အခန်း (၈၅)
Vol. 6 Ch. 85
ရှောင်းကော အမျိုးသမီးယန်တို့မိသားစုအား သူတို့အိမ်ဆီအရင်ပို့လိုက်သည်။ ထို့နောက် သူမသည် အိမ်သို့ဦးတည်ကာ တံခါးဖွင့်ရန် ကျွမ်းကျွမ်းကို သော့ထုတ်ပေးလိုက်သည်။
ကျွမ်းကျွမ်း တံခါးဖွင့်ပြီးသွားတော့ ခွေးပေါက်လေးတွေကို အဝေး ခေါ်ထုတ်သွားမှ ရှောင်းကော မြည်းလှည်းနဲ့ ဝင်လိုက်သည်။
သူမ ခြင်းတောင်းကို ချလိုက်ပြီး အထုပ်တွေစဖြည်သည်။ အသားနှင့် ပဲပိစပ်တွေကို မီးဖိုချောင်ထဲသို့ ယူလာကာမုန့်နှင့် ဝိုင်ကိုတော့ အိမ်ထဲတွင် သိမ်းထားလိုက်သည်။ ရှောင်းကော ဝက်သားတစ်ပိုင်းကို လှီးလိုက်ကာ နေ့လည်စာအတွက် ဖယ်ထားလိုက်သည်။ ထို့နောက် ကျန်အသားများကို ဝက်နံရိုး၊ သိုးသားတို့နှင့်အတူ တခြားနေရာများတွင် သိမ်းဆည်းလိုက်သည်။
ရှောင်းကော အိမ်ထဲမှနေထွက်လာသည့်အခါ ကျွမ်းကျွမ်းက သူ့လက်ကို ရေတွင်းနားတွင်ဆေးနေသည်။ ကလေးက ပြန်လာကတည်းက တိရစ္ဆာန်တွေကို အစာကျွေးဖို့ စဉ်းစားနေခဲ့တာဖြစ်သည်။ သူကျွေးပြီးတာနှင့် ရှောင်းကောအား ရှာရန် အိမ်ထဲဝင်လာသည်။ ရှောင်းကောသည် စောစောကတင် အိမ်ထဲဝင်သွားကာ သန့်ရှင်းသည့် ဖယောင်းစက္ကူတစ်ရွက်ကို ထုတ်လိုက်သည်။ သူမသည် သရေစာနှင့် လမုန့်တစ်ခုစီကို ထုတ်ကာ ထုပ်ပိုးလိုက်သည်။ သူတို့စားချင်ပါက ဒီအထုပ်ထဲမှ စားနိုင်သည်။ ကျန်သည့် မုန့်တွေကို ထုပ်ပိုးကာ ဗီရိုထဲတွင် သိမ်းထားလိုက်သည်။
ရှောင်းကောသည် သူမ ရွေးထားသည့် မုန့်ထုပ်များကို ထင်ရှားသည့်နေရာတွင် ထားချင်သည်။ သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ကျွမ်းကျွမ်း၏ စားပွဲက သင့်တော်သည့် နေရာလို့ ခံစားလိုက်ရသည်။ မုန့်များအား ထိုနေရာတွင်ထားပါက ကျွမ်းကျွမ်းအနေဖြင့် မုန့်တွေကို အလွယ်တကူ ရနိုင်သည်။
သူမထိုမုန့်များကို ချလိုက်သည့်အချိန် ကျွမ်းကျွမ်းက အိမ်ထဲ ဝင်လာသည်။ ရှောင်းကော ဖယောင်းစက္ကူအားဖြည်ကာ သူ့ကိုမုန့်ကျွေးလိုက်သည်။ မကြာခင် နေ့လည်စာ စားချိန်ရောက်တော့မည်ဖြစ်တာကြောင့် အလွန်အကျွံ မစားရန် သူမပြောလိုက်သည်။ အလွန်အကျွံစားမိပါက သူနေ့လည်စာ စားချင်စိတ်ရှိတော့မည်မဟုတ်ပေ။
ကျွမ်းကျွမ်းလည်း တစ်ခုသာယူကာ ကျန်မုန့်များကို ပြန်ထုပ်ပိုးလိုက်သည်။
ရှောင်းကော ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ ကျွမ်းကျွမ်းသည် လက်ထဲတွင် မုန့်တစ်ခုနှင့်အတူ သူမနောက်ကိုလိုက်သွားသည်။ သူသည် ရှောင်းကောအား တားလိုက်က သူမအား အရင်တစ်ကိုက် ကိုက်ခိုင်းသည်။ ရှောင်းကော ပြုံးလိုက်ကာသူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်သည်။
