အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းတယ်
Vol. 55 Ch. 899
ရှောင်လင်းယွီ လက်အောက်ငယ်သား၏အစီရင်ခံစာကို လက်ခံရရှိပြီးသည်နှင့် ကုန်းထျန်းဟောက်၏ဖုန်းခေါ်ဆိုမှု ဝင်လာသည်။
"ယွီအာ၊ သတင်းမီဒီယာ အများအပြားက သတင်းပေးပို့ချက်တွေ ရရှိထားတယ်။ Green Freshအုပ်စုကရောင်းတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက လူကို အဆိပ်သင့်သေစေတယ်တဲ့။ ပြီးတော့ စူပါမားကတ်တစ်ဆိုင်တည်း မဟုတ်ဘူး၊ ဒေသအသီးသီးက စူပါမားကတ်တွေမှာ ဖြစ်နေတာ။ အဲဒီ သတင်းမီဒီယာတွေရဲ့ အယ်ဒီတာချုပ်တွေက သတင်းကို မဆင်မခြင်ထုတ်ပြန်ဖို့ မရဲကြလို့ အခုဖိထားလိုက်ကြပြီ"
သတင်းမီဒီယာ တိုက်အသီးသီးက Green Freshအုပ်စုသည် ကုန်းထျန်းဟောက်၏ အကာအကွယ် ရရှိထားကြောင်း သိရှိကြသည်။ မိမိကုမ္ပဏီအတွက် ပြဿနာမဖြစ်စေရန် ဤကဲ့သို့သော သတင်းများကို ကုန်းထျန်းဟောက်ထံ သေချာပေါက်အစီရင်ခံရမည်။
ရှောင်လင်းယွီက "ကျွန်မလည်း လက်အောက်ငယ်သားရဲ့ အစီရင်ခံစာကို အခုလေးတင် ရလိုက်တာ။ ကျွန်မတို့ရဲ့ ဒေသအသီးသီးက စူပါမားကတ်တွေမှာ ကျွန်မတို့ပစ္စည်းစားပြီး အဆိပ်သင့် သေဆုံးတဲ့ဖြစ်ရပ်တွေဖြစ်နေတယ်တဲ့"
ကုန်းထျန်းဟောက် ကြားလိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ရှေ့ကို စူးရှစွာ ကြည့်လျက် ပြောလိုက်သည်။
"ကြည့်ရတာ ဒီကိစ္စတွေရဲ့နောက်ကွယ်က သာမန်မဟုတ်ဘူးပဲ"
တခြားလူ မသိသော်လည်း သူက မသိဘဲ နေမှာလား။
ဤဟင်းသီးဟင်းရွက်နှင့် သစ်သီးများသည် စိတ်ဝိညာဉ်စမ်းရေဖြင့် ရေလောင်း စိုက်ပျိုးထားခြင်း ဖြစ်ပြီး ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးသာရှိစေသည်။ အဆိပ်သင့်သေဆုံးစရာအကြောင်း လုံးဝ မရှိပေ။
ကုန်းထျန်းဟောက်က ဆက်ပြောသည်။
"အချိန်တိုအတွင်းမှာ အဆိပ်သင့် သေဆုံးမှုတွေအများကြီး ပြိုင်တူဖြစ်လာတာ လူတစ်ယောက်ယောက်က ကြံစည်ထားတာ မဟုတ်ရင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီနောက်ကွယ်ကလူက တော်တော် ရက်စက်တာပဲ၊ လက်တစ်ချက်လှုပ်လိုက်တာနဲ့ လူအသက်တွေ အများကြီးပါသွားတယ်"
ဤနေရာသို့ ရောက်သောအခါ သူ ရပ်လိုက်ပြီး ဆက်ပြောသည်။
