အခန်း (၈၇)
Vol. 6 Ch. 87
ရှောင်းကော အရင်ဆုံး ထုံးတစ်ဝက်ကို ထုတ်လိုက်သည်။ ၎င်းအား သူမ ခြံဝင်းထဲတွင် လောင်းချင်သော်လည်း ခြံဝင်းထဲတွင် ဂျုံစေ့များ ကျန်နေသေးသည်။ ထုံးတွေ ညစ်ပတ်သွားမှာ စိုးသည်။
ရှောင်းကောတွင် ဂျုံစေ့များအား ဖယ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ နေပူထဲတွင် ရက်အတော်ကြာလှန်းခဲ့ပြီးနောက်၊ ပြောင်းဖူးနှင့် ဂျုံအများစုဟာ ခြောက်သွားကြသည်။ ပျက်စီးသွားမှာကိုတော့ သူမ မစိုးရိမ်ပါချေ။
ကျွမ်းကျွမ်း အိတ်တွေကို ကူကိုင်ပေးသည်။ ရှောင်းကောသည် ခြောက်နေသည့် ဂျုံနှင့်ပြောင်းစေ့များအား အိတ်ထဲသို့ ထည့်လိုက်ကာ ကြိုးဖြင့်ချည်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ရွှေ့လိုက်သည်။ သူမသည် အိတ်များကို တစ်ခုပြီးတစ်ခု စည်းလိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ ရှောင်းကောသည် အိတ်တွေထဲ အပြည့်မဖြည့်ခဲ့ပေ။ မဟုတ်ပါက သူမ အိတ်တွေကို လုံးဝမသယ်နိုင်လောက်ပေ။
ကျွမ်းကျွမ်းတွင် အိတ်များကို ရွှေ့ရန် ခွန်အားမရှိသဖြင့် ရှောင်းကောဘေးနားမှသာ စိတ်ပူစွာဖြင့်လိုက်သွားသည်။ သူသည် သူမနှင့်အတူ အပြန်ပြန်အလှန်လှန် လျှောက်နေခဲ့သည်။ သူကိုယ်တိုင် မရွှေ့နိုင်သော်လည်း နောက်ကနေ ပံ့ပိုးကူညီဖို့ ကြိုးစားနေဆဲပင်။
ရှောင်းကောသည် ကျွမ်းကျွမ်းအား အလွန်အမင်း အားစိုက်ခွင့်မပြုပေ။ သူသည် များစွာအကူအညီမရသော်လည်း ရှောင်းကောသည် အခြားနည်းဖြင့် ဟန်ဆောင်ကာ ကျွမ်းကျွမ်း၏ ခံစားချက်များ မထိခိုက်စေရန် စိတ်အေးလက်အေး ဖြစ်ဟန်ဆောင်ထားသည်။
ပြောင်းတွေဂျုံတွေကို ဖယ်ထုတ်ပြီးသည့်နောက် မြေပေါ်တွင် ဂျုံနှင့် ပြောင်းစေ့အချို့ ကျန်နေသေးသည်။
ရှောင်းကောသည် ပြောင်ဂျုံစေ့တိုင်း နေရောင်ရရှိနိုင်စေရန် ဖြန့်လိုက်သည်။
သူမသည် ထုံးအား တစ်ဖန်ပြန်၍ ပြောင်းဂျုံစေ့များနှင့် ဝေးသည့်မြေပြင်၌လောင်းလိုက်သည်။ ဂေါ်ပြားကိုသုံးကာ ထုံးပုံအလယ်တ်ွ အပေါက်တစ်ခု လုပ်လိုက်ပြီး ၎င်းထဲသို့ ရေလောင်းထည့်လိုက်သည်။ သူမသည် ထုံးဖျော်ရည် အညီအမျှဖြစ်စေရန် ဖြည်းဖြည်းချင်းမွှေလိုက်သည်။
ရှောင်းကော ထုံးအား ရောစပ်နေချိန် ကျွမ်းကျွမ်းသည် သူ့ဘာသာသူ အုတ်များသွားရွှေ့နေပြီဖြစ်သည်။ အုတ်များသည် အလွန်လေးလံသည်ကြောင့် ကျွမ်းကျွမ်းမှာ တစ်လုံးချင်းစီသာ ရွှေ့နိုင်သည်။