“မေမေ မစားတော့ဘူး။ သားပဲစားတော့"
ယခုတွင် ကျွမ်းကျွမ်းသည် သူ့အစားအသောက်တွေအား ရှောင်းကောကိုပါ ဝေမျှပေးရန် သိလာတာကြောင့် သူမ အရမ်းစိတ်သက်သာရာရမိသည်။ သူ့အား ထပ်ခါထပ်ခါ သတိပေးနေစရာ မလိုတော့ပေ။သူ့တွင်စားစရာရှိတိုင်း တခြားသူတွေကိုစားရန် မေးရမှန်း သိထားပြီဖြစ်သည်။
ကျွမ်းကျွမ်းသည် ရှောင်းကောနှင့်အတူ မီးဖိုချောင်သို့ လိုက်သွားသည်။ သူက မုန့်ကို လက်ထဲတွင်ကိုင်ကာ ဖြည်းဖြည်းချင်းစားနေသည်။ စားသည့်အခါ မသီးစေရန် အငမ်းမရ မစားဖို့ ပြောခဲ့ဖူးသည့် သူ့အမေ၏ စကားကို သူသတိရမိသွားသည်။ ဝါးကာ ဖြည်းဖြည်းချင်းမျိုချရမည်။
ရှောင်းကော မီးဖိုနားသို့သွားကာ သူမလှီးထားသည့် ဝက်ဗိုက်သားအား ကြည့်လိုက်သည်။ သူမဘာသာတွေးလိုက်သည်။ 'ဝက်သားနှပ်စားရမလား?'
ရှောင်းကော သူမကိုယ်သူမ သရေကျနေရာကနေ တားလိုက်သည်။ သူမ ဝက်သားနှပ်စားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ သူမ ၎င်းအား တောင့်တစပြုလာသည်။
စားသောက်ရန် ကျွမ်းကျွမ်းနှင့် စစ်ဆေးပြီးနောက် ရှောင်းကော သူ့၏ခွင့်ပြုချက်ကို ရလိုက်သည်။ သူမသည် ထမင်းအနည်းငယ်တည်လိုက်ကာ ဝက်ဗိုက်သားများအား အထူငါးစင်တီမီတာခန့်ရှိသည့် အတုံးများဖြစ်အောင် လှီးလိုက်သည်။
ရှောင်းကော အိုးထဲသို့ ဆီထည့်နေချိန် ကျွမ်းကျွမ်း မုန့်စားပြီးသွားသည်။ သူသည်မီးဖိုရှေ့တွင် နာနာခံခံထိုင်လိုက်ကာ ထင်းထည့်လိုက်သည်။
ဆီပူလာလျှင် ရှောင်းကောသည် ဝက်သားထည့်ကာ မွှေလိုက်သည်။ ဝက်သားမှဆီထွက်လာပြီးနောက် သူမသည် အနံ့မွှေးလာစေရန် ဟင်းခတ်အမွှေးအကြိုင်များထည့်သည်။ ထို့နောက် ပဲပိစပ်၊ သကြားနှင့် ပွက်ပွက်ဆူနေသည့်ရေနွေးကို ထည့်သည်။
ဝက်သားနှပ်အား မီးပြင်းပြင်းဖြင့် နှပ်ထားရမည်။ ရှောင်းကော ကျွမ်းကျွမ်းကို ထင်းထပ်ထည့်ခိုင်းလိုက်သည်။ ကျွမ်းကျွမ်းက ခေါင်းညိတ်ပြကာ ထင်းအထူနှစ်ချောင်း ထည့်လိုက်သည်။
ရှောင်းကောသည် အိုးအားဖုံးလိုက်ကာ ဟင်းသီးဟင်းရွက်ခြင်းအား စိုက်ခင်းထဲသို့ယူသွားလိုက်သည်။ သူမ အသီးအရွက်တချို့ ခူးလိုက်သည်။ အသားတစ်မျိုးတည်းစားပါက အီလွန်းသည်။
ဟင်းပွဲပြင်နိုင်ရန် ရှောင်းကောက ကျွမ်းကျွမ်းအား သူဘာစားချင်လဲမေးလိုက်သည်။
ကျွမ်းကျွမ်း ထိုစကားကိုကြားသည့်အခါ ဟင်းရွက်စိုက်ခင်းထဲရှိ ရှောင်းကောဆီ ပြေးသွားလိုက်သည်။
သူ့မျက်လုံးများသည် ဟင်းသီးဟင်းရွက်များအား လှည့်ပတ်ကာ သူစားချင်သည်များကို ရှာဖွေနေသည်။ နောက်ဆုံးတွင် ကြက်သွေးရောင်တွေရှိသည့် အပိုင်းအား ရွေးလိုက်သည်။ "မေမေ! သားခရမ်းချဉ်သီးနဲ့ ကြက်ဥ စားချင်တယ်။ အဲ့ဒါတွေက ချိုတယ်!"
