တစ်ချက်တည်းနှင့် နာမည်ကြီးမည့် အခွင့်အရေး
Vol. 55 Ch. 896
ဘရူးစ်ကို ပြန်ပေးဆွဲလိုက်ခြင်းက ရှောင်လင်းယွီကို တိုက်ရိုက် သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်စေခဲ့ကြောင်း ပီတာ သိသည်။ ထို့ကြောင့် Green Freshအုပ်စုအတွင်းသို့ သူလျှို ဝင်ရောက်ရန်အတွက် လူရွေးချယ်ရာတွင် အလွန်စိစစ်ရွေးချယ်ရတော့မည်။ သို့မဟုတ်ပါက ရှောင်လင်းယွီ၏ ဉာဏ်ကောင်းပြီး ကောက်ကျစ်မှုကြောင့် မကြာခင် အဖမ်းခံရနိုင်သည်။
ဘရူးစ်ကိစ္စနှင့်ပတ်သက်၍မူ ရှောင်လင်းယွီကိုယ်တိုင် သူ့အိမ်သို့ လာရောက်ကယ်တင်ခြင်းကို ကြည့်ခြင်းအားဖြင့် သူ့ကို သူလျှိုခိုင်းရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
သူလျှို မလုပ်ခိုင်းရရုံသာမက သူ့ကိုပါ ပြင်းပြင်းထန်ထန် သတိထားကာကွယ်ရတော့မည်။
ဘာပဲပြောပြော ဟွမ်လင်းအုပ်စုရုံးခွဲဥက္ကဌဟောင်းတစ်ဦးအနေဖြင့် ဟွမ်လင်းအုပ်စုအကြောင်းကို ကောင်းစွာသိရှိထားပြီး စီးပွားရေးလျှို့ဝှက်ချက်ဟူ၍ မရှိသလောက်ဖြစ်နေသည်။
ပို၍ အရေးကြီးသည်မှာ ဟွမ်လင်းအုပ်စု၏ ဟွာရှဖောက်သည် အရင်းအမြစ်များသည် အခြေခံအားဖြင့် ဘရူးစ်၏လက်ထဲတွင်ရှိနေသည်။
ယခု ဘရူးစ်က ပြိုင်ဘက်ကုမ္ပဏီသို့ ရောက်သွားပြီဆိုတော့...
စဉ်းစားမိသည်နှင့် ပီတာ ခေါင်းကိုက်လာသည်။
ယခုတစ်ကြိမ်တွင် ရုံးချုပ်မှ မိုက်ကယ်သည် ဘရူးစ်အပေါ် အလွန်ရက်စက်လွန်းခဲ့သဖြင့် သူ့ကို ပြိုင်ဘက်ကုမ္ပဏီသို့ တွန်းပို့လိုက်သကဲ့သို့ဖြစ်သွားကြောင်း ပီတာ ပထမဆုံးအကြိမ် သတိပြုမိလိုက်သည်။ သူကမူ ဤပြဿနာများကို ဝင်ရောက်ရှင်းလင်းရသူဖြစ်နေသည်။
ဤအခိုက်အတန့်တွင် ပီတာသည် လက်လွှတ်လိုက်ချင်စိတ်ပေါက်သွားသည်။
သို့သော် သူသည် ဟွမ်လင်းအုပ်စုတွင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီးမှ ယခုအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အကယ်၍ ဟွာရှစီးပွားရေးကို လက်လွှတ်လိုက်ပါက ရုံးချုပ်မှလူများက သူ့အရည်အချင်းကို သံသယဝင်လာကြမည်မှာ သေချာသည်။
သံသယဝင်ခံရသည်နှင့် သူ့လုပ်ငန်းခွင်ဘဝသည် ဤနေရာ၌ပင် ရပ်တန့်သွားမည် ဖြစ်ပြီး အနာဂတ် လမ်းကြောင်းတစ်ခုလုံး ပျက်စီးသွားခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထို့ကြောင့် ပီတာ လောင်းကြေး မထပ်ရဲပေ။
ပီတာသည် ကိုက်ခဲနေသော ခေါင်းကို နှိပ်နယ်လိုက်ပြီးနောက် အခန်းထဲတွင် ဆဲဆိုကြိမ်းမောင်းတော့သည်။ အလိုက်ကမ်းဆိုးမသိသော ဘရူးစ်ကို ဆဲဆိုသကဲ့သို့ အလုပ်မဖြစ်သော လက်အောက်ငယ်သားများကိုလည်း ဆဲဆိုလေသည်။
ထိုအချိန်က သူတို့ သတိရှိခဲ့ပြီး ဘရူးစ်ကို မက်ဆေ့ချ်မပို့နိုင်အောင် တားဆီးနိုင်ခဲ့ပါက၊ ခြိမ်းခြောက်ခြင်းနှင့် မက်လုံးပေးခြင်း နည်းလမ်းနှစ်ခုစလုံး အသုံးပြုခဲ့ပါက ဘရူးစ် သူ့လက်ခုပ်ထဲမှ ပြေးလွတ်နိုင်မည် မဟုတ်ပေ။
ပီတာ ဒေါသထွက်နေသော်လည်း ဘရူးစ်ကမူ အလွန် စိတ်လှုပ်ရှား တက်ကြွနေသည်။
အနာဂတ်သည် စိန်ခေါ်မှုများ ပိုမို ပြည့်နှက်နေမည်ဟု သူ ခံစားနေရသည်။
သူသည် စိန်ခေါ်မှုများပြီး ခက်ခဲသော အလုပ်များကို လုပ်ကိုင်ရသည်ကို နှစ်သက်သူဖြစ်သည်။ သို့မှသာ သူ့တွင် တွန်းအားနှင့် စိတ်ဓာတ်ခွန်အားများ ရှိလာမည် ဖြစ်သည်။
......
