← Chapters

အခန်း (၈၉)

Vol. 6 Ch. 89

အခန်း (၈၉)

Vol. 6 Ch. 89

"ညီမရှောင်းကော!"

ရူယီ ရှောင်းကောကို ပထမဆုံးမြင်လိုက်သည်။ ရှောင်းကောလည်း သူမအား ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။

"ရူယီ!"

တခြားသူတွေလည်း နှုတ်ဆက်လိုက်ကြကာ ရှောင်းကော သူတို့နှင့်အတူ စိတ်ပါလက်ပါ စကားစမြည်ပြောလိုက်သည်။

ထိုအချိန်တွင်၊ ချင်းအန့်မင်မှာ ကျွမ်းကျွမ်းထံမှ နားပူခံနေရသည်။ သူ ရှောင်းကောကို မြင်သော်လည်း သူမကို မနှုတ်ဆက်နိုင်ပေ။ အကြောင်းမှာ ကျွမ်းကျွမ်းတစ်ယောက် သူ၏ လတ်တလောအခြေအနေ၊ သူဘာစားခဲ့တယ် ဘာလုပ်ခဲ့တယ်ဆိုတာတွေကို မရပ်မနား ပြောဆိုနေတာကြောင့်ပင်။ မည်းနက်ကြီးနဲ့ ဖြူသေးမှာ ဘယ်လောက်‌ကြီးလာကြောင်း၊ ပမ်းပမ်းနဲ့ ဖေးဖေးတို့တွေ အစားပိုစားလာကြကြောင်း။ သူတို့တွေ ဘဲဥကြက်ဥ အများကြီး စုထားမိ‌ကြောင်း။ သူ့အမေက ဘဲဥဆားငန်အနှစ် အစာသွပ်လမုန့် လုပ်ရန်ဖိုတစ်ခုဆောက်လိုက်ကြောင်း...

ချင်းအန့်မင်မှာ စိတ်မရှည်ဖြစ်သလို မခံစားရပါချေ။ သူက ကျွမ်းကျွမ်ရဲ့ စကားတွေကို စိတ်ရှည်လက်ရှည်ဖြင့် နားထောင်ပေးသည်။ ဒါတွေအားလုံးဟာ အသေးအဖွဲ့ ကိစ္စတွေဖြစ်သော်လည်း ချင်းအန့်မင်ကတော့ အရမ်းစိတ်ဝင်စားနေဆဲပင်။ ကျွမ်းကျွမ်းကို ကြည့်သည့် သူ့အကြည့်တွေထဲ ချစ်ခြင်းတွေအပြည့်ပင်။

ရူယီ လျှောက်လာကာ ရှောင်းကော၏လက်မောင်းကို သိုင်းဖက်လိုက်သည်။ သူမအား တစ်ဖက်သို့ ခေါ်သွားကာ ကျွမ်းကျွမ်းအား လက်ညိုးထိုးလိုက်သည်။

" ညီမဘာလုပ်တာလဲ? ဘာလို့ ကျွမ်းကျွမ်းကို ဒီလိုမျိုးဆင်ပေးထားတာလဲ?"

ပြောရင်းဖြင့် ရူယီသည် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။ ကျွမ်းကျွမ်း ဝတ်စားထားပုံဟာ တကယ် ချစ်စရာကောင်းလွန်းလှသည်။

ဒါကိုကြားတော့ ရှောင်းကော ကျွမ်းကျွမ်းအား မျက်လုံးလှိမ့်လိုက်ချင်တာကို ထိန်းထားလိုက်သည်။ သူမ လှည့်ကြည့်လိုက်ကာ ရူယီကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ “အဲဒါ ကျွန်မ ဝတ်ထားပေးတာမဟုတ်ဘူး။ သူ့ဦးလေးနဲ့တွေ့ဖို့ဆိုပြီး သူ ဒီလိုဝတ်လာတာပဲ"

ဒါကို ရူယီ ကြားတော့ အကျယ်ကြီး ရယ်လိုက်သည်။ ချင်းအန့်မင်လည်း ဆူဆူညံညံအသံအား ကြားလိုက်ရပြီး ဘာဖြစ်နေလဲဆိုတာ သိချင်စိတ်ဖြင့် သူတို့နှစ်ယောက်ဘက်လှည့်ကြည့်လာသည်။ သူတို့နှစ်ယောက်က ဘာမှမဟုတ်ကြောင်း တစ်ပြိုင်နက်တည်း ခေါင်းခါပြလိုက်သည်။

