← Chapters

ရောဂါကူးမှာစိုးလို့

Vol. 55 Ch. 894

ရောဂါကူးမှာစိုးလို့

Vol. 55 Ch. 894

ကံကောင်းသည်မှာ ပီတာသည် အလွန်အမင်း တုံးအသူ မဟုတ်ပေ။ ရှောင်လင်းယွီ မည်သို့ သတင်းရသည်ကို သူ မသိသော်လည်း တစ်စုံတစ်ယောက်က သူမကို အကြောင်းကြားလိုက်သည်မှာ သေချာသည်။

သူမကို အကြောင်းကြားနိုင်သူမှာ ဘရူးစ် မဟုတ်လျှင် ဘရူးစ်အိမ်မှ အိမ်ဖော်များသာ ဖြစ်ပေလိမ့်မည်။

စဉ်းစားမိသည်နှင့် ပီတာသည် ဒေါသထွက်လာသည်။

ကြည့်ရတာ သူ ဘရူးစ်၏လှည့်စားမှုကို ခံလိုက်ရပြီထင်သည်။

သို့သော် ယခုအချိန်သည် ဒေါသထွက်ရမည့်အချိန် မဟုတ်ပေ။ သူသည် စိတ်ကို ငြိမ်အောင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဪ... ခင်ဗျားက နာမည်ကြီး Green Freshအုပ်စု ပိုင်ရှင် ရှောင်လင်းယွီ ဆိုတာပဲ။ ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းက ကျွန်တော် ဟွာရှ ရောက်ကတည်းက နားနဲ့မဆံ့အောင် ကြားဖူးနေတာ။ အခု မျက်မြင်ကိုယ်တွေ့ မြင်ရတော့မှ နာမည်နဲ့လိုက်အောင် တကယ်လှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာပဲ။ ကျွန်တော်က ဟွမ်လင်းအုပ်စု ဟွာရှရုံးခွဲဥက္ကဌ ပီတာပါ။ တွေ့ရတာ ဝမ်းသာပါတယ်"

ပြောပြောဆိုဆိုနှင့် သူ ညာလက်ကို ကမ်းပေးလိုက်ပြီး လက်ဆွဲနှုတ်ဆက်ရန် စောင့်ဆိုင်းနေသည်။

ဆိုရိုးစကား ရှိသည်... 'ပြုံးနေတဲ့သူကို ပါးမရိုက်ရဘူး' တဲ့။

သို့သော် ယခုအချိန်တွင် ရှောင်လင်းယွီသည် ကမ်းပေးထားသော ညာလက်ကို မမြင်သည့်နှယ် ပြုမူနေသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ် ကုန်းထျန်းဟောက်က အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော့်ဇနီးက သူစိမ်းယောက်ျားတွေနဲ့ လက်ဆွဲနှုတ်ဆက်တာ မကြိုက်ဘူး"

ပီတာ "..."

ချက်ချင်းပင် အနေခက်သွားပြီး မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသော်လည်း သည်းခံလိုက်ရသည်။

သူ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သရော်လိုသော အမူအရာဖြင့် ပြောလိုက်သည်။

"ဪ... ဟုတ်လား။ ကြည့်ရတာ ဟွာရှက အိမ်ထောင်သည် အမျိုးသမီးတွေက တခြားယောက်ျားတွေနဲ့ တကယ်ပဲ အကွာအဝေးတစ်ခုထားဖို့ လိုအပ်နေပုံရတယ်"

ဤစကားသည် သရော်စကားဖြစ်ကြောင်း မည်သူမဆို နားလည်နိုင်သည်။

Green Freshအုပ်စု၏ ပိုင်ရှင်၊ စွမ်းဆောင်ရည်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်နေသော်လည်း ယောက်ျားကိုကြောက်ရပြီး ယောက်ျား ပြောသမျှ နာခံနေရသည်ဟု သရော်လိုက်ခြင်း ဖြစ်သည်။

ရှောင်လင်းယွီ ကြားလိုက်ရသော်လည်း ဒေါသမထွက်ဘဲ ပြုံး၍ ပြောလိုက်သည်။

"ဆောရီးပါ မစ္စတာ ပီတာ၊ ကျွန်မ အမျိုးသားက သူစိမ်းယောက်ျားတွေရဲ့လက်က ညစ်ပတ်မှာ စိုးရိမ်နေလို့ပါ။ ကျွန်မလို နုနယ်တဲ့သူက အဲဒီလက်ကို ကိုင်မိရင် ရောဂါကူးမှာ ကြောက်လို့လေ"