"ယွီအာ၊ ဒီကိစ္စက လူအသက်တွေ အများကြီး ပါဝင်နေတော့ ကြာကြာဖုံးဖိထားလို့ရမှာမဟုတ်ဘူး၊ မင်း စိတ်ကို ပြင်ဆင်ထားသင့်တယ်။ ကိစ္စမပေါက်ကွဲခင်မှာ အဖြေကို အမြန်ဆုံးရှာတွေ့ဖို့ လိုတယ်"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
"အင်း... ကျွန်မ သိပါတယ်။ ဒီလိုကိစ္စ ဖြစ်လာတော့ ဒေသအသီးသီးက မန်နေဂျာတွေက ရဲတိုင်ဖို့ ရွေးချယ်လိုက်ကြတယ်။ ကျွန်မလည်း လူလွှတ်ပြီး စုံစမ်းခိုင်းပါ့မယ်၊ ကိစ္စကို ရေဆုံးရေဖျား အမြန်ဆုံး ဖော်ထုတ်မယ်"
ကုန်းထျန်းဟောက် စဉ်းစားပြီး ပြောလိုက်သည်။
"အင်း... ဒီကိစ္စအတွက် ကိုယ် လူတချို့ လွှတ်ပြီး မင်းတို့ စုံစမ်းစစ်ဆေးတာကို ကူညီပေးမယ်"
သူ့လက်အောက်တွင် ဤကိစ္စမျိုးအတွက် ကျွမ်းကျင်သူများ ရှိသဖြင့် စုံစမ်းစစ်ဆေးလျှင် ပိုမို မြန်ဆန်ပေလိမ့်မည်။
ရှောင်လင်းယွီ ခေါင်းညိတ် လက်ခံလိုက်သည်။
"ကောင်းပြီ"
ဖုန်းချပြီးနောက် ရှောင်လင်းယွီ ရုံးခန်းထဲတွင် ထိုင်ကာ နက်နက်နဲနဲ စဉ်းစားနေသည်။
ဤကိစ္စသည် ရုတ်တရက်ဆန်လွန်းသဖြင့် မည်သူက ဤမျှ ရက်စက်ယုတ်မာကာ သူမကို တိုက်ခိုက်ရန် လူအသက်များကို အသုံးပြုရဲသလဲဆိုသည်ကို ရှောင်လင်းယွီ ချက်ချင်း ခန့်မှန်း၍ မရနိုင်ပေ။
သို့သော် လုံခြုံရေးအတွက် ရှောင်လင်းယွီသည် နိုင်ငံတစ်ဝန်းရှိ စူပါမားကတ် အားလုံးကို ၃ ရက်ကြာ ယာယီပိတ်ထားရန် အမိန့်ပေးလိုက်သည်။
အမှန်တရားပေါ်ပေါက်လာမှသာ ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။
၃ ရက်ကြာ ယာယီပိတ်ထားခြင်းသည် ဆုံးရှုံးမှုကြီးမားသော်လည်း ဘေးကင်းသည်။
သို့မဟုတ်ပါက ဤ ၃ ရက်အတွင်း နောက်ကွယ်မှ လူသည် ပိုမိုယုတ်မာသောနည်းလမ်းများကို အသုံးပြုလာနိုင်သေးသည်။
ဈေးကွက်ထဲသို့ ပစ္စည်းမစီးဆင်းပါက အခွင့်ကောင်း ယူခံရစရာ အကြောင်း မရှိပေ။
ရှောင်လင်းယွီ စဉ်းစားနေစဉ် ရုံးခန်းတံခါး ခေါက်သံ ကြားလိုက်ရသည်။
"ဝင်ခဲ့ပါ" ရှောင်လင်းယွီ ခွင့်ပြုလိုက်သည်။
တံခါး လျင်မြန်စွာ ပွင့်လာပြီး ဘရူးစ် ပြေးဝင်လာသည်။ ကြည့်ရတာ အလွန်စိတ်ပူနေပုံရသည်။
"ဥက္ကဌ... ကျွန်တော်တို့ရဲ့ ဒေသအသီးသီးက စူပါမားကတ်တွေ ပြဿနာ တက်နေတာလား" ဘရူးစ် မေးလိုက်သည်။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
