← Chapters

အခန်း (၈၂)

Vol. 6 Ch. 82

အခန်း (၈၂)

Vol. 6 Ch. 82

ကျွမ်းကျွမ်း ချင်းအန့်မင်နား မရပ်မနားကပ်နေကာ သူဘယ်သွားသွား သူ့အနောက်ကလိုက်နေသည်။

ချင်းအန့်မင် မြည်းလှည်းကို မောင်းနေလျှင် ကျွမ်းကျွမ်းဟာလည်း သူလုပ်နေသမျှကို အတုခိုးကာ လိုက်လုပ်သည်။ သူက မြက်ပင်နဲ့လုပ်ထားတဲ့ သူ့ရဲ့ကြာပွတ်လေးကို မြှောက်ကာ လေထဲတွင် ဝှေ့ရိုက်လိုက်သည်။

သူတို့သုံးယောက် သူတို့ရဲ့ အလုပ်တွေကြားမှာ ခဏ‌လောက် အနားယူလိုက်ကြသည်။ ကောင်းကင်ကြီး မှောင်လာသည့်အချိန် ဂျုံတွေအားလုံးကို ကြိတ်ပြီးသွားပြီဖြစ်သည်။

ဂျုံစေ့တွေအား လေဖြင့်အခြောက်ခံရန် ဖယ်ထားသည်။ ရာသီဥတုကောင်းလာသည့်အခါ အစေ့အဆန်များကို အညီအမျှ အခြောက်လှန်းပေးရသည်။ ရက်အနည်းငယ်ကြာအခြောက်ခံပြီးပါက ဂျုံစေ့များကို အနာဂတ်တွင်အသုံးပြုရန်အတွက် သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ လိုအပ်ပါက ဂျုံမှုန့်ဖြစ်အောင် ကြိတ်နိုင်သည်။

ရှောင်းကော ပြောင်းစေ့များအား လှန်လှောကြည့်လိုက်ကာ အစိုဓာတ် သိပ်မကျန်တော့ကြောင်း ခံစားလိုက်ရသည်။ ပြောင်းစေ့တွေအား တခြားနေရာပြောင်းကာ ညစာစားဖို့ အိမ်ထဲဝင်လိုက်သည်။

ညစာစားပြီးနောက် ကျွမ်းကျွမ်း သူ့စာအုပ်တွေကိုယူကာ ချင်းအန့်မင်ကိုလိုက်ရှာသည်။

ယခင်က သူ သင်ယူခဲ့တဲ့စကားလုံးများကို မေ့သွားခြင်း ရှိမရှိ စစ်ရမည်ဖြစ်ကာ စကားလုံးအသစ်တွေကိုလည်း သင်ပေးရမည်။

ရှောင်းကော သူ့လက်တွေကို ဝှေ့ယမ်းကာ ထွက်သွားဖို့ အချက်ပြလိုက်သည်။ ထို့နောက် သူမသည် ချင်းအန့်မင်အတွက် ခြေအိတ်တချို့ ချုပ်ပေးရန် စာကြည့်စားပွဲပေါ်တွင် ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်သည်။

သူမသည် အမျိုးသမီးယန်ထံမှ ချုပ်လုပ်နည်းများစွာကို သင်ယူခဲ့သည်။ အတွင်းခံ၊ အပြင်ဝတ်၊ ခေါင်းဆောင်းနှင့် ဖိနပ်တို့ပါသည်။ အမျိုးသမီးယန်ဟာ ရှောင်းကောအား သူမ သိထားသမျှ သင်ပေးခဲ့သည်။

ရှောင်းကော နောက်ဆုံး ချုပ်ကြောင်းကို ချုပ်လိုက်ကာ ချည်ကို ကိုက်လိုက်ပြီး ချုပ်ပြီးသွားသည်အား ကြည့်ရန် လှန်လိုက်သည်။

မဆိုးဘူး! အပြင်မှာရောင်းတဲ့ဟာတွေနဲ့ မခြားဘူး!