"ကျွမ်းကျွမ်း၊ နားလိုက်အုံး"
ရှောင်းကောသည် ဇလုံတစ်ခုထဲ ထုံးဖျော်ရည်ဖြည့်ကာ မမောမပန်း အလုပ်လုပ်နေသည့် ကျွမ်းကျွမ်းကို လှည့်ကြည့်လိုက်သည်။ သူမ အနည်းငယ် စိတ်ပူသွားသည်။ သူ့ကိုကြည့်လိုက်တော့ သူက ပိုလို့တောင်တက်ကြွနေပုံရသည်။
“ရတယ် မေမေ။ သား ပင်ပန်းရင် အနားယူလိုက်မယ်"
ကျွမ်းကျွမ်းမှာ လှည့်တောင်မကြည့်လာဘဲ ရှောင်းကောအား ပြန်ဖြေလိုက်သည်။ သူ့ခြေထောက်နဲ့ လက်တွေကတော့ မရပ်မနား လှုပ်ရှားနေသည်။
ရှောင်းကောသည် မီးဖိုလုပ်မည့်နေရာသို့ ထုံးဖျော်ရည်အား သယ်ဆောင်သွားလိုက်သည်။ မီးဖိုခန်းဘေးက နံရံတွင် မီးဖိုကို ဆောက်မည်ဖြစ်သည်။ ရှောင်းကောသည် ထုံးဖျော်ရည်အား ချလိုက်ပြီး ရွှံ့တစ်တုံးကို ကောက်ယူလိုက်သည်။ သူမမြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ ဖို၏အခြေ ပုံစံကို ရေးဆွဲလိုက်သည်။ ယခုတစ်ခေါက်တွင်တော့ ရှောင်းကောသည် ပိုမိုကြီးမားသည့် စတုရန်းပုံသဏ္ဍာန်တစ်ခုကို ပြုလုပ်မည်ဖြစ်သည်။ နံရံသုံးခုသာ လုပ်မည်ဖြစ်ကာ တစ်ဖက်ကိုတော့ အဖွင့်ထားထားမည်။ ဖွင့်ထားသည့်အခြမ်းအား ထင်းထည့်ရန် အသုံးပြုမည်။
မျဉ်းကြောင်းများရေးဆွဲပြီးနောက် ရေးဆွဲထားသည့် ပုံတစ်လျှောက် မြေပြင်ပေါ်တွင် ထုံးဖျော်ရည်တစ်လွှာအား ဦးစွာ ခင်းလိုက်သည်။ ထို့နောက် ထုံးဖျော်ရည်အပေါ်မှနေ အုတ်များကို သပ်သပ်ရပ်ရပ် စီလိုက်သည်။ ပထမဆုံး စတုရန်းပုံသဏ္ဍာန်ဖြစ်ရန် အုတ်များအား စီရမည်။
ထို့နောက် သူမသည် ထုံးဖျော်ရည်နှင့် အုတ်များကို ဆက်ပြီး အထပ်ထပ်စီကာ တစ်စုံတစ်ရာလွဲသွားတာရှိမရှိ အချိန်နှင့်အမျှ ပြန်စစ်ဆေးသည်။ လွဲနေသည်များရှိပါက သူမသည် မြန်မြန်ဆန်ဆန် ပြန်ပြုပြင်သည်။
အလွှာဆယ်လွှာခန့်စီပြီးသည့်နောက် ရှောင်းကောသည် သူမဝယ်ထားသည့် သံပြားတစ်ချပ်ကို လုပ်ထားသည့်အုပ်ဖိုပေါ်တွင်တင်လိုက်သည်။
အရွယ်အစားက ကွက်တိပင်။ ရှောင်းကောသည် သံဇကာထောင့်အားလုံးအား ထုံးဖော်ရည်ဖြင့်ပိတ်လိုက်ကာ ကျန်သည့် သံဇကာသုံးချပ်အား ဘယ်ဘက်၊ ညာဘက်နှင့် အပေါ်ဘက်တွင် ထားလိုက်သည်။
ထို့နောက် သူမသည် မျက်နှာပြင်အားလုံးကို ထုံးဖျော်ရည်ဖြင့် အလုံပိတ်လိုက်ကာ အုတ်တစ်ထပ်ထပ်ထည့်သည်။ ထို့နောက် အပေါက်များအကွဲကြောင်းနေရာများတွင် ထုံးဖျော်ရည်ဖြင့် ဖြည့်လိုက်သည်။
