အခါးရည်က အရမ်း သောက်လို့ကောင်းတယ်
Vol. 54 Ch. 878
ကျန့်ယောင်ကျူ ခွင့်ယူသွားသဖြင့် သဘာဝကျစွာပင် ကိစ္စရပ်များစွာကို ရှောင်လင်းယွီ ကိုယ်တိုင် ဖြေရှင်းရတော့သည်။
"ဥက္ကဌ... မစ္စတာဘရူးစ်က ဥက္ကဌကို တွေ့ချင်နေပါတယ်"
အတွင်းရေးမှူးက ရှောင်လင်းယွီကို အစီရင်ခံသည်။
ဘရူးစ်က ဘယ်သူလဲဟု ရှောင်လင်းယွီ ချက်ချင်း စဉ်းစားမရ ဖြစ်သွားသည်။
"ဘရူးစ်..."
နာမည်ကြားသည်နှင့် နိုင်ငံခြားသား တစ်ယောက်မှန်း သိသာသည်။
အတွင်းရေးမှူးက "ဘရူးစ်ဆိုတာ F နိုင်ငံ နိုင်ငံတကာ ဟွမ်လင်းအုပ်စု ဟွာရှ ကုမ္ပဏီရဲ့ ဥက္ကဌပါ"
ဟွမ်လင်းအုပ်စု ဆိုသည်နှင့် ရှောင်လင်းယွီ သေချာပေါက် ကြားဖူးနားဝ ရှိပေသည်။
"သူက ဘာလာလုပ်တာလဲ"
ရှောင်လင်းယွီ တစ်ခွန်း မေးလိုက်ပြီးနောက် ပြောလိုက်သည်။
"သူ့ကို အထဲ ဖိတ်လိုက်ပါ"
"ဟုတ်ကဲ့ပါ"
အတွင်းရေးမှူး ပြန်ပြောလိုက်သည်။
ခဏအကြာတွင် အတွင်းရေးမှူးက လူကို ခေါ်ဆောင်လာခဲ့သည်။
"မစ္စတာ ဘရူးစ်... ထိုင်ပါ" အတွင်းရေးမှူးက မေးလိုက်သည်။ "ကော်ဖီ သောက်မလား၊ ဘာသောက်မလဲ"
ဘရူးစ်က အလွန် ယဉ်ကျေးစွာ ပြောလိုက်သည်။
"ကျွန်တော့်ကို အခါးရည် တစ်ခွက်လောက်ပေးပါလား။ ခင်ဗျားတို့ကုမ္ပဏီက အခါးရည်က အရမ်းမွှေးတယ်လို့ ကြားဖူးလို့ပါ"
ရှောင်လင်းယွီသည် အခါးရည်ကြိုက်နှစ်သက်သူ ဖြစ်သဖြင့် ဥက္ကဌရုံးခန်းတွင် အခါးရည်တည်ရန် အသုံးပြုသောရေထဲသို့ စိတ်ဝိညာဉ်စမ်းရေ အများအပြား ထည့်ထားသည်။
ထို့ကြောင့် အခါးရည်သည် အလွန်မွှေးပျံ့ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။
ဧည့်သည်များကို ဧည့်ခံရာတွင်လည်း ဤအခါးရည်များကိုသာ အသုံးပြုလေ့ရှိသဖြင့် သဘာဝကျစွာပင် ရှောင်လင်းယွီ ရုံးခန်းမှ အခါးရည်သည် အလွန်သောက်ကောင်းကြောင်း နယ်ပယ်ထဲမှလူများက သိရှိကြသည်။
ဘရူးစ်သည်လည်း ဤအခါးရည် မြည်းစမ်းခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်မခံလိုပေ။
ယခင်က သူသည် ဟွာရှ ဟွမ်လင်းအုပ်စု၏ ဥက္ကဌ ဖြစ်နေခဲ့ချိန်တွင် ရှောင်လင်းယွီနှင့်ပြိုင်ဘက်များ၊ ရန်သူများဖြစ်ခဲ့ကြသည်။
နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်ခွင့်ပင် မရှိခဲ့ကြပေ။
အတွင်းရေးမှူးသည် လျင်မြန်စွာပင် အခါးရည်တစ်အိုးတည်ကာ ယူလာပြီး ဘရူးစ်နှင့် ရှောင်လင်းယွီတို့အတွက် တစ်ခွက်စီငှဲ့ပေးပြီးနောက် တံခါးကို ဖွဖွလေးပိတ်ကာ ပြန်ထွက်သွားသည်။
ဘရူးစ်သည် အခါးရည်အနံ့ကို ရလိုက်သည်နှင့် လျင်မြန်သောလှုပ်ရှားမှုဖြင့် အခါးရည်ခွက်ကို မကာ မျက်လုံးမှိတ်လျက် နှာခေါင်းဖြင့် ရှူရှိုက်လိုက်သည်။ အလွန်အရသာခံနေသော မျက်နှာပေးဖြင့် မသောက်ရသေးခင်မှာပင် အာမေဋိတ်သံ ပြုလိုက်သည်။
"ဒီအနံ့က တကယ်ကို မွှေးတာပဲ"
ထို့နောက် သူသည် အနည်းငယ် စုပ်ယူလိုက်ပြီးနောက် နွားက ပီအိုနီပန်းကို ဝါးစားသကဲ့သို့ အခါးရည် တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့သောက်ချလိုက်လေသည်။ အခါးရည်၏မွှေးပျံ့မှုက ခံတွင်းထဲမှ လျှံကျလာသဖြင့် အရသာပြန်ခံမဆုံး ဖြစ်နေတော့သည်။
