← Chapters

အခန်း (၉၀)

Vol. 6 Ch. 90

အခန်း (၉၀)

Vol. 6 Ch. 90

ရှောင်းကောသည် သူမကို ဤနေရာသို့ လာမိစေသည့် တခြားအရာတစ်ခုကို သတိရသွားသည်။ ဆောင်းဦးလယ်ပွဲတော် ရောက်ခါနီးပြီဖြစ်သည်။ ထိုနေ့တွင် ရူယီ နှင့် တခြားသူများ အလုပ်လုပ်ကြဦးမလားဆိုတာ သူမ သိချင်နေသည်။

“ရူယီ၊ ဆောင်းဦးလယ် ပွဲတော်နီးနေပြီ‌လေ။ အစ်မတို့တွေ နားကြမှာလား?"

ဒါကိုကြားတော့ ရူယီ ခေါင်းညိတ်လိုက်သည်။ ဆောင်းဦးလယ်ပွဲတော်တွင် နားကာ အနားယူကြရန် သူမတို့တွေ ဟိုးအရင်ကတည်းက သဘောတူထားကြသည်။

ရှောင်းကော ထိုစကားကိုကြားသည့်အခါ၊ သူမ ချင်းအန့်မင်အား ပျော်ရွှင်စွာဖြင့်ကြည့်လိုက်သည်။ "အစ်ကို၊ ဆောင်းဦးလယ်ပွဲတော်ကျ အစ်ကိုပြန်လာတဲ့အခါကျရင် သိုးသားသီတံ လုပ်ရအောင်!"

ကျွမ်းကျွမ်းကို စနောက်နေသည့်ကြားကနေ ချင်းအန့်မင် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပြီ!”

ချင်းအန့်မင်၏ ခွင့်ပြုချက်ဖြင့် ရှောင်းကော အလွန်ဝမ်းသာသွားသည်။ သူမသည် သိုးသားများကို တောင့်တနေတာကြာလှပြီဖြစ်သည်။ နောက်ဆုံးတော့ သူမ စားနိုင်တော့မည်!

ကျွမ်းကျွမ်းကတော့ နားမလည်ပေ။ ရှောင်းကောနှင့် ချင်းအန့်မင်တို့ ပြုံးနေသည်ကိုမြင်တဲ့အခါ သူလည်း ကြောင်တောင်တောင်ဖြင့် လိုက်ပြုံးသည်။ ဘာပဲဖြစ်ဖြစ် သူ့ဦးလေး အိမ်ပြန်လာမယ်ဆိုတာကိုတော့ သူသိသည်။

ရူယီ သူတို့သုံးယောက်ကို အားကျစွာဖြင့် ကြည့်လိုက်သည်။

သူတို့အတွက် အရမ်းကောင်းလိမ့်မည်ပင်။ ဆောင်းဦးလယ်ပွဲတော်သည် အားလပ်ရက်တွေတွင် မိသားစုတွေအား အတူစုံစည်းပေးသည်။ သူမ ကျတော့ရော? အဲဒီအချိန်ကျ သူမက ဘာလုပ်ရမှာလဲ?

ရှောင်းကော၊ ချင်းအန့်မင်နှင့် ကျွမ်းကျွမ်းတို့ကြားရှိ လေထုဟာ ကျန်လူ‌တွေကို ရိုက်ခတ်သွားတော့သည်။ အုပ်စုနှစ်ခုကြားတွင် ပြင်းထန်သည့် ကွာခြားမှုတစ်ခုရှိ‌နေသည်။ တစ်ဖက်တွင် သက်ဝင်လှုပ်ရှားနေပြီး အခြားတစ်ဖက်တွင်တော့ တိတ်ဆိတ်နေသည်။

ရှောင်းကော၏ အစီအစဥ်များကို လူတိုင်းနားထောင်ပြီးနောက် ရင်ထဲတွင် ဝမ်းနည်းမှုတစ်မျိုးကို ခံစားလိုက်ရသည်။ အားလုံးက ကိုယ့်လက်ထဲမှာရှိတဲ့ အလုပ်တွေကိုသာ တိတ်တဆိတ် ဆက်လုပ်ကြတော့သည်။ ဦးလေးရှုသည်လည်း ပေသီးပေါ်တွေအား အသံမြည်အောင် ပွတ်ဆွဲနေသည်။