ရှောင်းကောသည် ကုတင်ပေါ်ရှိ တခြားခြေအိတ်ဘေးတွင် ၎င်းခြေအိတ်အား ပျော်ပျော်ရွှင်ရွှင်ဖြင့် ချလိုက်သည်။ သူမထကာ ဗီရိုဆီသွားလိုက်ပြီး အထည်အိတ်ကိုထုတ်လိုက်သည်။

သူမ ကုတင်ဆီပြန်လာကာ အဝတ်အိတ်ကိုဖွင့်လိုက်တော့ အသင့်ဝတ် အဝတ်အစား နှစ်စုံနှင့် ခြေအိတ်တစ်စုံထွက်လာသည်။

ရှောင်းကောသည် ကျန်အဝတ်အစားများနှင့် တွဲရန်လုပ်ထားသည့် ခြေအိတ်များကို ထည့်ကာ အထည်အိတ်ကို ချည်လိုက်သည်။ အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး မနက်ဖြန်လျှင် ချင်းအန့်မင်အား ယူသွားခိုင်းရမည်။

"မနက်ဖြန် မမေ့သွားရအောင် မြင်သာတဲ့ နေရာမှာ ထားလိုက်မယ်"

ကျွမ်းကျွမ်းက ရှောင်းကောအား သူ့ဦးလေးနှင့် တစ်ညအိပ်မည်ဟု ပြောသွားသည်။

ရှောင်းကော ဒါကို ခန့်မှန်းပြီးသားပင်။ နေ့ခင်းတစ်ရေးအိပ်ရာမှ နိုးလာတုန်းက ကျွမ်းကျွမ်းတစ်ယောက် ချင်းအန့်မင်အခန်းမှ သူ့ခေါင်းအုံးနှင့် စောင်ကို ပြန်ယူလာခဲ့ခြင်းမရှိပေ။

ကျွမ်းကျွမ်းက သူ့ဦးလေးနဲ့ အတူအိပ်ချင်နေမှန်းသိနေမှတော့ ရှောင်းကောက ဘယ်လိုလုပ်ဖျက်ရမှာတဲ့လဲ?

သူမ တစ်ယောက်တည်း အိပ်ရတာကြောင့် ဒီနေ့တွင် အထူးကျယ်နေပုံရတဲ့ ကုတင်ပေါ်တွင် ရှောင်းကောတစ်ယောက် လူးလှိမ့်လိုက်သည်။

တစ်ဖက်ခန်းက ကျွမ်းကျွမ်းရဲ့ ရယ်သံကို နားထောင်ရင်း ရှောင်းကောအနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

ယနေ့ ကျွမ်းကျွမ်း၏ အကြည့်တွေ ချင်းအန့်မင်အပေါ်ရောက်နေပြီးကတည်းက သူ့တွင် ချင်းအန့်မင်အား ပြောမကုန်သည့်အရာတွေရှိနေသလိုမျိုး သူ့အားကပ်နေတော့သည်။

သူ ဘာတွေလုပ်ခဲ့တာ၊ ဘာတွေသင်ယူခဲ့တာနှင့် သူထမင်းဘယ်နှစ်ပန်းကန်စားလဲဆိုတာကိုပါ သူ့ဦးလေးကိုပြန်ပြောပြသည်။

ချင်းအန့်မင်ရှိနေသရွေ့ ကျွမ်းကျွမ်းတစ်ယောက် သူမအား ဘယ်တော့မှ တွယ်ကပ်နေမှာ မဟုတ်ပေ။

ကျွမ်းကျွမ်းမှာ ရှောင်းကောအား ကပ်သော်လည်း ချင်းအန့်မင်အနားတွင် ရှိသည့်အချိန်နှင့် မတူပါချေ။

ရှောင်းကောသည် တောက်နေသည့် ဖယောင်းတိုင်ကို ကြည့်ကာ သူမဘာသာသူမ တွေးလိုက်မိသည်။ ဒါကြောင့် ကျွမ်းကျင်သူတွေဟာ အချက်တစ်ခုကိုထုတ်ဖော်ခဲ့တာပင်။ မိခင်မေတ္တာဟာ ဖခင်မေတ္တာနှင့် ကွဲပြားသည်။

