လူကယ်ခြင်း
Vol. 55 Ch. 892
ရှောင်လင်းယွီသည် သန်းခေါင်ယံအချိန်တွင် မက်ဆေ့ချ်တစ်စောင် လက်ခံရရှိသည်။ သူမ ဖွင့်ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကုန်းထျန်းဟောက်သည် ဇနီးဖြစ်သူ သန်းခေါင်ယံကြီး ထကာ မက်ဆေ့ချ် ကြည့်နေသည်ကို မြင်လိုက်ရပြီး မျက်နှာထား မကောင်းသည်ကို သတိပြုမိသဖြင့် ချက်ချင်းမေးလိုက်သည်။
"ပေါင်ပေ့ သန်းခေါင်ယံကြီး မက်ဆေ့ချ် ပို့နေတာ ဘယ်သူလဲ။"
"ဘရူးစ်... သူ ပြန်ပေးဆွဲခံလိုက်ရတယ်"
ကုန်းထျန်းဟောက် ရုတ်တရက် တုန်လှုပ်သွားပြီး ချက်ချင်း ထထိုင်လိုက်သည်။
"ဘရူးစ်ကို ပြန်ပေးဆွဲတယ်ဟုတ်လား။ ဘယ်သူက ဒီလောက် သတ္တိကောင်းရတာလဲ"
သူ သိထားသလောက် ဘရူးစ်က ပိုက်ဆံမရှားပါ၊ အိမ်တွင် သက်တော်စောင့်များရှိသည်။
ဒီလိုအနေအထားနဲ့တောင် ပြန်ပေးဆွဲခံရသေးတာလား။
ကုန်းထျန်းဟောက်က "ပြန်ပေးဆွဲခံရတာတောင် မက်ဆေ့ချ် ပို့နိုင်သေးတယ်လား။ ဘယ်သူက ပြန်ပေးဆွဲတာလဲ၊ သိပ်မကျွမ်းကျင်ပါလား"
ရှောင်လင်းယွီ ခေါင်းခါလိုက်ပြီး "ကျွန်မလည်း မသိဘူး။ စိတ်မချဘူး၊ အခု သွားကြည့်လိုက်ဦးမယ်"
"ဒါဆို ကိုယ်ပါ လိုက်ခဲ့မယ်"
ကုန်းထျန်းဟောက် တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။
နှစ်ယောက်သား အမြန် ပြင်ဆင်ပြီး ထွက်လာခဲ့ကြသည်။
သူတို့ ထွက်လာသည်နှင့် အခြားအခန်းတံခါး ပွင့်လာသည်။
ရှောင်လင်က သံသယဖြင့် မေးလိုက်သည်။
"အစ်ကိုကြီး၊ ဦးလေးဘရူးစ် ပြန်ပေးဆွဲခံရတာလား၊ သွားကယ်ကြမလို့လား"
ရှောင်လဲ့ထုန် မျက်လုံးမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်ပြီး "မလိုဘူး... အခု ပြန်အိပ်ကြစို့"
ထိုလူတွင် ကြီးမားသော အန္တရာယ်မရှိသဖြင့် သွားကယ်စရာ မလိုပေ။
ရှောင်လင် "အင်း..."
ထို့နောက် နှစ်ယောက်သား ကုတင်ပေါ် ပြန်တက်သွားကြသည်။
ပုံမှန်အားဖြင့် သူတို့ နှစ်ယောက် အိပ်စက်လေ့ မရှိကြပေ။ အိပ်စက်သည်ဆိုခြင်းမှာ တရားထိုင် ကျင့်ကြံခြင်းသာဖြစ်သည်။
....