ရှောင်လင်းယွီ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"နေရာအတော်များများမှာ ကျွန်မတို့ရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုစားပြီး အဆိပ်သင့် သေဆုံးတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားနေတယ်"
ဘရူးစ် ကြားလိုက်ရသောအခါ ကြောင်အသွားပြီး မေးလိုက်သည်။
"သူတို့က စူပါမားကတ်က ပစ္စည်း စားလို့ အဆိပ်သင့်သေတယ်ဆိုတာ သေချာလို့လား"
ရှောင်လင်းယွီ ခေါင်းခါလိုက်ပြီး ပြောသည်။
"အခုလောလောဆယ် မသေချာသေးဘူး၊ စုံစမ်းနေတုန်းပဲ။ ဒါပေမဲ့ ကျွန်မတို့ပစ္စည်းတွေက ခန္ဓာကိုယ်အတွက် ကောင်းကျိုးပဲရှိမယ်၊ ဒီလိုကိစ္စမျိုး လုံးဝ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မ အာမခံနိုင်တယ်။ ဒါကြောင့် ဒီကိစ္စရဲ့နောက်ကွယ်မှာ သေချာပေါက် လူသတ်သမားရှိတယ်ဆိုတာ ကျွန်မ သေချာတယ်။ ဒါပေမဲ့ လူသတ်သမား ဘယ်သူလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်"
ဘရူးစ် ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဒါ လူတစ်ယောက်ရဲ့လက်ရာနဲ့ တော်တော်တူနေတယ်"
ရှောင်လင်းယွီ ချက်ချင်း ကြည့်လိုက်ပြီး မေးလိုက်သည်။
"လူတစ်ယောက်ရဲ့လက်ရာနဲ့တူတယ် ဟုတ်လား။ ဘယ်သူလဲ"
ဘရူးစ် ပြောလိုက်သည်။
"ပီတာ"
ရှောင်လင်းယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောသည်။
"ပီတာ... ရှင် သေချာလား"
ဘရူးစ်က ခေါင်းခါလိုက်သည်။
"အခုလောလောဆယ် သက်သေမရှိတော့ သေချာမပြောနိုင်သေးဘူး။ ဒါပေမဲ့ ဒါက တကယ်ပဲ သူ့ရဲ့ ယုတ်မာတဲ့လုပ်ရပ်နဲ့ တူနေတယ်။ ကျွန်တော်နဲ့သူ အတူတူအလုပ်လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ အရင်တုန်းက အထက်ကို တက်နိုင်ဖို့အတွက် သူက ပြိုင်ဘက်တွေကို နည်းလမ်းပေါင်းစုံ သုံးပြီး တိုက်ခိုက်တတ်တယ်။ အဲဒီအထဲမှာ ထောင်ချောက်ဆင်တာတွေလည်း ပါတယ်။ သူ ကျွန်တော့်ကိုလည်း ယုတ်မာတဲ့ နည်းလမ်းတွေသုံးပြီး ထောင်ချောက်ဆင်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်က အမြဲသတိထားတတ်သူမို့ သူ့ထောင်ချောက်တွေ မအောင်မြင်ခဲ့ဘူး"
ဤနေရာသို့ ရောက်သောအခါ သူ ခေတ္တ ရပ်နားလိုက်ပြီး ဆက်ပြောသည်။