ဟွာရှ ဈေးကွက် တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပြီးပြီဖြစ်ရာ ရှောင်လင်းယွီ၏ အာရုံနှင့် စွမ်းအင်များသည် နိုင်ငံခြားဈေးကွက်သို့ ရောက်ရှိသွားသည်။
ဈေးကွက်ချဲ့ထွင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဘရူးစ် ဖြစ်စေ၊ ကျန့်ယောင်ကျူ ဖြစ်စေ သူမထက် အတွေ့အကြုံပိုရှိကြသဖြင့် သဘာဝကျစွာပင် သူတို့နှစ်ဦးကို လွှဲအပ်ထားလိုက်သည်။
သူမ ယခု လုပ်ဆောင်ရမည်မှာ နိုင်ငံခြားဈေးကွက်တွင် သူမအတွက် နောက်ခံ တစ်ခု၊ နှစ်ခုခန့် ရှာဖွေရန် ဖြစ်သည်။
အဆင့်မြင့်ဇိမ်ခံလမ်းကြောင်းကို သွားမည်ဖြစ်ရာ သိမ်းပိုက်ရမည့် ဈေးကွက်မှာ သေချာပေါက် တော်ဝင်မိသားစုများနှင့် ထိပ်တန်းသူဌေးကြီးများဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် ဟွမ်လင်းအုပ်စုလက်ထဲမှ ဖောက်သည်များကို လုယူရမည်ဖြစ်သည်။
ဤမျှ ခက်ခဲသောစိန်ခေါ်မှုကြီးသည် သာမန်လူများအတွက် စိတ်ကူးကြည့်ရန်ပင် ခက်ခဲပေလိမ့်မည်။ အထူးသဖြင့် ဟွမ်လင်းအုပ်စုသည် ထိုတော်ဝင်မိသားစုများကို ဝန်ဆောင်မှုပေးလာသည်မှာ နှစ်ပေါင်း တစ်ရာကျော်ရှိနေပေပြီ။
ရုတ်တရက်ကြီး မရင်းနှီးသော ကုန်ပစ္စည်းတစ်ခုကို ပြောင်းလဲသုံးစွဲခိုင်းပြီး လက်ခံလာအောင် လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲသောကိစ္စရပ်ဖြစ်သည်။
သို့သော် မည်မျှပင် ခက်ခဲပါစေ မဖြစ်မနေလုပ်ဆောင်ရမည်ဟု ရှောင်လင်းယွီ ခံယူထားသည်။
ကုန်းထျန်းဟောက်က "ယွီအာ၊ ကိုယ် မင်းကို နိုင်ငံတချို့က အာဏာရှိတဲ့ သူဌေးကြီးတွေဆီ တိုက်ရိုက်ခေါ်သွားပေးမယ်"
သို့သော် ရှောင်လင်းယွီ လက်ကာပြပြီး သဘောမတူပေ။ "ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတစ်လုပ်အတွက်နဲ့ သူတို့ကို ကမူးရှူးထိုး သွားတွေ့တာ သိပ်မကောင်းပါဘူး"
ဘရူးစ်က "ဥက္ကဌရှောင်၊ ဒါဆို ဘယ်လိုလုပ်ချင်လဲ"
"ကျွန်မ အခု အခွင့်အရေးတစ်ခုလိုချင်တယ်"
ကုန်းထျန်းဟောက် မျက်မှောင်အနည်းငယ် ကြုတ်ကာ သံသယဖြင့် မေးလိုက်သည်။
"အခွင့်အရေး... ဘာအခွင့်အရေးလဲ"
"တစ်ချက်တည်းနဲ့ နာမည်ကြီးသွားမယ့် အခွင့်အရေး" ရှောင်လင်းယွီ ပြုံးလျက် ပြောလိုက်သည်။
ဘရူးစ် မျက်နှာတွင် သံသယများ ပေါ်လာသည်။ "တစ်ချက်တည်းနဲ့ နာမည်ကြီးမယ်?"
ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ... ဒီကိစ္စ ကိုယ် တာဝန်ယူလိုက်မယ်"
ဘရူးစ် "..." သူတို့နှစ်ယောက် ဘာစကားဝှက်တွေ ပြောနေကြတာလဲ။
***