← Chapters

ပိုက်ဆံမလိုဘူး၊ မရောင်းဘူး

Vol. 54 Ch. 885

ပိုက်ဆံမလိုဘူး၊ မရောင်းဘူး

Vol. 54 Ch. 885

ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်၏အပေါက်ဝတွင် လူများ ရှုပ်ထွေးကာဆူညံနေပြီး အလွန်စည်ကားနေသည်။

လူများသည် ဘေးနားမှလူများအား ရင်းနှီးကျွမ်းဝင်နေသည့်နှယ် စကားပြောဆိုရယ်မောနေကြသည်။

သူတို့သည် ဤနေရာ၌ ဟင်းသီးဟင်းရွက် လာဝယ်ရင်းမှ တကယ်တမ်း ခင်မင်သွားကြခြင်း ဖြစ်ကြောင်းကို ဘုရားသခင်သာ သိပေလိမ့်မည်။

သို့သော် ဆိုင်ရှေ့တွင် မည်မျှပင် စည်ကားနေပါစေ၊ လူတန်းကြီး မည်မျှပင် ရှည်လျားနေပါစေ ကြားဖြတ်တိုးရန် မည်သူမျှ မကြံရဲကြပေ။ အားလုံးလိမ္မာစွာပင် တန်းစီစောင့်ဆိုင်းနေကြသည်။

နေ့စဉ်မနက်တိုင်းတွင် လူတန်းရှည်ကြီး အများအပြား ရှိနေတတ်သည်။ စူပါမားကတ် ဖွင့်သည်နှင့် တစ်ကြိမ်လျှင် လူတစ်ရာသာ ဝင်ခွင့်ပြုသည်။

ထို့နောက် တစ်ယောက်ထွက်မှ တစ်ယောက်ဝင်ရသည်။

ဤအခြေအနေသည် အစပိုင်းဖွင့်လှစ်စဉ်ကအခြေအနေနှင့် အလွန် ကွာခြားသည်။

ဖွင့်လှစ်ပြီး ပထမ သုံးရက်တွင်မူ ဖောက်သည်များသည် ပုံမှန်အတိုင်း ဝင်ထွက်သွားလာနိုင်သည်။

သို့သော် သုံးရက်ကျော်ပြီးနောက်တွင်မူ လိမ္မာစွာတန်းစီကြရတော့သည်။

နေ့စဉ်ရောင်းချသောပမာဏမှာ ပေါင် သုံးသောင်းဖြစ်ရာ တစ်ရက်လျှင် ဖောက်သည် နှစ်ရာ၊ သုံးရာ လာရောက်ဝယ်ယူရုံဖြင့် အကုန်ရောင်းထွက်သွားလေ့ရှိသည်။ အဓိကအကြောင်းအရင်းမှာ မိသားစုကြီးများက လူလွှတ်၍ လာဝယ်ခိုင်းသောကြောင့်ဖြစ်သည်။ မိသားစုကြီးတစ်စုလျှင် တစ်ရက် ပေါင် ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ လိုအပ်သောကြောင့်ဖြစ်သည်။

ပီတာသည် စည်းကမ်းတကျ တန်းစီနေသော လူအုပ်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် မသက်မသာ ဖြစ်နေသည်။

နေရာတစ်ခုတွင် ဖောက်သည် နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိတတ်ပြီး ထိုဖောက်သည်များမှာလည်း ချမ်းသာကြွယ်ဝသော ဂုဏ်သရေရှိ လူတန်းစားများဖြစ်ကြသည်။ ယခုမူ ထိုမိသားစုဝင်များသည် အောက်ခြေလူတန်းစားများကဲ့သို့ စူပါမားကတ် ရှေ့တွင် တန်းစီ၍ ပစ္စည်းဝယ်နေကြရသည်။

"ဘော့စ်..."

လက်အောက်ငယ်သားက ပီတာ၏မျက်နှာကိုကြည့်ကာ သတိထား၍ ခေါ်လိုက်သည်။

ပီတာ သတိပြန်ဝင်လာပြီး လက်အောက်ငယ်သားကို ကြည့်ကာ ပြောလိုက်သည်။

"မင်း အဲဒီစူပါမားကတ်ထဲ သွားပြီး ပစ္စည်းနည်းနည်းသွားဝယ်ခဲ့"

ဒီစူပါမားကတ်က ဘယ်လိုပစ္စည်းကောင်းများ ရောင်းချနေသဖြင့် လူတွေက အလုအယက် လာဝယ်နေကြသည်ကို သူ သိချင်နေသည်။

ဟွာရှ စကားပုံ တစ်ခု ရှိသည်... 'သူ့အကြောင်း ကိုယ့်အကြောင်းသိလျှင် စစ်ပွဲတစ်ရာ တိုက်သော်လည်း အန္တရာယ် မရှိနိုင်' တဲ့။

လက်အောက်ငယ်သား ကြားလိုက်ရသောအခါ ကြောင်အသွားပြီး မေးလိုက်သည်။

"အခုလား"

