အခန်း (၈၈)
Vol. 6 Ch. 88
"ကျွမ်းကျွမ်း၊ မြန်မြန်ထ။ မနက်စာစားပြီးရင် ဦးလေးကို သွားတွေ့မယ်လေ"
ကြက်အိပ်ကြက်နိုးဖြစ်နေဆဲ ကျွမ်းကျွမ်းမှာ ညည်းညူလိုက်ကာ အိပ်ရာကနေတော့ မထသေးပေ။ သို့ပေမဲ့ ဦးလေးဆိုတဲ့ စကားကိုကြားတော့ သူဆတ်ခနဲ ထထိုင်လိုက်သည်။ ဟုတ်သားပဲ၊ ဒီနေ့ သူ့ဦးလေးကို သွားတွေ့ရမှာ!
ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ကာ သူဝတ်ဖို့ စီစဉ်ထားသည့် အဝတ်အစားတွေကို လှမ်းကြည့်လိုက်သည်။
ကျွမ်းကျွမ်း သူ့အဝတ်တွေကို လိုက်ရှာရင်း သူ့ဘာသာသူတစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ “ဒီတစ်ထည်က ကြည့်မကောင်းဘူး။ ဒါကကျ အရမ်းတောက်တယ်။ ဒီတစ်ခု…"
နိုးလာကတည်းက သူမအား တစ်ချက်လေးမှတောင် မကြည့်သည့် ကျွမ်းကျွမ်းအား ကြည့်လိုက်ရင်း ရှောင်းကောနှာမှုတ်လိုက်ကာ မနက်စာစားရန် တစ်ယောက်တည်း ထွက်လာလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ကျွမ်းကျွမ်းက နိုးနေပြီဖြစ်သည်။ သူ ထမင်းလာဝင်စားပါက မပူစေရန် သူမ ထမင်းခူးလိုက်ပြီး အအေးခံထားလိုက်သည်။
သို့သော်လည်း ရှောင်းကော ထမင်းစားပြီးသည့်အချိန် ကျွမ်းကျွမ်းအားမည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။ သူမ ပန်းကန်လုံးနှင့် တူအား ချလိုက်ကာ သူဘာတွေလုပ်နေသလဲဆိုတာ စစ်ဆေးဖို့ ထလိုက်သည်။
"ကျွမ်းကျွမ်း! ကျွမ်းကျွမ်း!"
ရှောင်းကောတံခါးဖွင့်ကာ သူဘာကြောင့် ကြာနေရသလဲဆိုတာကြည့်လိုက်သည်။
"မေမေ၊ သားပြီးခါနီးပြီ!"
ဒီအချိန် ကျွမ်းကျွမ်းတစ်ယောက် သူ့ဆံပင်တွေအား မှန်ရှေ့တွင် ဖြီးနေတာဖြစ်သည်။ ရှောင်းကောလုပ်ထားသည့် ခေါင်းစည်းကြိုးနှင့် သူ့ဆံပင်ကို ချည်နေသည်။
“ဟင်း…”
ရှောင်းကော သက်ပြင်းရှည်ကြီးထုတ်လိုက်သည်။ "ဘာလို့ဒီလောက်ပြင်ဆင်နေတာလဲ..."
