လမ်းပေါ် ပစ်ချခံလိုက်ရသော ဘရူးစ်
Vol. 55 Ch. 895
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက် ဇနီးမောင်နှံတို့သည် ပီတာ၏အိမ်မှ ထွက်လာသည်နှင့် နောက်မှနေ၍ "ဒုန်း... ဒုန်း..." ဟု အရာဝတ္ထုများ ရိုက်ခွဲသံနှင့်အတူ ပီတာ၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရသည်။
"အသုံးမကျတဲ့ကောင်တွေ၊ ဘာမှ သုံးစားမရတဲ့ကောင်တွေ"
လူအုပ်စုလိုက်ကြီးရှိနေသော်လည်း လူနှစ်ယောက်လေးတည်းကို မတားဆီးနိုင်ခဲ့ခြင်းက သူ့ကို အမှန်တကယ် အရှက်ရစေသည်။
တကယ်တမ်းတွင် သူသည် ရှောင်လင်းယွီနှင့် ဤမျှ မြန်မြန်ဆန်ဆန် ထိပ်တိုက်တွေ့ရန် ရည်ရွယ်မထားခဲ့ချေ။ သို့သော် ဘရူးစ်ကို ဖမ်းဆီးလိုက်ခြင်းကြောင့် သူတို့နှစ်ဦး ဤမျှ မြန်မြန်ဆန်ဆန် ထိပ်တိုက်တွေ့သွားရခြင်း ဖြစ်သည်။
Green Freshအုပ်စုကို တစ်ဦးတည်း ထူထောင်နိုင်သော အမျိုးသမီးတစ်ဦးသည် သာမန်မဖြစ်နိုင်ကြောင်း သူ တွေးထားခဲ့သော်လည်း အမှန်တကယ် ထိတွေ့ဆက်ဆံရသည့်အခါ သူ့ကို အကြီးအကျယ် ပါးရိုက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သို့သော် ရှောင်လင်းယွီ ဤမျှ လျင်မြန်စွာ ရောက်ရှိလာခြင်းနှင့် ဘရူးစ်၏မျက်နှာတွင် အံ့သြသည့်အရိပ်အယောင် မရှိခြင်းတို့ကို ထောက်ရှုပါက ဘရူးစ်သည် သူတို့ကို သတင်းပေးပို့လိုက်သည်မှာ သေချာသည်။ ဘယ်လိုသတင်းပို့လိုက်လဲဆိုတာကတော့... သေချာပေါက် ဒီအသုံးမကျတဲ့ကောင်တွေ သတိမထားမိတဲ့အချိန်မှာ မက်ဆေ့ချ် ခိုးပို့လိုက်တာဖြစ်ရမယ်။
စဉ်းစားမိသည်နှင့် ပီတာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး အော်ဟစ်မေးလိုက်သည်။
"ဝေါလ်တာ ဘယ်မှာလဲ"
ဘရူးစ်က ရှောင်လင်းယွီထံ မက်ဆေ့ချ် ပို့နိုင်ခဲ့သည်ဆိုတော့ ဝေါလ်တာ သေချာမစောင့်ကြည့်ခဲ့လို့ ဖြစ်ရမယ်။ တကယ် ဒေါသထွက်စရာပဲ။ အခု ဝေါလ်တာကို ကောင်းကောင်း ဆူပူကြိမ်းမောင်းရမယ်။
ခရစ်သည် ရောင်ရမ်းနေသော ပါးကို အုပ်ထားရင်း လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"မစ္စတာ ဝေါလ်တာ ဟိုမှာပါ"
ပီတာသည် လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်သောအခါ ဒေါသပိုထွက်လာသည်။
ဒီဝေါလ်တာဆိုတဲ့ကောင်က ထောင့်တစ်နေရာမှာပုန်းနေပြီး သူ့ကို မမြင်စေချင်တဲ့ပုံစံ လုပ်နေတယ်။
ပီတာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဝေါလ်တာ... မင်း ဒီအသုံးမကျတဲ့ကောင်"
.....
