ဇီးသီးလုပွဲ
Vol. 54 Ch. 887
ငါးမိနစ်မပြည့်ခင်မှာပင် ဖရဲသီး တစ်ခြမ်း၊ ပန်းသီး အနည်းငယ်နှင့် ဇီးသီး အနည်းငယ်တို့သည် ဗိုက်ထဲသို့ ရောက်သွားကြသည်။
ထို့နောက် ဇီးသီးတစ်လုံးတည်း ကျန်တော့သည့်အချိန်တွင် ပီတာနှင့် လက်အောက်ငယ်သားသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မျက်လုံးများ အရောင်တောက်လာပြီး နှစ်ယောက်သား အမြန်ဆန်ဆုံး ထိုဇီးသီးကို လုယူလိုက်ကြသည်။
ပီတာက ဒေါသတကြီး အော်ပြောလိုက်သည်။
"ဝေါလ်တာ... ငါက မင်းရဲ့ သူဌေးကွ၊ မင်းက အခု နောက်ဆုံးကျန်တဲ့ ဇီးသီးလေး တစ်လုံးကိုတောင် ငါ့ဆီက လုချင်နေတာလား။ မင်း အလုပ်မလုပ်ချင်တော့ဘူးလား"
လက်အောက်ငယ်သား ဝေါလ်တာက လုံးဝ မကြောက်ဘဲ ပြောလိုက်သည်။
"ဘော့စ် သူဌေးက သစ်သီး ခြင်းတစ်ဝက်ကျော်လောက် စားပြီးပြီလေ။ ဒီနောက်ဆုံး တစ်လုံးကိုတော့ ကျွန်တော့်ကို ပေးလိုက်ပါတော့လား။ ကျွန်တော် ဘာမှ သိပ်မစားရသေးဘူး"
ဖရဲသီး တစ်ခြမ်းကျော်၊ ပန်းသီး နှစ်လုံးနှင့် ဇီးသီး သုံးလုံးကို သူဌေးဖြစ်သူ ပီတာက စားလိုက်ပြီး သူကမူ ဖရဲသီး တစ်စိတ်၊ ပန်းသီး တစ်လုံးသာ စားရသေးသည်။ ယခု ဇီးသီးတစ်လုံးသာ ကျန်တော့ရာ သူ ဇီးသီးအရသာ မမြည်းရသေးသဖြင့် မည်သို့ပင်ဖြစ်စေ သူ မြည်းစမ်းကြည့်ရမည်။
"အေ့..."
ပီတာ လေတက်လိုက်ပြီး ပြောသည်။
"မရဘူး... ငါ မဝသေးဘူး... အဲ... မဟုတ်ဘူး... ငါ ဗိုက်မဝသေးဘူး။ ဒီတစ်လုံး ငါ့ဟာ"
ဝေါလ်တာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဘော့စ် သူဌေးက ဇီးသီး သုံးလုံးတောင် စားပြီးပြီလေ။ ကျန်တဲ့ နောက်ဆုံး တစ်လုံးကိုတော့ ကျွန်တော် မြည်းစမ်းပါရစေဦးလား"
ပြောပြောဆိုဆိုနှင့် လက်က ခြင်းတောင်းထဲသို့ ရောက်သွားသည်။
"မရဘူး... မင်း စားချင်ရင် သွားဝယ်ချေ၊ ဒါ ငါစားဖို့ ချန်ထားတာ"
ပြောပြောဆိုဆိုနှင့် သူလည်း အားမခံဘဲ ခြင်းတောင်းထဲမှ နောက်ဆုံး ဇီးသီးကို လုယူလိုက်သည်။
ဒီအရာက အရမ်း စားကောင်းလွန်းသဖြင့် သူ လုံးဝ လက်မလွှတ်ချင်ပေ။
လက်အောက်ငယ်သားက မျက်နှာငယ်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ သူဌေး၊ ဒီနေ့တော့ ကျွန်တော့်ကို ဇီးသီးအရသာလေး ကောင်းကောင်း မြည်းစမ်းခွင့်ပေးပါ။ မနက်ဖြန်ကျရင် ကျွန်တော် လူလွှတ်ပြီး ထပ်ဝယ်ခိုင်းလိုက်ပါ့မယ်၊ မရဘူးလား"
ပြောရင်းနှင့် သူလည်း ဝင်လုတော့သည်။
ပီတာ မျက်နှာ မည်းမှောင်သွားပြီး လက်အောက်ငယ်သားကို ကြည့်ကာ အံကြိတ်၍ပြောလိုက်သည်။
"ဝေါလ်တာ... ငါက မင်းရဲ့ အထက်လူကြီးကွ၊ ငါ ဘာပြောပြော မင်း နားထောင်ရမယ်"
နောက်ဆုံးရလဒ်မှာ ဇီးသီးကို နှစ်ပိုင်းခွဲကာ တစ်ယောက်တစ်ဝက် စားလိုက်ကြရသည်။
ဇီးသီးတစ်ဝက် စားပြီးနောက် ပီတာသည် တင်းကားနေသော ဗိုက်ကိုပွတ်သပ်ရင်း မျက်နှာအမူအရာပြန်တည်သွားသည်။