"ပြီးခဲ့တဲ့တစ်ခေါက် ပီတာ ကျွန်တော့်ကို ဖမ်းပြီး သူလျှိုလုပ်ခိုင်းတာ မအောင်မြင်တော့ သူ တခြားနည်းလမ်း သေချာပေါက် သုံးလာမှာပဲ။ အခု ဟွာရှမှာ ခင်ဗျားရဲ့ Green Freshအုပ်စုကို ဘယ်သူမှ မထိရဲကြဘူး။ ဒါပေမဲ့ ပီတာကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သူ၊ ပြီးတော့ ခုမှ ရောက်လာသူဆိုတော့ ခင်ဗျားတို့အကြောင်း နက်နက်နဲနဲ မသိဘူးလေ။ သူ Green Freshအုပ်စုကို တိုက်ခိုက်တာ မထူးဆန်းပါဘူး"
ရှောင်လင်းယွီ နက်နက်နဲနဲစဉ်းစားရင်း စားပွဲခုံကို လက်ဖြင့်ခေါက်ကာ ပြောလိုက်သည်။
"အခုလောလောဆယ် ဒီကိစ္စရဲ့နောက်ကွယ်က ပီတာ ဟုတ်မဟုတ် မသေချာသေးဘူး။ ဒါပေမဲ့ ရှင် ပြောသလိုပဲ၊ အခု ဟွာရှတစ်ခုလုံးမှာ ကျွန်မကိုထိချင်ရင် သုံးကြိမ်လောက် စဉ်းစားရမယ်။ ကျွန်မကို ထိပြီးရင် ပေးဆပ်ရမယ့်တန်ကြေးကို စဉ်းစားရမယ်။
ပီတာကတော့ ဟွာရှ ရောက်တာ မကြာသေးဘူး၊ ဟွာရှအခြေအနေကို သိပ်နားမလည်သေးဘူး။ ဟွမ်လင်းအုပ်စုဆိုတဲ့ နိုင်ငံတကာ နံပါတ်တစ် အမှတ်တံဆိပ်အနေနဲ့ သူ ရောက်လာတာနဲ့ ပါးရိုက်ခံလိုက်ရတော့ သေချာပေါက် အငြိုးထားမှာပဲ။ ပြီးတော့ ကျွန်မတို့ ကုမ္ပဏီနှစ်ခုက ပြိုင်ဘက်တွေလေ။ အခု သူတို့ ဖောက်သည်တွေကို ကျွန်မတို့က အကုန်နီးပါးလုယူထားတော့ ဟွာရှမှာ သူတို့ နေရာမရှိတော့ဘူး။ ဒါကြောင့် ကျွန်မတို့အပေါ် ဦးနှောက်လာစားတော့တာပေါ့"
ဘရူးစ် ခေါင်းညိတ်လိုက်သည်။
"ဒီလို ရက်စက်ယုတ်မာတဲ့ နည်းလမ်းက သူ့စတိုင်နဲ့ လုံးဝတူတယ်"
"ပီတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှန်တရားကို ကျွန်မတို့ သေချာပေါက် ဖော်ထုတ်ရမယ်။ တကယ်လို့ သူ့လက်ချက်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ရင်... ဟွန့် ဟွန့်..."
ဟွမ်လင်းအုပ်စုအနေဖြင့် ဟွာရှတွင်ဆက်နေဖို့ စိတ်ကူးမနေနဲ့တော့။
ဘရူးစ် ကြားလိုက်ရသောအခါ ပီတာအတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်သည်။ ဤကိစ္စသည် သူနှင့် မသက်ဆိုင်ပါစေနှင့်၊ ဤမျှ မိုက်မဲသော ကိစ္စကို မလုပ်မိပါစေနှင့် ဟု ဆုတောင်းလိုက်သည်။ သို့မဟုတ်ပါက ဟွာရှတွင် သူ့အတွက် နေရာရှိတော့မည် မဟုတ်ပေ။ သူသာမက ဟွမ်လင်းအုပ်စု တစ်ခုလုံး ဟွာရှမှ မောင်းထုတ်ခံရနိုင်သည်။
ဟွာရှသည် အနိုင်ကျင့်ရ လွယ်ကူသည်ဟု မထင်လိုက်ပါနဲ့။
.....
