ရှင့်မှာ ဘာတန်ဖိုးရှိလို့လဲ
Vol. 54 Ch. 881
ဘရူးစ်သည် အချိန်အတော်ကြာအောင် တရစပ်ပြောဆိုပြီးနောက် ရှောင်လင်းယွီအား အလေးအနက်ထား ပြောကြားလိုက်သည်။
"ဥက္ကဌရှောင်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပေးပါ။ ကျွန်တော် ပြောတာတွေ အကုန် အမှန်တွေချည်းပါပဲ။ ကျွန်တော်က ပြိုင်ဘက်က လွှတ်လိုက်တဲ့ စီးပွားရေးသူလျှို မဟုတ်ပါဘူး။ ကျွန်တော် တကယ်ရိုးသားတာပါ၊ ကျေးဇူးပြုပြီး ယုံပေးပါ"
သူသည် Green Freshအုပ်စုမှ စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို တကယ် စွဲလမ်းသွားခြင်းဖြစ်သည်။ ထို့အပြင် သူ သတိထားမိသည်မှာ သူမ၏ကုန်ပစ္စည်းများကို စားသုံးပြီးနောက် သူ့ခန္ဓာကိုယ် အခြေအနေသည် ပိုမိုကောင်းမွန်လာခြင်းပင်။ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ အမှန်တကယ် အာနိသင်ရှိလေသည်။
အင်တာနက်ပေါ်တွင် ပြောဆိုနေကြသည်မှာ ရေရှည်စားသုံးပါက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေရုံသာမက ရောဂါများကိုပါ ကုသပေးနိုင်ပြီး ကြီးမားသော ရောဂါကြီးများအတွက်ပင် ကုသနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ဘရူးစ်သည် ဟွမ်လင်းအုပ်စုရုံးချုပ်မှ အလုပ်ထုတ်မခံရလျှင်ပင် အလုပ်ပြောင်းရန် အစီအစဉ်ရှိနေပြီးသားဖြစ်သည်။
ရုံးချုပ်ဘက်မှ စိတ်လောကြီးစွာဖြင့် ဟွာရှသို့ လူလွှတ်၍ သေချာစုံစမ်းစစ်ဆေးခြင်း မပြုဘဲ သူ့ကို တိုက်ရိုက် အလုပ်ထုတ်ပစ်လိုက်ကာ နယ်ပယ်အတွင်းမှ ဖယ်ရှားပစ်လိုက်ခြင်းသာဖြစ်သည်။
သို့သော် သူသည် နာမည်ကြီးကုမ္ပဏီများကိုမသွားဘဲ ဟွာရှသို့ တိုက်ရိုက်လာကာ ပြိုင်ဘက် ကုမ္ပဏီတွင် အလုပ်လာလျှောက်လိမ့်မည်ဟု ရုံးချုပ်ဘက်မှ လုံးဝ မျှော်လင့်ထားမည် မဟုတ်ချေ။
ရုံးချုပ်မှလူများသည် သူ အပိတ်ပင်ခံထားရသဖြင့် မည်သည့်ကုမ္ပဏီကမျှ သူ့ကို ခန့်ရဲမည်မဟုတ်ဟု ထင်မြင်နေကြပေလိမ့်မည်။ သို့သော် ဟွာရှမှ Green Freshအုပ်စုသည် မည်သည့်အရာကိုမျှ ထောက်ထားညှာတာနေမည် မဟုတ်ကြောင်း သူသိသည်။ အကယ်၍သာ သူတို့က သူ့ကို ခန့်အပ်လိုပါက အရာအားလုံးသည် ပြဿနာဖြစ်လာတော့မည် မဟုတ်ပေ။
ရှောင်လင်းယွီသည် ဘရူးစ်၏စကားကိုနားထောင်ပြီးနောက် ခဏမျှစဉ်းစားကာ ပြုံး၍ပြောလိုက်သည်။
"ဟဟ... ရှင် ပြောတာကို ကျွန်မ ယာယီ ယုံလိုက်ပါ့မယ်။ ဒါပေမဲ့..." သူမ စကားလမ်းကြောင်း လွှဲလိုက်ပြီး အလေးအနက်ထားကာ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ "ရှင်က စီးပွားရေးသူလျှိုဖြစ်နေရင်တောင် ကျွန်မ မပူပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ စီးပွားရေးလျှို့ဝှက်ချက်တွေက ကျွန်မ လက်ထဲမှာပဲရှိနေလို့ပါ။ ရှင် ခိုးချင်ရင်တော့... ဟဟ..."