ရှောင်လင်းယွီတို့ သုံးဦးသည် ပီတာ၏ဗီလာမှထွက်ခွာလာပြီး ကားပေါ်သို့ အတူတူတက်လိုက်ကြသည်။
ရှောင်လင်းယွီက တိုက်ရိုက် မေးလိုက်သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ"
ဘရူးစ် ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။
"ပီတာက ကျွန်တော် Green Freshအုပ်စုမှာ အလုပ်ဝင်နေတယ်ဆိုတာ ကြားသွားပြီး Green Freshအုပ်စုရဲ့ ကုန်ပစ္စည်း လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ ကျွန်တော့်ကို စီးပွားရေးသူလျှို လုပ်ခိုင်းတာပါ"
ရှောင်လင်းယွီ "..."
တကယ်ကို ယုတ်မာတာပဲ။
ပြောပြပြီးနောက် ဘရူးစ်က ချက်ချင်း သစ္စာခံလိုက်သည်။
"ဥက္ကဌရှောင်၊ ကျွန်တော်က Green Freshအုပ်စုရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်လာမှတော့ ကုမ္ပဏီအပေါ် သစ္စာရှိမှာပါ။ Green Freshအုပ်စုကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ပါဘူး၊ စိတ်ချပါ"
ဘရူးစ်သည် အပေါ်ယံတွင် ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း စိတ်ထဲတွင်မူ အလွန်စိုးရိမ်နေမိသည်။
ဘာပဲပြောပြော ဒီကိစ္စက ရုတ်တရက်ကြီး ဖြစ်ပျက်သွားတာဆိုတော့ သူ Green Freshအုပ်စုထဲ ဝင်လာတဲ့ ရည်ရွယ်ချက်ကို ရှောင်လင်းယွီ သံသယဝင်သွားမှာကို သူ တကယ်ကြောက်နေမိတယ်။
သူ အမှန်အတိုင်းပြောပြနေသော်လည်း ဟွာရှစကားပုံရှိသည် မဟုတ်လား။ 'ပြောင်းပြန်လှန်၍ တွေးတောခြင်း' သို့မဟုတ် 'သနားအောင် ဟန်ဆောင်ခြင်း' ဆိုတာလေ။
ဒါက စကားတစ်ခွန်းနှစ်ခွန်းပြောရုံနဲ့ လူတစ်ဖက်သားရဲ့သံသယကို ဖြေဖျောက်ပေးနိုင်မှာ မဟုတ်ဘူး။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"သံသယရှိရင် မသုံးနဲ့၊ သုံးရင် သံသယမရှိနဲ့တဲ့။ ဘရူးစ်၊ ရှင် ဝင်ရောက်လာတာကို ကျွန်မ လက်ခံလိုက်ကတည်းက ရှင်က ကျွန်မတို့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပြီ၊ ကျွန်မတို့ရဲ့ လက်တွဲဖော် ဖြစ်သွားပြီ။ ကျွန်မ ရှင့်ကို ယုံတယ်"
သူသည် ဟွာရှဟွမ်လင်းအုပ်စု၏ ဥက္ကဌအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့စဉ် Green Freshအုပ်စု ထွန်းကားလာချိန်တွင် Green Freshအုပ်စုကို ဖိနှိပ်ရန် မည်သည့် ယုတ်မာသော နည်းလမ်းကိုမျှ အသုံးပြုခဲ့ခြင်း မရှိပေ။ ဤအချက်ကိုကြည့်ရုံနှင့် သူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်ကြောင်း သိသာသည်။
ဘရူးစ် ကြားလိုက်ရသောအခါ ရင်ဘတ်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
