။

ကလေးနှစ်ယောက်သည် မြို့တော်တွင် တစ်လကျော်ကြာအောင် ဆော့ကစားခဲ့ပြီးဖြစ်ရာ ကစားစရာရှိသည်များကိုလည်း ကစားပြီးကြပြီဖြစ်သည်။ ထပ်မံ၍ ဆော့ကစားစရာမရှိတော့သဖြင့် ထောင်ယွမ်ရွာသို့ပြန်ခြင်းက ပို၍ပျော်စရာကောင်းပေလိမ့်မည်။

သို့သော် ရှောင်လင်းယဲ့၏အဖြစ်အပျက် ပေါ်ပေါက်ပြီးနောက် ရှောင်လဲ့ထုန်သည် ဦးလေးဖြစ်သူ တစ်စုံတစ်ခုဖြစ်မည်ကိုစိုးရိမ်သဖြင့် ရှောင်လင်အမည်ကိုအသုံးပြုကာ ဦးလေးဖြစ်သူအား အဆောင်လက်ဖွဲ့နှစ်ခု ပေးပို့ခဲ့သည်။

အကယ်၍ ရှောင်လင်းယဲ့အနေဖြင့် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက ဤအဆောင်လက်ဖွဲ့သည် ဘေးအန္တရာယ်အချို့ကို တားဆီးပေးနိုင်မည်ဖြစ်သကဲ့သို့ သူကိုယ်တိုင်လည်း အာရုံခံမိနိုင်မည်။ ထိုအခါ အရေးပေါ်အခြေအနေ၌ သူသည် ချက်ချင်း ကိုယ်ဖျောက်ရွှေ့ပြောင်းကာ လာရောက်ကယ်တင်နိုင်မည်။

မည်သို့ဆိုစေ ဤဦးလေးသည် ဘဝနှစ်ခုလုံး၌ သူ့ကို အမြဲချစ်ခင်ခဲ့သူဖြစ်ရာ သူက သေချာပေါက် ကောင်းစွာ ကာကွယ်ပေးရပေမည်။

ရှောင်လင်းယဲ့၏အထောက်အထား ပေါ်ပေါက်လာပြီးနောက် ကျောင်းမှ အတန်းဖော်များစွာသည် ရှောင်လင်းယဲ့ကို မျက်နှာလိုမျက်နှာရ ပြုလုပ်လာကြတော့သည်။

ကျောင်းပြီးပါက ကိုယ်တိုင် ပင်ပင်ပန်းပန်း အလုပ်လိုက်ရှာလျှင်ပင် ကောင်းမွန်သော အလုပ်တစ်ခု ရချင်မှရနိုင်မည်ဖြစ်ရာ ရှောင်လင်းယဲ့နှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားခြင်းက ပိုမိုအကျိုးရှိပေသည်။ ရှောင်လင်းယဲ့၏အရှိန်အဝါကို အသုံးပြုပြီး Imperial Palaceအုပ်စုသို့မဟုတ် ထောင်ယွမ်ရွာ Green Freshအုပ်စုသို့ ဝင်ရောက် လုပ်ကိုင်နိုင်ကောင်း လုပ်ကိုင်နိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် နင်ကျွင်းဖုန်းကဲ့သို့ပင် ကောင်းကင်မှ ကိတ်မုန့်ကြီးတစ်လုံး ကျလာသကဲ့သို့ ကံကောင်းခြင်းမျိုး ဖြစ်ပေသည်။

ရှောင်လင်းယဲ့၏ယောက်ဖဖြစ်သူက နင်ကျွင်းဖုန်း၏ပခုံးကို ဖွဖွပုတ်ကာ ပြုံးရွှင်စွာ ပြောကြားခဲ့သည်ကို လူများစွာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။

"လူငယ်လေး... မဆိုးဘူးပဲ၊ သစ္စာရှိတယ်။ တကယ်လို့ Imperial Palaceအုပ်စုမှာ အလုပ်လာလုပ်ချင်တယ်ဆိုရင် မင်းအတွက် နေရာတစ်နေရာ ချန်ထားပေးဖို့ ငါ လူစီစဉ်ပေးလိုက်မယ်"

ကြည့်စမ်း... နားထောင်ကြည့်လိုက်ပါဦး။ ဤသည်မှာ ဘွဲ့ရကျောင်းသားပေါင်းများစွာ အိပ်မက်မက်,တောင့်တနေကြရသည့် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်သော်လည်း နင်ကျွင်းဖုန်းတစ်ယောက် ခွေးချေးကံ ကောင်းသည်ဟု (အလွန်ကံကောင်းသည်ဟု) ဆိုရပေမည်။

သို့သော် နင်ကျွင်းဖုန်းသည် Imperial Palaceအုပ်စု ပိုင်ရှင်သူဌေးကြီး၏ မျက်နှာသာပေးမှုကို ရရှိရခြင်းမှာ ရှောင်လင်းယဲ့၏မျက်နှာကြောင့်သာဖြစ်ကြောင်း လူတိုင်း နားလည်ထားကြသည်။

သူက ရှောင်လင်းယဲ့နှင့် ဆက်ဆံရေးကောင်းမွန်သည့်အပြင် ရှောင်လင်းယဲ့အား လူအများက ဝိုင်းဝန်းပြစ်တင်နေချိန်တွင်လည်း ရှောင်လင်းယဲ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သူလည်းမဟုတ်လား။

