အခန်း (၈၁)
Vol. 6 Ch. 81
သူမအစ်ကို၏ စကားကိုကြားသည့်အခါ ရှောင်းကောအနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမအစ်ကိုကို ဒီလောက်ထိ အလုပ်ရှုပ်မခံစေချင်ပေ။ သူ စားသောက်ဆိုင်မှာ လုပ်ရတာကပင် ပင်ပန်းနေပြီဖြစ်သည်။ ဒီအခွင့်အရေးကိုယူကာ သူ အနားယူနိုင်လျှင် ကောင်းမည်။
ချင်းအန့်မင်မှာ ဂျုံပင်တွေကို စတင်ဖြတ်နေပြီဖြစ်မှန်း ရှောင်းကော မြင်လိုက်ရသည်။ သူ့ကိုတားရင် သူနားမထောင်လောက်ဘူးဆိုတာ သေချာသည်။
မေ့လိုက်တော့။ သူမ အလုပ်ပြန်လုပ်တာ ပိုကောင်းမယ်။ သူမ ပိုကြိုးစားရိတ်ပြီး များများလုပ်နိုင်ရင် သူမအစ်ကိုအတွက် လုပ်စရာနည်းသွားမည်ပင်။ ပြီးလျှင် အိမ်ပြန် အနားယူနိုင်မည်။
ရှောင်းကောသည် သူမ၏ ဓားကို အစွမ်းကုန် ဝှေ့ယမ်းလိုက်သည်။ ချင်းအန့်မင်လည်း နောက်ကောက်ကျမခံပေ။ သူလည်း ရှောင်းကောနှင့် အတွေးတူသည်။ ဒါကို ဘယ်သူက အရင်တွေးလဲဆိုတာက အဓိကပင်။
သူသာ ဂျုံတွေကို ပိုရိတ်လိုက်လျှင် ရှောင်းကောတွင် လုပ်စရာသိပ်မရှိလောက်တော့ပေ။
သူတို့ နှစ်ယောက် အဆက်မပြတ် အလုပ်လုပ်ကြသည်။ ကံအားလျော်စွာဖြင့် လယ်ကွက်က သိပ်မကြီးပေ။ ရှောင်းကောနှင့် ချင်းအန့်မင်တို့မှာ နှစ်နာရီတောင်မကြာလိုက်ပေ ရိတ်တာ ပြီးသွားတော့သည်။
နားတောင်မနားဘဲ သူတို့နှစ်ယောက် ဂျုံပင်တွေကို အိတ်တွေထဲထည့်ကာ လှည်းပေါ်တင်လိုက်သည်။ အားလုံးကို အိမ်ပြန်သယ်ဖို့ နှစ်ခေါက်လောက် သွားလိုက်ရသည်။
အိမ်ပြန်ရောက်တော့လည်း သူတို့ အလုပ်လုပ်တာ မရပ်ကြပေ။ သူတို့သည် အိတ်ထဲမှ ဂျုံပင်တွေအား ထုတ်ကာ ခြံဝင်းထဲတွင် သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် ပြောင်းပင်များ စိုက်ထားသည့် လယ်ကွက်သို့ မောင်းနှင်ကာသွားကြသည်။
ရှောင်းကောနှင့် ချင်းအန့်မင်တို့သည် လယ်ကွက်၏ ဟိုဘက်ဒီဘက်တွင် နေရာယူလိုက်ကြပြီး တစ်ကြိမ်လျှင် တစ်ယောက်ကို နှစ်တန်းစီ နေရာယူကာ ပြောင်းဖူးတွေကိုခြွေကြသည်။ ထို့နောက် ဂျုံပင်များအား ရိတ်သိမ်းခဲ့သည့်အတိုင်း ပြောင်းဖူးများအားခြွေကာ စုပုံထားလိုက်သည်။