"တော်ပါသေးရဲ့၊ ခင်ဗျား ကျွန်တော့်ကို မယုံဘူးထင်ပြီး လန့်သေတော့မလို့။ အခု ဒီစကားကြားရတော့မှ စိတ်အေးသွားတော့တယ်"
ရှောင်လင်းယွီက ဆက်ပြောသည်။
"ပီတာက ရှင့်ကို လာရှာပြီး သူလျှို လုပ်ခိုင်းတယ်ဆိုကတည်းက သူ Green Freshအုပ်စုကို တိုက်ခိုက်ဖို့ ကြံစည်နေပြီဆိုတာ သိသာတယ်။ ဒါကြောင့် ရှင် ငြင်းလိုက်ရင်တောင် သူက တခြားလူကို ရှာပြီး Green Freshအုပ်စုထဲ ထိုးထည့်ဖို့ ကြိုးစားမှာပဲ"
ဘရူးစ် ကြားလိုက်ရသောအခါ တည်ငြိမ်သွားပြီး ပြောလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော် သူ့အကြောင်း သိသလောက်ဆိုရင် ဒီလူက အရမ်းယုတ်မာတယ်။ သူ့ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် ဘယ်နည်းလမ်းမဆို သုံးတတ်တယ်။ Green Freshအုပ်စုက ဟွမ်လင်းအုပ်စုရဲ့ဖောက်သည် အများစုကို လုယူသွားတော့ သူက Green Freshအုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ပြီး ဖောက်သည်တွေကို ပြန်လုယူမှာ သေချာတယ်"
သူ ပီတာအကြောင်း ကောင်းကောင်း သိသည်။
အရင်တုန်းက သူတို့နှစ်ယောက် ဟွမ်လင်းအုပ်စုကို အတူတူ ဝင်ခဲ့ကြသည်။ အစမ်းခန့် ကာလမှ ဝန်ထမ်းဖြစ်လာသည်အထိ၊ ထိုမှတစ်ဆင့် ခေါင်းဆောင်၊ မန်နေဂျာ စသဖြင့် ရာထူးတက်လာတိုင်း သူတို့နှစ်ယောက်သည် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြသည်။
တစ်ခါတစ်ရံတွင် ဘရူးစ်က ပီတာ၏နေရာကို ရယူနိုင်ခဲ့သလို တစ်ခါတစ်ရံတွင် ပီတာက သူ့နေရာကို ရယူနိုင်ခဲ့သည်။ သို့သော် ပီတာသည် သူ့ထက် ပို၍ ယုတ်မာကောက်ကျစ်ပြီး သူ့ကို တိတ်တဆိတ် လုပ်ကြံတတ်သည်။
ထို့အပြင် ပီတာသည် သူ့ကိုသာမက သူ့အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သူ့ကိုမဆို ယုတ်မာသော နည်းလမ်းများ အသုံးပြုတတ်သည်။ ဥပမာ - စီးပွားရေး ပြိုင်ဘက်များ အပါအဝင်ပေါ့။
ယခု သူ ဟွာရှသို့ရောက်လာရခြင်းမှာ ဟွမ်လင်းအုပ်စု၏ ဟွာရှစီးပွားရေးကျဆင်းပြီး ဖောက်သည်များ ဆုံးရှုံးနေသောကြောင့်ဖြစ်သည်။
အတွင်းပိုင်းအကြောင်းပြချက်ကြောင့်သာဆိုလျှင် ပြဿနာမရှိသော်လည်း ယခုအခါ စီးပွားရေး ပြိုင်ဘက်ကြောင့်ဖြစ်ကြောင်း သိရှိသွားပြီဖြစ်သည်။ ဖောက်သည်များကို ပြန်လည် ရယူရန်အတွက် သူတို့သည် နည်းလမ်းပေါင်းစုံ အသုံးပြုကြမည်မှာ သေချာသည်။
ယခု ဘရူးစ်ကို ပြန်ပေးဆွဲခြင်းသည် သက်သေပင်။
ရှောင်လင်းယွီသည် ဘရူးစ်၏စကားကိုကြားပြီးနောက် ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟဟ... ဟွမ်လင်းအုပ်စုက စီးပွားရေး ဘယ်လောက် ကြီးကြီး၊ ဟွာရှမှာ သူ ယုတ်မာတဲ့ လက်တံတွေကို ဆန့်တန်းလာမယ်ဆိုရင် ကျွန်မ အဲဒီလက်တံတွေကို ဖြတ်ပစ်လိုက်မယ်"