ရှောင်းကောသည် အားလပ်ရက်အတွက် အစီအစဥ်များအကြောင်း ချင်းအန့်မင်နှင့် ပြောပြီးနောက်တွင် သူမသည် ခရီးတစ်လျှောက်တွင် ဟင်းခတ်အမွှေးအကြိုင်တချို့ဝယ်ရဦးမည်ဖြစ်သဖြင့် ကျွမ်းကျွမ်းနှင့်အတူသွားရန် အဆင်သင့်ဖြစ်နေသည်။

သူမ လှည့်ကာ ရူယီအား နှုတ်ဆက်ခါနီးတွင် သူမ၏ ညိုမှိုင်းနေသော မျက်နှာကို မြင်လိုက်ရသည်။

ရှောင်းကော သတိထားမိလိုက်သည်။ လူတိုင်းစိတ်ထဲ ဘာဖြစ်သွားသလဲဆိုတာ သူမသဘောပေါက်လိုက်သည်။ သူမ ဆိုင်ရှိလူများအား ဝေ့ကြည့်သည်။

လင်လုံနှင့် ဖူအာတွင် မိသားစုမရှိပေ။ ဆောင်းဦးလယ်ပွဲ‌တော်တွင် သူတို့ဆိုင်မှာဘဲနေမည်မှာ သေချာသလောက်ပင်။ ရှောင်စွေ့တွင် မိသားစုရှိပေမယ့် သူမစားသောက်ဆိုင်တွင် အရောင်းခံလိုက်ရသဖြင့် မပြန်လောက်ပေ။ ဦးလေးရှုဟာလည်း တစ်ကိုယ်တည်းသမား လူအိုကြီးတစ်ယောက်ဖြစ်သည်။ ရူယီတွင်လည်း တခြားမည်သူမှ မရှိပေ။ လူတိုင်းမှာ အစီအစဥ်မရှိကြဘူးဆိုမှတော့...

နက်နက်ရှိုင်းရှိုင်းဖြင့် ရှောင်းကော သူမစိတ်အား ပြန်ပြင်လိုက်သည်။ သို့သော်လည်း သူမအနေဖြင့် ချင်းအန့်မင်နှင့်ကျွမ်းကျွမ်းတို့၏ ထင်မြင်ချက်များကို မေးမြန်းရန်လိုသေးသည်။

ရှောင်းကော ကျွမ်းကျွမ်းကို ခေါ်လိုက်သည်။ ကျွမ်းကျွမ်းသည် ဒီကိုရောက်ကတည်းက ချင်းအန့်မင်ဆီမှာသာ ကပ်နေခဲ့သော်လည်း ရှောင်းကောဟာ သူ့ရင်ထဲတွင်တော့ ပထမနေရာတွင် ရှိနေသေးသည်။ သူသည် ရှောင်းကောအား အမြဲရှာဖွေနေတတ်သည်။

ရှောင်းကောသူ့အား လက်ပြနေတာကိုမြင်တော့ ကျွမ်းကျွမ်းချက်ချင်း သွားလိုက်သည်။

"မေမေ?"

ရှောင်းကော ကျွမ်းကျွမ်းနား ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ "ဆောင်းဦးလယ်ပွဲတော်မှာ ရူယီကျဲကျဲနဲ့ ကျန်တဲ့သူတွေကို မေမေတို့အိမ် ဖိတ်ရမလား?"

ကျွမ်းကျွမ်းသည် ရှောင်းကော၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူအပေါ်ကိုမော့လိုက်ကာ ပါးစပ်ကို လက်နဲ့အုပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ကောင်းပါပြီ…”

ကျွမ်းကျွမ်းနှင့် သဘောတူညီမှုရရှိပြီးနောက် သူမချင်းအန့်မင်အား ကြည့်လိုက်သည်။ မောင်နှမနှစ်ကြား ပြောစရာမလိုသည့် နားလည်မှုဖြင့် ချင်းအန့်မင် သူမအားကြည့်လိုက်ရုံဖြင့် သူမ ဆိုလိုသည်ကို နားလည်လိုက်သည်။ သူ ခေါင်းညိတ်ပြလိုက်ကာ ရှောင်းကောအား သဘောတူသည့် အကြည့်တစ်ချက်ပေးလိုက်သည်။

"ရူယီ၊ ဆောင်းဦးလယ်ပွဲတော်မှာ အစ်မတို့တွေ ဘာမှလုပ်စရာမရှိရင် ကျွန်မတို့ အိမ်ကို လာခဲ့လေ။ ဆောင်းဦးလယ်ပွဲတော်ကို အတူတူဆင်နွှဲကြတာပေါ့။ ပိုပျော်စရာကောင်းသွားမှာ!"

