စဉ်းစားပါရစေဦး
Vol. 54 Ch. 884
နံနက် ၁၀ နာရီတွင် အနက်ရောင်ဇိမ်ခံကားတစ်စီးသည် ထောင်ယွမ်ရွာစူပါမားကတ်အနီးသို့ တိတ်တဆိတ် ရောက်ရှိလာသည်။
ကားပေါ်တွင် အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော၊ အသားဖြူဖြူ၊ ရွှေရောင်ဆံပင်၊ မျက်လုံးစိမ်းစိမ်းနှင့် အမျိုးသားတစ်ဦးက မလှမ်းမကမ်းရှိ ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်ကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။
"ဘော့စ်၊ ဟိုဟာက ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်ပါ"
ကားပေါ်တွင် ထိုင်နေသော ပီတာသည် တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များပေါ်လာကာ ပြောလိုက်သည်။
"ဒီစူပါမားကတ် အသေးစားလေးက ငါတို့ဟွမ်လင်းအုပ်စုရဲ့ ဟွာရှဖောက်သည် အားလုံးနီးပါးကို လုယူသွားတာလား"
ယခင်က လက်အောက်ငယ်သား သူ့ကို အစီရင်ခံစဉ်က ဤစူပါမားကတ်သည် တကယ်တမ်း မကြီးမားသော်လည်း လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန် အားလုံးနီးပါးကို ထုတ်လုပ်သည်ဟု ပြောခဲ့သည်။ သူက လက်အောက်ငယ်သား သတင်းမှားတင်ပြနေသည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခု မျက်မြင်ကိုယ်တွေ့ မြင်ရသောအခါ မယုံကြည်နိုင်စရာ ဖြစ်နေဆဲပင်။
လက်အောက်ငယ်သားက အားနာစွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်... ဒီစူပါမားကတ်ပါပဲ"
သူက စူပါမားကတ် ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် လက်ပတ်နာရီကို ကြည့်ကာ ပြောလိုက်သည်။
"ဒီစူပါမားကတ်က မနက်တိုင်း ခုနစ်နာရီခွဲမှ ဖွင့်တာပါ။ ဒါပေမဲ့ ဒီမှာ လာဝယ်တဲ့ ဖောက်သည်တွေ အများစုက အာဏာရှိ၊ ငွေရှိတဲ့ သူဌေးမိသားစုတွေက လွှတ်လိုက်တဲ့ လူတွေပါ။ သူတို့က ဒီမှာ ညအိပ်တန်းစီပြီး ဆိုင်ဖွင့်တာ စောင့်နေကြတာပါ"
ပီတာ အံ့သြသွားပြီး မေးလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ။ အာဏာရှိ၊ ငွေရှိတဲ့ သူဌေးကြီးတွေက ဒီမှာ လူလွှတ်ပြီး ညအိပ် တန်းစီခိုင်းတယ် ဟုတ်လား။ ဒီစူပါမားကတ်က အိမ်အရောက်ဝန်ဆောင်မှု မပေးဘူးလား"
သူတို့ ဟွမ်လင်းအုပ်စုကဲ့သို့ ပုံမှန်အားဖြင့် မောက်မာပြီး ဟွာရှသားများကို အထင်သေးသော်လည်း ဖောက်သည်များနှင့်ဆက်ဆံရလျှင်မူ ဝန်ဆောင်မှုပေးသင့်သည်ကို အပြည့်အဝပေးရသည်။ ဥပမာ - ဖောက်သည်က အိမ်အရောက် ပို့ဆောင်ပေးရန် တောင်းဆိုလျှင် သူတို့ သေချာပေါက် ပို့ဆောင်ပေးသည်။ သို့သော် သူတို့ စည်းကမ်းအရ အိမ်အရောက် ပို့ဆောင်လျှင် ဧည့်သည်က ဝန်ဆောင်ခပေးရသည်။
ထို့ကြောင့် သူတို့ ဟွာရှသားများကို မနှစ်သက်သော်လည်း မြင့်မားသော ဝန်ဆောင်ခအတွက် ဝန်ဆောင်မှု အပြည့်အဝ ပေးခဲ့ကြသည်။
ယခုတွင် ဘုရားသခင်ကဲ့သို့ ဆက်ဆံခံရသော ဖောက်သည်များက ဟင်းသီးဟင်းရွက် ဝယ်ရန်အတွက် လူလွှတ်၍ ညအိပ်စောင့်ဆိုင်းနေရသည်ဟု ကြားလိုက်ရသောအခါ ဒဏ္ဍာရီပုံပြင်များကို နားထောင်နေရသကဲ့သို့ မယုံနိုင်စရာဖြစ်နေသည်။