စီးပွားရေးလောကတွင် ယှဉ်ပြိုင်ရာ၌ အရည်အသွေးနှင့် ဝန်ဆောင်မှုကို အာမခံရုံသာမက တစ်ခါတစ်ရံတွင် နောက်ခံ အကာအကွယ်လည်း လိုအပ်သည်။ သို့မဟုတ်ပါက ကုမ္ပဏီ မကြီးထွားခင်မှာပင် တခြား ကုမ္ပဏီကြီးများ၏ဖိနှိပ်မှုကိုခံရပြီး ပျက်စီးသွားနိုင်သည်။
ယခု သူမ၏ Green Freshအုပ်စုသည် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် ယှဉ်လျှင် အမှန်တကယ် သေးငယ်နေသေးသည်။ သို့သော် ပြည်တွင်းတွင်မူ Green Freshအုပ်စု၌ ခိုင်မာသော နောက်ခံ ရှိသည်။ ပြည်ပမှကုမ္ပဏီတစ်ခုက ယုတ်မာသော နည်းလမ်းများ သုံးပြီး လာရောက် ဖိနှိပ်မည်၊ ဖြိုချမည်ဆိုပါက အိပ်မက်သာ မက်နေလိုက်ပါတော့။
ဘရူးစ် ကြားလိုက်ရသော်လည်း စိုးရိမ်ပူပန်နေဆဲပင်။
"Green Freshအုပ်စုက ပြည်တွင်းမှာဆိုရင်တော့ သူတို့ ဘယ်နည်းလမ်းပဲသုံးသုံး ဖြိုချလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဟွာရှကနေ ကျော်လွန်သွားရင်ကော။ Green Freshအုပ်စုက ခေါင်းထောင်လာတာနဲ့ အဖြိုခံလိုက်ရမလားပဲ။ ဟွမ်လင်းအမှတ်တံဆိပ်က တစ်ရက်နှစ်ရက်နဲ့ တည်ဆောက်ထားတာ မဟုတ်ဘူးလေ။ ဒီအမှတ်တံဆိပ်က ကမ္ဘာ့အဆင့်မှာ တော်ဝင်မိသားစုတွေနဲ့ သူဌေးကြီးတွေ အသိအမှတ်ပြုထားတဲ့ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိတဲ့ အမှတ်တံဆိပ်ကြီးတစ်ခု ဖြစ်နေပြီ"
မှန်ပါသည်... ဟွမ်လင်းအုပ်စုသည် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော အမှတ်တံဆိပ်ဟောင်းကြီး ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် Green Freshအုပ်စုသည် မြေကြီးထဲမှ အခုမှ ထွက်လာသော ပဲပင်ပေါက်လေး တစ်ပင်သာ ရှိသေးသည်။
ဤပဲပင်ပေါက်လေးသည် အချိန်မရွေး အချိုးခံလိုက်ရနိုင်သည်။
Imperial Palaceအုပ်စုသည်လည်း ကမ္ဘာ့အဆင့်တွင် အင်အားကြီးမားသော်လည်း ဝန်ဆောင်မှု ပေးသော ဖောက်သည်များမှာ လူထုလူတန်းစားဖြစ်သည်။ ဟွမ်လင်းအုပ်စု၏ ဖောက်သည်များမှာမူ ကမ္ဘာ့ထိပ်တန်း အင်အားစုများ ဖြစ်ကြသည်။
ဟွမ်လင်းအုပ်စုအနေဖြင့် Imperial Palaceအုပ်စုကို ထိပ်တိုက်မယှဉ်ပြိုင်နိုင်ပါက ထိုထိပ်တန်း အင်အားစုများကို အကူအညီ တောင်းခံလာနိုင်သည်။ ထိုထိပ်တန်း အင်အားစုများက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် Imperial Palaceအုပ်စု အနေဖြင့် ခုခံရန် ခက်ခဲသွားပေလိမ့်မည်။ Green Freshအုပ်စုကို ကာကွယ်ပေးရန်မှာမူ ဆိုဖွယ်ရာ မရှိတော့ပေ။
ဘရူးစ်သည် အလွန် စိုးရိမ်ပူပန်နေသည်။
ယခု သူတို့သည် နိုင်ငံခြား ဈေးကွက်သို့ မဝင်ရောက်ရသေးခင်မှာပင် ဟွမ်လင်းအုပ်စုနှင့် ထိပ်တိုက်တွေ့နေပြီ ဖြစ်သည်။