ရှောင်လင်းယွီသည် အခါးရည်ကို ရိုင်းစိုင်းစွာသောက်နေသော ဘရူးစ်ကိုကြည့်ပြီး ဘာပြောရမှန်း မသိ ဖြစ်နေသည်။
ဘရူးစ်သည် တစ်ခွက်သောက်ပြီးသည်နှင့် နောက်တစ်ခွက် ထပ်ငှဲ့ရန် မစောင့်နိုင်တော့သကဲ့သို့ ပြုမူနေပြီး ရိုင်းပျမိသည်ကို သတိထားမိပုံ မရပေ။
နောက်တစ်ခွက် မော့သောက်ရန် ပြင်လိုက်ချိန်တွင် ကြည့်မနေနိုင်တော့သော ရှောင်လင်းယွီက ချက်ချင်းတားလိုက်ပြီးပြောလိုက်သည်။
"ဘရူးစ်... ကျွန်မတို့ ဟွာရှသားတွေ အခါးရည်သောက်တဲ့အခါ ပုံမှန်အားဖြင့် ဖြည်းဖြည်းချင်း သောက်ပြီး စေ့စေ့စပ်စပ်အရသာခံမှ အခါးရည်သောက်ရတဲ့အရသာကို ခံစားလို့ရတာပါ"
သူ သောက်သကဲ့သို့ သောက်ခြင်းသည် သဘာဝလက်ဆောင်ကို အလဟဿဖြစ်စေခြင်းပင်။ ရှောင်လင်းယွီသည် ယဉ်ကျေးမှုအရ ထိုစကားကို ထုတ်မပြောဘဲနေလိုက်သည်။
ဘရူးစ်သည် ရှောင်လင်းယွီ၏စကားကို ကြားလိုက်သည်နှင့် စောစောက သူသောက်ပုံမှာ အနည်းငယ် ရိုင်းပျသွားမှန်း သိလိုက်သည်။ သို့သော် သူ့ကို အပြစ်တင်၍ မရပေ။ ဒီအခါးရည်က တကယ်ကို သောက်လို့ ကောင်းလွန်းနေသည်။
ကော်ဖီသာ အသောက်များသော သူ့ကို ချက်ချင်းပင် ဤအခါးရည် အရသာကို စွဲလမ်းသွားစေသည်။
ဘရူးစ်က ပြုံး၍ ပြောလိုက်သည်။
"တောင်းပန်ပါတယ် ဥက္ကဌရှောင်၊ စောစောက ဒီအခါးရည်ရဲ့မွှေးပျံ့မှုကြောင့် စိတ်လွတ်သွားပြီး မသောက်ရမနေနိုင်ဖြစ်သွားလို့ပါ"
ရှောင်လင်းယွီက ပြုံးလိုက်ပြီး "မစ္စတာ ဘရူးစ်၊ တကယ့် အခါးရည်ကောင်းဆိုတာ အရသာခံဖို့ပါ၊ တိုက်ရိုက်သောက်ချဖို့ မဟုတ်ပါဘူး"
ဘရူးစ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ ဟွာရှရဲ့ လက်ဖက်ရည်ယဉ်ကျေးမှုက ကျယ်ပြန့်နက်ရှိုင်းတယ်ဆိုတာ ကျုပ် သိပါတယ်။ နောက်ဆို လက်ဖက်ရည်ယဉ်ကျေးမှုကို သေချာပေါက်လေ့လာပါ့မယ်။ ဒါပေမဲ့ ဥက္ကဌရှောင်၊ အခုတော့ ခင်ဗျားဆီမှာ အခါးရည်သောက်ရင်း အာသီသပြေပါရစေဦး"
ပြောပြောဆိုဆိုနှင့် နောက်ထပ် အခါးရည်တစ်ခွက်ကို ပါးစပ်ထဲသို့ အမြန်ပို့လိုက်ပြန်သည်။
ရှောင်လင်းယွီ "..."
အခုဘာများပြောနိုင်ဦးမှာလဲ။
ဘရူးစ်သည် တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း အခါးရည်အိုး တစ်အိုးလုံး ဗိုက်ထဲ ရောက်သွားသည့်တိုင်အောင် အားမရသေးသည့်ပုံ ပေါ်နေသည်။ နောက်ဆုံးတစ်စက်ကို သောက်ပြီးနောက် ပါးစပ်ကို ပလပ်ပလပ် မြည်အောင် စုပ်သပ်လိုက်ပြီး အာမေဋိတ်သံဖြင့် ပြောလိုက်သည်။
"ဥက္ကဌရှောင်၊ ခင်ဗျားဆီက အခါးရည်က တကယ်ကို သောက်လို့ကောင်းလွန်းတယ်"
ပြောပြီးနောက် သူက အခါးရည်အိုး အလွတ်ကို ကြည့်ကာ မျက်နှာပြောင်တိုက်၍ မေးလိုက်သည်။
"ရှိသေးလားဟင်"
ရှောင်လင်းယွီ ပြုံးလိုက်ပြီး အတွင်းရေးမှူးကိုခေါ်ကာ သူ့အတွက် အခါးရည်တစ်အိုး ထပ်ဖျော်ခိုင်းလိုက်သည်။
ဘရူးစ်က ဆက်သောက်နေပြီး ရပ်တန့်မရနိုင်ဖြစ်နေသည်။
ရှောင်လင်းယွီ "..."
ရေတွေ ဒီလောက် အများကြီး သောက်နေမှတော့ ခဏနေ အိမ်သာဘယ်နှစ်ခေါက် ပြေးရမလဲ စောင့်ကြည့်ရမည်။
နေပါဦး... ဒီလူ ဒီကို ဘာလာလုပ်တာပါလိမ့်။
***