← Chapters

ကျွန်တော် အလုပ်လာလျှောက်တာပါ

Vol. 54 Ch. 879

ကျွန်တော် အလုပ်လာလျှောက်တာပါ

Vol. 54 Ch. 879

တစ်ဖက်လူက စတုတ္ထမြောက်အခါးရည်အိုးကိုသောက်ပြီးနောက် အိမ်သာသို့ ငါးကြိမ် ဝင်ပြီးချိန်တွင်မူ ရှောင်လင်းယွီ မမေးဘဲ မနေနိုင်တော့ချေ။

"မစ္စတာ ဘရူးစ်၊ ရှင် ကျွန်မကို လာရှာတာ တကယ်တော့ ဘာကိစ္စ ရှိလို့လဲ။ ကျွန်မ ရုံးခန်းက အခါးရည် အိုးအနည်းငယ်ကို လာမက်မောတာတော့ မဟုတ်ပါဘူးနော်"

နောက်ဆုံးတွင် အခါးရည်ဝအောင်သောက်ပြီးသွားသော ဘရူးစ်သည် ခွက်လွတ်ကို ချလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

"ဥက္ကဌရှောင်၊ ကျွန်တော် အရင်တုန်းကတည်းက ခင်ဗျားကို သဘောကျ..."

"ဘာ..."

ရှောင်လင်းယွီ အနည်းငယ် ကြောင်အသွားပြီးနောက် ချက်ချင်းပင် သူ့စကားကို ဖြတ်ပြောလိုက်သည်။

"မစ္စတာ ဘရူးစ်၊ ကျွန်မက အိမ်ထောင်သည် တစ်ယောက်ပါ။ ပြီးတော့ ကျွန်မ အမျိုးသားက သဝန်တိုတတ်တယ်။ ရှင် ကျွန်မရှေ့လာပြီး ရည်းစားစကား ပြောနေတာကိုသာ သူကြားသွားရင် ရှင့်ခြေထောက်ကို ရိုက်ချိုးပစ်လိမ့်မယ်"

သူမ၏မစ္စတာကုန်းသည် ယခုနောက်ပိုင်း ပို၍ပင်သဝန်တိုတတ်လာသည်။

ဘရူးစ် အနည်းငယ် ကြောင်အသွားပြီးနောက် သဘောပေါက်သွားကာ လက်နှစ်ဖက်ကို ချက်ချင်း ယမ်းပြရင်း သူ့ကိုယ်သူ ကာကွယ်ပြောကြားလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး... ဥက္ကဌရှောင်၊ ခင်ဗျား နားလည်မှု လွဲနေပြီ။ ကျွန်တော်က အဲ... အဲဒီသဘောပြောတာမဟုတ်ပါဘူး"

သူ့မှာလည်း ဇနီးနှင့် သားသမီးများ ရှိသည်။ ထို့အပြင် သူသည် သူ့ဇနီးအပေါ် အမြဲတမ်းသစ္စာရှိခဲ့ပြီး အခြားအမျိုးသမီးများ မည်မျှလှပနေပါစေ သူ စိတ်လှုပ်ရှားလိမ့်မည် မဟုတ်ပေ။

ဘရူးစ်သည် ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရကာ မည်သို့ပြောရမှန်း မသိ ဖြစ်နေသည်။

ဘရူးစ်က ရှင်းပြလိုက်သည်။

"ဥက္ကဌရှောင်... ကျွန်တော်... ကျွန်တော် ဆိုလိုတာက ကျွန်တော် ခင်ဗျားကို လေးစားတယ်၊ အထင်ကြီးတယ်၊ ခင်ဗျားကို အမြဲတမ်း အိုင်ဒေါ တစ်ယောက်လို သဘောထားခဲ့တာပါ... ကျွန်တော်..."

သူ ဟွာရှတွင် နေထိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သဖြင့် ဟွာရှစကားကို ကျွမ်းကျင်စွာ ပြောတတ်သော်လည်း ဟွာရှစကားသည် ကျယ်ပြန့်နက်ရှိုင်းလှသဖြင့် စကားလုံးသုံးစွဲပုံ၏အနှစ်သာရကို သူ နားမလည်နိုင်သေးပေ။

ဘရူးစ် ပြောပြသည်ကို နားထောင်ပြီးနောက် ရှောင်လင်းယွီ နားလည်လိုက်သည်။ သူ စကားလုံး သုံးစွဲမှု မမှန်ကန်သောကြောင့် နားလည်မှုလွဲလုနီးပါး ဖြစ်သွားခြင်းဖြစ်သည်။

ရှင်းပြပြီးနောက် ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

"မစ္စတာ ဘရူးစ်ရဲ့အထင်ကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ဒီနေ့ လာရတာက..."

