← Chapters

👑 Dog-Blood Plot

Vol. 14 Ch. 132

👑 Dog-Blood Plot

Vol. 14 Ch. 132

ရုပ်ရှင်၏ နောက်ဆုံး မိနစ် ၃၀ တွင် ဇာတ်ရှိန် ရုတ်တရက် တက်သွားခဲ့သည်။

ကျန်းကျီမြောင် မှင်သက်နေပါပြီ။

ယွဲ့ဟွာ၏ဝတ္ထုက အဘက်ဘက်မှ ပြည့်စုံနေသည့် ဇာတ်လိုက်မင်းသားတစ်ယောက် အာဏာရရှိလာသည့် ဇာတ် လမ်းမျိုး ဖြစ်သင့်တာဖြစ်သည်။

သို့သော် နှောင်းဧကရာဇ်မင်းကြီး၊ ချန်ကျင်းမင်နဲ့ ယခင်မင်းဆက်မင်းသမီးတို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ‘အနှိပ်စက်ခံဇာတ်လိုက်မင်းသမီး’ ဝတ္ထုမျိုးဖြစ်နေသည်။

ငါ့ကို ပညာမတတ်ဘူးထင်ပြီး စနစ်က အနိုင်ကျင့်နေတာလား!

ယခင်ကမ္ဘာမှာတုန်းက ကျန်းကျီမြောင် ဝန်ထမ်းဘဝနှင့်နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသော်လည်း ဒီလိုဝတ္ထုမျိုးတစ်ပုဒ်စ နှစ်ပုဒ်တော့ ဖတ်ဖူးသည်ပင်။

ဒီလိုဝတ္ထုမျိုးမှာ နှောင်းဧကရာဇ်မင်းကြီးက လူယုတ်မာဇာတ်လိုက်မင်းသားဖြစ်ကာ ယခင်မင်းဆက် မင်းသမီးက အနှိပ်စက်ခံ ဇာတ်လိုက်မင်းသမီးဖြစ်သည်။

သို့သော် ဇာတ်လိုက်မင်းသားက ပိုပြီးယုတ်မာလေလေ ဇာတ်လိုက်မင်းသမီးက ပိုစွဲလမ်းလာလေလေဖြစ်သည်။ ဇာတ်သိမ်းပိုင်းတွင် သူများတွေရဲ့ အသက်သွေး၊ချွေးတွေကိုနင်းခြေပြီး နှစ်ယောက်သား ချစ်ခြင်းမေတ္တာများဖြင့် တခမ်းတနား ဇာတ်သိမ်းသွားတာမျိုးရှိသလို ဇာတ်လိုက်မင်းသမီး သေဆုံးသွားတတ်တာမျိုးလည်းရှိသည်။ ထို အခါ ဇာတ်လိုက်မင်းသားမှာ တောတောင် ရေမြေတွေနဲ့ တခြားမိန်းမလှပေါင်းများစွာကို ပိုင်ဆိုင်ထားလျှင်တောင် ဇာတ်လိုက်မင်းသမီးကိုသာ လွမ်းဆွတ်တမ်းတရင်း ဇာတ်သိမ်းသွားပါလိမ့်မည်။

ချန်ကျင်းမင်ကမူ တိတ်တခိုးချစ်နေရသည့် ဒုတိယဇာတ်လိုက်ဖြစ်သည်။ ဒုတိယဇာတ်လိုက်ကလည်း အဆုံးထိ တိတ်တခိုးချစ်သွားတာမျိုးရှိသလို ဇာတ်လမ်းအလယ်မှာ လူယုတ်မာဖြစ်သွားတတ်ကာ မင်းသမီးကို ပိုဇာတ်နာအောင် လုပ်မိသွားတာမျိုးလည်း ရှိသည်။

[ချန်ကျင်းမင်လို လူမျိုးကတော့ အငြှိုးအတေးမထားတတ်တဲ့ ဒုတိယဇာတ်လိုက်မျိုး မဖြစ်နိုင်ဘူး! ကျိန်းသေပေါက် ပြဿနာရှာလိမ့်မယ်၊ အရင်တုန်းက ချန်ကျင်းမင်မှာ သေဆုံးသွားပြီဖြစ်တဲ့ အချစ်စစ်တစ်ယောက်ရှိတယ်လို့ အတင်းအဖျင်းထဲမှာ ဖတ်ခဲ့ရတယ်၊ အဲ့ဒီအချစ်စစ်ဆိုတာ နှောင်းဧကရာဇ်မင်းကြီးမဟုတ်ဘဲ အရင်မင်းဆက်ရဲ့ မင်းသမီးပဲ ဖြစ်လိမ့်မယ်]