ပီတာက စိတ်မရှည်စွာ ပြောလိုက်သည်။

"အခု မသွားလို့ ဘယ်အချိန်ထိ စောင့်နေဦးမလို့လဲ"

လက်အောက်ငယ်သားက အခက်တွေ့စွာ ပြောလိုက်သည်။

"မဟုတ်ပါဘူး ဘော့စ်၊ အခု ကျွန်တော်တို့လည်း တန်းမစီရသေးဘူးလေ။ ဝယ်ချင်ရင်တောင် ဝယ်လို့ရမှာ မဟုတ်ဘူး"

ပီတာသည် စူးရှသောအကြည့်ဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"အဲဒါ မင်းကိစ္စလေ၊ ငါ အခု ပြန်တော့မယ်"

လက်အောက်ငယ်သား "..."

ထွက်ခွာသွားသော အထက်လူကြီးကို ကြည့်လိုက်၊ ရှည်လျားလှသော လူတန်းကြီးကို ကြည့်လိုက်ဖြင့် သူ့မျက်ခုံးများ တွန့်ချိုးသွားတော့သည်။

ဒီလူတန်းကြီးကို ကြည့်ရတာ သူ ဝင်တန်းစီဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်။

ထို့ကြောင့် ပစ္စည်းဝယ်ပြီး ပြန်ထွက်လာသူများထံမှ တစ်ဆင့်ခံဝယ်ယူရန်သာ တတ်နိုင်တော့သည်။

နာရီဝက်ခန့်ကြာပြီးနောက် သူသည် နေပူဒဏ်ကြောင့် မျက်နှာတစ်ခုလုံး နီရဲလာသကဲ့သို့ စိတ်ပူလွန်း၍လည်း မျက်နှာများနီရဲလာသည်။

သူ ပေးသောဈေးနှုန်းသည် မူရင်းဈေးထက် ဆယ်ဆမျှ ပိုပေးသော်လည်း ထိုလူများက ဂရုမစိုက်ကြလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ထိုလူများက သူ့ကို အရူးတစ်ယောက်လို ကြည့်ကာ အေးစက်စွာ ပြောသွားကြသည်။

"ငါတို့ပုံစံက ပိုက်ဆံမရှိတဲ့ပုံ ပေါက်နေလို့လား"

ငွေကြေးအရမ်းမတတ်နိုင်သူများသည် ဤနေရာသို့ လာဝယ်လေ့ မရှိကြပေ။ ဝယ်လျှင်လည်း အနည်းငယ်မျှသာ ဝယ်ကြသည်။

ထိုငွေကြေးအရမ်းမတတ်နိုင်သူ အများစုမှာလည်း အိမ်တွင် လူမမာရှိနေသဖြင့် မရှိမဖြစ်လိုအပ်နေသူများဖြစ်သည်။

သို့မဟုတ်ပါကလည်း ပတ်ဝန်းကျင်မှ ဒေသခံများဖြစ်ကြသည်။ ဤပတ်ဝန်းကျင်မှ ဒေသခံများသည် အလွန် ချမ်းသာကြွယ်ဝခြင်း မရှိကြသော်လည်း ပိုက်ဆံမရှားကြပေ။ သူတို့ ဤနေရာသို့ လာရောက်ကာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဝယ်ယူရခြင်းမှာ ကျန်းမာရေး လိုက်စားရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်စေရန်ဖြစ်သည်။

ကျန်ရှိသော နောက်ဆုံးလူတန်းစားတစ်ရပ်မှာ ချမ်းသာကြွယ်ဝသော ဂုဏ်သရေရှိ လူတန်းစားများ ဖြစ်သည်။

ထို့ကြောင့် သူ မည်သည့်လူတန်းစားနှင့်တွေ့သည်ဖြစ်စေ သူတစ်ပါးလက်ထဲမှ ပစ္စည်းကို ဈေးကြီးပေး၍ ပြန်ဝယ်ရန် မဖြစ်နိုင်သလောက်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့အတွက် အသက်သည် ငွေထက် ပိုအရေးကြီးသောကြောင့်ဖြစ်သည်။

လက်အောက်ငယ်သားမှာ နားမလည်နိုင်ဖြစ်နေသည်။

ဘာကြောင့် ဒီလူတွေ ပိုက်ဆံမလိုချင်ကြတာလဲ။

သူသည် မနက်ခင်း တစ်ပိုင်းလုံး စူပါမားကတ်ရှေ့တွင် စောင့်ဆိုင်းနေခဲ့သော်လည်း စူပါမားကတ် ပိတ်သွားသည်အထိ မည်သူ့ထံမှ ပစ္စည်း ဝယ်ယူနိုင်ခြင်း မရှိခဲ့ပေ။

လက်အောက်ငယ်သားမှာ စိတ်ဓာတ်ကျမဆုံးဖြစ်နေတော့သည်။

တာဝန်မကျေပွန်သဖြင့် အထက်လူကြီး မည်မျှ ဒေါသထွက်မည်ကို သူ တွေးကြည့်နိုင်သည်။

***

All Chapters