မစ္စတာဘရူးစ် ဆက်ရှင်းပြရန်ပြင်လိုက်စဉ်မှာပင် မျက်နှာတစ်ခုလုံး နီရဲလာပြီး ပြောလိုက်သည်။

"ဆောရီးပါ ဥက္ကဌရှောင်၊ ကျွန်တော် အိမ်သာခဏသွားချင်လို့ပါ"

အခါးရည်တွေ အများကြီးသောက်ထားတော့ ဒီလို နောက်ဆက်တွဲပြဿနာတွေ ရှိတာပေါ့။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

"ကြွပါ"

ခဏအကြာတွင် ဘရူးစ် ပြန်ရောက်လာသည်။

ပြန်ရောက်သည်နှင့် သူက လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။

"ဥက္ကဌရှောင်၊ ကျွန်တော် ဟွမ်လင်းအုပ်စု ဥက္ကဌရာထူးကနေအဖြုတ်ခံရတာ ခင်ဗျား ကြားပြီးလောက်ပြီထင်တယ်။ ပြီးတော့ ရုံးချုပ်က ကျွန်တော့်ကို ကမ္ဘာအနှံ့ပိတ်ပင်ထားတယ်ဆိုတာကိုရောပေါ့"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

"အင်း... ဒီကိစ္စ ကျွန်မ ကြားပါတယ်"

လက်ရှိတွင် F နိုင်ငံ ဟွမ်လင်းအုပ်စုနှင့် ပြည်တွင်း Green Freshအုပ်စုတို့သည် ပြိုင်ဘက် ကုမ္ပဏီများဖြစ်ကြသည်။

တစ်ဖက်ကုမ္ပဏီတွင် လှုပ်ရှားမှု တစ်စုံတစ်ရာရှိသည်နှင့် ပြိုင်ဘက်ကုမ္ပဏီက ဦးဆုံး သိရှိလေ့ရှိသည်။

ဘရူးစ် ဟွမ်လင်းအုပ်စု ဥက္ကဌရာထူးမှ ထုတ်ပယ်ခံရခြင်းသည် လျှို့ဝှက်ချက် မဟုတ်တော့သဖြင့် ရှောင်လင်းယွီ သဘာဝကျစွာပင်သိရှိသည်။

ရှောင်လင်းယွီက ဆက်မေးသည်။

"ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မနဲ့ ဘာဆိုင်လို့လဲ"

ပြိုင်ဘက်ကုမ္ပဏီ၏ဥက္ကဌ ရုတ်တရက် ရောက်ရှိလာခြင်းသည် ပုံမှန်အားဖြင့် သတင်းကောင်း ဖြစ်လေ့မရှိသဖြင့် ရှောင်လင်းယွီ သဘာဝကျစွာပင် သတိထားနေသည်။

"သေချာပေါက် ဆိုင်တာပေါ့။ ကျွန်တော် ဘာလို့ ရုံးချုပ်က အထုတ်ခံရလဲဆိုတာ ခင်ဗျား သိလား"

ထို့နောက် ရှောင်လင်းယွီ အဖြေကို မစောင့်ဘဲ သူက စိတ်လောကြီးစွာ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော်က ရုံးချုပ်ရှေ့မှာ ခင်ဗျားတို့ ကုမ္ပဏီကို ချီးကျူးမိလို့လေ။ ခင်ဗျားတို့က ဟွမ်လင်းအုပ်စုရဲ့ ဖောက်သည်အများစုကို လုယူသွားတယ်လို့ ပြောမိလို့လေ။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို မယုံကြဘူး၊ ဒါကြောင့် ကျွန်တော် အထုတ်ခံရတာပဲ" ပြောရလျှင် သူ ဝမ်းနည်းမိသည်။ သူက အမှန်အတိုင်းပြောခဲ့သော်လည်း ရုံးချုပ်ဘက်က သူ့အရည်အချင်း မရှိဟု သတ်မှတ်လိုက်ကြသည်။

"..."

ရှောင်လင်းယွီ အနည်းငယ် ဆွံ့အသွားပြီး မေးလိုက်သည်။

"ဪ... ဒီလိုကိုး။ ဒါဆို မစ္စတာ ဘရူးစ် ကျွန်မဆီ လာတာက လျော်ကြေးလာတောင်းတာလား"

ဘရူးစ် ခေါင်းခါလိုက်သည်။

"ဒါပေါ့ မဟုတ်ပါဘူး။ ကျွန်တော် အထုတ်ခံရတာက ဟွမ်လင်းအုပ်စု ရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ၊ ခင်ဗျားနဲ့ မဆိုင်ပါဘူး"

ရှောင်လင်းယွီ "..."

ဒါဆို ရှင် တကယ် ဘာလာလုပ်တာလဲ။

"ကျုပ် ဒီတစ်ခေါက်လာတာက အလုပ်လာလျှောက်တာပါ"

"ဘာ..."

All Chapters