ရှောင်းကော အချိန်အတော်ကြာ တွေးခဲ့သော်လည်း မှန်ကန်သည့် စကားလုံးကို မရှာတွေ့ခဲ့ပေ။ အဆုံးတွင် သူမသည် ပိုသင့်လျော်သည့် စကားလုံးကိုသာ အသုံးပြုလိုက်သည်။
ပျံတံတံ နန့်တန့်တန့်ဖြစ်နေတာ…
သားတစ်ယောက်ရှိတဲ့ မိခင်တိုင်း သူတို့ရဲ့ ကလေးကို မိန်းကလေးလို ဆင်ပေးချင်ကြသည့် စိတ်ကူးရှိကြမှာပင်။ အနည်းဆုံးတော့ ရှောင်းကောလည်း လုပ်ခဲ့သည်။
မကြာသေးမီက ရှောင်းကောသည် အမျိုးသမီးယန်နှင့် ဈေးသွားသည့်အချိန် ရှောင်းဟွားအတွက် အဝတ်အစားချုပ်ပေးရန် အမျိုးသမီးယန်တစ်ယောက် ပန်းရောင်အထည်စဝယ်သည်ကို သူမ တွေ့ခဲ့ရသည်။ ရှောင်းကောလည်း လိုက်ကာ အရောင်တူအထည်စ ဝယ်ခဲ့သေးသည်။
သူမပြန်ရောက်သည့်အခါ ပန်းရောင်အထည်စကိုသုံးကာ ကျွမ်းကျွမ်းအတွက် အဝတ်အစားချုပ်ပေးခဲ့သည်။ သို့သော် ကျွမ်းကျွမ်းသည် အဝတ်အစားများကို မြင်သည်နှင့် ထွက်ပြေးတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဝတ်ဖို့ကို ငြင်းဆန်နေသည်။ ရှောင်းကော သူ့ကို ဖြားယောင်းသွေးဆောင်သလို၊ ချော့ပြီးခြိမ်းခြောက်ခဲ့ပေမဲ့ ထိုအဝတ်အစားဝတ်ရန် သူ့အား မစည်းရုံးနိုင်ခဲ့ပါချေ။
ရှောင်းကောမှာ ကူကယ်ရာမဲ့စွာဖြင့် အရှုံးပေးလိုက်ရသည်။ သူမ ထိုအဝတ်အစားအား ဗီရိုအောက်ခြေတွင် ထည့်ဖို့ရန် တွန့်ဆုတ်နေသည်။ သူမသည် ၎င်းအဝတ်အစားအား ဗီရိုထဲတွင် တစ်သက်လုံး သိမ်းထားရန် စီစဉ်ခဲ့သော်လည်း ကျွမ်းကျွမ်းတစ်ယောက် ၎င်းအဝတ်အစားတွေအား ထုတ်ဝတ်လိမ့်မယ်လို့ ဘယ်သူကထင်ပါ့မလဲ? သူ အခု အဲ့ဒါတွေကို ဝတ်ထားတယ်!!
“သားလေး….အရမ်းချစ်စရာကောင်းတာပဲ…”
ကျွမ်းကျွမ်း၏ လက်ရှိအသွင်အပြင်ဟာ ရှောင်းကော၏ ရင်ကို ထိသွားစေသည်။ သူ့ကိုကြည့်ရတာ ခပ်ချောချောကလေးမလေးတစ်ယောက်လိုပင်။
သူဟာ အသားဖြူကာ၊ ဝဝကစ်ကစ်၊ နူးနူးညံ့ညံ့လေးပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ ကိုက်ပစ်လိုက်ချင်သည်။
ဤသည်မှာ ရှောင်းကော၏ သမီးလေးတစ်ယောက်လိုချင်သည့်ဆန္ဒကို ချက်ချင်းကျေနပ်သွားစေသည်။
သူမ ကျွမ်းကျွမ်းအား ဖက်ကာ သူ့ကို ကိုက်ခါနီးတွင် ကျွမ်းကျွမ်းတစ်ယောက် ရှောင်းကော၏ လောဘတကြီး မျက်လုံးတွေကိုကြည့်ကာ နားမလည်နိုင်ဖြစ်သွားရသည်။ "မေမေ?"
ဒါပင်။ ရှောင်းကော၏ အတွေးတွေဟာ ချက်ချင်း ငြိမ်သက်သွားတော့သည်။ မိန်းကလေးပုံစံနှင့် ယောက်ျားလေးအသံ။
ဒီကလေးတွင် ကောင်လေးတစ်ယောက်၏ အသံရှိမှန်း သိသာလှသည်။
ရှောင်းကောမှာ ဇာတ်ကောင်ထဲမှထွက်သွားကာ ပြောလိုက်သည်။ “မြန်မြန် မနက်စာစားဖို့ ထွက်လာတော့" ထို့နောက် သူမအခန်းထဲမှ ထွက်လာလိုက်သည်။
'မေမေတစ်ယောက် သူမျက်နှာ ဘယ်လောက်မြန်မြန်ပြောင်းနိုင်လဲဆိုတာပြဖို့ ဝင်လာတာလား?' ကျွမ်းကျွမ်းသူ့ဘာသာသူ တွေးလိုက်သော်လည်း သူ့လက်တွေကတော့ ရပ်မသွားပေ။ သူ့ဆံပင်တွေကို စနစ်ကျကျ ကျစ်ဆံမြီး ကျစ်လိုက်သည်။ ကျစ်ဆံမြီးခိုင်စေရန် တူညီသည့် ပန်းရောင်အထည်စဖြင့်လုပ်ထားသည့် ခေါင်းစည်းအား သုံးလိုက်သည်။
ကျွမ်းကျွမ်း သူ့ပုံသူ ကျေကျေနပ်နပ် စစ်ဆေးပြီးနောက် နောက်ဆုံးတွင် မနက်စာစားရန် ထွက်လာတော့သည်။
သူထွက်လာသည့်အခါ ရှောင်းကောမှာလက်ထဲတွင် ပန်းကန်လုံးတစ်လုံးနှင့် ထိုင်ခုံပေါ်တွင် ပြန်ထိုင်နေပြီဖြစ်သည်။ သူမသည် ပန်းကန်လုံးထဲရှိ အရာအား ဖြည်းဖြည်းချင်းမွှေကာ မှုတ်လိုက်သည်။
လမ်းလျှောက်ထွက်လာတဲ့ ပန်းရောင်အလုံးလေးကိုတွေ့ကာ ရှောင်းကော သူ့ကို တိုက်ရိုက်ကြည့်ဖို့မခံနိုင်ပေ။ သူက တကယ်လှပြီး ချစ်ဖို့ကောင်းတယ်။
'ဒါပေမယ့် အဲ့ဒီဝတ်စုံကို သူမဝတ်ခိုင်းတုန်းကကျ သူဘာလို့ ငြင်းတာလဲ?? သူမက သူ့အသက်ကို လိုချင်နေတာကျနေရော'
'ချင်းအန့်မင်ဆီ သွားလည်မယ့်အခါကျ ဘာလို့အဲ့ဒါကို ဝတ်တာလဲ?'