ရူယီနှင့် ရှောင်းကောတို့်မှာ တိုးတိုးတိုးတိုးပြောနေကြတာကြောင့် သူတို့ပြောနေတာကို ဘယ်သူမှမကြားရပေ။

သူ့ဦးလေးက အာရုံမစိုက်နေတာကိုမြင်တော့ ကျွမ်းကျွမ်းသည် သူ့လက်ကို မြှောက်လိုက်ကာ ချင်းအန့်မင်ရဲ့ခေါင်းအား ပြန်ရွှေ့လိုက်သာ်၊ ဒီတော့မှ သူ့ဦးလေးက သူ့ကို ကြည့်လာသည်။

စိတ်ကျေနပ်စွာဖြင့် သူစကားဆက်ပြောသည်။ “ဦးလေး၊ ဒီတစ်လော လက်ရေးလှ လေ့ကျင့်ရသေးလား? မေ့သွားပြီလား? ဝီရိယရှိရမယ်နော်…”

ချင်းအန့်မင်သည် ကျွမ်းကျွမ်းအား ပွေ့ချီကာ ထိုင်လိုက်သည်။ သူသည် ကျွမ်းကျွမ်း ပြောဆိုသည်များအား ဂရုတစိုက် နားထောင်သည်။ ကျွမ်းကျွမ်းသည် ဤကာလအတွင်း ကိုယ်အလေးချိန် အများအပြား တက်လာခဲ့သည်။ မတ်တပ်ရပ်ရင်း သူ့ကိုဆက်ချီထားပါက သူ့လက်တွေအဆစ်လွဲသွားလိမ့်မည်ပင်။

ရှောင်းကော သူတို့နှစ်ယောက်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ရူယီဘက်ပြန်လှည့်ကာ စကားစမြည်ဆက်ပြောသည်။

“အဆင်ပြေရဲ့လား? ပင်ပန်းနေလား?"

ရှောင်းကောသည် သူတို့ရဲ့မျက်နှာတိုင်းအား ဂရုတစိုက်ကြည့်လိုက်သည်။ သူတို့ကိုင်တွယ်နိုင်ပါ့မလားလို့ သူမ တွေးမိသည်။

ဒါကို ရူယီကြားတော့ သူ့မျက်နှာက ရွှင်မြူးသွားသည်။ သူမသည် ရှောင်းကောအား ဝမ်းသာအားရဖြင့်ပြောလာသည်။ "တကယ်တော့ သိပ်မဆိုးပါဘူး။ လူတိုင်း တာဝန်တွေခွဲထားတဲ့အတွက် အရမ်းပင်ပန်းတယ်လို့ မခံစားရဘူး”

ရှောင်းကောသည် ရူယီ၏မျက်နှာပေါ်ရှိ ပျော်ရွှင်နေမှုကိုမြင်ကာ ကောင်းကောင်းလိုက်လျောညီထွေ‌ဖြစ်နေမှန်း သူမယုံသည်။

"ညီမရှောင်းကော၊ အစ်မတို့ရဲ့ နေ့စဉ်ဝင်ငွေ ဘယ်လောက်လဲသိလား?"

ရူယီသည် ရှောင်းကောနားအနား တိုးကာ တိတ်တိတ်လေး မေးလိုက်သည်။ သူမ၏လေသံထဲတွင် ရွှင်မြူးမှုအပြည့်ရှိနေသည်။

ရူယီ၏ အမူအရာမှ ငွေအမြောက်အမြားဖြစ်ကြောင်း ရှောင်းကောပြောနိုင်သည်။ သို့သော်လည်း သူမသည် စဉ်းစားနေသည့်အမူအရာဖြင့် တုန့်ဆိုင်းစွာ အကြမ်းဖျင်း ခန့်မှန်း‌ချေအား ထုတ်ပြောလိုက်သည်။

"ငွေတုံးနှစ်ဆယ်လား?"

ရှောင်းကောသည် အကြမ်းဖျင်းခန့်မှန်းခဲ့ရုံသာဖြစ်သည်။ သူမအား အံ့အားသင့်သွား‌စေသည်မှာ ရူယီက ကျိတ်ရယ်လိုက်ပြီး ရှောင်းကောအား ပမာဏကို နှစ်ဆတိုးသင့်သည်ဟု ဆန်းကျယ်စွာဖြင့်ပြောလာသည်။

ရှောင်းကောရင်ထဲ ဒိတ်ခနဲခုန်သွားတော့သည်။ မဖြစ်နိုင်တာ၊ ငွေတုံးလေးဆယ်?!