ပီတာ ကြားလိုက်ရသောအခါ မျက်နှာ ချက်ချင်း ပျက်သွားသည်။

ဒါက သူ့လက် ညစ်ပတ်တယ်လို့ တိုက်ရိုက် ပြောလိုက်တာပဲ၊ မျက်နှာ လုံးဝ မထောက်ထားဘူး။

ပီတာက "ဥက္ကဌရှောင်၊ စကားကို ဘာလို့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရတာလဲ။ နောက်ဆို ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာ၊ မျက်နှာချင်းဆိုင် တွေ့ရဦးမှာလေ"

"မစ္စတာ ပီတာ၊ ရှင်က အရင် ရိုင်းရိုင်းစိုင်းစိုင်းပြောလို့ ကျွန်မက ပြန်တုံ့ပြန်ရုံပါ" ရှောင်လင်းယွီက အေးစက်စွာ ပြောလိုက်သည်။

ဒီစကားက ဆက်ပြောဖို့ လမ်းမရှိတော့ပေ။

ဤမျှ လှပသော အမျိုးသမီးတစ်ဦး၏ပါးစပ်က ဤမျှ အဆိပ်ပြင်းလိမ့်မည်ဟု ပီတာ ထင်မှတ်မထားခဲ့ချေ။

ရှောင်လင်းယွီသည် သူ့တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ခပ်ပြတ်ပြတ်မေးလိုက်သည်။ "မစ္စတာ ပီတာ၊ ကျွန်မ ဝန်ထမ်းကို သန်းခေါင်ယံကြီး အိမ်ကနေ ဖမ်းခေါ်လာရလောက်အောင် ရှင်တို့ ဘာကိစ္စရှိလို့လဲ"

ပီတာ နှုတ်ခမ်း တွန့်သွားပြီးနောက် "ကျွန်တော်နဲ့ ဘရူးစ်က အရင်တုန်းက လုပ်ဖော်ကိုင်ဖက်တွေလေ၊ သူငယ်ချင်းတွေပဲ။ ကျွန်တော်က သူငယ်ချင်းဟောင်းကို အလွမ်းသယ်ဖို့ ဖိတ်လိုက်တာပါ။ ပြီးတော့ ကျွန်တော်က ဟွာရှရောက်တာ မကြာသေးဘူး၊ ဟွာရှအကြောင်း သိပ်မရင်းနှီးသေးတော့ သူငယ်ချင်းဟောင်း ဘရူးစ်ဆီမှာ အကြံဉာဏ်တောင်းမလို့လေ၊ မရဘူးလား"

ရှောင်လင်းယွီ နှုတ်ခမ်းထောင့် စွန်းတက်သွားပြီး ပြုံးတုံ့တုံ့ဖြင့် ကြည့်ကာ "ဪ... ဆိုလိုတာက ရှင်တို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ သူငယ်ချင်းဟောင်းတွေ အလွမ်းသယ်တာက ဒီလို လူဖမ်းတဲ့နည်းနဲ့ ဖိတ်ခေါ်ကြတာပေါ့၊ ဟုတ်လား။ ဘရူးစ်ကရော သဘောတူလို့လား"

ဘရူးစ်က ချက်ချင်း ဝင်ပြောသည်။

"ဟာ... ကျွန်တော် သဘောမတူပါဘူး"

ပီတာ နှုတ်ခမ်း ထပ်မံ တွန့်သွားပြီး စူးရှသောအကြည့်ဖြင့် ဘရူးစ်ကို စိုက်ကြည့်လိုက်သည်။ အမူအရာက တစ်ဖန်ဆိုးရွားလာပြန်သည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ပြီး ထပ်မေးသည်။

"ဒါဆို မစ္စတာ ပီတာ၊ ရှင် ဘာပြောချင်သေးလဲ။ ဟွာရှဥပဒေအရဆိုရင် ရှင်တို့လုပ်ရပ်က ပြန်ပေးဆွဲမှု သက်သက်ပဲ။ ကျွန်မ အခု ရဲတိုင်လိုက်လို့ ရတယ်" နောက်ဆုံးစာကြောင်းကို ပြောလိုက်သောအခါ ရှောင်လင်းယွီ၏အမူအရာမှာ လေးနက်တည်ကြည်သွားသည်။

ပီတာ မျက်နှာပျက်သွားပြီး ပြောလိုက်သည်။

"ဥက္ကဌရှောင်၊ ခင်ဗျား ပြောတာ လွန်လွန်းနေပြီ။ ကျွန်တော့်ရဲ့ ဖိတ်ခေါ်တဲ့နည်းလမ်းက နည်းနည်း ကြမ်းတမ်းသွားပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ သူငယ်ချင်းဟောင်း အချင်းချင်း အလွမ်းသယ်ရုံ သက်သက်ပါ"

