← Chapters

လိုချင်တာ တောင်းနိုင်တယ်

Vol. 55 Ch. 893

လိုချင်တာ တောင်းနိုင်တယ်

Vol. 55 Ch. 893

ပီတာ၏မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားပြီးနောက် ပြောလိုက်သည်။

"ဘရူးစ်၊ မင်း အခု ဟွာရှ Green Freshအုပ်စုကို ဝင်လုပ်နေတယ်ဆို"

ဘရူးစ်က လက်ကာပြရင်း ပြုံးလျက် "မတတ်နိုင်ဘူးလေ၊ ငါ့နေရာကို မင်းက ယူသွားပြီကိုး။ မိုက်ကယ်ကလည်း ငါ့ကို ဒီနယ်ပယ်မှာ ပိတ်ပင်ထားပြန်တော့ နိုင်ငံတကာလုပ်ငန်းရှင်တွေက ငါ့ကို လက်မခံကြဘူးလေ။ ကံကောင်းလို့ ငါ့ကံမကုန်သေးတော့ ဟွာရှ Green Freshအုပ်စုက ဥက္ကဌရှောင်က ငါ့ကို သဘောကျပြီး ကြိုဆိုနေတာ"

သူ ပြောနေသော စကားတွင် စိတ်ပျက်အားငယ်မှု တစ်စက်ကလေးမျှ မပါဝင်ဘဲ ဆန့်ကျင်ဘက် အနေဖြင့် ကံကောင်းခြင်းမျိုး ဖြစ်နေသည်ဟု ပီတာ ခံစားလိုက်ရသည်။

ပီတာက သံသယဖြင့် မေးလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ၊ ကံမကုန်သေးဘူး ဟုတ်လား"

သူ ဟွာရှ စကားကို ပြောတတ်သော်လည်း ကျွမ်းကျင်ခြင်းမရှိသဖြင့် အဓိပ္ပာယ်နက်နဲသော စကားများကို နားမလည်ပေ။

"..." ဘရူးစ်က ပြောလိုက်သည်။ "ကောင်းကင်ဘုံက လူတစ်ယောက်ကို လမ်းပိတ်အောင် မလုပ်ဘူးလို့ ပြောတာ။ ပီတာ... ဘယ်လိုလဲ၊ ဒီစကားကို စိတ်ဝင်စားသွားပြီလား။ ငါ မင်းကို ဟွာရှ စကားတွေ သင်ပေးရမလား၊ ဒီထက် စိတ်ဝင်စားစရာ ကောင်းတာတွေ အများကြီး ရှိသေးတယ်"

"..."

ပီတာ ကြားလိုက်ရသောအခါ မျက်နှာ မည်းမှောင်သွားပြီး သူနှင့် စကားဆက်မများတော့ဘဲ ပြောလိုက်သည်။

"အခု မင်း ဟွမ်လင်းအုပ်စုကို ပြန်လာနိုင်မယ့် အခွင့်အရေးတစ်ခုရှိတယ်"

ဘရူးစ်က စိတ်ဝင်တစား မေးလိုက်သည်။

"ဒါဆို မင်းက ငါ့ကို ဟွမ်လင်းအုပ်စု ဟွာရှ ရုံးခွဲဥက္ကဌ ပြန်လုပ်ခိုင်းမလို့လား"

ပီတာ မျက်နှာထား တင်းမာသွားပြီး အမူအရာတစ်ချက်ပျက်သွားသော်လည်း ချက်ချင်း တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပြောသည်။

"မင်း ဒုဥက္ကဌ လုပ်လို့ ရပါတယ်"

ဆိုလိုသည်မှာ ဥက္ကဌနေရာကို သူ ဆက်ယူထားမည်ဖြစ်သည်။

ဟာသပဲ... သူ အခုမှ ဘရူးစ်ကိုအနိုင်ယူပြီး လှောင်ပြောင်နိုင်ခါစရှိသေးတာ၊ ဘရူးစ်ကို ပြန်ခေါ်ပြီး သူ့ခေါင်းပေါ် ပြန်တက်ခိုင်းစရာလား။ ပြီးတော့ ဘရူးစ်ကို ဟွာရှ ရုံးခွဲဥက္ကဌ ပြန်ခန့်လိုက်ရင် သူက ဘာလုပ်ရမှာလဲ။ သူက ဒီနေရာကို သူများလက်ထဲ ထည့်ပေးလိုက်ရလောက်အောင် မအသေးဘူး။

