မရိုးသားသော နည်းလမ်းဖြင့် လူခေါ်ခြင်း
Vol. 55 Ch. 891
ပီတာသည် ဒေါသကို မြိုသိပ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
"မင်း သူ့ကို ထပ်ဆက်သွယ်လိုက်၊ ငါ ကိုယ်တိုင် ဖိတ်တာလို့ ပြော"
"..."
ဝေါလ်တာ စဉ်းစားပြီး ပြောလိုက်သည်။
"ဘော့စ်၊ ဘော့စ်ကိုယ်တိုင်သွားတွေ့ရင် ကိုယ့်သိက္ခာကိုယ်ချသလို ဖြစ်မနေဘူးလား။ အခု ဘရူးစ်က အဲဒီလောက်ဂုဏ်ရှိတဲ့လူမှ မဟုတ်တော့တာ"
ယခင်က ပီတာနှင့် ဘရူးစ်သည် စီမံခန့်ခွဲမှု အဆင့်တူဖြစ်ခဲ့ကြပြီး ပြိုင်ဘက်များလည်းဖြစ်ခဲ့ကြသည်။ ရာထူးတိုးတိုင်း နှစ်ဦးသား သွေးထွက်သံယိုဖြစ်လုနီးပါး ပြိုင်ဆိုင်ခဲ့ကြရသည်။ ထို့ကြောင့် ရုံးချုပ်၏အမြင်တွင် နှစ်ဦးသား၏အဆင့်အတန်းမှာ တူညီကြသည်။
သို့သော် အရင်က အရင်၊ အခုက အခုလေ။
ပီတာသည် ယခုအခါ ဘရူးစ်၏ရာထူးကို အစားထိုးကာ ဟွာရှရုံးခွဲဥက္ကဌဖြစ်လာခဲ့သည်။ သူတစ်ပါး စွန့်ပစ်ထားသောနေရာကို ဝင်ယူရခြင်းဖြစ်သော်လည်း ဘရူးစ်မှာမူ ရုံးချုပ်မှ တိုက်ရိုက်အလုပ်ထုတ်ခံထားရသူဖြစ်သည်။
ထို့ကြောင့် ဟွမ်လင်းအုပ်စု ဝန်ထမ်းအားလုံး၏အမြင်တွင် အလုပ်ထုတ်ခံရသော ဘရူးစ်သည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ရုံးခွဲဥက္ကဌဖြစ်နေပြီဖြစ်သော ပီတာနှင့် လုံးဝယှဉ်၍မရနိုင်ပေ။
ပီတာသည် မျက်လုံးများ နက်ရှိုင်းသွားပြီး လက်အောက်ငယ်သားကို စူးရှစွာ ကြည့်လျက် အေးစက်စွာ မေးလိုက်သည်။
"ငါ ကိုယ့်သိက္ခာကိုယ်မချဘူးဆိုရင် လူကို ဘယ်လိုနည်းနဲ့ ခေါ်လာလို့ရမယ်ထင်လဲ"
ဝေါလ်တာ စဉ်းစားပြီး ပြောလိုက်သည်။
"ဘော့စ် ကျွန်တော်တို့ သူ့ကို တခါတည်းသွားဖမ်းခေါ်လာရင်ရော"
ဘာပဲပြောပြော ဘရူးစ်က သာမန်လူ တစ်ယောက်ပဲလေ။ ဘေးမှာ သက်တော်စောင့်တွေ ဘာတွေလည်း မရှိဘူး။ သူ့ကို ဖမ်းခေါ်လာဖို့က လွယ်လွယ်လေး။
ပီတာ စဉ်းစားပြီးကြည့်ပြီးနောက် "ကောင်းပြီ... ဒီကိစ္စ မင်းပဲ စီစဉ်လိုက်တော့"
ကိုယ့်သိက္ခာကိုယ်ချပြီး လူကို ကိုယ်တိုင်သွားဖိတ်နေမည့်အစား နည်းလမ်းအချို့ သုံးပြီး လူကို ကိုယ့်ရှေ့အရောက် ခေါ်လာသည်က ပိုကောင်းသည်။ အင်း... ပြီးတော့ ဘရူးစ်ရှေ့မှာ ကြွားလို့လည်း ရတာပေါ့။
အရင်တုန်းက ပြိုင်ဆိုင်တိုင်း ပီတာက ဘရူးစ်ကို မနိုင်ခဲ့ဘူး။ အခုတော့ ဘရူးစ်ကို ခြေဖဝါးအောက် နင်းထားနိုင်ပြီ ဆိုတော့ မကြွားဘဲနေလိုက်ရင် နေရထိုင်ရ သိပ်အဆင်ပြေမှာမဟုတ်ဘူး။
ဝေါလ်တာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ ဘော့စ်၊ ကျွန်တော် ချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်"
လူကို ပြန်ပေးဆွဲလာတာက သွားဖိတ်တာထက် ပိုအဆင်ပြေတယ်။ သွားဖိတ်ရင် ဘရူးစ်ကို မျက်နှာသာ ပေးရာ ရောက်နေဦးမယ်။
......