မကြာခင်မှာပဲ သူတို့နှစ်ယောက် ပြောင်းခင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ပြောင်းပင်တွေဟာ လူတစ်ရပ်စာလောက်ရှည်သည်။ ရှောင်းကောမပြောနှင့် ချင်းအန့်မင်၏ ခေါင်းကိုတောင် ပြောင်းပင်တွေကြားတွင် မမြင်နိုင်ပေ။
ရှောင်းကောသည် သူမမျက်နှာနှင့် တစ်တန်းထဲရှိနေသည့် အရွက်များကို ဂရုတစိုက် ရှောင်ရှားလိုက်သည်။
သူမရဲ့မျက်နှာလှလှလေးအတွက် သတိထားတာက ပိုကောင်းသည်။
ပြောင်းဖူတွေကို ခြွေပြီးသည့်နောက် ခွဲခြားသိစေရန်အတွက် အပင်များအား ချိုးလိုက်သည်။
ရှောင်းကောသည် ပြောင်းဖူးတွေအား ခြွေကာ အပင်များကိုလည်း လယ်ကွက်အဆုံးအထိ တစ်ပြိုင်နက်တည်း ချိုးလိုက်သည်။ သူမ ကွင်း၏ အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ ချင်းအန့်မင်လုပ်နေသည့် ပထမပြောင်းပင်တန်းနှစ်တန်းတွင် အပင်တွေ ချိုးထားသည်ကို တွေ့လိုက်ရသည်။ သူက နောက်ထပ် နှစ်တန်းမှာ လုပ်နေပြီဖြစ်သည်။
နောက်ကောက်မကျစေရန်၊ ရှောင်းကောလည်း ပြောင်းပင်တန်းအသစ်တွင် စိတ်အားထက်သန်စွာဖြင့် စတင်လုပ်တော့သည်။
ရှောင်းကောလည်း အဆက်မပြတ်လုပ်နေကာ သူမ၏ နားထဲတွင် အရွက်များအချင်းချင်းပွတ်တိုက်သံတွေဖြင့် ပြည့်နေသည်။ သူတို့နှစ်ယောက် အလယ်တွင် တစ်ယောက်နဲ့တစ်ယောက် မတိုက်မိခင် အချိန်တစ်ခုလောက်ကြာသွားခဲ့သည်။
သူတို့ နှစ်ယောက် ပြီးသွားတဲ့အခါ အိတ်တွေထဲ ပြောင်းဖူးတွေထည့်ရသည်။ နောက်ဆုံး အိတ်တွေအကုန်ပြည့်သွားတာတောင်မှ အပုံတချို့ ကျန်နေသေးသည်။ နှစ်ယောက်သား အိတ်တွေအား မြည်းလှည်းပေါ် တင်လိုက်ကြသည်။
“နောက်မှ ပြောင်းပင်တွေယူဖို့ ပြန်လာကြရအောင်"
ချင်းအန့်မင်သည် မြေပြင်ပေါ်ရှိ ပြောင်းပင်များအား ကြည့်လိုက်သည်။ ဤအရာတွေအား နွားနှင့် မြည်းများကိုကျွေးပါက ကောင်းသည်။
“ဒီအကြောင်း နောက်မှပြောတာပေါ့။ အလျင်မလိုပါဘူး"
မည်သို့ပင်ဆိုဆို ပြောင်းပင်များအား လယ်ကွက်ထဲတွင်သာ ချန်ထားခဲ့လိုက်ကြသည်။ နောက်တစ်ခါ နွားကျောင်းထွက်ပါက ဤနေရာသို့ခေါ်လာနိုင်သည်။
