ဒေါသပေါက်ကွဲခြင်း
Vol. 54 Ch. 883
ဘရူးစ်သည် နောက်ဆုံးမေးခွန်းကို အလေးအနက် ဖြေကြားလိုက်သောအခါ ရှောင်လင်းယွီ မတ်တတ်ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် မစ္စတာ ဘရူးစ်... ရှင် အရွေးခံရပါပြီ။ နောက်ပိုင်း ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ရှောင်လင်းယွီ ညာလက်ကို ကမ်းပေးလိုက်သည်။ ဘရူးစ်သည် ရှောင်လင်းယွီ၏စကားကို ကြားပြီးနောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။ သူသည် ရှောင်လင်းယွီ၏လက်ကို ကြည့်ကာ ခဏမျှ ကြောင်ငေးနေပြီးနောက် လက်ကို လှမ်းဆွဲလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဥက္ကဌရှောင်... ပျော်ရွှင်စရာပူးပေါင်းဆောင်ရွက်မှုပါ"
လက်နှစ်ဖက် ဆုပ်ကိုင်လိုက်ခြင်းသည် မဝေးတော့သော အနာဂတ်တွင် သူတို့ ကမ္ဘာ့ဈေးကွက်ကို ဆုပ်ကိုင်လိုက်ခြင်းပင်ဖြစ်သည်။
......
ဟွမ်လင်းအုပ်စု ဟွာရှရုံးခွဲ၊ ဥက္ကဌ ရုံးခန်း။
ပီတာသည် ဥက္ကဌ ရုံးခန်းတွင် ထိုင်နေပြီး လက်အောက်ငယ်သား ပေးပို့လာသော အရောင်းစာရင်းဇယားနှင့် စုံစမ်းထောက်လှမ်းရေး အစီရင်ခံစာများကို ကြည့်ရှုရင်း မျက်နှာတစ်ခုလုံး အရောင်မျိုးစုံ ပြောင်းလဲနေသည်။
ရုတ်တရက် သူသည် ဒေါသတကြီးဖြင့် လက်ထဲမှ စာရင်းဇယားများကို လက်အောက်ငယ်သား၏ မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်ပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
"ဒါ မင်းတို့ ငါ့ကိုပေးတဲ့အဖြေလား။ ငါတို့ ဟွမ်လင်းအုပ်စုရဲ့ ဟွာရှဈေးကွက်ဝေစုက အကုန်နီးပါး အလုခံလိုက်ရပြီတဲ့လား။ မင်းတို့က ဘာကောင်တွေလဲ။ ဒီလောက်ကြီးမားတဲ့ အမှားမျိုးကိုတောင် ကျူးလွန်ရသလား"
လက်အောက်ငယ်သားသည် ဆူပူကြိမ်းမောင်းခံလိုက်ရသဖြင့် မျက်နှာပျက်နေပြီး ဖြူလိုက်နီလိုက် ဖြစ်နေသည်။ သို့သော် သူ ဒေါသမထွက်ရဲဘဲ ရှင်းပြလိုက်သည်။
"မစ္စတာ ပီတာ၊ ဒါ ကျွန်တော်တို့ကို အပြစ်တင်လို့ မရပါဘူး။ ဟွာရှက ဖောက်သည်အများစုကို ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက်စူပါမားကတ်ဆိုတဲ့ နေရာက လုယူသွားတာပါ"
"ဘာ..."