ညဘက်တွင် ဘရူးစ်သည် သူ့ဗီလာသို့ ပြန်ရောက်ပြီး အိပ်စက်နေစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ အိမ်ဖော်၏ ထိတ်လန့်တကြား အော်သံကိုလည်း ကြားလိုက်ရသည်။
"ရှင်တို့ ဘယ်သူတွေလဲ၊ ဘာလုပ်ချင်လို့လဲ"
သို့သော် ဤရက်ပိုင်းအတွင်း သူ အလွန်ပင်ပန်းနေခဲ့သဖြင့် အိပ်မောကျနေပြီး အပြင်တွင် ဘာဖြစ်နေသည်ကို ကောင်းစွာ သတိမထားမိလိုက်ချေ။
ဘာပဲဖြစ်ဖြစ် အပြင်မှာ အိမ်ဖော်တွေနဲ့ တခြားအစေခံတွေရှိတာပဲ။
သို့သော် ဘရူးစ် မထင်မှတ်ထားသည်မှာ တစ်ဖက်လူက အဆင်သင့်ပြင်လာခြင်းပင်။
သူ့ဗီလာတွင် လူရှိသော်လည်း တစ်ဖက်လူက လူပိုခေါ်လာသည်။ ထိုလူများသည် သန်မာထွားကျိုင်းပြီး ကြည့်ရုံနှင့် ကိုယ်ခံပညာ တတ်ကျွမ်းသူများမှန်း သိသာသည်။
လူကောင်ကြီး ငါးယောက်၊ ခြောက်ယောက်ခန့်သည် ဘရူးစ်၏ အခန်းတံခါးကို တွန်းဖွင့်ဝင်လာကြသည်။ ဘရူးစ်၏ဦးနှောက်သည် ချက်ချင်း ကြည်လင်သွားပြီး အနက်ရောင်ဝတ် သက်တော်စောင့်များကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းဆောင်ဖြစ်သူကို ကြည့်လိုက်သည်။
ဘရူးစ်သည် ဒေါသကိုမြိုသိပ်ကာ မေးလိုက်သည်။
"ဝေါလ်တာ၊ သန်းခေါင်ယံကြီး ငါ့အိမ်ထဲ လူစုနဲ့ ဝင်လာတာ ဘာလုပ်ချင်လို့လဲ"
ဝေါလ်တာက အေးစက်စွာ ပြုံးရင်း "မစ္စတာ ဘရူးစ်၊ ကျွန်တော် ခင်ဗျားကို နှစ်ကြိမ်၊ သုံးကြိမ် ဖိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဖိတ်ရခက်လွန်းနေပြီး အမြဲငြင်းနေတာကိုး။ မတတ်သာလို့ ကျွန်တော် မရိုးသားတဲ့ နည်းလမ်းကို သုံးလိုက်ရတာပါ"
ဘရူးစ်က မျက်နှာမည်းမှောင်လျက် မေးလိုက်သည်။
"ငါ ဟွမ်လင်းအုပ်စုမှာ မရှိတော့ဘူးလေ၊ မင်းတို့ ဘာလုပ်ချင်သေးတာလဲ။ ငါ ပြောလိုက်မယ်... ဒီနေရာက F နိုင်ငံ မဟုတ်ဘူး၊ ဟွာရှကွ။ မင်းတို့ ငါ့အိမ်ထဲ ကျူးကျော်ဝင်ရောက်လာတာ ပိုင်နက်ကျူးကျော်မှုပဲ၊ ငါ ရဲတိုင်လို့ရတယ်"
ဝေါလ်တာက လုံးဝ မကြောက်ဘဲ ပြောလိုက်သည်။
"မစ္စတာ ဘရူးစ်၊ ဒီလောက်ကြီး ဒေါသ မထွက်ပါနဲ့ဦး။ ကျွန်တော်တို့ မစ္စတာပီတာက ခင်ဗျားကို တွေ့ချင်နေလို့ပါ၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား"
"ပီတာ..."
ဘရူးစ် ကြားလိုက်ရသောအခါ သံသယဖြင့် မေးလိုက်သည်။
"သူက ငါ့ကို ဘာလုပ်ချင်လို့လဲ။ ဪ... ငါ့ကို လာလှောင်ချင်တာလား။ ဒါဆို သူ့ကို ပြောလိုက်၊ ရယ်ချင်ရင် အားရပါးရ ရယ်လိုက်လို့။ ဒါပေမဲ့ ငါကတော့ သူ့ကို အလွယ်တကူ ရှုံးပေးမှာ မဟုတ်ဘူး"
ဝေါလ်တာ ကြားလိုက်ရသောအခါ မျက်နှာ တည်သွားပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
"ဘရူးစ်... လိုက်ခဲ့ပါ၊ ကျွန်တော်တို့ကို အကြမ်းနည်း သုံးရအောင်မလုပ်နဲ့"
ဘရူးစ် "..."
***