စီးပွားရေးလောကက စစ်မြေပြင်လို ဖြစ်လာတဲ့အခါ
Vol. 54 Ch. 882
ရှောင်လင်းယွီ၏မေးခွန်းကို ကြားလိုက်ရသောအခါ ဘရူးစ်က ကြိုတင်ပြင်ဆင်ထားပုံရသည်။
သူက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားအတွက် ကမ္ဘာ့ဈေးကွက်ကို ဖွင့်ပေးနိုင်ပါတယ်" ထို့နောက် သူက ဆက်လက် ရှင်းပြသည်။ "ကျွန်တော် လေ့လာ စုံစမ်းထားသလောက် ခင်ဗျားတို့ ကုန်ပစ္စည်းတွေရဲ့ လက်ရှိ အရောင်းဈေးကွက်က ဟွာရှအတွင်းမှာပဲ ရှိသေးတယ်။ ထောင်ယွမ်ရွာ Green Fresh အမှတ်တံဆိပ်က ဟွာရှအတွင်းမှာ လူတိုင်းသိတဲ့အဆင့်ရောက်နေပေမဲ့ ကမ္ဘာ့အဆင့်မှာတော့ ဘာနာမည်မှ မရှိသေးဘူး။
နာမည်မရှိဘဲနဲ့ ကမ္ဘာ့အဆင့် ဈေးကွက်ကို ဖောက်ဖို့ဆိုတာ အခက်အခဲတချို့ ရှိတယ်။ ခင်ဗျားရဲ့ ကုန်ပစ္စည်း ဘယ်လောက်ကောင်းကောင်း နာမည်မရှိ၊ အဆက်အသွယ်မရှိ၊ နောက်ခံမရှိရင် ကုမ္ပဏီကြီးတွေရဲ့ဖိနှိပ်မှုကိုခံရနိုင်ပြီး ခေါင်းထောင်လာနိုင်မှာ မဟုတ်ဘူး"
ဤနေရာသို့ ရောက်သောအခါ သူ ခေတ္တ ရပ်နားလိုက်ပြီး ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်တော်က ဒီလောကမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာကြာပြီ။ ကမ္ဘာ့အဆင့်မှာ အဆက်အသွယ်တချို့ ရှိတယ်။ ဒါကြောင့် ခင်ဗျား နိုင်ငံခြားဈေးကွက်ကို ကျွန်တော့်လက်ထဲ အပ်လိုက်မယ်ဆိုရင် တာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်မယ်လို့ အာမခံပါတယ်"
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူသည် ဟွာရှတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခင်က ရုံးချုပ်တွင်လုပ်ကိုင်ခဲ့စဉ် အဆက်အသွယ်ကောင်းများစွာ စုဆောင်းထားနိုင်ခဲ့သည်။
ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ သူ အလွန်ယုံကြည်မှုရှိသည်။
ရှောင်လင်းယွီ ကြားလိုက်ရသောအခါ ရယ်ချင်သွားပြီးပြောလိုက်သည်။
"မစ္စတာ ဘရူးစ်၊ ကျွန်မ အမျိုးသားက ဘယ်သူလဲဆိုတာ ရှင် သိလား"
ဘရူးစ် အနည်းငယ် ကြောင်အသွားပြီးနောက် ပြောလိုက်သည်။
"ကောလာဟလတွေအရတော့ ဥက္ကဌရှောင်ရဲ့အမျိုးသားက ဟွာရှအချမ်းသာဆုံး သူဌေး Imperial Palaceအုပ်စုပိုင်ရှင် ကုန်းထျန်းဟောက်လို့ ပြောကြတာပဲ"
ပြောပြီးသည်နှင့် သူ သဘောပေါက်သွားကာ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာသည်။
ရှောင်လင်းယွီ ခေါင်းညိတ်ကာ ပြုံး၍ပြောလိုက်သည်။
"မှန်ပါတယ်။ ကျွန်မ အမျိုးသားက Imperial Palaceအုပ်စု ပိုင်ရှင် ကုန်းထျန်းဟောက်ပါ"
သူမ၏ စီးပွားရေးလုပ်ငန်းများ ကြီးထွားလာသည်နှင့်အမျှ ကုန်းထျန်းဟောက်၏အထောက်အထားသည် လျှို့ဝှက်ချက် မဟုတ်တော့ဘဲ မကြာခဏဆိုသလို သတင်းများတွင် ပါလာတတ်သည်။
ယခုအခါ တစ်နိုင်ငံလုံးရှိပြည်သူများက နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်မှာ Imperial Palaceအုပ်စုမှ ကုန်းထျန်းဟောက်ဖြစ်ကြောင်း သိရှိကြသည်။