ရူယီ အရူးအမူး ခေါင်းညိတ်လိုက်သည်။ “ဒါက ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်နဲ့ အခွန်တွေကို နုတ်ထားတာ။ ဒါဟာ ငါတို့ရဲ့ အသားတင်အမြတ်ပဲ!”

၎င်းအား ရူယီသည် အန်ကယ်ရှုထံမှ ကြားသိခဲ့ရချိန်မှာ သူမသည် အလွန်စိတ်လှုပ်ရှားကာ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ ဤနှုန်းဖြင့်ဆိုလျှင် သူမ၏လုပ်ငန်းအား ချဲ့ထွင်ရန်မှာ အချိန်သိပ်ကြာတော့မည်မဟုတ်ပေ။ အချိန်ကျလျှင် နံဘေးရှိဆိုင်ကို ဝယ်ကာ လက်ရှိဆိုင်အား ချဲ့လိုက်မည်။ ဤနည်းဖြင့်၊ ဖောက်သည်များ ပိုများလာနိုင်သည်။ သူမလည်း ငွေအများကြီးရှာနိုင်တော့မည်!

ဒါကိုတွေးမိသည့်အခါ ရူယီမှာ ရှောင်းကောအားဆွဲကာ ကပစ်လိုက်ချင်သွားသည်။ သူမ ရှောင်းကောကို ပိုပြီးကျေးဇူးတင်မိသည်။ သူမကြောင့်သာဟုတ်ပါက သူမအဖေ ချန်ခဲ့သည့် ခေါက်ဆွဲဆိုင်မှာ ရောင်းပစ်လိုက်ရလိမ့်မည်ပင်။ အခုချိန်မှာ သူမသည် ငွေပိုရှာဖို့အကြောင်းကို မတွေးဘဲမနေနိုင်ပါချေ။

ရှောင်းကောမှာတော့ ရူယီ ဘာတွေတွေးနေမှန်းမသိပါချေ။ သူမသာလုပ်ခဲ့ပါက သေချာပေါက် သူမဂုဏ်ယူမိမှာမဟုတ်ပေ။ အဆုံးမှာ‌တော့ မာလာထန်ဟာ ရှောင်းကော၏ မူလဖန်တီးမှုမဟုတ်ပါချေ။ ဒါ့အပြင် ဆိုင်တွင် သူတို့တွေသာ အလုပ်များခဲ့ရတာဖြစ်သည်။ သူမကတော့ ဘာမှသိပ်မလုပ်ခဲ့ရပေ။ အကယ်၍ တစ်စုံတစ်ယောက်သာ ဝမ်းမြောက်ဂုဏ်ယူသင့်သည်ဆိုပါက သူမတော့ မဖြစ်လောက်ပေ။

လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်ကြသည်။ ပါဝင်ပစ္စည်းများအား ဖြည့်ပေးရမည့်သူက ဖြည့်ပေးကာ၊ စားပွဲရှင်းရမည့်လူက ရှင်းလင်းပေးသည်။ ဦးလေးရှုကတော့ နံနက်ခင်းမှစကာ ၀င်ငွေများကို တွက်ချက်ရသည်။

ရှောင်းကော ရုတ်တရက် သူမလက်ထဲမှ အိုးကို သတိရလိုက်သည်။ "ရူယီ၊ ကျွန်မရဲ့အစ်ကို အရင်တစ်ခေါက်က ပြန်ယူလာတဲ့ ပေါက်ပေါက်ကို စားကြည့်ပြီးပြီလား?"

“စားပြီးပြီ၊ စားပြီးပြီ၊ အရသာရှိတယ်။ မွှေးလဲမွှေးတယ်။ ငါ အများကြီးစားခဲ့တာ!"

ရှောင်းကော ပေါက်ပေါက်အကြောင်း ပြောသည်အား ရူယီကြားသည့်အခါ သူမတွင် ပြောစရာတွေ အများကြီးရှိလာသည်။ သူမသည် ရှောင်းကောအား မွှေးကြောင်း၊ ချိုကြောင်း တစ်ချိန်လုံးစားချင်နေကြောင်း ပြောပြချင်သည်။

ရှောင်းကော ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရူယီဟာ အရမ်းချစ်စရာကောင်းသည်။ သူမသည် ကျွမ်းကျွမ်းကဲ့သို့ပင် သရေစာများကို သဘောကျသည်။

သူမအနားရှိ ဖူအာလည်း ပြောလာသည်။ "အစ်မရှောင်းကော ညီမလည်း စားရတယ်။ ပေါက်ပေါက်က တကယ်အရသာရှိတယ်!”