သူတို့နှစ်ယောက်က အိမ်ဆီ ဦးတည်လိုက်ကြသည်။ လမ်းတစ်လျှောက်တွင် ကောက်ပဲသီးနှံများရိတ်နေသည့် မိသားစုအချို့နှင့်လည်း ဆုံကြသည်။
သူတို့နှစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ ကျွမ်းကျွမ်းက အိမ်ရှေ့တံခါးဝတွင် စောင့်နေသည်။
သူတို့ကို သူမြင်လိုက်တော့ လှည်းမောင်းဝင်နိုင်စေရန် ဘေးသို့ အမြန်ရွှေ့ပေးလိုက်သည်။
နောက်ကျနေပြီဖြစ်သည်။ သူတို့ အိမ်ကိုရောက်သည့်နှင့် လှည်းပေါ်မှ ပြောင်းဖူးတွေကို ချလိုက်ကြသည်။
ရှောင်းကော ချက်ပြုတ်ဖို့သွားတုန်း ချင်းအန့်မင်က ကျွမ်းကျွမ်းအား အိတ်တွေထဲမှ ပြောင်းဖူးများကို သွန်ပေးရန်ယူလာသည်။
ရှောင်းကော မီးဖိုချောင်သို့ သွားလိုက်ကာ တစ်ဖက်နေရာလွတ်မှ ဝက်ဗိုက်သားတစ်ပိုင်းအား ယူလိုက်သည်။ ခြံဝင်းထဲရှိ ဟင်းသီးဟင်းရွက်ပင်တွေကလည်း ကြီးလာပြီဖြစ်သည်။ ယခင်က အသီးမသီးကြသေးပေမဲ့ မကြာသေးမီက မိုးရွာပြီးသည့်နောက်တွင် အသီးအရွက်တချို့သည် ကြီးထွားမှုကို အထောက်အကူဖြစ်စေသည့်အလား ညတွင်းချင်းပင် ကြီးထွားလာခဲ့သည်။
ရှောင်းကောသည် ဟင်းသီးဟင်းရွက်စိုက်ခင်းသို့သွားကာ ငရုတ်သီးတချို့ ခူးဆွတ်လိုက်သည်။ ခဏနေကျလျှင် ချင်းအန့်မင်အတွက် အသားတချို့နှင့် ငရုတ်သီးအား မွှေကြော်မည်။ ချင်းအန့်မင်သည် စပ်သည့် အစားအသောက်တွေကို ကြိုက်ကြောင်း သူမမှတ်မိသည်။
ထို့နောက် ကျွမ်းကျွမ်းအတွက် သခွားသီးနှင့်ကြက်ဥ မွှေကြော်ပေးရန် သခွားသီးတချို့ခူးလိုက်သည်။ ဒါက သူအကြိုက်ဆုံးဟင်းပင်။
ပါးပါးလှီးထားသည့် အသား၊ ငရုတ်သီးတို့နှင့် မွှေကြော်ရန် ခရမ်းသီးအကြီးကြီးတစ်လုံးကိုလည်း ခူးလိုက်သည်။
အိမ်ထဲပြန်ရောက်လျှင် ထမင်းပေါင်းချက်ဖို့ရန် သူမစိတ်ကူးထားသည်။ သို့သော် အလုပ်များသည့် နံနက်ခင်းအပြီးတွင် လူတိုင်းသည် ရေငတ်သလို ခံစားကြရသည်။ ရှောင်းကောသည် နေ့လယ်စာအတွက် ဆန်ပြုတ်နှင့် ပူပူနွေးနွေးဘန်းမုန့်လုပ်ရန် ဆုံးဖြတ်ထားသည်။
မီးဖိုချောင်ထဲ ပြန်ရောက်တော့ သူမခူးထားသည့် ဟင်းသီး ဟင်းရွက်တွေကို ပြင်ဆင်တော့သည်။ ရေဆေး၊ အခွံခွာကာ အတုံးလေးတွေလှီးလိုက်သည်။