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက် မျှော်လင့်ထားသည့်အတိုင်း ထောင်ယွမ်ရွာ Green Freshစူပါမားကတ်မှ ပစ္စည်းများသည် လူကို အဆိပ်သင့်သေစေသည်ဆိုသောသတင်းသည် လျင်မြန်စွာ ပေါက်ကြားသွားသည်။
ခဏချင်းတွင် ထိပ်တန်း ရှာဖွေမှုစာရင်းဝင်ဖြစ်သွားသည်။
ပြဿနာဖြစ်သော စူပါမားကတ်များသည် သေဆုံးသူ မိသားစုဝင်များ၏ ဝိုင်းရံခြင်းကို ခံရသည်။
ဆိုင်ပိတ်ထားသော်လည်း မရိုးသား၍ ပိတ်ထားသည်ဟု လူအများက ထင်မြင်ကြသည်။
ပြဿနာဖြစ်သော စူပါမားကတ်များတွင် စိတ်လိုက်မာန်ပါလုပ်တတ်သော လူအချို့က ဆိုင်ကို ဝင်ရောက် ရိုက်နှက်ဖျက်ဆီးကြသည်။
ကံကောင်းသည်မှာ ရှောင်လင်းယွီက ဖြစ်လာနိုင်သော အကျိုးဆက်များကို ကြိုတင် စဉ်းစားထားပြီး ဆိုင်ရိုက်ခွဲခံရနိုင်သည်ကို တွက်ဆထားသဖြင့် ဆိုင်ပိတ်ထားသော်လည်း လုံခြုံရေး ဝန်ထမ်းများကို စောင့်ကြပ်ခိုင်းထားသည်။
လုံခြုံရေး ဝန်ထမ်းများသည် ကုန်းထျန်းဟောက်၏ လုံခြုံရေးကုမ္ပဏီမှ လွှဲပြောင်းပေးထားသော ဖျတ်လတ်သူများဖြစ်သည်။
ထို့ကြောင့် ရိုက်နှက်ဖျက်ဆီးမှုများရှိသော်လည်း ဆုံးရှုံးမှု သိပ်မများလှပေ။
သို့သော် သတင်းမီဒီယာများ၏ဖော်ပြမှုနှင့် နောက်ကွယ်မှလူ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုများကြောင့် ကိစ္စရပ်သည် ပိုမို ကြီးထွားလာသည်။
......
"ဥက္ကဌ... ကိစ္စက ပိုကြီးလာပါပြီ။ သေဆုံးသူ မိသားစုဝင်တွေက စူပါမားကတ် ရှေ့မှာ နေ့တိုင်း လာရပ်နေကြတယ်။ တချို့ဆို ရုံးချုပ်အထိလာပြီး အသက်လျော်ကြေး လာတောင်းနေကြတယ်။ တချို့ မိသားစုဝင်တွေက စိတ်လှုပ်ရှားပြီး ရန်လိုနေကြတယ်၊ တွေ့တာနဲ့ အသေခံတိုက်မယ့်ပုံစံမျိုးတွေဖြစ်နေတယ်"
လက်အောက်ငယ်သားက ရှောင်လင်းယွီကို စိုးရိမ်တကြီး အစီရင်ခံသည်။
"လုံခြုံရေးတွေ တားထားလို့သာ တော်သေးတယ်။ ဒါပေမဲ့ သူတို့ လူအင်အားက အရမ်းများနေတော့ ကျွန်မတို့ ဆိုင်တွေ မကြာခင် ပြဿနာ တက်တော့မယ်"
အကယ်၍ လုံခြုံရေးများက ပြဿနာရှာသူများကို မတားဆီးနိုင်ပါက ဆိုင်များ ပျက်စီးသွားပေလိမ့်မည်။
သို့သော် ဆိုင်ပျက်စီးခြင်းက ကိစ္စလေးသာဖြစ်သည်။ ဆိုင်ပေါင်း ဒါဇင်ချီပြီး တစ်ပြိုင်နက် ပျက်စီးသွားပါက ကိစ္စလေးတစ်ခု မဟုတ်တော့ပေ။