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်သည် သက်တော်စောင့်များ မခေါ်ဘဲ ဘရူးစ်၏ဗီလာသို့ တန်းသွားကြသည်။
သူတို့ ရောက်သွားချိန်တွင် ဘရူးစ် ခေါ်သွားခံလိုက်ရပြီဖြစ်ပြီး စိတ်ပူပန်နေသော အိမ်ဖော်များနှင့် သက်တော်စောင့်များသာ ကျန်ရစ်ခဲ့သည်။ သူတို့သည် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ လူအကူအညီ တောင်းရမလား၊ ရဲတိုင်ရမလား မဝေခွဲတတ်ကြပေ။
လူအကူအညီ တောင်းမည်ဆိုလျှင်လည်း သူတို့က အောက်ခြေဝန်ထမ်းများသာဖြစ်ရာ မည်သည့်အဆက်အသွယ်မှ မရှိပေ။
ရဲတိုင်မည်ဆိုလျှင်လည်း သခင်ဖြစ်သူကို အန္တရာယ် ပေးမိမည်လား မသိနိုင်ပေ။
ဗျာများနေစဉ် ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက် ဇနီးမောင်နှံ ရောက်လာကြသည်။
ရှောင်လင်းယွီက မိတ်ဆက်ပြီးနောက် တိုက်ရိုက် မေးလိုက်သည်။
"ဘရူးစ်ကို ဘယ်သူခေါ်သွားလဲဆိုတာ ရှင်တို့ သိလား"
ထိုအချိန်တွင် သက်တော်စောင့်တစ်ဦး ထွက်လာပြီး ပြောလိုက်သည်။
"သူတို့ ပြောစကားတွေကို ကျွန်တော် ကြားလိုက်တယ်၊ ပီတာ ဆိုတဲ့လူက တွေ့ချင်လို့တဲ့"
"ပီတာ..."
ရှောင်လင်းယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ဟွမ်လင်းအုပ်စု ဥက္ကဌ ပီတာလား။ ရှင် နားကြားမမှားဘူးနော်၊ ပီတာ ဆိုတဲ့လူ ခေါ်သွားတာ သေချာလား"
သက်တော်စောင့်က "ကျွန်တော့်နားက သာမန်လူတွေထက် ပိုပါးပါတယ်၊ လုံးဝ နားကြားမမှားပါဘူး"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ကျွန်မ သိပြီ။ ကျွန်မ အခုပဲ လူသွားခေါ်လိုက်မယ်၊ ရှင်တို့ စိတ်ချပါ"
သက်တော်စောင့်များနှင့် အိမ်ဖော်များသည် ရှောင်လင်းယွီ၏စကားကို ကြားသောအခါ ပိန်ပါးသော အမျိုးသမီးနှင့် ဘေးနားမှ အမျိုးသားကို တမေ့တမော ကြည့်လိုက်ကြသည်။ မျက်လုံးထဲတွင် သံသယများပေါ်လာပြီး သူတို့နှစ်ယောက်တည်းနှင့် သခင်ဖြစ်သူကို ကယ်တင်နိုင်မည်ဟု မယုံကြည်နိုင်သည့်ပုံ ပေါက်နေသည်။
သက်တော်စောင့်က ချက်ချင်း ပြောလိုက်သည်။
"ဥက္ကဌရှောင်၊ ကျွန်တော်လည်း သူဌေးကိုကယ်ဖို့ အတူတူလိုက်ခဲ့လို့ရမလား"
ရှောင်လင်းယွီ သူ့ကို တစ်ချက်ကြည့်ပြီး ခေတ္တ စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... အတူတူ သွားကြတာပေါ့"
.....
ဘရူးစ်သည် ပီတာ၏ဗီလာသို့ တိုက်ရိုက် ခေါ်ဆောင်ခြင်း ခံရသည်။
ပီတာကိုမြင်သည်နှင့် ဘရူးစ်၏မျက်နှာပေါ်တွင် မခန့်လေးစားနှင့် ရန်စသော အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။
"ပီတာ၊ မင်း ငါ့ကို တွေ့ချင်တာ ဒီလိုနည်းလမ်း သုံးစရာ မလိုပါဘူး။ မင်းရဲ့လူခေါ်တဲ့နည်းက လူကို လန့်သေစေနိုင်တယ်ဆိုတာ မင်း မသိဘူးလား။ ကံကောင်းလို့ ငါက သတ္တိကောင်းလို့ မင်း ခြောက်တာ မလန့်သွားတာ"
ပီတာသည် ဘရူးစ်၏မျက်နှာထားကိုကြည့်ရင်း အကြောင်းပြချက်မရှိ ဒေါသထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
"ဘယ်သူက မင်းကို အကောင်းပြောတာ နားမထောင်ဘဲ အဆိုးပြောမှ နားထောင်ခိုင်းလဲ၊ ငါ့ကို လာမပြစ်မှားနဲ့"
ဘရူးစ် လက်ကာပြပြီး "စကားရှည်မနေနဲ့တော့၊ တိုက်ရိုက် ပြောစမ်းပါ။ မင်း ငါ့ကို ဒီလောက် 'နွေးနွေးထွေးထွေး' ဖိတ်ခေါ်ရတာ ဘာကိစ္စရှိလို့လဲ"
ပီတာ "..."
***