ဆန်ပြုတ်တည်ထားတုန်းမှာ ရှောင်းကောသည် အိုးတစ်လုံးအား အပူပေးကာ ဆီအနည်းငယ်ထည့်လိုက်သည်။ ဆီပူလာလျှင် ကြက်ဥ ၅ လုံးမွှေထားသည်ကိုထည့်ကာ ကြော်လိုက်သည်။ ကြက်ဥတွေကျက်သွားတော့ ဖယ်လိုက်ကာ အိုထဲတွင်ကျန်နေသည့်ဆီဖြင့် သခွားသီးတွေကို ကြော်လိုက်သည်။ သခွားသီးတွေ ကျက်သွားတော့ သူမသည် ကြက်ဥနှင့် ဆားအနည်းငယ်ထည့်လိုက်သည်။ အကြိမ်အနည်းငယ် မွှေပြီးနောက် ဟင်းအား ပန်းကန်ထဲထည့်လိုက်သည်။
ရှောင်းကော ဟင်းတွေအား အိမ်ထဲယူလာသည်။ ကျွမ်းကျွမ်းနှင့် ချင်းအန့်မင်တို့မှာ အိတ်တွေထဲမှ ပြောင်းဖူးတွေကို ရှင်းထုတ်နေဆဲဖြစ်သည်။ ရှောင်းကော ပန်းကန်များကိုချကာ မီးဖိုချောင်သဆီ ပြန်သွားလိုက်သည်။ မီးဖိုချောင်မှ မွှေးကြိုင်သည့် ရနံ့ကိုရှူလိုက်ရတဲ့အခါ ကျွမ်းကျွမ်းရဲ့မျက်လုံးတွေဟာ ချက်ချင်း ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်သွားတော့သည်။
“ဦးလေး မေမေ သခွားသီးကြော်နဲ့ ကြက်ဥမွှေကြော် ချက်နေတယ်ဆိုတာယုံလား!"
ချင်းအန့်မင်လည်း သခွားသီးနှင့်ကြက်ဥမွှေကြော်ရနံ့ကိုရသည်။ သူ ကျွမ်းကျွမ်းအား ခေါင်းညိတ်ပြလိုက်သည်။ "ယုံတယ်!"
ခဏအကြာတွင် သင်းပျံ့သည့်ရနံ့တစ်ခု ပျံ့လွင့်လာသည်။ အခုတော့ ချင်းအန့်မင် ရယ်ရမယ့်အလှည့်ပင်။
"ကျွမ်းကျွမ်း ယုံချင်ယုံ မယုံချင်နေ သားရဲ့မေမေက ငရုတ်သီးနဲ့ အသားမွှေကြော်နေတယ်!"
ချင်းအန့်မင်က ကျွမ်းကျွမ်းရဲ့ လေသံကို တုကာ သူ့ကို ပြောလိုက်သည်။
ကျွမ်းကျွမ်း၏ နှာခေါင်းမှာ အစပ်ရနံ့ကြောင့် လှုပ်ခတ်သွားသည်။ "သားယုံတယ်!"
သူတို့ နှစ်ယောက် ခြံဝင်းထဲတွင် ရယ်မောလိုက်ကြသည်။ ရှောင်းကော အကြိမ်အနည်းငယ်လောက် နှာချေလိုက်ပြီး အသားအစပ်ကြော်ကို အိမ်ထဲသို့ယူလာသည်။
"နှစ်ယောက်သား ဘာတွေပြောနေကြတာလဲ?"
သူမ ခြံထဲရောက်လာတော့ နှစ်ယောက်သား ရယ်မောနေတာကို တွေ့လိုက်ရသည်။ ရှောင်းကောလည်း သူတို့ဘာတွေပြောနေလဲဆိုတာ သိချင်သွားသည်။
" ဟင်းတွေကိုမှန်းကြည့်နေတာ!"