ပီတာသည် ရှင်းပြချက်ကို နားမထောင်လျှင် တော်သေးသည်။ နားထောင်လိုက်သည်နှင့် ပို၍ ဒေါသထွက်လာပြီး အော်ဟစ်လိုက်သည်။
"မင်း ငါ့ကို နောက်နေတာလား။ ငါတို့ ဟွာရှဖောက်သည်တွေက စူပါမားကတ်တစ်ခုတည်းကြောင့် အလုခံလိုက်ရတယ်ဟုတ်လား။ ငါတို့ ရူးနေတာလား၊ အဲဒီ ဖောက်သည်တွေ ရူးနေတာလား။ ငါတို့ ဟွမ်လင်းအုပ်စုက ကမ္ဘာပေါ်မှာ အကောင်းဆုံးပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ်ကွ။ ငါတို့ ပစ္စည်းတွေကို စားသုံးတာက ကိုယ့်ရဲ့ မြင့်မြတ်တဲ့ ဂုဏ်ဒြပ်ကို ကိုယ်စားပြုတာပဲ။ အခု မင်း ငါ့ကို လာပြောနေတာက ဟွာရှက လူတွေက ငါတို့ပစ္စည်းတွေကို စွန့်ပစ်ပြီး စူပါမားကတ်မှာ သွားဝယ်နေကြတယ် ဟုတ်လား။ ဒီသတင်းသာ ပျံ့သွားရင် တစ်ကမ္ဘာလုံးကလူတွေ သွားကျိုးအောင်ရယ်ကြလိမ့်မယ်"
လက်အောက်ငယ်သားသည် ပီတာ မယုံကြည်ကြောင်း သိသော်လည်း မျက်နှာတွင် အားနာခြင်းနှင့် နားလည်ပေးခြင်း အရိပ်အယောင်များ ပေါ်နေသည်။
သူ ဟွာရှသို့ ရောက်ခါစက ဤသတင်းကို ကြားရစဉ်ကလည်း အံ့သြမှင်သက်သွားခဲ့ရသည် မဟုတ်ပါလော။
စုံစမ်းစစ်ဆေးပြီးမှသာ မစ္စတာဘရူးစ် ဟွာရှတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို နားလည်ခဲ့ရသည်။
သိထားရမည်မှာ ဟွာရှသားများသည် အချီးနှီးသောဂုဏ်ကိုမက်မောပြီး ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူများ မဟုတ်လား။ သူတို့သည် ကိုယ့်မျက်နှာနှင့် ဂုဏ်ဒြပ်ကို အမြဲအလေးထားတတ်ကြသည်။ ထို့ကြောင့် မိမိကိုယ်ကို အဆင့်အတန်းမြင့်မားသည်ဟု ယူဆထားသော အာဏာရှိ၊ ငွေရှိ သူဌေးများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် ဂုဏ်ဒြပ်ကို အကောင်းဆုံးကိုယ်စားပြုနိုင်သော ပစ္စည်းများကိုသာ သုံးစွဲကြသည်မှာ သေချာသည်။ ထိုပစ္စည်းသည် ကိုယ်နှင့် သင့်တော်သည်၊ မသင့်တော်သည်ကို ဂရုမစိုက်ကြပေ။
ထို့ကြောင့် နိုင်ငံခြားကုမ္ပဏီများအတွက် ဟွာရှသားများနှင့် စီးပွားရေးလုပ်ရသည်မှာ အကောင်းဆုံးဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူတို့သည် ဂုဏ်ဒြပ်နှင့်မျက်နှာကို ဘေးဖယ်ထားပြီး ပြည်တွင်းဖြစ် စူပါမားကတ် အသေးစားလေးတစ်ခုမှ ပစ္စည်းများကိုသာ သွားဝယ်နေကြသည်။ ထိုစူပါမားကတ် အသေးစားလေးက သူတို့ ဟွမ်လင်းအုပ်စု၏ဖောက်သည်အများစုကို လုယူသွားခဲ့သည်။
ဤရလဒ်သည် အလွန်အံ့သြစရာကောင်းလွန်းနေသည်။
အဲ့ဒီဆိုင်ကပစ္စည်းတွေက... ဟု လက်အောက်ငယ်သား ရှင်းပြရန်ပြင်လိုက်စဉ် ပီတာက ရုတ်တရက် မေးလိုက်သည်။
"အဲဒီ ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ် ဆိုတာက ဘယ်လို စူပါမားကတ်မျိုးလဲ"
သူ့ ဟွာရှစကား မကောင်းသော်လည်း စူပါမားကတ်နာမည်ကိုကြားသည်နှင့် ဒေသအမည်ကို အစွဲပြု မှည့်ခေါ်ထားသော စူပါမားကတ်မှန်း ခန့်မှန်းမိသည်။
လက်အောက်ငယ်သားက ရှင်းပြသည်။
"ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်ဆိုတာ နာမည်အတိုင်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ တခြား လယ်ယာထွက်ကုန်၊ စိုက်ပျိုးရေး ထွက်ကုန်တွေကို အဓိကထား ရောင်းချတဲ့ စူပါမားကတ်ပါ။ ဒီစူပါမားကတ်က တကယ်တမ်းကျတော့ သိပ်မကြီးပါဘူး။ ဆိုင်တစ်ဆိုင်ရဲ့ဧရိယာက စတုရန်းမီတာ နှစ်ထောင်၊ သုံးထောင်လောက်ပဲ ရှိတာပါ။ ပြီးတော့ အဓိက အချက်က ဒီစူပါမားကတ်ရဲ့ ကုန်ပစ္စည်း ရင်းမြစ်အားလုံးက Green Freshအုပ်စု ဆိုတဲ့ ကုမ္ပဏီတစ်ခုကနေ လာတာပါ။ သူတို့မှာ သီးသန့်ထုတ်လုပ်တဲ့နေရာတွေရှိတယ်၊ ပြီးတော့ ထွက်လာတဲ့ ပစ္စည်းတွေက..."
ပီတာသည် နားထောင်ရင်း မျက်မှောင်ကြုတ်ထားသည်။
***