ဟွမ်လင်းအုပ်စုသည် ဟွာရှတွင် Green Freshအုပ်စုကို မယှဉ်ပြိုင်နိုင်သော်လည်း နိုင်ငံခြားတွင်မူ Green Freshအုပ်စုကို ရှင်းပစ်ရန်မှာ အလွန်လွယ်ကူသည်။
ထို့ကြောင့် နိုင်ငံခြားတွင် လှုပ်ရှားမှု အနည်းငယ်ရှိသည်နှင့် ပီတာသည် ရုံးချုပ်သို့ သေချာပေါက် အစီရင်ခံလိမ့်မည်။
ထိုအခါ သူတို့ လျှောက်လှမ်းရမည့် လမ်းခရီးသည် ပိုမို ခက်ခဲလာတော့မည်။
ရှောင်လင်းယွီသည် ဘရူးစ်၏ စိုးရိမ်ပူပန်မှုကို ကြားသိရသော်လည်း စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်း မရှိဘဲ ပြုံး၍ ပြောလိုက်သည်။
"ဘရူးစ်... မပူပါနဲ့။ ဟွာရှ စကားပုံရှိတယ်လေ... 'တောင်ခြေရောက်ရင် လမ်းပေါက်တာပဲ၊ တံတားထိပ်ရောက်ရင် လှေဖြောင့်တာပဲ' တဲ့ (အခြေအနေ ကြုံလာရင် ဖြေရှင်းနည်း ပေါ်လာစမြဲ)။ ကျွန်မတို့ကုမ္ပဏီက ဘာကိုအခြေခံပြီး အမှတ်တံဆိပ် တည်ဆောက်တာလဲ။ ကောင်းမွန်တဲ့ အရည်အသွေးနဲ့ အရသာကို အခြေခံတာလေ။
အဲဒီ တော်ဝင်မိသားစုတွေ ဟွမ်လင်းအုပ်စုနဲ့ပူးပေါင်းပြီး သူတို့ ပစ္စည်းတွေဝယ်တယ်ဆိုတာကလည်း သူတို့ ပစ္စည်းတွေ ကောင်းလို့ပဲ မဟုတ်လား။ အဲဒီတော်ဝင်မိသားစုတွေက အာဏာနဲ့ ရာထူး ရှိပြီးသားမို့လို့ သူတို့ ဂုဏ်သိက္ခာ တက်လာဖို့အတွက် အမှတ်တံဆိပ်တွေကို မှီခိုနေစရာ မလိုဘူး။ သူတို့ လိုအပ်တာက လက်တွေ့ကျတဲ့ ဝန်ဆောင်မှုနဲ့ စစ်မှန်တဲ့ ခံစားမှုပဲ"
ဘရူးစ်၏မျက်လုံးများ အရောင်တောက်လာပြီး ထောက်ခံလိုက်သည်။
"ဟုတ်တယ်... ခင်ဗျား ပြောတာ မှန်တယ်"
ရှောင်လင်းယွီက ဆက်ပြောသည်။
"ဒါကြောင့် ဟွမ်လင်းအုပ်စု ကျွန်မတို့ကို မတိုက်ခိုက်ခင် ကျွန်မတို့ကိုယ်တိုင် ခိုင်မာတဲ့ နောက်ခံတချို့ ရှာထားလို့ မရဘူးလား"
ဘရူးစ် မျက်လုံးမှေးကာ စဉ်းစားလိုက်သည်။ မျက်လုံးထဲတွင် အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ ရှောင်လင်းယွီကို အော်ဟစ် ပြောကြားလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... တကယ် ကောင်းတယ်။ ရှောင်လင်းယွီ၊ ခင်ဗျား တကယ်ဉာဏ်ကောင်းတာပဲ၊ ခင်ဗျားကို ကျွန်တော် လေးစားသွားပြီ"
ခိုင်မာသော နောက်ခံတချို့ ရှာဖွေခြင်းသည် အခြားသူများအတွက် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ရှောင်လင်းယွီအတွက်မူ အလွန်လွယ်ကူသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏နောက်ကွယ်တွင် ခိုင်မာသော နောက်ခံကြီးတစ်ခု ရှိနှင့်ပြီးသား ဖြစ်သောကြောင့်ပင်။
ရှောင်လင်းယွီ ပြုံးလိုက်ပြီး၊ "ကျွန်မ ဉာဏ်ကောင်းတာ မဟုတ်ပါဘူး၊ ကျွန်မမှာ ယုံကြည်ချက်နဲ့ နောက်ခံ ရှိလို့ပါ"