အမှန်ပဲ။ သူမ မနာလိုဖြစ်နေတာ!
ကျွမ်းကျွမ်းတစ်ယောက် သူ့ဦးလေးကို တွေ့ရဖို့ကိုသာ စိတ်ထဲရှိနေသဖြင့် သူ၏ပုံမှန် အာရုံခံနိုင်စွမ်းမှာ လုံးဝမရှိတော့ပေ။ ရှောင်းကော၏ ရံဖန်ရံခါ အကြည့်တွေကိုတောင် သူ သတိမထားမိပေ။
ပုံမှန်အားဖြင့် ရှောင်းကောတွင် တစ်ခုခု ဖြစ်နေပါက ကျွမ်းကျွမ်းမှာ ပထမဆုံး သတိပြုမိလိမ့်မည်ပင်။
ဒါပဲလေ။ ချင်းအန့်မင်နဲ့သာရှိရင် သူမက ဒုတိယနေရာမှာဘဲ....
သူမ ကျွမ်းကျွမ်းကို အကြိမ်အနည်းငယ် စိုက်ကြည့်နေသော်လည်း ကောင်လေးက ဘာမှ အာရုံမခံမိပေ။
ရှောင်းကောက ချင်းအန့်မင်အား သွားတွေ့ရန် မြည်းလှည်းမောင်းနေသည်။
လမ်းတစ်လျှောက်တွင် ရှောင်းကောသည် ကျွမ်းကျွမ်းကိုကြည့်ရင်း အလုပ်များနေသဖြင့် သူမအိမ်မှထွက်လာသည့်အခါ ပုန်းအောင်းနေသည့် သံသယဖြစ်ဖွယ်လူအနည်းငယ်ကို သတိမထားမိလိုက်ပေ။
သူမ ထွက်သွားပြီးနောက် သူတို့ထဲမှ တစ်ယောက်က မြက်ခင်းပြင်မှ ထွက်လာသည်။ ထွက်ခွာသွားသည့် မြည်းလှည်းအားကြည့်ကာ တစ်ခုခုအား မှတ်မိရန် တိတ်တဆိတ် ကြိုးစားလိုက်သည်...
"ကောင်းပြီ ထွက်လာတော့!"
အရင်ထွက်လာတဲ့လူက မြည်းလှည်းကို သိပ်မမြင်ရတော့ပေ။ သူ့အကြည့်တွေကို ပြန်ရုတ်ကာ မြက်ခင်းပြင်တွင်ဝပ်နေသေးသည့် ကျန်လူများကို ကန်ကျောက်ရန် သူ့ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။
"ဘယ်လိုလဲ သူဌေး? သေချာကြည့်လိုက်ရလား?"
အကန်ခံရတဲ့ ယောက်ျားက အရင်ထွက်လာသည်။ သူသည် အမျိုးသမီး အဝတ်အစားများကို ၀တ်ဆင်ထားကာ ခပ်အောအော အမျိုးသားအသံရှိသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မြက်ပင်တွေအား ဖယ်ပြီးသည့်နောက် တခြားလူကို မေးလိုက်သည်။
"အေး ကြည့်လိုက်ရတယ်!"