ရှောင်လင်းယွီ ဆက်ပြောသည်။
"ကျွန်မ အမျိုးသားက Imperial Palaceအုပ်စု ပိုင်ရှင် ကုန်းထျန်းဟောက်လေ။ သူ့စီးပွားရေးက ကမ္ဘာအနှံ့ ဖြန့်ကြက်ထားတာ။ အဆက်အသွယ်နဲ့ ပတ်သက်ရင် ကျွန်မအမျိုးသားက ရှင်နဲ့ယှဉ်ရင် မနိမ့်ကျလောက်ဘူး၊ ဟုတ်တယ်မလား"
သူ့ဇနီးသည်အနေဖြင့် နိုင်ငံခြားစီးပွားရေးချဲ့ထွင်လိုပါက သူက သေချာပေါက် သူ့အဆက်အသွယ်များကိုအသုံးပြု၍ ကူညီပေးပေလိမ့်မည်။
ရှောင်လင်းယွီ၏စကားမှာ တော်တော်လေး ရှင်းလင်းသည်။ အဆက်အသွယ်နှင့် နောက်ခံ ဆိုတာ ကျွန်မမှာ ရှိပြီးသား၊ အဲဒီအတွက် ရှင့်တန်ဖိုးက သိပ်မကြီးဘူး... ဟု ဆိုလိုခြင်းဖြစ်သည်။
ဘရူးစ်လည်း ဤအချက်ကို သဘောပေါက်သဖြင့် စိတ်ဓာတ် အနည်းငယ်ကျသွားသည်။ သို့သော် သူ အလုပ်ရချင်လျှင် ရှောင်လင်းယွီ လက်ခံနိုင်လောက်မည့် အကြောင်းပြချက်ပေးမှရပေမည်။
ဘရူးစ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဒါဆိုရင် ဟွာရှ စကားပုံ တစ်ခုကို သုံးရမယ်... ဘာတဲ့... အင်း... စဉ်းစားပါရစေဦး... 'ဓားနှစ်လက် ပေါင်းစပ်ခြင်း' (အင်အားကြီးနှစ်ခု ပေါင်းစည်းခြင်း)။ ကျွန်တော့်မှာ အဆက်အသွယ် ရှိတယ်၊ နောက်ခံ ရှိတယ်။ ခင်ဗျားမှာလည်း အဆက်အသွယ်နဲ့ နောက်ခံရှိတယ်။ ပြီးတော့ ထောင်ယွမ်ရွာ Green Fresh အမှတ်တံဆိပ်ကို ကမ္ဘာအနှံ့ လျင်မြန်စွာ ကျော်ကြားအောင်လုပ်ပြီး ဟွမ်လင်းအုပ်စုနေရာမှာ အစားထိုးပြီး ကမ္ဘာ့နံပါတ်တစ် အမှတ်တံဆိပ်ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်"
"ဟဟ... မစ္စတာ ဘရူးစ်က ကိုယ့်အရည်အချင်းကို တော်တော် ယုံကြည်မှု ရှိတာပဲ"
သူမ ခေတ္တ ရပ်နားလိုက်ပြီး ခေါင်းညိတ်ကာပြောသည်။
"ကောင်းပြီလေ... ရှင့်ရဲ့ ဒီအကြောင်းပြချက်နဲ့ 'ဓားနှစ်လက် ပေါင်းစပ်ခြင်း' ဆိုတာကို ကျွန်မ လက်ခံလိုက်ပါမယ်"
ဆိုလိုသည်မှာ ဒုတိယ မေးခွန်းအောင်မြင်သွားပြီဖြစ်သည်။
ဘရူးစ် သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။ "ကောလာဟလတွေ ပြောသလို Green Freshအုပ်စု ပိုင်ရှင်က သာမန် မဟုတ်ဘူးပဲ။ တကယ်တွေ့ရတော့မှ လျှော့တွက်လို့ မရမှန်း သိတော့တယ်"
ထို့နောက် ရှောင်လင်းယွီက တတိယ မေးခွန်းကို မေးလိုက်သည်။
"တကယ်လို့ တစ်ယောက်ယောက်က ရှင့်ရဲ့အားနည်းချက်ကို ကိုင်ထားရင်၊ ဒါမှမဟုတ် ရှင့်ရဲ့ မိသားစု သူငယ်ချင်းတွေကိုသုံးပြီး ခြိမ်းခြောက်လာရင်၊ ကုမ္ပဏီကို သစ္စာဖောက်ခိုင်းရင် ရှင် ဘာလုပ်မလဲ"
ဘရူးစ် ကြားလိုက်ရသောအခါ ကြောင်အသွားသည်။
ဒါ... ဒါက ဘာမေးခွန်းကြီးလဲ။
သူက နိုင်ငံတော် လျှို့ဝှက်ချက်တွေ လုပ်နေတာမှ မဟုတ်တာ၊ ဘာလို့ လူတွေက ဒီလိုနည်းလမ်းနဲ့ လာခြိမ်းခြောက်ကြမှာလဲ။
ရှောင်လင်းယွီသည် သူ့အမူအရာကိုကြည့်ပြီး အလေးအနက် ပြောလိုက်သည်။
"စီးပွားရေးလောကဆိုတာ စစ်မြေပြင်လိုပါပဲ"