ပြောပြောဆိုဆိုနှင့် သူမသည် ကုန်းထျန်းဟောက်၏လက်မောင်းကိုဖက်ကာ ပခုံးပေါ်ခေါင်းမှီလျက် ပြုံး၍ မေးလိုက်သည်။
"ဟုတ်တယ်မလား လောင်ကုန်း"
ကုန်းထျန်းဟောက် သူမ၏ခေါင်းကို ပွတ်သပ်ပေးရင်း ချစ်ခင်ကြင်နာစွာ ပြောလိုက်သည်။
"အင်း... ပေါင်ပေ့ လိုအပ်ရင် ကိုယ်က မင်းရဲ့အခိုင်မာဆုံးနောက်ခံဖြစ်ပေးမှာပါ"
ကြင်နာပြနေသော ဇနီးမောင်နှံနှစ်ဦးကိုကြည့်ရင်း ဘရူးစ် မျက်စိစပါးမွှေး စူးလာသည်။
သူ ဝါးခနဲ အော်ပြောလိုက်သည်။
"ခင်ဗျားတို့ ကျွန်တော့်ရှေ့မှာ လာပြီး ရိုမန်းတစ် မဆန်ကြပါနဲ့။ ဒါ ကျွန်တော့်မိန်းမ ဒီမှာ မရှိလို့ အနိုင်ကျင့်နေတာပဲ။ ရိုမန်းတစ်ဆန်ရင် မြန်မြန်သေတတ်တယ်ဆိုတာ မသိကြဘူးလား"
ကုန်းထျန်းဟောက်၏မျက်နှာ မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ကားပေါ်က ဆင်း"
ဘရူးစ် ကြောင်အသွားသည်။ "ကားပေါ်က ဆင်းရမယ် ဟုတ်လား"
ထို့နောက် သူ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ဒီနေရာက ကျွန်တော့်အိမ်နဲ့ မိုင် ၃၀၊ ၄၀ လောက် ဝေးတယ်။ ပတ်ဝန်းကျင်မှာ ကားလည်း မရှိဘူး။ အဓိကက ဒီနေရာက ပီတာရဲ့ အိမ်ရှေ့လေ။ ခင်ဗျား ကျွန်တော့်ကို ကားပေါ်က ဆင်းခိုင်းတာလား။ ကျွန်တော် သူတို့ လက်ထဲ ပြန်အဖမ်းခံရမှာ မကြောက်ဘူးလား"
ကုန်းထျန်းဟောက်သည် ဘရူးစ်ကို စူးရှအေးစက်စွာ ကြည့်လိုက်ပြီး ထပ်ပြောသည်။
"ငါ့ကို သုံးခါ မပြောခိုင်းနဲ့၊ ကားပေါ်က ဆင်း"
ဟွန့်... သူတို့ ရိုမန်းတစ်ဆန်ရင် မြန်မြန်သေတတ်တယ် ဟုတ်လား။ အခု ဘယ်သူ အရင်သေမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
ဘရူးစ် မတတ်သာဘဲ ရှောင်လင်းယွီကို အကူအညီ တောင်းလိုက်ရသည်။
"ရှောင်လင်းယွီ၊ ခင်ဗျားယောက်ျားကို ပြောပါဦး။ အခု ကျွန်တော့်ကို ကားပေါ်က ဆင်းခိုင်းလိုက်ရင် ကျွန်တော် ပြန်အဖမ်းခံရပြီး Green Freshအုပ်စုကို သစ္စာဖောက်ရလိမ့်မယ်နော်၊ မကြောက်ဘူးလား"
ရှောင်လင်းယွီ စကားမပြောရသေးခင်မှာပင် ကုန်းထျန်းဟောက်က ပြတ်သားစွာ ပြောလိုက်သည်။
"သစ္စာဖောက်ရဲရင် ဖောက်ကြည့်လိုက်လေ"
ဘရူးစ်သည် ကုန်းထျန်းဟောက်၏ အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ တစ်ကိုယ်လုံး ကျုံ့ဝင်သွားပြီး ကျောချမ်းသွားသည်။
ရှောင်လင်းယွီ လက်ကာပြပြီး ပြုံးလျက် ပြောလိုက်သည်။
"ပီတာက ရှင်နဲ့ သူငယ်ချင်းကောင်းတွေ ဆို၊ ဒါဆို သူ့ကိုပဲ ပြန်လိုက်ပို့ခိုင်းလိုက်လေ။ ဘာပဲပြောပြော သူက ရှင့်ကို ဖမ်းခေါ်လာတာဆိုတော့ ကိစ္စပြီးရင် ပြန်ပို့ပေးရမှာပေါ့"
ဘရူးစ် "..."