ရှောင်းကောသည် သူ၏ရွေးချယ်မှုကို ကြားသည့်အခါ မတုံ့ဆိုင်းနေပေ။ သူမ ကျွမ်းကျွမ်းအား ခရမ်းချဉ်သီးတွေကို သွားခူးခိုင်းလိုက်သည်။ သူမ၏ ညွှန်ကြားချက်အရ ကျွမ်းကျွမ်းအပြေးသွားကာ ခရမ်းချဉ်သီးနှစ်လုံး ခူးလိုက်သည်။
ရှောင်းကောသည် နောက်ထပ် အသီးအရွက်များကို ဆက်ကာ လိုက်ကြည့်လိုက်သည်။ သူမ စိတ်ထဲတွင် အစကတည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ရှိနေသည်။ အစိမ်းရောင်အရွက်တွေက မဆိုးဘူးလို့ သူမမြင်သည့်အတွက် အနည်းငယ် ရွေးလိုက်သည်။
အဆုံးတွင်၊ သူတို့၏ နေ့လည်စာမှာ ဝက်သားနှပ်၊ ခရမ်းချဉ်သီးနှင့်ကြက်ဥ၊ အသီးအရွက်မွှေကြော်တို့ဖြစ်သည်။
နေ့ခင်းတစ်ရေးအိပ်ရာမှ နိုးလာပြီးနောက် ကျွမ်းကျွမ်းသည် မုန့်များကို အဆာပြေစားလိုက်သည်။ သူ မုန့်တွေကို ကြိုက်ကြောင်း မြင်လိုက်ရသဖြင့် ရှောင်းကောလည်း အပိုင်းခပ်သေးသေးယူကာ မြည်းကြည့်လိုက်သည်။ မုန့်၏ မွှေးရနံ့ဟာ ပါးစပ်ထဲသို့ စိမ့်ဝင်သွားသည်။ တကယ့်ကို အရသာရှိလှသည်။
"မေမေ၊ ဘာလို့ ထပ်မစားတာလဲ?"
ကျွမ်းကျွမ်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ရှောင်းကော နည်းနည်းလေးသာ စားကြောင်း သူမြင်သည့်အခါ သူ့လက်ထဲတွင်ရှိသည်များကို ချလိုက်သည်။
ရှောင်းကော ခေါင်းခါလိုက်သည်။ သူမ မကြိုက်တာ မဟုတ်ပေ။ မုန့်တွေက အရသာရှိပေမဲ့ ရှောင်းကောကတော့ ဘဲဥဆားငန်အနှစ် အစာသွပ်ထားသည်ကိုသာ တောင့်တမိသည်။
"မေမေက အရသာရှိတဲ့ ဘဲဥဆားငန်အနှစ်အစာသွပ်ထားတဲ့မုန့်ကို ကြိုက်တာ"
ဘဲဥဆားငန်အနှစ် ? ? ကျွမ်းကျွမ်းမှာ ဒီလိုထူးဆန်းသည့်အစာသွပ်မုန့် ရှိသည်ဆိုတာ မသိပေ။ အဲ့ဒီအရသာကကောင်းလို့လား?
"ဘဲဥဆားငန်အနှစ်ဆိုတာ ဘာလဲဟင်?"
ရှောင်းကော ရှင်းပြလိုက်သည်။ “အဲ့ဒါက ဘဲဥတွေကို အရက်နဲ့ ဆားရေနဲ့စိမ်ထားတဲ့ဟာ"
ရှောင်းကော၏ ရှင်းပြချက်ကို သူကြားလိုက်သည်။ သူတို့အိမ်မှာလဲ ဘဲဥရှိတယ်မဟုတ်လား?
“မေမေ၊ အိမ်မှာလဲ ဘဲဥတွေ အများကြီးရှိသေးတယ်။သားတို့ဘာသာလုပ်ကြရအောင်!"
ကျွမ်းကျွမ်းက အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။ အရသာရှိသည့် ဘဲဥဆားငန်အနှစ် လမုန့်လုပ်ရသည်မှာ မည်မျှခက်ခဲကြောင်း သူ မသိပါချေ။ သူ့အမေ ကြိုက်တာကို စားစေချင်သည်။
ရှောင်းကော ရယ်လိုက်သည်။ ' အမှန်ပဲ! သူမကိုယ်တိုင် လုပ်ဖို့ ဘာလို့မတွေးမိခဲ့တာလဲ?'