ချင်းအန့်မင်နှင့် ကျွမ်းကျွမ်းတို့ထံမှ ခွင့်ပြုချက်ရပြီးနောက် ရှောင်းကောသည် သူတို့တူဝရီးနှစ်ယောက်အား ကစားခိုင်းထားလိုက်သည်။ သူမ လှည့်ကြည့်လိုက်ကာ ရူယီကိုမေးလိုက်သည်။

ပထမတော့ ရူယီက သူမနားကြားမှားတာလို့ ထင်လိုက်သည်။ သူမ နားမလည်စွာဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ "ဟင်?"

တခြားသူတွေလည်း သူတို့လုပ်နေတာတွေကို ရပ်ကာ ရှောင်းကောအား မျက်တောင်မခတ်တမ်း ကြည့်လာကြသည်။ သူတို့ကြားလိုက်တာကို မယုံနိုင်ဖြစ်နေကြသည်။

"တကယ်? တကယ်ပြောနေတာလား?"

ရူယီရဲ့ ပါးစပ်ဟာ အကြိမ်ပေါင်းများစွာ လှုပ်ရှားသွားသော်လည်း သူမသည် ထိုစကားလုံးအနည်းငယ်ကိုသာ ပြောနိုင်လိုက်သည်။ တခြားသူတွေလည်း ရှောင်းကောကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြသည်။ တကယ်ပဲလား?

ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ "တကယ်ပေါ့!"

ကျွမ်းကျွမ်းကလည်း ပြောလာသည်။ "ရူယီကျဲကျဲ၊ ကျေးဇူးပြုပြီး အဘိုးနဲ့ ကျဲကျဲတို့အားလုံးကို ခေါ်လာပါ!"

သူ့မျက်လုံးတွေက တလက်လက်တောက်နေသည်။ သူ့ရဲ့ချစ်စရာကောင်းမှုတွေဖြင့် သူတို့အားစည်းရုံးသိမ်းသွင်းလိုက်သည်။

ရူယီမှာ သူ၏နည်းဗျူဟာကို မခုခံနိုင်တော့ဘဲ ကျွမ်းကျွမ်းအား စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။ သူမခေါင်းမှာ ပြုတ်ထွက်လာတော့မလိုပင်။

သူမ ခေါင်းညိတ်သဘောတူလိုက်တာကိုမြင်တော့ ရှောင်းကော တခြားသူတွေကိုကြည့်ကာ အမူအရာပြလိုက်သည်။ လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လာသည်။ သူတို့ တကယ်သွားချင်တယ်!

အချိန်ကိုဆုံးဖြတ်ပြီးတဲ့နောက် ဆောင်းဦးလယ်ပွဲတော်တွင် သူမတို့အိမ်၌ သူတို့တွေအား တစ်ညအိပ်နှစ်ရက်လာလည်ရန် ရှောင်းကောက သူတို့ကို တရားဝင်ဖိတ်လိုက်သည်။

သေချာပေါက် အချိန်မီရောက်အောင် လာမယ်လို့ လူတိုင်း ဝမ်းသာအားရ ပြောကြသည်။ ဆောင်းဦးလယ်ပွဲတော်အတွက် အစီအစဉ်အသစ်နှင့်အတူ လူတိုင်း တက်ကြွလန်းဆန်းနေကြတော့သည်။

အလုပ်လုပ်နေရင်း လူတိုင်း အားအင်တွေတက်ကြွလာသလို ခံစားလိုက်ရသည်။ ဦးလေးရှု၏ ပေသီးတွက်သံတောင်မှ တက်ကြွကာ ကျယ်လောင်နေသည်။

ရှောင်းကော သိုးသားထပ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ အိမ်တွင်ရှိသည့် အသားမှာ လူအများအတွက် မလောက်ချေ။ အသားတွင် ဟင်းခတ်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်တချို့လည်း ဝယ်ရမည်။

လူတိုင်းအား နှုတ်ဆက်ပြီးသည့်နောက် ရှောင်းကောသည် သိုးသားဝယ်ရန် မြည်းလှည်းအား မောင်းလာလိုက်သည်။

လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းတစ်ယောက် တက်ကြွနေသည်။ သူ့ဦးလေးအား နှုတ်ဆက်ချိန်တွင် ယခင်ကကဲ့သို့ မပျော်မရွှင်မဖြစ်နေတော့ပေ။

မကြာခင် သူ့ဦးလေးပြန်လာမည်မှန်း ကျွမ်းကျွမ်းသိသည်။ သူ မပျော်ဘဲ မနေနိုင်ပေ။ ထိုနေ့ကို မျက်စိတစ်မှိတ်အတွင်း ရောက်သွားလိုက်ချင်သည်။

"သူဌေး၊ သိုးသား နောက်ထပ်ဆယ်ကစ်တီလောက်ပေးပါအုံး!"