ထိုသစ္စာတရား တစ်ခုတည်းနှင့်ပင် သူတစ်ပါးက သူ့ကို မျက်နှာသာပေးရပေမည်။

ရှောင်လင်းယဲ့ကို ဖားလိုက်ခြင်းအားဖြင့် ကောင်းမွန်သော အလုပ်တစ်ခုရရှိနိုင်မည်ဟု သိရှိကြသောအခါ ဘယ်သူကများ မဖားချင်ဘဲနေတော့မှာလဲ။

ဤကာလအတောအတွင်း ကျောင်း၌ ရှောင်လင်းယဲ့ ကြုံတွေ့နေရသော အနှောင့်အယှက်များမှာ သူ့ကို အလွန်စိတ်ပျက်ငြီးငွေ့စေခဲ့သဖြင့် နောက်ဆုံးတွင် ကျောင်းသို့ခွင့်တိုင်ကာ မသွားဘဲနေလိုက်တော့သည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် စတုတ္ထနှစ် ကျောင်းသားများဖြစ်ကြပြီး ဘွဲ့ရရန် နီးကပ်လာသဖြင့် အလုပ်သင်ဆင်းရမည့် ကာလလည်းဖြစ်ရာ ကျောင်းတွင် အချိန်ပြည့်နေထိုင်ရန် မလိုအပ်တော့ချေ။

ကျောင်းမှ ထွက်ခွာပြီးနောက် ရှောင်လင်းယဲ့သည် လဲ့ကျွင်းရှန်နောက် လိုက်ပါကာ နည်းပညာကို အာရုံစိုက်လေ့လာတော့သည်။ လဲ့ကျွင်းရှန်နှင့် ရှောင်လင်းယဲ့တို့၏ လက်ရှိဆက်ဆံရေးအရ လဲ့ကျွင်းရှန်သည် ပညာဝှက်ထားရန် မလိုအပ်ဘဲ မိမိတတ်သမျှ ပညာအကုန်လုံးကို ရှောင်လင်းယဲ့အား သင်ကြားပေးလေသည်။

တစ်ခါတစ်ရံ၌ ပါရမီဆိုသည့်အရာသည် လူတစ်ယောက်နှင့် တစ်ယောက် ယှဉ်မိပါက ဒေါသထွက်လောက်အောင် ကွာခြားသည်ဟု ဝန်ခံရပေမည်။

လဲ့ကျွင်းရှန်သည် ယခင်က ဤနယ်ပယ်၌ မိမိကိုယ်ကို ဉာဏ်ကြီးရှင်တစ်ဦးဟု ခံယူထားခဲ့ဖူးသည်။ မဟုတ်ရင်လည်း သူသည် ဤနယ်ပယ်တွင် ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့မည် မဟုတ်ပေ။

သို့သော် သူကဲ့သို့ ဉာဏ်ကြီးရှင် တစ်ယောက်သည် ရှောင်လင်းယဲ့ကဲ့သို့သော သာမန်လူမဟုတ်သည့် ပါရမီရှင်နှင့် တွေ့ဆုံလိုက်ရသောအခါ သာမန်လူတစ်ယောက်အဆင့်သာ ဖြစ်သွားရရှာသည်။

လဲ့ကျွင်းရှန်က ရှောင်လင်းယဲ့၏ပခုံးကို ပုတ်ရင်း အာမေဋိတ်သံဖြင့် ပြောလိုက်သည်။

"ရှောင်ယဲ့ရေ... ငါ လဲ့ကျွင်းရှန်ရဲ့ခေတ်က မကြာခင် ကုန်ဆုံးတော့မယ်ထင်ပါရဲ့။ ပြီးရင် မင်း ရှောင်လင်းယဲ့ရဲ့ခေတ် ရောက်လာတော့မှာ"

နှစ်နှစ်တာ ကာလအတွင်း ကုမ္ပဏီအသေးလေး တစ်ခုမှ တန်ဖိုးသန်းပေါင်းများစွာရှိသော ကုမ္ပဏီတစ်ခုအဖြစ်သို့ တိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ ရှောင်လင်းယဲ့၏စွမ်းရည်မှာ လဲ့ကျွင်းရှန်ကိုပင် အံ့အားသင့်စေခဲ့သည်။

ရှောင်လင်းယဲ့က ချက်ချင်းပင် နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီးကလည်း... ကျွန်တော် အခု သင်စရာတွေ အများကြီး ကျန်ပါသေးတယ်"

လဲ့ကျွင်းရှန်က ပြုံးရုံသာ ပြုံးလိုက်ပြီးနောက် ဆက်ပြောလေသည်။

"အစ်ကိုကြီးက မင်းကို အထင်ကြီးတယ်။ ဒါပေမဲ့ မင်းရဲ့ ယောက်ဖကို ကျော်တက်ပြီး အချမ်းသာဆုံး သူဌေးနေရာကို မင်း ဘယ်လိုရယူမလဲဆိုတာကို အစ်ကိုကြီးက ပိုပြီးစောင့်ကြည့်ချင်သေးတယ်"

ရှောင်လင်းယဲ့ လန့်သွားပြီး ပြောလိုက်သည်။

"အစ်ကိုကြီးရာ... ကျွန်တော်က နည်းပညာပိုင်းမှာပဲ နည်းနည်းပါးပါး တတ်ကျွမ်းတာပါ။ စီးပွားရေးလုပ်တဲ့ နေရာမှာတော့ အစ်ကိုကြီးတို့ ယောက်ဖတို့နဲ့ယှဉ်ရင် ကွာခြားချက်က အကြီးကြီးပါ။ ဒါကြောင့် ပိုက်ဆံရှာတဲ့ ကိစ္စကို အစ်ကိုကြီးနဲ့ ယောက်ဖဆီပဲ လွှဲပေးလိုက်ပါရစေတော့"

***

All Chapters