ပီတာ၏စကားကို ကြားပြီးနောက် ဘရူးစ် နှုတ်ခမ်းမဲ့လိုက်ပြီး စိတ်မပါသလို ပြောလိုက်သည်။

"ဪ... ဟွာရှ ရုံးခွဲရဲ့ ဒုဥက္ကဌ လုပ်ရမှာပေါ့လေ။ ဆိုလိုတာက ငါ ပြန်လာရင်တောင် မင်းရဲ့ စီမံခန့်ခွဲမှုအောက်မှာနေရမယ်ဆိုတဲ့ သဘောပေါ့။ ဒါဆိုရင်တော့ မင်းဘာသာမင်းပဲ လုပ်ပါတော့ကွာ၊ ငါ လုံးဝ စိတ်မဝင်စားဘူး။ ဒါပေမဲ့..."

ပီတာ မျက်လုံးမှေးကာ မေးလိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ဒါပေမဲ့ မင်းက ငါ့ကို ဟွာရှရုံးခွဲဥက္ကဌ ပေးလုပ်မယ်၊ မင်းက ဒုဥက္ကဌ လုပ်မယ်၊ ဒါမှမဟုတ် F နိုင်ငံကို ပြန်သွားမယ်ဆိုရင်တော့ စဉ်းစားပေးမယ်"

ဘရူးစ်က အားမနာတမ်း ပြောလိုက်သည်။

ဤတစ်ကြိမ်တွင်မူ ပီတာသည် ဒေါသကြောင့် မျက်နှာများ ပြာနှမ်းသွားပြီး အံကြိတ်ကာ အေးစက်လှသောလေသံဖြင့် "ဟွန့်... ဘရူးစ်၊ မင်း သိပ်လွန်မလာနဲ့"

ဘရူးစ် ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်သလိုဖြင့် "မင်း သဘောမတူရင်လည်း ထားလိုက်ပါတော့၊ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ"

ပီတာ "..."

သူ အသက်ပြင်းပြင်း ရှူရှိုက်ကာ စိတ်ကို အကြိမ်ကြိမ်ငြိမ်အောင်ထားလိုက်ပြီးနောက် ပြောလိုက်သည်။

"ဘရူးစ်၊ ငါ့ရဲ့ ဥက္ကဌ ရာထူးကလွဲရင် မင်း ကြိုက်တဲ့အချက် တောင်းဆိုလို့ရတယ်"

ဘရူးစ် ကြားလိုက်ရသောအခါ မျက်လုံးမှေးကာ ပြောလိုက်သည်။

"ပီတာ၊ ရုတ်တရက်ကြီး ဒီလောက် သဘောကောင်းနေပါလား၊ မင်းမှာ လျှို့ဝှက်ကြံစည်မှု တစ်ခုခု ရှိနေတယ်လို့ ငါ ခံစားမိနေတယ်" ထို့နောက် သူက တစ်ခုခုသတိရသွားသည့်နှယ် ပြောလိုက်သည်။ "နေပါဦး၊ မင်း ဒီနေ့ ငါ့ကို ရုတ်တရက်ကြီး ပြန်ပေးဆွဲလာတာ တစ်ခုခု ရည်ရွယ်ချက် ရှိလို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင် မင်း ဒီလောက်စကားပြောကောင်းနေမှာ မဟုတ်ဘူး"

ပီတာ "..." အခုမှ သတိထားမိတာလား။

ပီတာက မျက်နှာထား တည်တည်ဖြင့် ပြောလိုက်သည်။

"ဘရူးစ်... မင်း အခု Green Freshအုပ်စုမှာ အလုပ်လုပ်နေတယ် ဆိုတော့ မင်း..."

ပီတာက သူ့ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလိုက်သည်။

ဘရူးစ် ကြားလိုက်ရသောအခါ အမူအရာတစ်မျိုး ဖြစ်သွားသည်။

ယခင်က ရှောင်လင်းယွီ မေးခဲ့သော မေးခွန်းသုံးခု အနက်မှ တစ်ခုကို သူ သတိရသွားသည်။ "မိသားစု သူငယ်ချင်းတွေကိုသုံးပြီး ခြိမ်းခြောက်လာရင် ဘယ်လိုလုပ်မလဲ" ဆိုသော မေးခွန်းဖြစ်သည်။