Green Freshအုပ်စု၏ အဓိကဝင်ငွေသည် ဤဆိုင်များမှလာခြင်းဖြစ်သည်။
ရှောင်လင်းယွီ ကြားလိုက်ရသောအခါ နှစ်သိမ့်လိုက်သည်။
"မပူပါနဲ့၊ အခု ကိစ္စက အဲဒီအဆင့်ထိ မရောက်သေးပါဘူး။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နောက်ကွယ်က လူက မီးလောင်ရာလေပင့်လုပ်လာရင် ကိစ္စက ပြင်းထန်လာနိုင်တယ်"
ပြောရင်းနှင့် သူမ ခေတ္တ ရပ်နားလိုက်ပြီး အတွင်းရေးမှူးကျန်းကို မှာကြားလိုက်သည်။
"အတွင်းရေးမှူးကျန်း၊ ကြေညာချက် ထုတ်လိုက်ပါ၊ ညနေ ၃ နာရီမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့"
အတွင်းရေးမှူးကျန်း ကြားလိုက်ရသောအခါ တွန့်ဆုတ်စွာ မေးလိုက်သည်။
"ဥက္ကဌ... ဥက္ကဌကိုယ်တိုင် တက်ရောက်မှာလား"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
"အခု ကိစ္စက ဒီလောက် ကြီးနေမှတော့ ကျွန်မကိုယ်တိုင်ထွက်ရှင်းမှပဲ ငြိမ်သွားလောက်မယ်။ စိတ်မပူပါနဲ့၊ ကျွန်မ ဘာမှမဖြစ်ပါဘူး"
အတွင်းရေးမှူးကျန်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်မ အခုပဲ အကြောင်းကြားလိုက်ပါ့မယ်"
အတွင်းရေးမှူးကျန်း ထွက်သွားပြီးနောက် ရှောင်လင်းယွီ၏ဖုန်း ထပ်မံမြည်လာသည်။
"ဟဲလို... ယောင်ကျူ၊ ဘာဖြစ်လို့လဲ" ရှောင်လင်းယွီ မေးလိုက်သည်။
"ဘာ... အဲဒီအလောင်းတွေထဲက အဆိပ်ဓာတ်တွေတွေ့တယ် ဟုတ်လား။ ပြီးတော့ အဲဒီအဆိပ်တွေက ကျွန်မတို့ စူပါမားကတ်ကရောင်းတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေထဲက လာတာတဲ့လား"
ကျန့်ယောင်ကျူ၏ အစီရင်ခံစာကို ရရှိပြီးနောက် ရှောင်လင်းယွီ အနည်းငယ် အံ့သြသွားသည်။
ကျန့်ယောင်ကျူက စိုးရိမ်တကြီး ပြောလိုက်သည်။
"လောလောဆယ် စစ်ဆေးတွေ့ရှိချက်က ဒီလိုပါပဲ။ လင်းယွီ၊ မကြာခင် ရဲစခန်းကလူတွေ ရောက်လာတော့မယ်ထင်တယ်"
ဘာလာလုပ်မလဲ ဆိုတော့... သေချာပေါက် တာဝန်ရှိသူကို လာခေါ်မှာပေါ့။ တာဝန်ရှိသူက ဘယ်သူလဲ ဆိုတော့... ရှောင်လင်းယွီ ပေါ့။
ရှောင်လင်းယွီ နှစ်သိမ့်လိုက်သည်။
"ယောင်ကျူ... စိတ်မပူပါနဲ့၊ သူတို့ ကျွန်မကို ခေါ်သွားရင်တောင် ကျွန်မ ဘာမှမဖြစ်ပါဘူး"
***