၎င်းတို့အားလုပ်ပြီးသည့်နောက် လုပ်ထားသည့်ဖိုတွင် ထုံးနှင့်အုတ်နှစ်လွှာ ထပ်ထည့်သည်။
ရှောင်းကောသည် မီးဖိုတွင် မီးခိုးငွေ့တစ်ခုသာထွက်နေစေရန် အထူးဖန်တီးထားကာ ကျန်အစိတ်အပိုင်းများ အလုံပိတ်ဖြစ်ကြောင်း သေချာရန် ထောင့်အားလုံးကို စစ်ဆေးလိုက်သည်။ နောက်ဆုံးတော့ မီးဖိုက ပြီးသွားသည်။
ဇလုံအောက်ခြေတွင် ထုံးဖျော်ရည် နည်းနည်းကျန်သည်ကို မြင်လိုက်ရသည့်အတွက် ရှောင်းကောသည် ဂေါ်ပြားအသေးလေးသုံးကာ အားလုံခပ်ထုတ်လိုက်သည်။ မလေလွင့်စေရန် မီးဖိုပေါ်တွင် သုတ်လိုက်သည်။
"မေမေ၊ အခု လမုန့် ဖုတ်လို့ရပြီလား?*"
ကျွမ်းကျွမ်းသည် စူးစမ်းလိုစိတ်ဖြင့် ထိုင်ချလိုက်ကာ ရှောင်းကောကို ကြည့်လိုက်သည်။
“မရသေးဘူး၊ ဘာလို့လဲဆိုတော့ မေမေတို့က မီးဖိုခြောက်တဲ့အထိ စောင့်ရအုံးမှာ"
ရှောင်းကောက ဖြည်းဖြည်းချင်း ပြောလိုက်ကာ သူမလက်တွေကတော့ ထုံးဖျော်ရည်အား သုတ်နေဆဲပင်။
ပြီးသွားပြီ! ရှောင်းကော အသက်ရှူသွင်းလိုက်ကာ မီးဖိုကို ပြုံးကြည့်လိုက်သည်။ နောက်ဆုံးတော့ ပြီးသွားပြီ! ကြည့်ရတော့ ရိုးရှင်းပေမယ့် လုပ်ရတာတော့တကယ် ငြီးငွေ့ဖို့ကောင်းတယ်!
သူမ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ ကျွမ်းကျွမ်းက ရှောင်းကောအတွက် ရေသွားခပ်သည်။ ထို့နောက် ကျွမ်းကျွမ်းက သူမအား လက်ဆေးရန် အော်ခေါ်သံအား ကြားလိုက်ရသည်။
ရှောင်းကော ပြန်ဖြေလိုက်သည်။ "အခုလာခဲ့မယ်!"
အဲဒီလိုနဲ့ သူမ လှည့်ကြည့်လိုက်ကာ ကျန်သည့်အုတ်တွေနှင့် ထုံးတွေအား ပြန်သိမ်းလိုက်သည်။
ကျွမ်းကျွမ်းက ရှောင်းကောအား လက်ဆေးရန် ထပ်ပြီးအော်ခေါ်လိုက်သည်။ ရှောင်းကော အရမ်းကူကယ်ရာမဲ့ဖြစ်သွားရသည်။
ဤအချိန်တွင် ကျွမ်းကျွမ်းသည် ရှောင်းကော လုပ်သလိ တုပနေမှန်း သိသာလှသည်။ လက်ဆေးခြင်းနှင့်ပတ်သက်၍ သူမ သူ့အား သတိပေးသည့်နည်းလမ်းဖြစ်သည်။ သူသည် သူမပုံစံအတိုင်း အတိအကျကို လုပ်နေသည်။
ရှောင်းကော ဇလုံကိုချလိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။ သူ့ကို သူမလုပ်နိုင်တာ တကယ်ဘာမှမရှိတော့ဘူး။
“မေမေ၊ မေမေ၊ မေမေ….မြန်မြန်လက်ဆေးပါ…..ပြီးပြီလား? မြန်မြန်လုပ်နော်…"
"တိတ်တိတ်နေ!"