ကျွမ်းကျွမ်းသည် သူမထံမှ မိခင်မေတ္တာကို ရှာဖွေကာ ချင်းအန့်မင်ထံမှ ဖခင်မေတ္တာကို ရှာဖွေနေခဲ့တာဖြစ်သည်။

သူမွေးလာကတည်းက ကျွမ်းကျွမ်း ပတ်ဝန်းကျင်တွင် ယောကျ်ားလေးတွေ မရှိခဲ့ပေ။ သူ့အဖေအကြောင်း အမျိုးသမီးကျန်းဆီမှ အကြိမ်အနည်းငယ်သာ ကြားခဲ့ရသည်။

သူ့ပတ်ဝန်းကျင်တွင် အမျိုးသမီးတွေနှင့် ကလေးတွေသာ ဝန်းရံနေခဲ့သည်။ ကျွမ်းကျွမ်းအတွက် အပြုသဘောဆောင် စံနမူနာပြနိုင်သည့် ယောကျ်ားတစ်ဉီးမျှ မရှိခဲ့ပေ။

ယခု သူ့တွင် ချင်းအန့်မင် ရှိလာသည်ကြောင့် ကျွမ်းကျွမ်းက သူတောင့်တခဲ့ရသည့် ဖခင်မေတ္တာအားလုံးကို သူ့ဦးလေးဆီမှ ရယူနေတာဖြစ်သည်။

စားပွဲပေါ်မှ တဖျပ်ဖျပ်တောက်နေသည့် ဖယောင်းတိုင်မီးကို ကြည့်ရင်း ရှောင်းကော စိတ်ရှုပ်သွားမိသည်။ သူမ ထကာ ဖယောင်းတိုင်အား မှုတ်လိုက်သည်။

သူမသည် မိခင်မေတ္တာကို ပေးစွမ်းနိုင်သော်လည်း ဖခင်မေတ္တာကို ပေးစွမ်းနိုင်ခြင်း မရှိပေ။ နောင်တွင် သူမ ကျွမ်းကျွမ်းအား ချင်းအန့်မင်ထံ မကြာခဏခေါ်သွားရမည့်ပုံပင်။

ရှောင်းကော မိန်းမောစွာဖြင့် နောက်တစ်နေ့ မိုးသောက်ချိန်တွင် နိုးလာခဲ့သည်။

ခြံဝင်းထဲရှိ ကြက်တွေ တွန်နေသည်ကြောင့် ရှောင်းကောနိုးလာသည်။

မနေ့က သူတို့အခန်းထဲက ထွက်လာတဲ့ အသံတွေကို နားထောင်ကြည့်ပါက၊ ချင်းအန့်မင်နဲ့ ကျွမ်းကျွမ်းတို့ နောက်ကျမှ အိပ်ကြမှန်း ရှောင်းကောသိလိုက်သည်။

ရှောင်းကော သူတို့နှစ်ယောက်ကို မနှိုးခဲ့ပေ။ သူမသည် ခြံဝင်းထဲသို့ ဦးစွာသွားကာ တိရစ္ဆာန်များအား မြက်ကျွေးလိုက်သည်။ သူမ ချင်းအန့်မင်၏ မြင်းကိုလည်းကျွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီတိရစ္ဆာန်ဟာ ခဏနေကျလျှင် လှည်းဆွဲကာပြန်ရဦးမည်ပင်။

ခွေးပေါက်လေးနှစ်ကောင်က ရှောင်းကောကိုတွေ့သည့်အခါ ထလာပြီး သူတို့ရဲ့ခြေတံတိုတိုလေးတွေဖြင့် သူမနောက်ကို လိုက်ကြသည်။

နံနက်ခင်းတွင် ရှောင်းကောသည် ဆေးဘဲဥနှင့် ဝက်သားဆန်ပြုတ်ချက်လိုက်သည်။ သူမသည် ခရမ်းချဉ်သီး ၃ လုံးကို ခူးကာ သကြားဖြူ၊ ဆေးဘဲဥသုံးလုံးနှင့်အတူ လှိမ့်လိုက်သည်။

