သူလျှို
Vol. 54 Ch. 880
ရှောင်လင်းယွီသည် သူမ နားကြားမှားသည်ဟု ထင်လိုက်မိသည်။
"မစ္စတာ ဘရူးစ်... ဘာပြောလိုက်တာလဲ၊ ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ထပ်ပြောပေးလို့ ရမလား"
ပြိုင်ဘက်ကုမ္ပဏီ၏ဥက္ကဌဟောင်းက သူမ၏ကုမ္ပဏီသို့ အလုပ်လာလျှောက်သည်ဆိုခြင်းမှာ စဉ်းစားကြည့်လျှင်ပင် မယုံနိုင်စရာဖြစ်နေသည်။
ဘရူးစ်က အလေးအနက်ထား၍ ရိုးသားစွာ ပြောလိုက်သည်။
"ဥက္ကဌရှောင်... ကျွန်တော် အလုပ်လာလျှောက်တာပါလ ရှင်က ကျွန်မ ကုမ္ပဏီမှာ အလုပ်လာလျှောက်မှတော့ ကျွန်မကလည်း ဝန်ထမ်းခေါ်ယူရေး စည်းမျဉ်းတွေအတိုင်း ရှင်နဲ့ အင်တာဗျူး လုပ်ရမယ်၊ မေးခွန်းတချို့ မေးရမယ်၊ ပြဿနာ မရှိဘူးမလား"
ဘရူးစ် ပြုံးလိုက်ပြီး ပြောသည်။
"သေချာပေါက် ပြဿနာ မရှိပါဘူး"
ရှောင်လင်းယွီ၏ ပထမဆုံး မေးခွန်းမှာ ဤသို့ဖြစ်သည်။
"ရှင် ကျွန်မ ကုမ္ပဏီကိုလာလုပ်တာ စီးပွားရေးသူလျှို လာလုပ်ချင်လို့တော့ မဟုတ်ပါဘူးနော်။ ဘာပဲပြောပြော ဟွာရှမှာ ဟွမ်လင်းအုပ်စုနဲ့ Green Freshအုပ်စုက ပြိုင်ဘက် ကုမ္ပဏီတွေလေ။ ပြီးတော့ ရှင်က ဟွမ်လင်းအုပ်စုရဲ့ ဟွာရှဆိုင်ရာ ဥက္ကဌဟောင်းတစ်ယောက်အနေနဲ့ ကျွန်မဆီ လာလျှောက်တာက သနားအောင် ဟန်ဆောင်ပြီး ကျွန်မကုမ္ပဏီရဲ့ စီးပွားရေးလျှို့ဝှက်ချက်တွေကို လာခိုးယူဖို့ ကြံစည်နေတာများလား"
ပထမဆုံး မေးခွန်းသည်ပင် ဤမျှ ထက်မြက်ပြီးလေးနက်နေသဖြင့် ဘရူးစ်၏မျက်နှာထားမှာ ချက်ချင်း ကြောင်အသွားသည်။
ထို့နောက် သူ သတိဝင်လာပြီး မိမိကိုယ်ကို ကာကွယ်ပြောဆိုလိုက်သည်။
"ဪ... မဟုတ်ရပါဘူး ဥက္ကဌရှောင်။ ခင်ဗျား လုံးဝ နားလည်မှု လွဲနေပြီ။ ကျွန်တော် တကယ်ပဲ ဟွမ်လင်းအုပ်စု ရုံးချုပ်က အထုတ်ခံလိုက်ရတာပါ။ သနားအောင် ဟန်ဆောင်တာ ဘာညာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ခင်ဗျား ကုမ္ပဏီကို လာလျှောက်ရတာက ခင်ဗျားတို့ဆီက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စွဲလမ်းသွားလို့ပါ။ နောက်ပိုင်း ကျွန်တော့်ရဲ့ ဇနီးနဲ့ သားသမီးတွေ F နိုင်ငံကနေ ဟွာရှကို ရောက်လာရင် ခင်ဗျားတို့ ပစ္စည်းတွေကို ခိုးကြောင်ခိုးဝှက် ဝယ်စရာမလိုတော့ဘူးပေါ့။ ခင်ဗျား သိလား... ကျွန်တော် ဟိုမှာ ရာထူးယူထားတုန်းက ခင်ဗျားတို့ဆီက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ကြိုက်ပေမဲ့ လူပါးပြီး ခိုးဝယ်ခိုင်းရတယ်။ ပြီးတော့ အိမ်မှာ ခိုးချက်ခိုင်းရတယ်။ အရင်တုန်းကဆို ကျွန်တော့်အိမ်က မီးဖိုချောင်က မီးခိုးတောင် မထွက်ဖူးဘူးဗျ"
ထို့နောက် ဘရူးစ်သည် သူမ ကုမ္ပဏီမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို စားချင်လွန်းသဖြင့် မည်သို့မည်ပုံ ဒုက္ခခံခဲ့ရကြောင်း တရစပ်ညည်းညူပြောဆိုလေတော့သည်။
ရှောင်လင်းယွီ "..."
ဘရူးစ်ဆိုသူမှာ ဤမျှ ငတ်ကြီးကျသူ ဖြစ်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဗြောင်ကျကျ စားသောက်ချင်ရုံသက်သက်ဖြင့် သူမကုမ္ပဏီသို့ အလုပ်လာလုပ်တယ်တဲ့လား။
သို့သော် သူမ ဘရူးစ်၏စကားကို သံသယ မဝင်ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ ကုန်ပစ္စည်းများတွင် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုး ရှိသောကြောင့်ပင်။
သူမကုမ္ပဏီမှ အဆင့်မြင့် အရာရှိများနှင့် ထူးချွန်ဝန်ထမ်းများကိုကြည့်လျှင် သိနိုင်သည်။
***