သူမ၏လေသံထဲတွင် သေစေနိုင်လောက်တဲ့အရိပ်အယောက်တွေမပါသလို ကျွမ်းကျွမ်းကလည်း လုံးဝမကြောက်ပေ။ သို့ပေမဲ့ မည်သည့်အချိန်တွင် ရပ်ရမည်ကိုတော့ သူ သိသေးသည်။ သူ့သွားဖြူဖြူလေးများပေါ်သည်အထိ တခစ်ခစ်ရယ်လိုက်သည်။
ရှောင်းကော သူ့ခေါင်းအားခပ်ပြင်းပြင်း ခေါက်လိုက်သော်လည်း အားတော့သိပ်မပါချေ။
သို့သော် ကျွမ်းကျွမ်းကတော့ ဟန်ဆောင်ကာ နာကျင်သလို အော်ဟစ်လိုက်သေးသည်။ သူအော်ဟစ်နေပေမယ့် ရှောင်းကောကတော့ အေးအေးဆေးဆေးလက်ဆေးနေလိုက်သည်။
ကျွမ်းကျွမ်းသည် ဤလှည့်ကွက်ကို အကြိမ်ကြိမ်ကြိုးစားခဲ့သည်မှာ သိသာလှသည်။ ရှောင်းကောသည် အစပိုင်းတွင် သူ့ဆီမှ အရူးလုပ်ခံခဲ့ရသော်လည်း ယခုအခါတွင်တော့ သူမသည် ၎င်းအား အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပြီဖြစ်သည်။
ရှောင်းကော၏ စိတ်ရှည်သည်းခံမှု အကန့်အသတ်သို့ ရောက်ရှိလာသည့်အခါ ကျွမ်းကျွမ်းကလည်း သိသည်။ သူသည် ဟန်ဆောင်ငိုနေတာအား ရပ်လိုက်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ သူသည် ရှောင်းကောအား နာနာခံခံဖြင့် မျက်နှာသုတ်ပဝါပေးလိုက်ကာ သူမလက်ကို သုတ်လိုက်ပြီး ရေသွန်လိုက်သည်။
ရှောင်းကော ဒေါသထွက်လွန်းလို့ ရယ်မောလိုက်သည်။ သူမ မျက်ခုံးပင့်လိုက်ပြီး ကျွမ်းကျွမ်း၏ ပြုံးနေသည့်မျက်နှာကို ကြည့်လိုက်သည်။ "ကျန်းချင်းဝမ်"
"မေမေ!"
ကျွမ်းကျွမ်းရဲ့ကိုယ်က တုန်ရီသွားသည်။ သူ့မျက်လုံးများတွင် ချက်ချင်းပင် မျက်ရည်များ ပြည့်နှက်သွားသည်။ သူသည် နှုတ်ခမ်းကို တင်းတင်းဖိထားကာ သူမသာသူ့ကိုဆူလိုက်ပါလျှင် ငိုချတော့မည့်ပုံပင်။
ရှောင်းကော ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူ့ခေါင်းထဲမှာ ဘာတွေဖြစ်နေမှန်း သူမ မသိတော့ပေ။
ဒီတစ်ကြိမ်မှာတော့ သူမ ကျွမ်းကျွမ်းအား ဒီတိုင်းလွှတ်မပေးတော့ချေ။ သူမ ရင်ထဲ နူးညံ့သွားပေမယ့် ၎င်းအား သူမမျက်နှာပေါ်တွင်မပြပေ။ သူမသည် ကျွမ်းကျွမ်းအား လေးလေးနက်နက် ကြည့်လိုက်သည်။
သူ၏ ထုံးစံအတိုင်း နည်းဗျူဟာများက အသုံးမဝင်တော့သည်ကို မြင်လိုက်ရပြီး၊ ကျွမ်းကျွမ်းသည် ရှောင်းကော၏ ၂၀၀,၀၀၀ ဗို့အားဖြင့် တိုက်ခိုက်ခြင်းခံလိုက်ရပြီးနောက် တိုးတိုးလေးပြောလိုက်သည်။
“မေမေ၊ သား ဦးလေးကို လွမ်းတယ်…”
ကျွမ်းကျွမ်း သူ့ဦးလေးအား မတွေ့ရတာကြာပြီဖြစ်သည်။ သူ မအီမသာဖြစ်သလို ခံစားရသည်။ သူ့တွင် သူ့ဦးလေးအား ပြောပြစရာတွေအများကြီးရှိသည်။
ရှောင်းကော အေးခဲသွားသည်။ မထူးဆန်းတော့ဘူး....