ယခု ကြည့်ရတာ ရှောင်လင်းယွီက ကျီးကန်းပါးစပ်ပါသည်ဟု ပြောရမလား၊ ကြိုတင် သိမြင်နိုင်စွမ်းရှိသည်ဟု ပြောရမလား မသိတော့ပေ။ သူမ ကုမ္ပဏီသို့ သူ ရောက်သည်မှာ မကြာသေးခင်မှာပင် ပီတာ၏ပစ်မှတ်ထားခြင်း ခံလိုက်ရပြီဖြစ်သည်။

ပီတာက ဆက်လက် မက်လုံးပေးသည်။

"ဘရူးစ်၊ မင်းသာ သဘောတူလိုက်ရင် မင်း ကြိုက်တဲ့ အချက်အလက် တောင်းဆိုလို့ ရတယ်။ ဥပမာ - ပိုက်ဆံ၊ မိန်းမလှလေးတွေ... နောက်ဆုံး မင်း လိုချင်နေတဲ့ ဥက္ကဌ ရာထူးကိုတောင် ကိစ္စပြီးရင် ငါ မင်းကို ပြန်ပေးမယ်။ ရုံးချုပ်ကိုလည်း မင်းရဲ့ စွမ်းဆောင်မှုတွေ တင်ပြပေးမယ်၊ ဘယ်လိုလဲ"

ဤကမ်းလှမ်းချက်များသည် အလွန်ဆွဲဆောင်မှုရှိသည်ဖြစ်ရာ မည်သူမဆို လက်ခံလိမ့်မည်ဟု ပီတာ ယုံကြည်ထားသည်။

ဘရူးစ် "..."

"ပီတာ..."

ဘရူးစ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးဝမှ ဆူညံသံများကြားလိုက်ရပြီး တံခါးကို အကြမ်းဖက်ကန်ဖွင့်လိုက်သံ ပေါ်လာသည်။

ဝင်လာသူများမှာ လူငယ် ဇနီးမောင်နှံ တစ်တွဲဖြစ်သည်။ အမျိုးသားက ချောမောပြီး အမျိုးသမီးက လှပသည်။ စီးပွားရေးသတင်း သို့မဟုတ် ဖျော်ဖြေရေးသတင်း ကြည့်ဖူးသူများဆိုလျှင် သူတို့ကို သိရှိကြပေလိမ့်မည်။

ပီတာသည် အတင်းဝင်ရောက်လာသော ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ကို မြင်လိုက်ရသောအခါ မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားပြီး ဒေါသတကြီး အော်မေးလိုက်သည်။

"မင်းတို့ ဘယ်သူတွေလဲ၊ ဘယ်လို ဝင်လာကြတာလဲ"

သူ့အိမ်တွင် သက်တော်စောင့်များစွာ ရှိပါလျက်နှင့် ဒီနှစ်ယောက် ဘယ်လိုဝင်လာကြတာလဲ။

ပြောပြောဆိုဆိုနှင့် သူ ဖုန်းဆက်ကာ သက်တော်စောင့် ခေါင်းဆောင်ကို ဆူပူရန်ပြင်လိုက်သည်။

သို့သော် သူ ဖုန်းမကိုင်ရသေးခင်မှာပင် ရှောင်လင်းယွီက လက်ခုပ်တီးကာ ပြုံးလျက် ပြောလိုက်သည်။

"သေချာပေါက် ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်ဝင်လာတာပေါ့"

ပီတာ၏မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး အော်ခေါ်လိုက်သည်။

"ခရစ်... ခရစ်..." သူ ခေါ်လိုက်သည်မှာ သက်တော်စောင့် ခေါင်းဆောင်ဖြစ်သည်။ "ဒီနှစ်ယောက်ကို အပြင်ကို ဆွဲထုတ်သွားစမ်း"

သူ အော်ခေါ်လိုက်သည်နှင့် ခရစ် အမည်ရှိ သက်တော်စောင့် ခေါင်းဆောင်သည် ရိုက်နှက်ခံထားရသောခေါင်းကိုအုပ်လျက် ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် ဖြည်းဖြည်းချင်း ဝင်လာသည်။

ပီတာ မြင်လိုက်ရသောအခါ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ချက်ချင်း မေးလိုက်သည်။

"ခရစ်... မင်း ဘာဖြစ်တာလဲ"

ခရစ်သည် လက်တစ်ဖက်ဖြင့် မျက်နှာတစ်ခြမ်းကို အုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရှောင်လင်းယွီကို ညွှန်ပြကာ F နိုင်ငံစကားဖြင့် အက်ကွဲနေသောလေသံဖြင့် ပြောလိုက်သည်။