ရှောင်းကောသည် သူမမကြာခဏ သွားလေ့ရှိသည့် ဆိုင်သို့ လှည်းအား မောင်းနှင်လိုက်သည်။ ဆိုင်ရှင်သည် ရှောင်းကောမှန်းမြင်လိုက်ရသည့်အခါ သူမအား သတိပေးလိုက်သည်။ "မင်း ဆယ်ကစ်တီတောင် စားနိုင်လို့လား? အခုရာသီဥတုက အရမ်းမပူပေမဲ့ အခုထိလည်း မအေးသေးဘူးလေ။ အသားတွေ ပျက်စီးသွားနိုင်တယ် သတိထား"

ရှောင်းကောသည် ဆိုင်ရှင်အား အသေအချာ ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်မတို့တွေ နှစ်ရက်နေမှ စားမှာပါ။ ကုန်အောင်စားပေးမဲ့ သူတွေလည်းရှိတယ်"

ရှောင်းကောကတော့ သူမ မစားနိုင်ရင်တောင် မစိုးရိမ်ပါချေ။ နေရာလွတ်ရှိ ရေခဲသေတ္တာထဲတွင် ထားထားကာ လိုအပ်သည့်အခါ ထုတ်ယူလို့ရသည်။

သိုးသား ဆယ်ကစ်တီသာ တော်တော်များသည်။ ဆိုင်ရှင်မှာ ရှောင်းကော မသယ်နိုင်မည်စိုးသည်ကြောင့် မြည်းလှည်းပေါ်အထိ ကူတင်ပေးလိုက်သည်။ ရှောင်းကော သူ့အား ကျေးဇူးတင်လိုက်ကာ ပိုက်ဆံပေးလိုက်သည်။

သူမတွင် အကြွေမရှိတာကြောင့် ရှောင်းကောသည် ဆိုင်ရှင်အား ငွေဒင်္ဂါးပြား ပေးလိုက်သည်။ ဆိုင်ရှင် သူ့ဆိုင်ထဲတွင် ပိုက်ဆံပြန်အမ်းပေးရန် ရှာနေချိန်တွင် ရှောင်းကောက နေရာတွင်သာရှိနေသည်။ သူမ ပတ်ပတ်လည်အား လိုက်ကြည့်လိုက်ရာ ဆိုင်ခုံအောက်တွင် အူတစ်ဇလုံကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ဆိုင်ရှင်စည် ဆိုင်ထဲမှနေ ထွက်လာသည်။ ရှောင်းကော ဘာမှပြန်မပြောရသေး‌ခင်မှာပဲ သူက ပြန်အမ်းငွေအား သူမဆီ ကမ်းပေးလိုက်ပြီး ဇလုံအား ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်သည်။ " မိန်းကလေး ဒါတွေကိုရော လိုချင်သေးတာလား?"

ဆိုင်ရှင်သည် အူတွေအား ပြရင်းဖြင့် ရှောင်းကောအားမေးလိုက်သည်။

ရှောင်းကော အထဲကို ကြည့်လိုက်သည်။ ဝက်အူတွေအပြင် သိုးအူတွေလည်း ရှိနေသည်။

ရှောင်းကောသည် ပစ္စည်းကောင်းတွေအား မြင်သည့်အခါ သူမချက်နိုင်သည့် ဟင်းပွဲများအကြောင်း စဉ်းစားမိလိုက်သည်။

“ဟုတ်တယ်! သူဌေး၊ ကျွန်မ ဝက်အူနည်းနည်းဝယ်မယ်!"

ရှောင်းကောသည် အရသာရှိသည့် ဟင်းလျာကို ရုတ်တရက် တွေးလိုက်သည်။ အူတွေဖြင့် ဝက်အူချောင်းလုပ်မည်!