ရှောင်လင်းယွီ မျက်နှာထား တင်းမာသွားပြီး လေးနက်စွာ ပြောလိုက်သည်။

"မစ္စတာ ပီတာ၊ ရှင် လူတစ်ယောက်ကို ဘယ်လိုနည်းလမ်းနဲ့ ဖိတ်ခေါ်တယ်ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျွန်မ အခု သတိပေးလိုက်မယ်၊ ဒီနေရာက ဟွာရှ၊ တရားဥပဒေစိုးမိုးတဲ့နေရာ။ ရှင့်နိုင်ငံမှာ ရှင် ဘယ်လောက် အာဏာရှိရှိ၊ ဘယ်လောက် မောက်မာနိုင်နိုင် ဟွာရှ ရောက်ရင်တော့ နဂါးဆိုရင် ခွေနေရမယ်၊ ကျားဆိုရင် ဝပ်နေရမယ်။ ဒီနေရာမှာ ဘယ်သူ့ကိုမှ ဟွာရှ ဥပဒေဘောင်ကျော်ပြီး မောက်မာခွင့်မပေးဘူး"

ပီတာသည် ဟွာရှ စကားကို ကောင်းစွာ နားမလည်သော်လည်း အကြမ်းဖျင်းအဓိပ္ပာယ်ကို သဘောပေါက်သည်။

သူ့မျက်နှာ ရှုံ့မဲ့သွားပြီး မျက်လုံးထဲမှ ဒေါသကို ကြိုးစားထိန်းချုပ်လိုက်သည်။ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ခေါင်းငုံ့ကာ တောင်းပန်လိုက်ရသည်။

"ကောင်းပါပြီ၊ နောက်ဆိုရင် ကျွန်တော် သတိထားပါ့မယ်"

ဤအမျိုးသမီးက ကြောက်စရာမကောင်းသော်လည်း သူမ၏နောက်ကွယ်မှအမျိုးသား ကုန်းထျန်းဟောက်ကမူ ကြောက်စရာ ကောင်းသည်။

ကုန်းထျန်းဟောက်ဆိုသောအမည်သည် ဟွာရှတွင်သာမက ကမ္ဘာ့အဆင့်တွင်ပါ ကျော်ကြားပြီး လျစ်လျူရှု၍ မရနိုင်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။

သူ ဟွာရှသို့ရောက်ရှိသည်မှာ မကြာသေးသော်လည်း Green Freshအုပ်စု၏နောက်ခံ ဆက်ဆံရေးများကို ရှင်းလင်းစွာ စုံစမ်းပြီးဖြစ်သည်။

ထို့ကြောင့် Green Freshအုပ်စုက သူတို့ ဟွမ်လင်းအုပ်စု၏ စီးပွားရေးများကို လုယူသွားသော်လည်း သူ သည်းခံနေရခြင်းဖြစ်သည်။ လက်တုံ့ပြန်ခြင်း မပြုရဲသေးသည်မှာ ဤအမျိုးသားကို အမျက်ဒေါသ ထွက်စေမိမည် စိုးရိမ်သောကြောင့်ပင်။

ဟွမ်လင်းအုပ်စုသည် နယ်ပယ်တွင်း၌ နိုင်ငံတကာ အမှတ်တံဆိပ်ဖြစ်သော်လည်း နိုင်ငံတကာ စီးပွားရေး အဆင့်သတ်မှတ်ချက်တွင် နံပါတ် ငါးရာ အပြင်ဘက်၌သာရှိသည်။

သို့သော် ကုန်းထျန်းဟောက် ပိုင်ဆိုင်သော Imperial Palaceအုပ်စုသည် ကမ္ဘာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီး ငါးခု စာရင်းဝင်ဖြစ်သည်။

မည်သူက အားနည်းသည်၊ မည်သူက အားသန်သည် ဆိုခြင်းမှာ တစ်ချက်ကြည့်ရုံနှင့် သိသာသည်။

ကုန်းထျန်းဟောက်သည် ဇနီးသည်ကို အလွန်ချစ်ခင်ကြောင်း နာမည်ကြီးသည်ဟု သူ ကြားသိထားသည်။

တစ်ချက်တည်းနှင့် အသေသတ်နိုင်မည့် အခွင့်အရေး မရှိသေးသရွေ့ Green Freshအုပ်စုကို အလွယ်တကူ မထိပါးရဲသေးပေ။

ထို့ကြောင့် ခေါင်းငုံ့သင့်လျှင် ငုံ့ရမည်၊ ခါးညွှတ်သင့်လျှင် ညွှတ်ရမည်။

ခရီးက ရှည်လျားသေးသည်။ ဆုံးရှုံးသွားသော ဂုဏ်သိက္ခာများကို ပြန်လည် ရယူနိုင်မည့် အခွင့်အရေး ရှိလာဦးမည်။