"သူ ရိုက်တာပါ" ထို့နောက် ကုန်းထျန်းဟောက်ကို လက်ညှိုးထိုးပြပြီး ပြောသည်။ "သူတို့နှစ်ယောက်ပေါင်းပြီး ကျွန်တော်တို့ အားလုံးကို မှောက်အောင်ရိုက်သွားတာပါ"

ပီတာ၏မျက်နှာ ချက်ချင်း ပျက်သွားသည်။ သူ ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်ကို ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ့ သက်တော်စောင့်များသည် F နိုင်ငံမှ ခေါ်ဆောင်လာသူများဖြစ်ပြီး တော်ဝင် သက်တော်စောင့် တပ်ဖွဲ့မှ ငှားရမ်းလာသူများ ဖြစ်သည်။

ယခုတွင် သူ့အိမ်မှ သက်တော်စောင့် ဆယ်ယောက်ကျော်သည် ဟွာရှသားနှစ်ယောက်ကို မနိုင်ဘူးဟု လာပြောနေသည်။

ခရစ် ခေါင်းငုံ့ထားသည်။ အရည်အချင်း မမီ၍ ရှက်ရွံ့နေခြင်းလား၊ အရိုက်ခံရ၍ ကြောက်လန့်နေခြင်းလား မသိရသော်လည်း ခေါင်းမမော့ရဲပေ။

ပီတာ ထပ်မေးလိုက်သည်။

"သေနတ်တွေကော၊ မင်းတို့ဆီမှာ သေနတ်တွေရှိတယ် မဟုတ်လား"

ခရစ်က တိုးတိုးလေး ပြောသည်။

"သူတို့ တိုက်ခိုက်တဲ့နှုန်းက အရမ်းမြန်လွန်းတော့ ကျွန်တော်တို့ သတိမဝင်ခင်မှာပဲ သေနတ်တွေ လွတ်ကျကုန်တာ"

ပီတာ "..."

အမူအရာ အလွန်ဆိုးရွားနေသည်။

ရုတ်တရက်ကြီး မျက်နှာအကြီးအကျယ်ပျက်သွားရသဖြင့် သူ့အမူအရာက ဘယ်လိုလုပ်ကောင်းနေနိုင်ဦးပါ့မလဲ။

သူသည် ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ ဇနီးမောင်နှံကိုကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

"မင်းတို့ ဘယ်သူတွေလဲ။ အကြောင်းရင်းမရှိဘဲ ငါ့သက်တော်စောင့်တွေကို ရိုက်နှက်ပြီး ငါ့အိမ်ထဲ ကျူးကျော်ဝင်ရောက်လာတာ ဘာရည်ရွယ်ချက် ရှိလို့လဲ"

"ဟဟ..."

ရှောင်လင်းယွီ အေးစက်စွာ ရယ်မောလိုက်ပြီး "ပီတာ၊ ရှင်က သန်းခေါင်ယံကြီး လူလွှတ်ပြီး ကျွန်မလူကို ခေါ်သွားတယ်လေ၊ ကျွန်မက ပြန်လာခေါ်တာ မရဘူးလား"

"မင်းလူ ဟုတ်လား"

ပီတာ ချက်ချင်း သဘောမပေါက် ဖြစ်သွားပြီးနောက် သက်သောင့်သက်သာ ထိုင်နေသော ဘရူးစ်ကို လှမ်းကြည့်လိုက်ရာ သဘောပေါက်သွားသည်။

"ဘရူးစ်ကို ပြောတာလား"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

"သေချာပေါက် ဘရူးစ်ကို ပြောတာပေါ့။ သူက အခု ကျွန်မ ရှောင်လင်းယွီရဲ့ လူလေ။ ရှင်က သန်းခေါင်ယံကြီး ကျွန်မလူကို ဖမ်းခေါ်သွားမှတော့ ကျွန်မက လာပြန်ခေါ်သင့်တယ် မဟုတ်လား"

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏စကားကို ကြားသောအခါ သဝန်တိုစွာ ပြင်ပြောလိုက်သည်။

"ပေါင်ပေ့၊ ကိုယ်ကမှ မင်းရဲ့လူလေ။ ဒီဘရူးစ်က မင်းရဲ့ ဝန်ထမ်းတစ်ယောက်ပဲ ရှိသေးတာ၊ သေချာ ခွဲခြားပြောဦး။ မဟုတ်ရင် လူတွေ အထင်လွဲကုန်လိမ့်မယ်"

ရှောင်လင်းယွီ "..."