ရှောင်လင်းယွီကို အကူအညီ မတောင်းခဲ့သင့်ဘူး။ သူမ ရယ်နေပုံကို ကြည့်ပါဦး... ဟဟ... သူများ ဒုက္ခရောက်တာ ဝမ်းသာနေတဲ့ ပုံစံ၊ လင်နဲ့မယား တူတူပဲ။
ဘရူးစ်သည် ကားပေါ်မှ နှင်ချခံလိုက်ရသည်။ အရှိန်ပြင်းစွာ မောင်းထွက်သွားသော ကား၏နောက်ပိုင်းကိုကြည့်ရင်း သူ့မျက်နှာတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်နေသည်။
သူတို့ တကယ်ပဲ သူ့ကိုထားခဲ့ကြပြီ။ ပြီးတော့ သူ့ရန်သူ ပီတာ၏အိမ်ရှေ့တွင် ထားခဲ့ကြသည်။
အဓိက အချက်မှာ ပီတာ၏အိမ်နှင့် သူ့အိမ်သည် မိုင်ပေါင်းများစွာ ဝေးကွာပြီး သူ ဘယ်လိုပြန်ရမလဲ။ သူ့လက်ထဲတွင် ဖုန်းလည်း မရှိပေ။
ဘရူးစ် စိတ်ပျက်သွားသည်။
လမ်းလျှောက်ပြန်ရမယ့်ပုံပဲ။
"ဟော... ဘရူးစ်၊ ဟိုနှစ်ယောက်က မင်းကို ထားခဲ့ပြီလား"
သတင်းရသည်နှင့် ပီတာ လူစုပြီး ထွက်လာသည်။ တွေ့သည်နှင့် ဘရူးစ်ကို လှောင်ပြောင်လိုက်သည်။
"ကြည့်ရတာ မင်းရဲ့ သူဌေးမလေးက မင်းအပေါ် သဘောထားက ဒီလောက်ပါပဲလား။ ရန်သူ့ အိမ်ရှေ့မှာ မင်းကို ထားပစ်ခဲ့ပြီး ကိုယ့်ဘာသာကိုယ် ရှင်သန်ခိုင်းတာလား၊ သနားစရာ ကောင်းလိုက်တာ"
ဘရူးစ် နှာခေါင်းရှုံ့လိုက်ပြီး မော့ကြည့်ကာ အထင်အမြင်သေးစွာ ပြောလိုက်သည်။
"ဟွန့်... မင်းအပူ မပါပါဘူး"
ပီတာ မျက်နှာထား တင်းမာသွားပြီး ဘရူးစ်ကို အေးစက်စွာ ပြောလိုက်သည်။
"ငါ့အပူ မပါတာတော့ ဟုတ်တယ်။ ဒါပေမဲ့ မင်းရဲ့ဗီလာက ဒီကနေ မိုင် ၃၀၊ ၄၀ လောက် ဝေးတာနော်၊ မင်း လမ်းလျှောက်ပြန်မလို့လား။ ဒီနားမှာ ကားမရှိဘူး"
ဘရူးစ် ဘာမှ ပြန်မပြောပေ။
ပီတာ ရုတ်တရက် မေးလိုက်သည်။
"မင်း သူတို့ကို ဘယ်လို မက်ဆေ့ချ် ပို့လိုက်တာလဲ"
ဘရူးစ် ကြောင်အသွားပြီး မေးလိုက်သည်။
"ဘာ မက်ဆေ့ချ်လဲ"
ပီတာ ဒေါသတကြီး ပြောလိုက်သည်။
"မင်း ငါ့ကို အရူးလုပ်မနေနဲ့။ ငါ ဘာပြောချင်တာလဲဆိုတာ မင်း သိတယ်။ မင်း သူတို့ကို မက်ဆေ့ချ် မပို့ရင် မင်းသူဌေးက ဒီလောက်မြန်မြန် လာကယ်ပါ့မလား"
ဘရူးစ် ကြားလိုက်ရသောအခါ သဘောပေါက်သွားပြီး ပြောလိုက်သည်။
"ဪ... မင်း ဒါကို ပြောနေတာလား"
သို့သော် နောက်ဆက်တွဲ စကားကြောင့် ပီတာ သူ့ဖင်ကို ရိုက်ချင်စိတ် ပေါက်သွားသည်။
ဒီကောင် တကယ် ဒေါသထွက်စရာ ကောင်းလွန်းတယ်။
"ငါ ဘာလို့ မင်းကို ပြောပြရမှာလဲ"
စိတ်ထဲတွင်မူ တွေးနေသည်။ "ဟွန့်... မင်းတို့လို အသုံးမကျတဲ့ကောင်တွေက ငါ အကူအညီတောင်းတာကို တားနိုင်မယ်ထင်နေလား"