သူသည် အခြားခြင်းတောင်း တစ်လုံးထဲမှ ဟင်းသီးဟင်းရွက်များကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"အဲဒီ ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်ရဲ့ ဈေးနှုန်းနဲ့ အရသာက အကုန်ဒီလိုပဲလား"
လက်အောက်ငယ်သားက ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး။ အဲဒီစူပါမားကတ်က ပစ္စည်းတွေကို အရည်အသွေး သုံးမျိုး ခွဲထားပါတယ်။ အရည်အသွေးတစ်မျိုးစီရဲ့ ဈေးနှုန်းက မတူပါဘူး။ အရည်အသွေးကောင်းလေ ဈေးကြီးလေပါပဲ၊ ဈေးနှုန်းက နှစ်ဆလောက် ကွာပါတယ်"
"ဒါဆို ငါတို့ စားတာက ဘယ်လို အရည်အသွေးမျိုးလဲ" ပီတာ ထပ်မေးလိုက်သည်။
လက်အောက်ငယ်သားက ဖြေသည်။
"တတိယတန်းစား အရည်အသွေးလို့ ထင်တာပဲ... အဲ... အရည်အသွေး အနိမ့်ဆုံးနဲ့ ဈေးအသက်သာဆုံး ပစ္စည်းတွေ ထင်တယ်"
ပီတာ ကြားလိုက်ရသောအခါ နှုတ်ခမ်းများ တွန့်သွားသည်။
စောစောက သူတို့ ပစ္စည်းများကို ဈေးပေါသည်ဟု အထင်သေးခဲ့သော်လည်း ဤသည်မှာ သူတို့ ရောင်းချသော အညံ့ဆုံး ပစ္စည်းများဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
အကယ်၍ အကောင်းဆုံး အရည်အသွေးကို တစ်ဆင့်လျှင် နှစ်ဆနှုန်းဖြင့် တွက်ချက်လျှင်ပင် ယွမ် သုံးထောင်ခန့်သာ ကျသင့်မည်ဖြစ်သည်။ သူတို့ ဟွမ်လင်းမှ ရောင်းချသော ယွမ် ငါးထောင်နှင့် ယှဉ်လျှင် ကွာခြားချက်ရှိနေသေးသည်။
အရည်အသွေးလည်း ကောင်း၊ အရသာလည်း ရှိ၊ ဈေးလည်း မကြီးသဖြင့် ထိုစူပါမားကတ်သို့ လူအများအပြား သွားရောက်ဝယ်ယူကြသည်မှာ အံ့သြစရာ မရှိတော့ပေ။
သို့သော် ထို အာဏာရှိ၊ ငွေရှိသော သူဌေးကြီးများသည် အရသာနှင့်ဈေးနှုန်းကို ကြည့်ခြင်းမဟုတ်ဘဲ မျက်နှာကိုကြည့်တတ်ကြကြောင်း သူကောင်းစွာသိသည်။
ပစ္စည်း မည်မျှကောင်းမွန်ပါစေ၊ တန်ဖိုးကျသည်ဟု ခံစားရပါက သူတို့ ဝယ်ယူကြမည် မဟုတ်ပေ။
အနောက်တိုင်း စားသောက်ဆိုင်နှင့် လမ်းဘေးဈေးသည် ကွာခြားချက်လိုပင်။ လမ်းဘေးဈေးဆိုင်မှ အစားအစာများ မည်မျှပင် အရသာရှိပါစေ ပုံမှန်အားဖြင့် ဂုဏ်ရှိသော လူများသည် သွားရောက်စားသောက်ရန် ဝန်လေးတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သိက္ခာကျသောကြောင့်ပင်။
ဟွမ်လင်းအုပ်စုနှင့် ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်သည် အနောက်တိုင်း စားသောက်ဆိုင်နှင့် လမ်းဘေးဈေးသည် ကွာခြားချက်လိုပင် ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင်မူ လမ်းဘေးဈေးသည်က အနောက်တိုင်း စားသောက်ဆိုင်ကို အနိုင်ယူသွားခဲ့ပြီဖြစ်သည်။
ဤကိစ္စတွင် အကြောင်းရင်း တစ်ခုခုရှိရပေမည်။
ပီတာ စဉ်းစားပြီးနောက် ဝေါလ်တာကို စုံစမ်းရန် ချက်ချင်းစေခိုင်းလိုက်သည်။
***