ရှောင်လင်းယွီသည် ပီတာ၏တောင်းပန်မှုကို မကျေနပ်သဖြင့် ပြန်ပြောလိုက်သည်။

"မစ္စတာ ပီတာ၊ ရှင် တောင်းပန်ရမယ့်လူက ကျွန်မ မဟုတ်ဘူး၊ မစ္စတာ ဘရူးစ်ပဲ"

ဤနေရာသို့ ရောက်သောအခါ သူမ ခေတ္တ ရပ်နားလိုက်ပြီး ဆက်ပြောသည်။

"မစ္စတာ ဘရူးစ်က အိမ်မှာ ကောင်းကောင်းနေနေတာကို ရှင်က အလွမ်းသယ်ဖို့ ဆိုပြီး ရုတ်တရက် ဖမ်းခေါ်လာတော့ ရှင့်သူငယ်ချင်းဟောင်း လန့်သွားပြီလေ။ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးတချို့ လျော်ကြေးပေးသင့်တယ် မဟုတ်လား"

ပီတာ ကြားလိုက်ရသောအခါ ရှုံ့မဲ့ကာ တွန့်လိမ်သွားသည်။ ရင်ထဲတွင် ဖိနှိပ်ထားသော ဒေါသများ ပေါက်ကွဲထွက်ချင်လာသော်လည်း သူ့အသိစိတ်ရှိနေသေးသဖြင့် အခြေအနေအရ လိုက်လျောရန် ဆုံးဖြတ်လိုက်သည်။

ပီတာသည် ပြုံးလျက် အံကြိတ်ကာ ဘရူးစ်ကို ပြောလိုက်သည်။

"သူငယ်ချင်းဟောင်းကြီး စိတ်မရှိပါနဲ့ကွာ၊ အလွမ်းသယ်ဖို့ခေါ်တာ နည်းလမ်း နည်းနည်းမှားသွားတယ်။ မင်း လန့်သွားတဲ့အတွက် လျော်ကြေးငွေ ငါးသိန်း ပေးမယ်၊ ဘယ်လိုလဲ"

တကယ်ကို ဒေါသထွက်စရာကောင်းပြီး စိတ်ပျက်စရာ ကောင်းလှသည်။

ဘရူးစ် ဟွမ်လင်းအုပ်စုမှ ထွက်သွားလျှင် သူ့ကို အနိုင်ကျင့်နိုင်ပြီဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဘရူးစ်က ကံကောင်းလွန်းပြီး သူ့ဘက်မှ ရပ်တည်ပေးမည့် သူဌေးတစ်ဦးကို တွေ့ရှိထားသည်။

ဤသူဌေးကို သူ အလွယ်တကူ ပြစ်မှား၍ မရပေ။

ဘရူးစ်က ပြုံးလိုက်ပြီး "ကောင်းပြီလေ၊ ငါ့သူဌေး မျက်နှာကို ထောက်ပြီး ဒီလျော်ကြေးငွေ ငါးသိန်းကို လက်ခံလိုက်ပါ့မယ်။ နောက်ဆိုရင် မင်း ကိစ္စရှိရင် ဖုန်းဆက်ပြီး ဖိတ်လိုက်ပါ။ ဒီလောက်ထိ လူအင်အား သုံးပြီး ဖိတ်စရာ မလိုပါဘူး"

ပီတာ "..."

တိုက်ရိုက်ဖုန်းဆက်ပြီး ဖိတ်ရမယ် ဟုတ်လား။ အရင်တုန်းက မင်းကို ဘယ်နှစ်ခါ ဖိတ်ဖူးလဲ၊ မင်း ပြန်ဖြေလို့လား။

ပီတာ ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီ... နောက်တစ်ခါကျရင် သေချာပေါက် ဖုန်းဆက်ပြီး ဖိတ်ပါ့မယ်။ ဒီည စကားပြောရတာ ပျော်ဖို့ကောင်းပါတယ်၊ နောက်တစ်ခါကျရင် ပိုပျော်ဖို့ကောင်းမယ်လို့ မျှော်လင့်ပါတယ်"

ဤသည်မှာ ဘရူးစ်ကို သတိပေးလိုက်ခြင်းဖြစ်သည်။ ပြန်လည်စဉ်းစားရန် ပြောလိုက်ခြင်းဖြစ်သည်။

ဘရူးစ် မျက်ခုံးပင့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ကောင်းပါပြီ... အဲဒီလို ဖြစ်ဖို့ မျှော်လင့်ပါတယ်"

***

All Chapters