"ဟုတ်တယ်၊ ဟုတ်တယ်!"

လင်လုံနှင့် ရှောင်ကွေ့တို့လည်း စကားဝိုင်းတွင် ပါဝင်လာကြကာ သဘောတူကြသည်။ ဦးလေးရှု ပင်လျှင် ပေသီးတွက်နေရာမှ မော့ကြည့်ကာ ပြောလာသည်။ "ဒီအသက်အရွယ်နဲ့ ဦးလေးတောင် ပေါက်ပေါက်ကို အရမ်းကြိုက်တယ်"

ဦးလေးရှုသည် အစပိုင်းတွင် မုန့်များမစားတတ်သော်လည်း ထိုနေ့တွင် ပေါက်ပေါက်အနည်းငယ် စားပြီးသည့်နောက်တွင် သူ အရမ်းသဘောကျသွားသည်။ ပိုပိုဝါးလေ အနံ့မွှေးလာလေလေပင်။

ရှောင်းကော ခေါင်းညိတ်ပြလိုက်ကာ အိုးအား စားပွဲပေါ်တင်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်နှင့်အတူ ပြောလာသည်။ "မလှော်ရသေးတဲ့အစေ့အလွတ်တွေ ကျွန်မ ယူလာပေးတယ်။ အစ်မတို့တွေ ကြိုက်သလောက်စားလို့ရပြီ"

သူတို့အရမ်းကြိုက်တာကိုမြင်တော့ ရှောင်းကောအရမ်းပျော်သွားသည်။ ဒီတစ်ခါ သူမ အများကြီး ယူလာခဲ့သည်။ သူတို့အတွက် အချိန်တစ်ခုအထိ လောက်လိမ့်မည်။

ရူယီသည် ဖူအာအား အိုးကိုမီးဖိုချောင်သို့ သယ်သွားကာ သိမ်းထားခိုင်းလိုက်သည်။ သူတို့အားသည့်အခါ လုပ်စားလို့ရသည်။

ဖူအာ သက်ပြင်းချလိုက်ကာ အိုးအား မီးဖိုချောင်သို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် သယ်သွားတော့သည်။ သူမ ပေါက်ပေါက်ကို တကယ်ကြိုက်သည်။

ရှောင်းကောသည် လုပ်နည်းကို အတိုချုံးပြောပြလိုက်သည်။ ‌အရမ်းရိုးရှင်းသည်။

ရူယီ နားထောင်ပြီး အဆင့်များအား မှတ်ထားလိုက်သည်။ ဒီလောက်ရိုးရှင်းလိမ့်မယ်လို့ သူမ တကယ်ကို မထင်ထားခဲ့ပါချေ။ သူမ ဒီညလုပ်ရမည်။

နောက်ဆုံးတွင် ကျွမ်းကျွမ်းသည် ချင်းအန့်မင်ကို လွှတ်လိုက်ကာ သူ့ကိုတွယ်ကပ်မနေတော့ပေ။ ၎င်းအစား သူသည် ချင်းအန့်မင်၏လက်ကို ကိုင်ကာ ရှောင်းကောအနား ရောက်လာသည်။

"မေမေ၊ မေမေ၊ မေမေ၊ ဦးလေးကို ပြောပြလိုက်လေ၊ မေမေ ဖိုလုပ်ခဲ့တယ်မလား?"

ကောင်လေးက စိုးရိမ်တကြီးဖြင့် သူ့အမေကို ကြည့်နေသည်။ သူ့အမေ အိမ်တွင်ဖိုလုပ်ခဲ့သည် ဆိုတဲ့အကြောင်း သူ့ဦးလေးကို ပြောပြပေမယ့် ရှင်းရှင်းလင်းလင်းကိုဘဲ သူ့ဦးလေးကတော့ မယုံပေ။

ထို့ကြောင့် သူသည် ချင်းအန့်မင်အား သူ့စကားများကို အတည်ပြုရန် အလျင်အမြန် ခေါ်လာသည်။

ရှောင်းကော စကားမပြောရသေးခင် ရူယီမှာပေါက်ကွဲသွားတော့သည်။ သူမက အော်ပြောလာသည်။ "ညီမရှောင်းကော၊ ညီမရဲ့ကိုယ်ပိုင်ဖိုကို တကယ်လုပ်ခဲ့တာလား?"