ပီတာ "..."

"..."

ဘရူးစ်က ဘေးမှနေ၍ ခေါင်းညိတ်ထောက်ခံသည်။

"ဟုတ်တယ်၊ ဟုတ်တယ်... ဝန်ထမ်းဆိုရင်လည်း ဥက္ကဌရှောင်ရဲ့ဝန်ထမ်းပဲလေ"

ကုန်းထျန်းဟောက် သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောသည်။

"အလုပ်တောင် မဆင်းရသေးဘူး၊ ပြဿနာရှာတဲ့ ဝန်ထမ်း"

သူ့ဇနီးသည် သန်းခေါင်ယံကြီး လူလာကယ်ရသည့်အတွက် မကျေနပ်ပုံပေါက်နေသည်။

မှန်ပါသည်... သူက ဇနီးသည်ကို အပြစ်မတင်ရက်သဖြင့် ဒေါသများကို ဘရူးစ်အပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။ ဒီလူကြောင့်သာမဟုတ်ရင် သူ့ဇနီး ကောင်းကောင်း အိပ်စက်အနားယူရမည်ဖြစ်သည်။

ဘရူးစ်သည် ကုန်းထျန်းဟောက်၏ အေးစက်သောအကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ ကျောချမ်းသွားပြီး ပီတာကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒါ ကျွန်တော့်အပြစ် မဟုတ်ဘူး။ ကျွန်တော် အိမ်မှာ ကောင်းကောင်းအိပ်နေတာကို သူ့လူတွေက ပြန်ပေးဆွဲပြီး ဒီကိုခေါ်လာတာပါ"

ဟွာရှတွင် နေထိုင်သည်မှာ ကြာပြီဖြစ်ရာ ကုန်းထျန်းဟောက်ဆိုသော စီးပွားရေး လုပ်ငန်းရှင်ကြီးအကြောင်းကို သေချာပေါက် ကြားဖူးထားသည်။ သူလည်း ကြောက်သည်ဖြစ်ရာ အပြစ်ကို တခြားလူဆီ လွှဲချလိုက်ခြင်းပင်။

ကုန်းထျန်းဟောက်က "သူ မင်းကို ပြန်ပေးဆွဲတာက မင်း ကိုယ့်ကိစ္စကိုယ် ကောင်းကောင်း မရှင်းနိုင်ခဲ့လို့ အဆွဲခံရတာပဲ"

"..."

ပြန်ပြောစရာ စကားမရှိသော ဘရူးစ်သည် ရှောင်လင်းယွီထံ အကူအညီ တောင်းလိုက်ရသည်။

"ဥက္ကဌရှောင်... ဒီလူက ကျွန်တော့်ကို ပြန်ပေးဆွဲမယ်လို့ ကျွန်တော်လည်း မထင်ထားဘူးလေ။ ဒါက ကျွန်တော် မရှင်းနိုင်လို့ ဖြစ်တာလို့ ပြောလို့မရဘူးထင်တယ်"

ရှောင်လင်းယွီသည် ပီတာကို အေးစက်စွာ ကြည့်လိုက်ပြီး "မစ္စတာ ပီတာ၊ ရှင် ဘရူးစ်ကို ပြန်ပေးဆွဲတာ ဘာရည်ရွယ်ချက်ရှိလို့လဲ"

ပီတာသည် အစပိုင်းတွင် ရှောင်လင်းယွီ၏အထောက်အထားကို မသိလိုက်သော်လည်း သူတို့ စကားပြောနေသည်ကို နားထောင်ပြီးနောက် ရောက်လာသော အမျိုးသမီးသည် ဘရူးစ်၏ သူဌေး၊ တနည်းအားဖြင့် Green Freshအုပ်စု၏ ပိုင်ရှင်မှန်း သိလိုက်သည်။

စဉ်းစားမိသည်နှင့် ပီတာ၏မျက်နှာသည် ဖြူလိုက်၊ ပြာလိုက် ဖြစ်သွားသည်။

သူ နားမလည်သည်မှာ ဒီအမျိုးသမီး ဘယ်လိုဘယ်ပုံ သတင်းရပြီး ဒီလောက်မြန်မြန်ဆန်ဆန် ရောက်လာရလဲ ဆိုသည်ကိုပင်။

***

All Chapters