သို့ပေမယ့် သူမ အကြာကြီး မပျော်လိုက်ရပေ။ ရှောင်းကောတွင် တကယ့်ပြဿနာရှိသည်။ ဘဲဥဆားငန်လုပ်ရသည်မှာ လွယ်ကူသော်လည်း ၎င်းအားမုန့်ညက်ထဲထည့်ကာ ဖုတ်ရန်အတွက်တော့ ဖိုတစ်ခုလိုသည်...
ရှောင်းကော၏ စိတ်အခြေအနေမှာ ချက်ချင်း ကျဆင်းသွားတော့သည်။ သူမရဲ့ ပျော်ရွှင်မှုတွေ ပျောက်ကွယ်သွားသည်။ ဖိုကို ဘယ်ကနေရမှာလဲ? တခြားနေရာများတွင်လည်း ထိုသို့သော အရာမရှိပါချေ။ တစ်ခုလုပ်ဖို့ဆိုတာကလည်း သူမအတွက် မဖြစ်နိုင်ပေ...
'တစ်ခုလုပ်ရမလား???'
'ဟုတ်တယ် သူမ လုပ်လို့ရတယ်!'
ရှောင်းကော လက်ခုပ်တီးလိုက်သည်။ သူမကိုယ်တိုင် လုပ်လို့ရသည်! ရှေးခေတ်ချက်ပြုတ်သည့်နည်းလမ်းများအကြောင်း မှတ်တမ်းရုပ်ရှင်ကို သူမကြည့်ဖူးသည်။ အပိုင်းတစ်ပိုင်းတွင် ရှေးခေတ်ရှိဖိုများပြုလုပ်ခြင်းအကြောင်းပါသည်။
ရှောင်းကောသည် ဖိုပြုလုပ်ရန် အဆင့်များကို သေချာစဉ်းစားကြည့်လိုက်ပြီး လုပ်ရသည်မှာ မခက်ခဲကြောင်း သဘောပေါက်လိုက်သည်။ သူမလိုသည်များမှာ အုတ်များ၊ ထုံးနှင့် သံဇကာကွက်များဖြစ်သည်။
ဒီပစ္စည်းတွေကို ခရိုင်တွင် ဝယ်လို့ရသည်။ ဒီနေ့အချိန်မရှိတော့ပေ။ မနက်ဖြန်မနက်မှ သွားဝယ်ရမည်။
'ဘဲဥတွေကိုစိမ်ဖို့ ဝိုင်ဖြူလဲဝယ်ရမယ်!'
ရှောင်းကောသည် ကျွမ်းကျွမ်း၏ စပ်စုလိုသည့် အကြည့်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေဟာ စပျစ်သီးနှစ်လုံးကဲ့သို့ မည်းနက်နေသည်။ ရှောင်းကောမှာ သူမတစ်ယောက်ထဲ ရွှင်မြူးနေကာ ကောင်လေးအား ရှင်းပြရန်မေ့နေသည်။
ရှောင်းကော သူမ၏ အတွေးကို ကျွမ်းကျွမ်းအားမျှဝေလိုက်သည်။ ကျွမ်းကျွမ်းကလည်း ကူညီပေးချင်တယ်လို့ ပြောလာသည်။ ပြောပြီးသွားတော့ သူက မုန့်ထုပ်ကိုထုပ်လိုက်ကာ လက်ခုပ်တီးလိုက်သည်။ ထို့နောက်ထလိုက်ကာ သွားဖို့အဆင်သင့်ပြင်လိုက်သည်။
"သွားရအောင်လေ မေမေ!"
ရှောင်းကော သူ့ကို တားလိုက်သည်။ "သွားမယ်? ဘယ်ကိုသွားမလို့လဲ?"