အမှန်ပင်။ သူမတွင် လုပ်စရာမရှိသည့်အခါ ကျွမ်းကျွမ်းအား ချင်းအန့်မင်ထံ ခေါ်သွားပေးမည်ဟု ကတိပေးခဲ့သော်လည်း သူမ တကယ်မေ့သွားခဲ့သည်...
ဒါက တကယ်မဖြစ်သင့်ပေ။ ရှောင်းကော လက်ရှိအချိန်အား ပြန်ရောက်လာကာ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ " မေမေတို့ မနက်ဖြန်ကျရင် ဦးလေးဆီသွားလည်ကြမလား?"
ကျွမ်းကျွမ်း၏ စိတ်ပျက်အားငယ်မှုတွေက ပျောက်ကွယ်သွားတော့သည်။ သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုဟာ သူမကို အမြင်ကွယ်လုနီးပါး ဖြစ်အောင်လုပ်လိုက်သည်။ သို့သော် ထိုအချိန် သူမတွင် မနာလိုရိပ်တွေ သန်းသွားသည်ကို ခံစားလိုက်ရသည်။ သူမက သူ့ဦးလေးထက် အဆင့်နိမ့်တယ်လား....?
ချင်းအန့်မင်အပေါ် ကျွမ်းကျွမ်း၏ ခံစားချက်အား ရှောင်းကောသိသည်။ သူမအနေဖြင့် ထိုကဲ့သို့သော အသေးအမွှားကိစ္စများအား တွက်ကပ်မနေချင်ပေ။
၎င်းအစား၊ မနက်ဖြန် ကျွမ်းကျွမ်းအား သူ့ဦးလေးနှင့်တွေ့ရန် ခေါ်သွားပေးရန်မှာ ပိုအရေးကြီးသည်။
ချင်းအန့်မင် ပေါက်ပေါက်စားကုန်သွားပြီလား၊ ပေါက်ပေါက်ကိုရော ကြိုက်ရဲ့လားဆိုတာ သူမသိချင်မိသည်။ သူမ ပေါက်ပေါက်တွေ ပိုလုပ်ပြီး မနက်ဖြန် ယူသွားသင့်လား?
ရှောင်းကော ခေါင်းညိတ်လိုက်သည်။ ' ဟင်း! ပြောင်းဖူးစေ့တွေ ယူသွားမယ်။ ဟိုရောက်ရင် ပေါက်ပေါက်လုပ်ရမယ်!'
မနက်ဖြန်တွင် သူ့ဦးလေးနှင့် တွေ့ရမည်မှန်း ကျွမ်းကျွမ်း သိလိုက်သည်။ သူသည် အိပ်ရာမဝင်ခင် ဘာဝတ်ရမလဲဆိုတာ ရွေးနေလိုက်သေးသည်။
ရှောင်းကော ကုတင်ပေါ်တွင် လှဲကာ ကျွမ်းကျွမ်းအားကြည့်လိုက်သည်။ သူမက သူ့ကိုစလိုက်သည်။ “ မသိရင် သားက မိန်းမပျိုလေးနဲ့ သွားတွေ့မှာလို့ မေမေထင်မိတော့မလို့"
ကျွမ်းကျွမ်းဟာ ငယ်သေးသော်လည်း ရှောင်းကော သူ့အားစနောက်နေမှန်း သူသိသည်။ သူသည် သူ့အဝတ်အစားများကို ချလိုက်လိုက်ကာ ကုတင်ပေါ် ရှက်ရှက်ဖြင့် လှဲချလိုက်ပြီး ရှောင်းကောရင်ခွင်ထဲ တိုးဝင်လိုက်သည်။
“ မေမေ…”
သူ သူမဆီ လှိမ့်လာတော့မည်ကို မြင်လိုက်ရသဖြင့် ၎င်းအား အခွင့်ကောင်းယူကာ ရှောင်းကောသည် စောင်ဖြင့် သူ့အားအုပ်လိုက်သည်။ ထို့နောက် သူမလည်း စောင်ထဲဝင်ကာ သူ့ကို ပါထုပ်လိုက်သည်။
ကျွမ်းကျွမ်းသည် စောင်အောက်တွင် လှည့်ပတ်နေရင်း ရယ်မောလိုက်သည်။ ရှောင်းကောမှာ ပြင်းပြင်းထန်ထန် ရယ်မောကာ အသက်ရှုတောင်မဝတော့ပေ။