အိုးထဲတွင် ဘန်းမုန့်တချို့ ပေါင်းထားကာ မီးခိုးခေါင်းတိုင်မှ အငွေ့တွေ အဆက်မပြတ် ထွက်နေသည်။

ရှောင်းကော ခြံဝင်းသို့သွားကာ ပြောင်းစေ့များအား စစ်ဆေးလိုက်သည်။ ပြောင်းစေ့တွေဟာ ခြောက်သွေ့နေပြီဖြစ်သည်။ ညဘက်တွင် နှင်းမကျတာကြောင့် အစေ့များသည် အစိုဓာတ်ကို မစုပ်ယူနိုင်ပေ။

ရှောင်းကော ပြောင်းစေ့များအား မီးဖိုချောင်သို့ ပြန်ယူလာလိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူတို့ဈေးတွင်ရှိနေတုန်းက အမျိုးသမီးယန်တစ်ယောက် နှမ်းဆီဝယ်နေသည်အား သူမ တွေ့ခဲ့ရသည်။ သူမလည်းဝက်ဆီစားရတာ ငြီးငွေ့လာသည့်အတွက် သူမကိုယ်တိုင်လည်း ဝယ်ခဲ့သည်။

မဟုတ်ပါက သူမ လုပ်မည့် ပြောင်းဖူးပေါက်ပေါက်တွင် ဝက်ဆီအရသာထွက်နေလိမ့်မည်ပင်။

ရှောင်းကောသည် အပူပေးထားသည့် ပန်းလိပ်များအား အိမ်ထဲသို့ ယူလာသည်။ ဆန်ပြုတ်က အဆင်သင့်ဖြစ်နေပြီဖြစ်ကာ အအေးခံထားလိုက်သည်။

ကျွမ်းကျွမ်းနှင့် ချင်းအန့်မင်တို့မှာ ခုနကမှ အိပ်ရာကနေထလာခဲ့တာဖြစ်သည်။ ရှောင်းကော သူတို့အား ဆေးကြောခိုင်းလိုက်ပြီးနောက် စားသောက်ကြသည်။

ရှောင်းကော အရင်စားပြီးသွားသည်။ သူမပန်းကန်လုံးကိုချလိုက်ကာ ချင်းအန့်မင်အတွက် ပြောင်းဖူးပေါက်ပေါက် ပြင်ပေးရန် မီးဖိုချောင်ဆီပြန်သွားလိုက်သည်။

ရှောင်းကောသည် အိုးအား သန့်စင်အောင်ဆေးကြောလိုက်ကာ ဆီထည့်လိုက်ပြီး သကြားဖြူပါ ထည့်လိုက်သည်။ မီးသင်းသကြားရည်ဖြစ်လာသည့်အခါ သူမသည် ပြောင်းဖူးစေ့များကို ထည့်လိုက်ပြီး ယောက်မဖြင့်မွှေလိုက်သည်။ ပြောင်းစေ့တွေ ပေါက်လာတဲ့အခါ ရှောင်းကောက ကျွမ်းကျွမ်းအား ကြည့်ရန်အလျင်အမြန် ခေါ်လိုက်သည်။ မနေ့က ကျွမ်းကျွမ်းတစ်ယောက် ရှောင်းကော ပေါက်ပေါက်လုပ်မယ်မှန်း သိလိုက်ရတော့ သူ့အား နှိုးဖို့ သတိပေးထားခဲ့သည်။ သူကိုယ်တိုင် မြင်ချင်သည်!