သူဌေးအဖြစ် အခေါ်ခံရသူဟာ သူ့အဖော်အား ကြည့်မိပါက မျက်စိနာမိစေသကဲ့သို့ မနှစ်မြို့သလို ကြည့်လိုက်သည်။
သူက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ "လာနောက်မနေနဲ့! ငါ့မှာ သိမ်းငှက်လို မျက်လုံးတွေရှိတယ်"
သူ့လက်အောက်ငယ်သားက ရှက်ရွံ့စွာပြုံးလိုက်ကာ သူ့မျင်နှာဘယ်ဘက်ရှိ မျက်နှာချေမှုန့်တွေဟာ မေးစေ့ပေါ်တွင်စွန်းထင်းနေသည်။
ကျန်လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ ထိုလူကို ဝိုင်းထားကြသည်။
"သူဌေး၊ အဘွားကြီးကို မတွေ့ဘူး"
အခြားသူတစ်ဦးကပြောလိုက်သည်။ “ကျွန်တော်တို့ မစ်ရှင် လက်ခံထားတာ။ လူတစ်ယောက်ပျောက်နေတော့ အခုကျွန်တော်တို့ဘာလုပ်ရမလဲ?"
အချိန်မရှိတော့တာကိုမြင်တော့ ခေါင်းဆောင်က မဆုံးဖြတ်ခင် ခဏလောက် တုံ့ဆိုင်းသွားသည်။
"ငါတို့ပြန်ကြမယ်! အချိန်မလောက်တော့ဘူး! ငါတို့လက်ထဲမှာ နောက်ထပ် အရေးကြီးကိစ္စတွေ ရှိသေးတယ်!”
သူဌေးက ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့သည် အနီးနား ခရိုင်တွင် ပုန်းကွယ်နေနေကြသည့် အဖွဲ့အစည်းအသေးလေးတစ်ခု ဖြစ်သည်။ ယနေ့ မြို့တော်ကို ခရီးထွက်ရမည်!
သို့သော် ခရီးမထွက်မီ တစ်စုံတစ်ဦးထံ တိတ်တဆိတ်သွားရောက်ရန် လျှို့ဝှက်အမိန့်ကိုရရှိခဲ့သည်။ ထိုလူအား နှောင့်ယှက်စရာ မလိုပေ။ အဲ့ဒီလူ ဘယ်လိုနေနေလဲ ဆိုတာကိုသာ ကြည့်ပေးရန်ဖြစ်သည်။
လျှို့ဝှက်အမိန့်ကို လက်ခံရရှိပြီးနောက်၊ သူသည် ယုံကြည်ရသည့် လက်ထောက်အနည်းငယ်ဖြင့် ညတွင်းချင်း မက်မွန်ပွင့်ကျေးရွာသို့ အပြေးအလွှားသွားကာ လမ်းညွှန်ချက်တောင်းပြီးနောက် နေရာကို ရှာတွေ့ခဲ့သည်။
အိမ်ကိုတွေ့တော့ သူတို့တွေက တစ်ဖက်တွင်ပုန်းကာ စောင့်နေခဲ့သည်။
နောက်ဆုံးတွင် တစ်ယောက်ယောက် ထွက်လာသည်။ သူ သေချာမမြင်ရသော်လည်း အချိန်က ကပ်နေသည်။ သူစုဆောင်းထားသည့် အချက်အလက်လေးတွေကို အခြေခံကာ အစီရင်ခံဖို့ပဲ လိုတော့သည်။
လူအနည်းငယ်ဟာ သူတို့ရောက်လာတုန်းကလိုပင်ခြေရာလက်ရာပင်မကျန် ပျောက်ကွယ်သွားကြသည်။ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
ရှောင်းကောသည် မြည်းလှည်းဖြင့် ခရိုင်မြို့သို့ အပြေးသွားခဲ့သည်။ မနက်ပိုင်း စားသောက်ဆိုင်လူရှုပ်ချိန်အပြီးတွင် သူမတို့ရောက်သွားသည်။
ထိုအချိန်တွင် ချင်းအန့်မင်နှင့် တခြားသူတွေ ခေတ္တအနားယူနေကြသည်။
သူထိုင်လိုက်ချိနိ စားသောက်ဆိုင်ထဲသို့ ကလေးမလေးတစ်ယောက် ပြေးလာသည်ကို တွေ့လိုက်ရသည်။ ချင်းအန့်မင်မှာ တစ်ယောက်ယောက်ရဲ့ အနောက်တွင်ရှိနေတာကြောင့် ကလေးမလေး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။
ဧည့်သည်တစ်ယောက်ဆီမှ ကျန်ခဲ့သည့် ကလေးလို့ သူထင်လိုက်သည်။ သူမကို သူမရဲ့မိသားစုအားလိုက်ရှာပေးဖို့ သူသွားခေါ်ဖို့လုပ်လိုက်သည်…
ဦးလေးရှုသည် သူ့မျက်လုံးတွေအား ထိလိုက်ကာ တုန့်ဆိုင်းစွာဖြင့် ရေရွတ်လိုက်သည်။ သူ ကလေးကို မျက်စိမှေးကြည့်လိုက်ကာ မသေချာစွာဖြင့်အော်ခေါ်လိုက်သည်။
"ကျွမ်းကျွမ်းလား?"