ရှောင်းကောက ကုတင်ပေါ်တွင် ထိုင်နေသေးသည်ကို မြင်လိုက်ရသဖြင့် ကျွမ်းကျွမ်းက စိုးရိမ်တကြီးနှင့် သူမ၏ လက်ကို ဆွဲလိုက်သည်။
"ပစ္စည်းတွေဝယ်ပြီး မီးဖိုလုပ်ဖို့ ခရိုင်ကိုသွားမယ်လေ"
ကလေးမှာ သွေးကြောတွေ ထောင်လာတဲ့အထိ သူမအား ပြင်းပြင်းထန်ထန် ဆွဲခေါ်နေသည်။ သူထိခိုက်သွားမှာစိုးသည့်အတွက် ရှောင်းကော သူ့ကို အမြန်ပြန်ဆွဲလိုက်သည်။ "မေမေတို့ ဒီနေ့သွားမယ်လို့ ဘယ်သူပြောလဲ? မနက်ဖြန်ကျမှ သွားလို့ရမှာ"
ရှောင်းကောသည် ကျွမ်းကျွမ်းအား ကူကယ်ရာမဲ့စွာဖြင့် ပွေ့ဖက်လိုက်သည်။ နောက်ဆုံးတော့ သူ ငြိမ်သက်သွားကာ ရှောင်းကော၏ လည်ပင်းကို ဖက်ထားလိုက်သည်။ "ဒါဆို သားတို့ ဒီနေ့လည် ဘာလုပ်မှာလဲ?"
ကျွမ်းကျွမ်း၏ ချစ်စဖွယ်မျက်လုံးလေးများကို ကြည့်ကာ ရှောင်းကောသည် စကားလုံးနှစ်လုံးကို မညှာမတာပြောလိုက်သည်။
"နွားကျောင်း"
နောက်တစ်နေ့မနက် မနက်စာစားပြီးနောက် သားအမိနှစ်ယောက် ခရိုင်ကိုသွားကြသည်။
သူတို့တွင် ဝယ်ရမည့်စာရင်းတွေရှိတာကြောင့် နှစ်ယောက်သား လိုက်ပတ်မနေတော့ဘဲ သူတို့လိုအပ်တာတွေကိုသာ ဝယ်ရန် တည့်တည့်သွားလိုက်ကြသည်။
အရင်ဆုံး သူတို့ အုတ်ခဲနှင့် ထုံးများလိုသည်။ အိမ်တွင် ထုံး အိတ်တစ်ဝက်ရှိသည့်အတွက် ဒီတစ်ခါတော့ အိတ်အသေးပဲ ဝယ်မည်။ မဟုတ်ပါက အများကြီးလေလွင့်နေလိမ့်မည်ပင်။
သူမတို့တွေ တူညီသည့်ဆိုင်ဆီသာဦးတည်လိုက်သည်။ ရှောင်းကောသည် သူမလုပ်မည့် ဖိုအရွယ်အစားအကြောင်း သူဌေးအား ပြောပြလိုက်သည်။ သူဌေးက ပြုလုပ်ရန်အတွက် လိုအပ်သည့်အုတ်အရေအတွက်အား ခန့်မှန်းပေးလိုက်သည်။ ရှောင်းကောသည် သုံးရမည့် ခန့်မှန်းအုတ်ပမာဏထက် ပိုဝယ်ခဲ့သည်။ နည်းတာထက်စာလျှင် ပိုတာက အဆင်ပြေသည်။
သူဌေးက ရှောင်းကောအား ပစ္စည်းတွေကို မြည်းလှည်းပေါ်တင်ရန် ကူညီပေးသည်။ ထုံးအထုပ်အား နောက်ဆုံးမှ ထည့်ပေးသည်
ငွေပေးချေပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းနှင့်အတူ မြည်းလှည်းဖြင့် ထွက်ခွာသွားသည်။ သူမ သစ်ပရိဘောဂဆိုင်သို့ သွားရဦးမည်ပင်။ ယခုအချိန်တွင် သစ်ပရိဘောဂဆိုင်၌ အဆင်သင့်လုပ်ထားသည့် လမုန့်ပုံစံခွက်များ ရှိလောက်မည်။ ၎င်းတို့သည် အများအားဖြင့် စိတ်ကြိုက်ပြုလုပ်နိုင်သော်လည်း အသင့်ပြုလုပ်ကာ ရောင်းချသည့် ပစ္စည်းတချို့လည်းရှိသည်။
လမုန့်ပြုလုပ်သည့်အခါ လမုန့်ပုံစံခွက်ရှိရမည်ပင်။ သူမလည်း စုဟွေ့နှင့် ထန်ကျိုးတို့အိမ်အနီးနားတွင် ရှိနေသည်ကြောင့် သူတို့ထံမှ ပုံစံခွက်များကိုဝယ်ယူရန်ဆုံးဖြတ်လိုက်သည်။
သူတို့ရောက်သွားတော့ ကျွမ်းကျွမ်းက တံခါးသွားခေါက်သည်။ ရှောင်းကောသည် မြည်းလှည်းအား ချည်လိုက်ကာ တံခါးဆီသွားလိုက်ပြီး တစ်ယောက်ယောက်ဖွင့်လာမည်ကို စောင့်နေလိုက်သည်။