ရှောင်လင်းယွီ ဆက်မပြောတော့ပေ။
ကုန်ထုတ်လုပ်မှုတန်ဖိုး မြင့်တက်လာသည်နှင့်အမျှ သူမ၏ နေရာလွတ်သည်လည်း အဆက်မပြတ် ကျယ်ပြန့်လာခဲ့သည်။ ထို့အပြင် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျောက်စိမ်းများ အဆက်မပြတ်ရောက်ရှိလာသဖြင့် ရှောင်လင်၏ စွမ်းရည်များသည်လည်း အဆက်မပြတ် တိုးတက်လာခဲ့သည်။
ရှောင်လင်၏စွမ်းရည် တိုးတက်လာမှုကြောင့် ရှောင်လင်းယွီသည် သူမ၏ ကိုယ်ပိုင်အရည်အချင်းများ နယ်ပယ်စုံတွင် တိုးတက်လာကြောင်း သိသာထင်ရှားစွာ ခံစားမိလာသည်။
အနံ့ခံအာရုံ၊ အထိအတွေ့အာရုံ၊ အမြင်အာရုံနှင့် အကြားအာရုံတို့သည် သာမန်လူများနှင့် ယှဉ်၍ မရနိုင်တော့ပေ။ ထို့အပြင် ခြေလက်အင်္ဂါများ၏သန်စွမ်းမှု စသည်တို့သည် သာမန်လူထက် ကျော်လွန်နေပြီဖြစ်ရာ အထူးစွမ်းရည်ဟုပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။
ထို့ကြောင့် အထူးစွမ်းရည်များရှိနေသဖြင့် ရှောင်လင်းယွီ၏ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းမှာ လုံးဝပြဿနာမရှိပေ။
မည်သူမဆို သူမကိုဖမ်းဆီးပြီး လျှို့ဝှက်ချက်များကို မေးမြန်းချင်ပါက... သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး ကြွားလုံးထုတ်နေခြင်းမဟုတ်ဘဲ မိုးပေါ်သို့တက်ရသည်ထက် ပိုခက်ခဲမည်ဟု အမှန်တကယ်ယုံကြည်ထားခြင်းဖြစ်သည်။
မှန်ပါသည်... ဤထူးခြားဆန်းကြယ်သော စွမ်းရည်များကို သူမနှင့်ရင်းနှီးသော လူအနည်းငယ်မှလွဲ၍ မည်သူမျှ မသိကြပေ။
ဘရူးစ်သည် သူမ၏ယုံကြည်ချက်ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်သံကို ကြားလိုက်ရသောအခါ ကျောချမ်းသွားပြီး ခေါင်းခါလိုက်သည်။
"စိတ်ချပါ ဥက္ကဌရှောင်၊ ကျွန်တော်က တကယ်ကို စီးပွားရေးသူလျှို မဟုတ်ပါဘူး"
ကောလာဟလများအရ Green Freshအုပ်စုကို တည်ထောင်သူ ရှောင်လင်းယွီသည် ဒဏ္ဍာရီဆန်သူတစ်ဦးဖြစ်သည်။
သူမသည် စီးပွားရေးသမားဖြစ်သော်လည်း အလုပ်လုပ်ရာတွင် လူသားဆန်ပြီး တရားမျှတမှု၊ ကြင်နာမှု ရှိသော်လည်း သူတော်ကောင်းကြီးတော့ မဟုတ်ပေ။ သူမကို အနိုင်ကျင့်သူရှိပါက သေချာပေါက် လက်တုံ့ပြန်တတ်သူဖြစ်သည်။ ထို့ကြောင့် မည်သူမျှ သူမကို အထင်သေးရဲခြင်း မရှိပေ။
ဘရူးစ်သည် စီးပွားရေးလောကတွင် ကျင်လည်ခဲ့သည်မှာ ကြာပြီဖြစ်ရာ သူမ၏အပြုံးနောက်ကွယ်မှအဓိပ္ပာယ်ကို နားလည်သဖြင့် ရိုးသားကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ရှောင်လင်းယွီသည် ဤပြဿနာကို ဆက်လက်တွယ်ကပ်မနေတော့ဘဲ ခေါင်းညိတ်ကာ ဒုတိယ မေးခွန်းကို မေးလိုက်သည်။
"ရှင် ကျွန်မကုမ္ပဏီကို လာလုပ်မယ်ဆိုရင် ရှင် ဘာလုပ်ပေးနိုင်မှာလဲ။ တနည်းအားဖြင့်ပြောရရင် ရှင့်ကို အလုပ်ခန့်ဖို့ ကျွန်မက ဒီလောက်အန္တရာယ်ကြီးတဲ့အလုပ်ကို လုပ်ရလောက်အောင် ရှင်က ဘယ်လိုတန်ဖိုးမျိုး ဖန်တီးပေးနိုင်မှာလဲ"
F နိုင်ငံ ဟွမ်လင်းအုပ်စုသည် နယ်ပယ်တွင်း၌ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ်ဖြစ်ပြီး ခိုင်မာသော အခြေခံအုတ်မြစ်နှင့် ကြီးမားသော ဘဏ္ဍာငွေများရှိသည်။
သူတို့ကုမ္ပဏီမှ ထုတ်ပယ်လိုက်သောဝန်ထမ်းကို Green Freshအုပ်စုက လက်ခံလိုက်ကြောင်း သိရှိပါက သူတို့၏ဂုဏ်သိက္ခာနှင့် နယ်ပယ်တွင်းသြဇာအာဏာအတွက် Green Freshအုပ်စုကို သေချာပေါက် သင်ခန်းစာပေးလာနိုင်ခြေရှိသည်။
ဆိုလိုသည်မှာ ဟွမ်လင်းအုပ်စု၏ပိတ်ပင်ခြင်းခံထားရသူကို လက်ခံလိုက်ခြင်းအားဖြင့် သူမသည် သူတို့နှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ရတော့မည်ဖြစ်သည်။
ထိပ်တိုက်တွေ့သည်၊ မတွေ့သည်ကို ရှောင်လင်းယွီ ဂရုမစိုက်ပေ။ သူမ လုံးဝ မကြောက်ပေ။
သို့သော် ဤလူသည် ထိုသို့လုပ်ရလောက်အောင် တန်ဖိုးရှိမရှိ ကြည့်ရပေမည်။
***