ဦးလေးရှု ပြောပြီးတာနဲ့ အားလုံး အံ့ဩတကြီးဖြစ်သွားကြသည်။
အားလုံးဝိုင်းလာကာ ကျွမ်းကျွမ်း၏ အဝတ်အစားအကြောင်းပြောကြတော့သည်။
ရူယီရယ်လိုက်ကာ မီးဖိုခန်းထဲမှ ပြေးထွက်လာသည်။ သူမသည် ကလေးမလေးတစ်ယောက်လို ၀တ်ဆင်ထားသည့် ကျွမ်းကျွမ်းအား ပွတ်ကာညှစ်လိုက်သည်။
ကျွမ်းကျွမ်းသည်တော့ သူ၏ အဝတ်အစားတွင် အမှားအယွင်း တစ်စုံတစ်ရာမရှိဟု ခံစားလိုက်ရသည်။ သူက ပြုံးကာ လူတိုင်းအား ဝိုင်းထားခွင့်ပေးလိုက်သည်။ တစ်ခဏမှာ သူတို့က သူ့ခေါင်းကိုပွတ်ပြီး နောက်အခိုက်မှာတော့ သူ့တင်ပါးကို ပွတ်လာသည်။ နောက်အခိုက်အတန့်တွင်တော့ တခြားလူက သူ့မျက်နှာအား ညှစ်လာသည်။
ကောင်လေးက စိတ်ထားကောင်းလွန်းသဖြင့် လူတိုင်းအား ပွေ့ဖက်ဖျစ်ညှစ်ခွင့်ပေးထားသည်။ သူမျက်လုံးပြူးကာ သူတွေ့ချင်နေသည့်လူအား လှည့်ပတ်ကြည့်လိုက်သည်။
"ကျွမ်းကျွမ်း?"
ချင်းအန့်မင်၏ မသေချာမရေရာသည့် အသံက အနောက်မှနေ ထွက်ပေါ်လာသည်။
အသံကိုကြားတော့ ကျွမ်းကျွမ်း လှည့်ကြည့်လိုက်သည့်အခါ ချင်းအန့်မင်ကိုတွေ့လိုက်ရသည်။
"ဦးလေး!"
ကျွမ်းကျွမ်းသည် လူအုပ်ကြားထဲမှ ထွက်ကာ ချင်းအန့်မင်ထံ ပြေးသွားတော့သည်။
ချင်းအန့်မင် ကျွမ်းကျွမ်းကို ကောက်ချီလိုက်သည်။ တကယ် ကျွမ်းကျွမ်းပဲ!
ခါတိုင်းလိုပဲ၊ သူက ကျွမ်းကျွမ်း ကိုယ်အလေးချိန်တက်လာလားဆိုတာ သိနိုင်ရန် သူ့လက်မောင်းပေါ်တွင် ချိန်ကြည့်လိုက်သည်။
ရှောင်းကောမှာ နည်းနည်းကြာမှရောက်လာသည်။ သူမ အပြင်တွင် လှည်းကိုရပ်ကာ မြည်းကို ကြိုးချည်နေတုန်းတွင် ကျွမ်းကျွမ်းတစ်ယောက် သူမအားစွန့်ပစ်ကာ ဆိုင်ထဲသို့ သူ့ဘာသာသူ ပြေးဝင်သွားသည်။
သူမဟာ သူမြင်ချင်သည့်သူမဟုတ်ဟု ခါးသီးစွာတွေးမိကာ သူမ အနောက်မှနေနှေးကွေးစွာဖြင့် သွားလိုက်သည်။
မြည်းကို ကြိုးချည်ပြီးနောက် နံနက်စောစော သူမအခွံနွှာထားသည့် ပြောင်းဖူးစေ့အိုးအား သယ်ကာ စားသောက်ဆိုင်ထဲသို့ ဖြည်းညှင်းစွာဖြင့် ဝင်လာလိုက်သည်။