ပီတာသည် ဘရူးစ်၏ ဒေါသထွက်စရာစကားကို ကြားပြီးနောက် အသက်ပြင်းပြင်း ရှူရှိုက်ကာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
"စိတ်မဆိုးနဲ့... စိတ်မဆိုးနဲ့... သည်းခံ... သည်းခံ"
စိတ်ငြိမ်သွားပြီးနောက် ပီတာက ပြန်ပြုံးလိုက်ပြီး "ဘရူးစ်၊ အမှန်အတိုင်း ပြောရရင် ဒီည ပြောတဲ့ကိစ္စကို မင်း ထည့်စဉ်းစားသင့်တယ်။ ဒါက ငါတို့နှစ်ယောက်စလုံးအတွက် အကျိုးရှိတဲ့ကိစ္စလေ၊ မဟုတ်ဘူးလား"
ဘရူးစ် ကြားလိုက်ရသောအခါ တည်တည်ငြိမ်ငြိမ်ဖြင့် "ကောင်းပြီလေ... မင်း အခု ငါ့ကို အိမ်ပြန်ပို့ပေးရင် ငါ စဉ်းစားပေးမယ်၊ ဘယ်လိုလဲ"
ပီတာ မျက်လုံးများ အရောင်တောက်လာပြီး ဘရူးစ်၏ရှေ့စကားကို လျစ်လျူရှုကာ ဝမ်းသာအားရ ပြောလိုက်သည်။
"တကယ်လား။ မင်း တကယ် စဉ်းစားပေးမှာလား"
သူတို့အတွက် ဘရူးစ်သည် ပြိုင်ဘက်ကုမ္ပဏီတွင် သူလျှိုလုပ်ရန် အကောင်းဆုံး ရွေးချယ်စရာလူဖြစ်သည်။
အကယ်၍ ဘရူးစ်သာ သဘောတူလိုက်ပါက သူ နောက်ထပ် လူရှာနေစရာ မလိုတော့ပေ။
ဘရူးစ်၏သဘောထားမှာ ဟန်ဆောင်နေသည့်ပုံ ပေါက်သော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"သေချာပေါက် တကယ်ပေါ့။ ဒါပေမဲ့ ပီတာ... မင်း အခု လုပ်ရမှာက ကားတစ်စီးစီစဉ်ပြီး ငါ့ကို အိမ်ပြန်ပို့ပေးဖို့ပဲ"
ပြောရင်းနှင့် သူ သမ်းဝေလိုက်ပြီး ပါးစပ်ကို လက်ဝါးဖြင့်ပုတ်ကာ ပြောလိုက်သည်။
"မင်း သန်းခေါင်ယံကြီး လူလွှတ်ပြီး ငါ့အိပ်မက်တွေကို နှောင့်ယှက်တဲ့အတွက် ငါ မင်းကို စာရင်းမရှင်းရသေးဘူး။ အခု ငါ့ကို အိမ်ပြန်ပို့ပေးလိုက်၊ ငါ ပြန်အိပ်တော့မယ်။ တစ်ရေးလောက် အိပ်ပြီး နိုးလာရင် မင်းကိစ္စကို သဘောတူချင် တူလာမှာ"
"ကောင်းပြီ... ငါ အခုပဲ လူလွှတ်ပြီး မင်းကို ပြန်ပို့ပေးမယ်"
ပီတာ လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။
လက်အောက်ငယ်သားများ ဘရူးစ်ကို ခေါ်ဆောင်သွားပြီးနောက် ဝေါလ်တာသည် ပါးတစ်ဖက်ကို အုပ်လျက် သံသယဖြင့် မေးလိုက်သည်။
"ဘော့စ် သူ့စကားကို တကယ် ယုံတာလား"
ပီတာသည် အေးစက်စူးရှသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"ငါက သုံးနှစ်သား ကလေးမို့လို့ ဒီစကားကို ယုံရမှာလား"
ဝေါလ်တာ အံ့သြစွာ မေးလိုက်သည်။
"မယုံဘူး ဆိုရင် ဘာဖြစ်လို့..." ဘာဖြစ်လို့ ယုံတဲ့ပုံစံ လုပ်ပြနေရတာလဲ။
ပီတာ သူ့ကို ပြန်မဖြေဘဲ အေးစက်စွာ နှာခေါင်းရှုံ့ပြီး အိမ်ထဲသို့ ပြန်ဝင်သွားသည်။
ဝေါလ်တာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး နားမလည်နိုင် ဖြစ်နေသည်။
***