ကျွမ်းကျွမ်းနှင့် ချင်းအန့်မင်တို့လည်း စားသောက်လို့ပြီးသွားပြီဖြစ်သည်။ ရှောင်းကောခေါ်သံ ကြားတဲ့အခါက သူတို့က ပန်းကန်တွေကို အမြန်ချပြီး ဤမှော်ဆန်သည့် ဖြစ်စဉ်ကို မြင်ရရန် မီးဖိုချောင်ဆီ အပြေးသွားကြသည်။

သူတို့သုံးယောက်ရှေ့တွင် ပြောင်းဖူးစေ့တစ်ခု ပေါက်ကွဲသွားသည်။ ယောက်မဖြင့် မွှေလိုက်သဖြင့် နောက်ထပ် စေ့ပေါင်းများစွာ ပေါက်ကွဲသွားသည်။

ထိုအချိန်တွင်၊ ပြောင်းဖူးပေါက်ပေါက် တစ်ပိုင်းသည် ကျွမ်းကျွမ်းကိုယ်ပေါ် ပျံတက်သွားသည်။ ကလေးက အမြန်တုံ့ပြန်လိုက်သည်။ သူက ၎င်းအား ချက်ခြင်းဖမ်းယူလိုက်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ အမ်း... စားလို့ကောင်းတယ်!

မီးဖိုချောင်တွင် ပေါက်ပေါက်၏ ချိုမြမြရနံ့တွေဖြင့်ပြည့်နေသည်။

အဲ့ဒီအချိန်တွင် အစေ့များ ပိုပေါက်လာသည်။ ရှောင်းကောသည် အိုးအား အဖုံးတစ်ခုဖြင့် အမြန်ဖုံးလိုက်သည်။ အဖုံးအောက်မှနေ ကျယ်လောင်သည့် အသံများကို ကြားနေရသည်။

ချင်းအန့်မင်လည်း အဝေးသို့ ရွေ့သွားသည်။ ၎င်းကမှော်ဆန်ကာ နည်းနည်းလည်း ပျော်ဖို့ကောင်းသည်။ "ဒီအသံက မီးရှူးမီးပန်းအသေးနဲ့တောင် ယှဉ်လို့ရတယ်"

ရှောင်းကော သေချာနားထောင်လိုက်သည်။ အမှန်ပဲ!

အိုးထဲမှ အသံများ ထပ်မထွက်လာတော့ ရှောင်းကော မီးကိုသတ်ကာ အဖုံးကို ဖွင့်လိုက်သည်။ မီးမကျွမ်းသွားစေရန် ပေါက်ပေါက်ကို မွှေလိုက်သည်။

ပေါက်ပေါက်တစ်အိုး သူတို့ရှေ့မှာ ပေါ်လာသည်။ ကျွမ်းကျွမ်းနဲ့ ချင်းအန့်မင်တို့ မနေနိုင်ဘဲ အံ့ဩတကြီးအော်ဟစ်လိုက်ကြသည်။

ရှောင်းကော ပြောင်းဖူးပေါက်ပေါက်အား ထည့်ရန် သန့်ရှင်းသည့် ပုလင်းနှစ်လုံးကို ကြိုတင်ပြင်ဆင်ထားသည်။ ၎င်းတို့ဟာ စိုထိုင်းတတ်သည်ကြောင့် ပုလင်းထဲတွင် တင်းတင်းကျပ်ကျပ် အလုံပိတ် ထားရမည်ဖြစ်သည်။ ၎င်းတို့အား ပုလင်းထဲတွင် လွယ်လွယ်ကူကူသိမ်းဆည်းထားနိုင်ကာ အစိုဓာတ်နှင့် ထိတွေ့မိမည်ကို စိတ်ပူစရာမလိုတော့ပေ။

ချင်းအန့်မင် ပုလင်းကိုကိုင်ကာ ရှောင်းကော ပေါက်ပေါက် ခပ်တာကို ကြည့်နေသည်။ ပြောင်းဖူးပေါက်ပေါက်တွေကို ဒီလိုသေးငယ်တဲ့ အစေ့နည်းနည်းကနေ လုပ်နိုင်တယ်ဆိုတာ စဉ်းစားစရာပင်!