ရှောင်းကော အံသြသွားသည်။ သူတို့တွေ ဘာလို့ ဒီလောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ကြတာလဲ? အဲ့ဒါက ဒီတိုင်းဖိုတစ်ခု လုပ်ရုံဘဲလေ၊ ဒီလောက်ထိ မခက်ခဲပါဘူး။

သူမ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်ကာ သူမ ဖိုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဝန်ခံလိုက်သည်။ သို့ပေမယ့် ယခုတွင်တော့ တခြားသူတွေမှာ ရှုပ်ထွေးသွားရသည်။

ရူယီသည် မေးစေ့ကိုကိုင်ကာ ရှောင်းကောအား အံ့ဩစွာဖြင့်ကြည့်လာသည်။ "ညီမရှောင်းကော၊ ညီမမှာ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတဲ့အရာတွေရော ရှိသေးရဲ့လား?"

ချင်းအန့်မင်လည်း အံ့ဩသွားသည်။ ရှောင်းကောဟာ ပိုပြီး လုပ်နိုင်စွမ်းရှိသည်။ ဖိုတောင်လုပ်တတ်သည်။

"ဟုတ်တယ်၊ လုပ်ရတာ မခက်ဘူးလေ!"

တစ်ဖန် ရှောင်းကောသည် မသိလိုက်ဘာသာနှင့် နှိမ့်ချကာနေလိုက်သည်။ သူတို့ဘာကြောင့် ဒီလောက်ထိ အံ့အားသင့်သွားကြမှန်း သူမ တကယ်မသိပါချေ။ ဖိုတွေဟာလည်း အဆန်းတကြယ် မဟုတ်ပါချေ။ သူမတို့တွေသွားခဲ့သည့် မုန့်ဆိုင်တွင်လည်း တစ်ခုရှိသည်။ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေထူးခြားလို့လဲ?

"ဖိုလုပ်နည်းကို ဘယ်မှာသင်ခဲ့တာလဲ ရှောင်းကော?"

ချင်းအန့်မင်၏ မေးခွန်းကိုကြားသည့်အခါ ရှောင်းကောက ရှင်းရှင်းလင်းလင်း အဖြေတစ်ခုပေးလိုက်သည်။ တစ်ယောက်ယောက်က ဖိုတစ်ခုလုပ်နေသည်ကို သူမခဏလောက်ကြည့်ခဲ့တာကြောင့်ဟု ပြောလိုက်သည်။

တခြားသူတွေလည်း ဘာမှ သံသယမဝင်ကြပေ။ နောက်ပိုင်းတွင် ခရိုင်အတွင်းရှိ ဖိုများအားလုံးကို ကျွမ်းကျင်သည့် ဆောက်လုပ်ရေးသမားများမှ ပြုလုပ်ကြောင်း သူတို့ထံမှ သူမသိရှိခဲ့ရသည်။

ရှောင်းကော တဖြည်းဖြည်းသဘောပေါက်သွားသည်။ ဆိုတော့ ဒါက ဒီလိုပေါ့။ ဖိုတွေကို ရွာသားတွေကိုယ်တိုင်လုပ်ထားတာ မဟုတ်ပေ။ ယင်းအစား ၎င်းတို့အား အထူးတလည် ပြုလုပ်သည့် အလုပ်သမားများ ရှိသည်။ ဖိုများ၏ အရည်အသွေးနှင့်ပတ်သက်၍ လူအများစုက စိုးရိမ်ကြတာကြောင့်လည်း ဖြစ်နိုင်သည်။ ဖိုများအား ကောင်းကောင်း အလုံမပိတ်ထားပါက၊ မုန့်ဖုတ်ရာတွင် သက်ရောက်သွားလိမ့်မည်ပင်။

ရှောင်းကောလည်း သူမ လုပ်ထားသည့် ဖိုကဒီလိုပြဿနာတွေဖြစ်လာမှာကို အနည်းငယ်စိုးရိမ်နေမိသည်။ လမုန့်လုပ်ရာတွင် ဖိုကအလုပ် လုပ်မလုပ်သိနိုင်ရန် သူမပြန်ရောက်ပါက ပေါင်မုန့်တချို့ အရင်စမ်းဖုတ်ကြည့်ရမည်ပင်။

All Chapters