ပီတာ သံသယဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
လက်အောက်ငယ်သားက ရှင်းပြသည်။
"ဒီစူပါမားကတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အနည်းစုသော ပုံသေကြိုတင်မှာယူတဲ့ ဖောက်သည်တွေကလွဲရင် ကျန်တဲ့သူတွေကို ကြိုတင်မှာယူခြင်းနဲ့ ပို့ဆောင်ပေးခြင်း ဝန်ဆောင်မှု မပေးပါဘူး။ ဒီက ပစ္စည်းကို ဝယ်ချင်ရင် ဆင်းရဲချမ်းသာမရွေး တန်းစီရပါတယ်"
ပီတာ အံ့သြစွာ ပြောလိုက်သည်။
"ဒါ... ဒီလိုမျိုး လုပ်တာတောင် ဒီစူပါမားကတ် အသေးစားလေးမှာ လာဝယ်တဲ့လူ ဒီလောက်များနေတုန်းပဲလား"
သူ သိထားသလောက် ဟွာရှသားများသည် မျက်နှာကို အလွန်အလေးထားကြပြီး ဝန်ဆောင်မှု ကောင်းလေ မျက်နှာရှိလေဖြစ်သည်။
ယခုတွင် ပစ္စည်းဝယ်ရန် လူလွှတ်ပြီး တန်းစီခိုင်းနေရတယ်ဆိုတော့ သူတို့မျက်နှာမနာကြဘူးလား။
မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို ပီတာ လုံးဝ စဉ်းစားမရ ဖြစ်နေသည်။
လက်အောက်ငယ်သားက အားနာစွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ သူများပစ္စည်းက ကောင်းတာကိုး"
ဤနေရာသို့ ရောက်သောအခါ သူ ခေတ္တ ရပ်နားလိုက်ပြီး ဆက်ပြောသည်။
"ဒီလို စူပါမားကတ်မျိုးက မြို့ကြီးတစ်မြို့မှာ တစ်ဆိုင်ပဲရှိပြီး ပိုဖွံ့ဖြိုးတဲ့ မြို့တွေမှာ အများဆုံး နှစ်ဆိုင်ပဲ ရှိတာပါ။ ကြားတာတော့ စူပါမားကတ် တစ်ဆိုင်စီရဲ့ ကုန်ပစ္စည်းပမာဏက ပေါင် နှစ်သောင်း၊ သုံးသောင်းလောက်ပဲ ရှိတာတဲ့၊ ရောင်းကုန်ရင် ဆိုင်ပိတ်ရော"
ဒီလို စီးပွားရေးလုပ်တာက တကယ်ကို ကိုယ့်စိတ်ကြိုက်လုပ်တာပဲ။
ပီတာ နားထောင်ရင်း မျက်နှာသေ ဖြစ်နေသည်။
လက်အောက်ငယ်သားက ဆက်ပြောသည်။
"အရင်တုန်းကတော့ ဟွာရှ မြို့အနည်းငယ်မှာပဲ ဒီလို စူပါမားကတ်ရှိခဲ့တုန်းက ကျွန်တော်တို့ ဖောက်သည်တွေကို သိပ်မလုနိုင်ခဲ့ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ဝက်လောက်အတွင်းမှာ ဒီလို စူပါမားကတ်တွေက... အဲ... မိုးအကုန် ထွက်လာတဲ့ မှိုတွေလိုပဲ နေရာအနှံ့ ပွင့်လန်းလာလိုက်တာ အခု ဟွာရှ တစ်ဝန်းလုံးမှာ ပြန့်နှံ့နေပြီ။ ကြားတာတော့ စုစုပေါင်း သုံးရာကျော် ရှိတယ်တဲ့။
ဒီသုံးရာကျော်က ကျွန်တော်တို့ ဟွမ်လင်းအုပ်စုရဲ့ ဟွာရှဖောက်သည်အားလုံးနီးပါးကို လုယူသွားတာပဲ။
ကျန်နေတဲ့ ဖောက်သည်တွေကလေ... အင်း... ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှာ ပစ္စည်းဝယ်မရတဲ့ အခါကျမှ ကျွန်တော်တို့ ဟွမ်လင်းအုပ်စု ပစ္စည်းကို အရန်အနေနဲ့ဝယ်တာ"
ပီတာ "..."
ဟွာရှအခြေအနေက ဤမျှ ဆိုးရွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ဒီလိုမှန်း သိရင် သူ လာမနေတော့ဘူး။
သို့သော် ယခု ရောက်လာပြီဖြစ်ရာ ဤပြဿနာကို မဖြစ်မနေ ဖြေရှင်းရပေမည်။
သူသည် နက်နက်နဲနဲတွေးနေရင်း အတွေးနွံထဲနစ်သွားလေတော့သည်။
***