တစ်ပြိုင်တည်းဖြေလာကြသည်။ ရှောင်းကော ပြုံးကာ အိမ်ထဲ ပြန်ဝင်သွားသည်။ တစ်ယောက်က ကလေးလေး၊ နောက်တစ်ယောက်က အရွယ်ရောက်နေတဲ့ကလေးကြီး။
ထို့နောက် ခရမ်းသီး မွှေကြော်ရန် အချိန်ရောက်လာသည်။ သူမသည် နုတ်နုတ်စဉ်းထားသည့် အသားများအား အိုးထဲတွင် အရင်ဆုံး မွှေကြော်လိုက်သည်။ ထို့နောက် ငရုတ်သီးနှင့် ခရမ်းသီးတို့ကို ထည့်ကာမွှေကြော်လိုက်သည်။ ခရမ်းသီးများ ပျော့လာသည့်အခါ အရသာအတွက် ဆားထည့်လိုက်ပြီး ပန်းကန်ထဲထည့်လိုက်သည်။
ချက်ပြုတ်ပြီးသည့်အခါ ဆန်ပြုတ်အား ထမင်းစား စားပွဲပေါ်တွင် တင်လိုက်သည်။ ချင်းအန့်မင်နှင့် ကျွမ်းကျွမ်းတို့လည်း လက်ဆေးကာ အိမ်ထဲဝင်လာကြသည်။
ရှောင်းကောသည် ဆန်ပြုတ်နှင့် အရံဟင်းလျာများအား တစ်ဦးချင်းစီ ခွဲဝေပေးသည်။ အားလုံးက အဖြူရောင်ဘန်းမုန့်ကြီးကို ယူကာ စတင်စားသောက်ကြသည်။
သုံးယောက်သား ဗိုက်ပြည့်သည်အထိ စားလိုက်ကြသည်။ သူတို့တွေ ဘာကိုမှမဖြုန်းတီးခဲ့ပေ။
ပန်းကန်ထဲတွင် ဟင်းသီးဟင်းရွက်အရည်တချို့ ကျန်နေသေးသည်။ ကျွမ်းကျွမ်းသည် ၎င်းအရည်ထဲ ဘန်းမုန့်အားနှစ်ကာ သူ့ခြေထောက်နားတွင်ရှိနေသည့် ခွေးလေးတွေကို ကျွေးလိုက်သည်။
ခွေးပေါက်လေးနှစ်ကောင်ဟာ သူမချက်ပြုတ်နေကတည်းက ရှောင်းကော ခြေထောက်နားတွင် အနံ့ခံနေခဲ့တာဖြစ်သည်။
စားသောက်နေတုန်းမှာလဲ သူတို့ဟာအော်ဟစ်အစာတောင်းကြသည်။
ကျွမ်းကျွမ်း သူတို့ကိုဘန်းမုန့်တွေ ကျွေးလိုက်တော့ ခွေးပေါက်လေးနှစ်ကောင်ရဲ့ ဗိုက်တွေက ဖောင်းတင်းသွားသည်။
ကျွမ်းကျွမ်း ပန်းကန်တွေကို ဆေးရန် မီးဖိုချောင်ဆီ ယူသွားသည်။ ရှောင်းကောသည် ရာသီဥတုသာယာနေချိန်တွင် ပြောင်းဖူးစေ့တချို့အား အခြောက်ခံရန် အပြင်ထွက်လာလိုက်သည်။ မနက်ဖြန် ချင်းအန့်မင်ပြန်မည့်အချိန်တွင် သူမ သူ့အတွက် ပြောင်းဖူးပေါက်ပေါက် လုပ်ပေးမည်။
ဒီအတွေးနဲ့အတူ ရှောင်းကော ခြံဝင်းထဲသွားလိုက်က ပြောင်းဖူးသုံးဖူး ဖယ်ထုတ်လိုက်သည်။ ချင်းအန့်မင်လည်းထွက်လာကာ ပြောင်းဖူးတွေပို အခွံနွှာလိုက်သည်။ ရှောင်းကော သူ့ကို အမြန်တားလိုက်သည်။
"အစ်ကို! အခွံမခွာနဲ့တော့။ ညီမက အစ်ကို့အတွက် ပြောင်းဖူးစေ့ တချို့အခြောက်ခံပေးမလို့။ မနက်ဖြန် အစ်ကိုပြန်သွားတဲ့အခါကျရင် အစ်ကို့အတွက် အရသာရှိတာတွေ လုပ်ပေးမလို့"