ဆောင်းရာသီတွင် တရုတ်ဝက်အူချောင်းခြောက်များကို လုပ်လို့ရသည်။ အသားကင်ရင်း ဝက်အူချောင်းကင်လည်းလုပ်လို့ရသည်။ တရုတ်ဝက်အူချောင်းတွေအား ကြော်တာ ဒါမှမဟုတ် ပေါင်းသည့်အခါတွင်လည်း အရသာရှိသည်။

ရှောင်းကော အရမ်းပျော်နေတာကိုမြင်တော့ သူဌေးက အူတွေအကုန်လုံး ထည့်ပေးလိုက်ကာ အနောက်ဘက်ခြေဆစ်တစ်ပိုင်း သူမအတွက် ရွေးပေးလိုက်သည်။

အဲဒါတွေကို ထုပ်ပိုးပြီးသွားတော့ မြည်းလှည်းပေါ် အကုန်လုံး ကူတင်ပေးသည်။

ဆိုင်ရှသ်သည် မြည်းလှည်းဆီရောက်လာကာ မြည်းလှည်းထဲတွင် ထိုင်နေသည့် ကလေးလေးအား ကြည့်လိုက်သည်။ သူ ကလေးလေးအား ကြည့်လိုက်ကာ ပဟေဠိဖြစ်သွားတော့သည်။

"ဟေ့ မိန်းကလေး၊ ဒါ မင်းရဲ့သမီးလား? ဒီနေ့ မင်းရဲ့သားကို ဘာလို့ မခေါ်လာတာလဲ?"

ရှောင်းကော အံ့ဩသွားကာ သူ ဘာကိုဆိုလိုသလဲဆိုတာ နားမလည်လိုက်ပေ။ 'ဘယ်ကသမီးလဲ'

သူမ ကျွမ်းကျွမ်း‌ဆီ လျှောက်သွားလိုက်ကာ ဆိုင်ရှင်က သူ့အားကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ ချက်ချင်း သဘောပေါက်သွားတော့သည်!

"ဖွီ!!"

“‌မေမေ…” ကျွမ်းကျွမ်းမှာ မတ်မတ်တောင်မရပ်နိုင်လောက်အောင် အပြင်းအထန် ရယ်မောနေသည့် ရှောင်းကောအား ကြည့်လိုက်သည်။ သူ သူမအား မကျေနပ်သလို အော်ခေါ်လိုက်သည်။

သူအခုမှ သဘောပေါက်သွားတော့သည်။ ဘာသမီးလဲ?? ဒီတော့ ဆိုင်ရှင်က သူ့ကို မိန်းကလေးလို့ ထင်နေတာလား!!

ဆိုင်ရှင် နားမလည်ဖြစ်သွားသည်။ သူခေါင်းကုတ်လိုက်ကာ သူတို့ နှစ်ယောက်ကို ကြည့်လိုက်သည်။ ဘာမှားလို့လဲ?

သူ့တို့ရဲ့ ကသိကအောက်ဖြစ်နေသည့် မျက်နှာတွေကိုမြင်လိုက်ရသည့်အခါ ရှောင်းကောပိုလို့တောင် ရယ်လာသည်။

လူတိုင်းက ယနေ့ ကျွမ်းကျွမ်းတစ်‌ယောက် ကလေးမလေးနှင့် တူသည့်အကြောင်းအား တိတ်တိတ်လေးနေနေကြကာ ဘာမှ မပြောကြပေ။ ဆိုင်ရှင်က ဒီလောက်ထိ တည့်တိုးဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ "ဟားဟားဟား! မရတော့ဘူး။ ရယ်ရလို့ သေတော့မှာပဲ!!"

ကျွမ်းကျွမ်း ငိုတော့မှာကိုမြင်တော့ ရှောင်းကော ရယ်နေတာကို ရပ်လိုက်ကာ သူဌေးအား စိတ်အားထက်သန်စွာဖြင့် ရှင်းပြလိုက်သည်။

သူဌေးက သူမရှင်းပြတာကို ကြားတော့ သူ့ကိုယ်သူ အရူးလုပ်မိသွားမှန်း သိလိုက်ရသည်။ သူ့ရဲ့ မျက်နှာညိုညိုမှာ ရှက်ရွံ့မှုကြောင့် ချက်ချက် နီရဲလာတော့သည်။

ရှောင်းကော ဒီကိစ္စအား ရှင်းပြနေတာကို ကျွမ်းကျွမ်းမြင်လိုက်ရတဲ့အခါ သူနှာရှုပ်လိုက်ပြီး နှာရည်နှင့် မျက်ရည်တွေအား သုတ်ပစ်လိုက်သည်။

သူဌေးအား နှုတ်ဆက်ပြီးနောက် ရှောင်းကောမှာ ကျွမ်းကျွမ်း၏ စိတ်ထိခိုက်နေသည့်အကြည့်အား မကြည့်ရဲပါချေ။

သူမမျက်နှာပေါ်က မျက်ရည်များကို တိတ်တိတ်လေးသုတ်လိုက်သည်။ သူမ ဘာလုပ်သင့်လဲ? သူမ လုံးဝဆိုးဆိုးဝါးဝါးရယ်ချင်နေတုံးပဲ!

All Chapters