ရှောင်းကောသည် ပေါက်ပေါက်ပူနေတုန်းတွင် ပုလင်းထဲသို့ ထည့်လိုက်သည်။ စုစုပေါင်း ပုလင်းနှစ်ပုလင်းစာရသည်။ ရှောင်းကောက ချင်းအန့်မင်အား တစ်ပုလင်းပေးလိုက်ပြီး ပြန်ယူသွားရန် လှည်းထဲတွင် ထည့်ထားလိုက်သည်။ ကျန်တစ်ပုလင်းကိုတော့ ကျွမ်းကျွမ်းအတွက် ချန်ထားလိုက်သည်။

ချင်းအန့်မင် ပြန်ဖို့အချိန်ကျလာသည်။ ရှောင်းကောသည် သူမ ချုပ်ထားသည့် အဝတ်အစားတွေနှင့် ခြေအိတ်တွေပါသည့် အဝတ်ထုပ်အားပေးလိုက်သည်။

ချင်းအန့်မင် ၎င်းအားယူလိုက်ကာ ရှောင်းကောကို ကြည့်လိုက်သည်။ သူက ထပ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “နောင်ကျ အိမ်မှာ လုပ်စရာတွေရှိရင် အစ်ကို့ကို ခေါ်လိုက်။ နားလည်လား?"

ရှောင်းကော ခေါင်းညိတ်ပြလိုက်ပြီး အကြိမ်ပေါင်းများစွာ ကတိပေးပြီးနောက်မှာတော့ ချင်းအန့်မင် စိတ်ချသွားသည်။ သူက ကျွမ်းကျွမ်းကို ဖက်လိုက်ပြီး မကြာခင်မှာ ထပ်တွေ့ကြဖို့ သဘောတူလိုက်သည်။

နောက်ဆုံး ကျွမ်းကျွမ်းတစ်ယောက် သူ့ဦးလေးအား ပြုံးကာ ခေါင်းညိတ်မပြခင်အထိ နှစ်ယောက်သား အချိန်အတော်ကြာ တီးတိုးတီးတိုးဖြင့် ပြောနေကြသည်။

ချင်းအန့်မင် လှည်းအားမေားထွက်သွားသည်။ ရှောင်းကော ရင်ထဲတွင် အထီးကျန်မှုကို ခံစားလိုက်ရသည်။ ဒီလိုက အမြဲဖြစ်တတ်သည်။ ၎င်းဟာ ယာယီခွဲခွာခြင်းသာဖြစ်ကာ ပြန်လည်ဆုံတွေ့ကြရဦးမည်ဖြစ်သော်လည်း အထီးကျန်ခြင်းနှင့် ခွဲခွာရသည့်အခါတိုင်း ဆုံးရှုံးရသလို ခံစားချက်များ ပေါ်လာတတ်သည်။

ကျွမ်းကျွမ်း မပျော်မရွှင်ဖြစ်မှာ စိုးသဖြင့် ရှောင်းကော သူ့အား ပွေ့ချီလိုက်ကာ သူရယ်အောင် စနောက်လိုက်သည်။

ရှောင်းကော ကျွမ်းကျွမ်းအား မီးဖိုချောင်ဆီ သွားကာ ဆေးဘဲဥငါးလုံး ယူခိုင်းလိုက်သည်။ ထို့နောက် သူမလိုက်ကြည့်လိုက်ရာ အနည်းငယ်ပိုကြီးသည့် ဆီစိမ်စက္ကူတစ်ရွက်ကို တွေ့လိုက်ရသည်။ သူမသည် ပုလင်းထဲမှ ပြောင်းဖူးပေါက်ပေါက်တစ်ဝက်ကို လောင်းထည့်လိုက်ကာ ကျွမ်းကျွမ်းအား အမျိုးသမီးယန်ဆီ သွားပို့မခိုင်းခင် သေသေချာချာ ထုပ်ပိုးလိုက်သည်။

သူမ အမျိုးသမီးယန်အား ဆေးဘဲဥတွေပေးရန် တွေးထားပေမဲ့ အဲဒါကို မေ့သွားခဲ့သည်။ ယခု သူမ သတိရတုန်း ကျွမ်းကျွမ်းအား အမြန်သွားပို့ခိုင်းလိုက်ရသည်။

All Chapters