ချင်းအန့်မင်က သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သာမန်ပြောင်းဖူးတောင်မဟုတ်၊ သရေစာအဖြစ် ပြုလုပ်နိုင်ကြောင်း ရှောင်းကောထံမှ သူကြားလိုက်ရသည်။ ပြောင်းဖူးစေ့လေးကို အပူပေးလိုက်ပါက ပြောင်းဖူးပေါက်ပေါက်လို့ခေါ်တဲ့ အရာ ဘယ်လိုပြောင်းသွားမလဲဆိုတာ သူ သိချင်နေခဲ့တာ ကြာပြီဖြစ်သည်။
ပြောင်းဖူးစေ့တွေကို ဖယ်ရှားဖို့က မလွယ်ပါချေ။ ရှောင်းကောမှာ လက်မတွေနီရဲလာသည်အထိ ခွန်အားတွေ အများကြီးသုံးလိုက်ရသည်။ အဆုံးတွင်၊ ချင်းအန့်မင်မှာ ပိုသန်မာတဲ့လက်တွေ ရှိတာကြောင့် အစေ့တွေကို ဖယ်ထုတ်ရန် ကူညီပေးလိုက်သည်။
ထို့နောက် ပြောင်းဖူးစေ့များအား အမိုးပေါ်တွင် ဖြန့်ကာ နေပူပူတွင် အခြောက်ခံထားလိုက်သည်။
မွန်းတည့်ချိန်တွင် ရှောင်းကောသည် အိပ်ယာပေါ်တွင် လှဲလျောင်းကာ တစ်ရေးအိပ်ရန် ပြင်လိုက်သည်။ ပန်းကန်များဆေးကြောပြီးနောက် ကျွမ်းကျွမ်းလည်း ချင်းအန့်မင်နှင့် အတူ တစ်ရေးတစ်မောအိပ်ရန် သူ့နံဘေးသို့ ပြေးသွားလိုက်သည်။
ရှောင်းကောသည် အိပ်ရာပေါ်တွင် လှဲလျောင်းနေကာ အကြိမ်ပေါင်းများစွာ လူးလိမ့်နေပြီး အိပ်မပျော်ပေ။
သူမ အိပ်ရာမှထကာ တစ်ဝက်တစ်ပျက် ချုပ်ထားသည်များကို ဆက်ချုပ်လိုက်သည်။
ဒီတစ်လော ရှောင်းကောသည် အမျိုးသမီးယန်နှင့်အတူ အဝတ်အစားတွေ ချုပ်ဖြစ်သည်။ သူမသည် ဤခေတ်မှ အဝတ်အစားပုံစံများ ချုပ်နည်းကိုလည်း လေ့လာခဲ့သည်။
တစ်ခါအမျိုးသမီးယန်နှင့် ခရိုင်ဈေးကို သွားတုန်းက အထည်တွေ အများကြီး ဝယ်လာခဲ့သည်။ ပြန်ရောက်သည့်အခါ အဝတ်အစားအသစ်ချုပ်ရန် အတူစုမိကြသည်။ ဒီအတောအတွင်း သူတို့ဟာ အဝတ်အစားတွေ အများကြီး ချုပ်နိုင်ခဲ့သည်။
နေ့ခင်းဘက်တွင် ချင်းအန့်မင်သည် ခြံဝင်းအတွင်း မြည်းအား ကျောတွင် ကျောက်ကြိတ်ဆုံမှကြိုးဖြင့် ချည်ကာလျှောက်ခိုင်းပြီး ဂျုံနှံများကို ကြိတ်နေသည်။
ကျောက်ကြိတ်ဆုံ၏ အလေးချိန်အောက်တွင် ဂျုံစေ့များသည် အခွံများမှ တစ်ခုပြီးတစ်ခုထွက်လာကြသည်။ ရှောင်းကောက ဆန်ခါအားကိုင်ကာ အခွံများကိုလွှင့်ပစ်ပေးသည်။ ထို့နောက် ကျန်ရှိသည့် ဂျုံစေ့များကို မြေကြီးပေါ်တွင် ဖြန့်ခင်းကာနေရောင်ပြလိုက်သည်။