ဘရူးစ် ကြားလိုက်ရသောအခါ တုန်လှုပ်သွားပြီး သဘောပေါက်သွားသည်။
တကယ်လည်း ဟုတ်သည်။
စီးပွားရေးလောက ဆိုတာ စစ်မြေပြင်လိုပါပဲ။
စီးပွားရေးလောကတွင်လည်း ယမ်းငွေ့များ ဖုံးလွှမ်းနေပြီး အားနည်းသူကို အားကြီးသူက ဝါးမျိုးတတ်သော၊ အားအကြီးဆုံးသူက ဘုရင်ဖြစ်သော နေရာဖြစ်သည်။
ထို့ကြောင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ချဲ့ထွင်ရန်အတွက် တစ်ခါတစ်ရံတွင် မရိုးသားသော နည်းလမ်းများကို အသုံးပြုတတ်ကြသည်။ အကျိုးအမြတ် အများဆုံးရရှိရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတတ်ကြသည်။
Green Freshအုပ်စုက ကမ္ဘာ့ဈေးကွက်ဝေစုကိုလုယူသည့်အခါ ဟွမ်လင်းအုပ်စု ပိုင်ဆိုင်ထားသော ကိတ်မုန့်ကို သွားရောက် ထိပါးခြင်းဖြစ်သည်။ အခြေအနေအရ သူတို့ ရှုံးနိမ့်တော့မည်ကို သိရှိပါက မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ Green Freshအုပ်စုကို တန်ပြန်တိုက်ခိုက်ခြင်းသည် သူတို့၏ရွေးချယ်မှုဖြစ်လာနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤမျှကြီးမားသောလုပ်ငန်းကြီးတစ်ခုသည် ရှုံးနိမ့်မှုကို လက်မခံနိုင်သောကြောင့်ပင်။
ဘရူးစ်သည် ဤမေးခွန်းကို ရင်ဆိုင်ရသောအခါ အချိန်အတော်ကြာအောင် နက်နက်နဲနဲ စဉ်းစားလိုက်သည်။
ထို့နောက် သူက အလေးအနက်ထား၍ ပြောလိုက်သည်။
"တကယ်လို့ အဲဒီနေ့ ရောက်လာခဲ့ရင် ကျွန်တော် အခြေအနေကို ဥက္ကဌရှောင်ဆီ ချက်ချင်း တင်ပြမယ်၊ ဒါမှမဟုတ် ရဲတိုင်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလူတွေ အောင်မြင်သွားအောင် ကျုပ် အဖြစ်ခံမှာ မဟုတ်ဘူး"
ရှောင်လင်းယွီ အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဒါက ကျွန်တော့်ရဲ့ လုပ်ငန်းခွင် ကျင့်ဝတ် ဖြစ်လို့ပါ"
"ဒါပေမဲ့ ရှင့်ရဲ့ မိသားစု သူငယ်ချင်းတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာရင်ကော" ရှောင်လင်းယွီက ခပ်ကြမ်းကြမ်းမေးလိုက်ပြန်သည်။
မိသားစု သူငယ်ချင်းများကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းသည် အသက်အန္တရာယ် ခြိမ်းခြောက်မှု သေချာပေါက် ပါဝင်သည်။ ဤအခြေအနေမျိုး ကြုံတွေ့ရပါက မည်သူမဆို အသိစိတ်လွတ်သွားနိုင်ပြီး သူတို့ထံ အညံ့ခံသွားနိုင်သည်။ ဤသည်မှာ လူ့သဘာဝပင်။
သို့သော် ရှောင်လင်းယွီ လိုချင်သောအဖြေမှာ ဤအခြေအနေမျိုး ကြုံတွေ့ရပါက လူတစ်ယောက် မည်သို့ ရွေးချယ်မည်နည်း ဆိုသည်ကိုပင်။
ဘရူးစ်သည် ခေတ္တမျှ လေးလေးနက်နက် စဉ်းစားပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။
"တကယ်လို့ အဲဒီနေ့ ရောက်လာခဲ့ရင် ကျွန်တော် သူတို့နဲ့အတူ နှစ်ဖက်စလုံး သေကြေပျက်စီးအောင်တိုက်ခိုက်ဖို့ ရွေးချယ်ပါမယ်"
ရှောင်လင်းယွီသည် ဤအဖြေကိုကြားရသောအခါ သိသိသာသာ အံ့သြသွားသည်။
***