ထိုသို့တွေးမိလိုက်ရုံနဲ့ သူ့ခန့်မှန်းချက် မှန်ကန်သွားပြီဆိုတာ ကျန်းကျီမြောင်သိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ချန်ကျင်းမင်၏လျှို့ဝှက်ချက် ဘားတန်းက ရုတ်တရက် ထိုးတက်သွားပြီး ရုတ်ခြည်းဆိုသလို ၈၀ ရာခိုင်နှုန်းအထိ ပြည့်သွားခဲ့တာကြောင့်ပင်။

စနစ်၏လော့ဂျစ်ကို ကျန်းကျီမြောင် နားလည်သွားသည်။

‘ကူးပြောင်းလာပြီးနောက် TXT စနစ်ဖြင့် နန်းတက်ခြင်း’ ဟူသည့် ဝတ္ထုထဲတွင် ချန်ကျင်းမင်က ဇာတ်လိုက်မင်းသား ယွဲ့ဟွာ၏အစွမ်းအစရှိသော လက်အောက်ငယ်သားဖြစ် သည်။ ထို့ကြောင့် အရေးပါသည့် အရံဇာတ်ကောင်ဟု ဆိုနိုင်သည်။

ဒီဝတ္ထုကို ရုပ်ရှင်တစ်ခုဖြစ်အောင် ဘယ်လောက်ထိပဲ လွန်လွန်ကျူးကျူး မှီငြမ်းရိုက်ကူးထားပါစေ ဖြစ်ကြောင်းကုန်စင်၏ အလွန်ဆုံး ၅၀ - ၆၀ ရာခိုင်နှုန်းသာ တိကျမှန်ကန်ပါလိမ့်မည်။ ဒီဝတ္ထုထဲမှာ အဓိက ဇာတ်ကောင်က ယွဲ့ဟွာသာ ဖြစ်သဖြင့် ချန်ကျင်းမင်၏အခန်းကဏ္ဍက နည်းပါးပါလိမ့်မည်။

သို့သော်… နှောင်းဧကရာဇ်မင်းကြီးနှင့် ယခင်မင်းဆက် မင်းသမီးတို့၏ဇာတ်လမ်းထဲမှာတော့ ချန်ကျင်းမင်က ကဏ္ဍများစွာမှ ပါဝင်ခဲ့ရသည့် ဒုတိယဇာတ်လိုက်ဖြစ် သည်။ ထို့ကြောင့် ဒီနောက်ကြောင်းပြန်ဇာတ်လမ်း ပေါ်လာတာနဲ့ ချန်ကျင်းမင်၏လျှို့ဝှက်ချက် ဘားတန်းကဆက် တိုက်ဆိုသလို ထိုးတက်သွားခဲ့ခြင်းဖြစ်နိုင်သည်။

ထို့နောက် ဇာတ်လမ်းထဲတွင် နှောင်းဧကရာဇ်မင်းကြီးနဲ့ ယခင်မင်းဆက် မင်းသမီးတို့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်ယောက်ကိုတစ်ယောက်အချစ်စမ်းခဲ့ကြသည်။ နောက် ဆုံးတော့ ယခင်မင်းဆက် မင်းသမီးကိုယ်ဝန်ရသွားခဲ့သည်။

ထို့နောက် ကိုယ်ဝန်ကိစ္စနဲ့ပတ်သတ်ပြီး ယခင်မင်းဆက်မင်းသမီးက ချန်ကျင်းမင်နဲ့ သွားရောက်ဆွေးနွေး တိုင်ပင်ခဲ့သည်။ နှောင်းဧကရာဇ်မင်းကြီးကို မုန်းတီးသဖြင့် ဒီရင် သွေးကို မွေးဖွားသင့်သလား ဝေခွဲမရဖြစ်နေသည်ဟု သူမ ဆိုခဲ့ပါသည်။

သူမ နှုတ်မှ မုန်းတီးသည်ဟု ပြောနေသော်လည်း ရက်နည်းနည်းကြာတာနဲ့ နှောင်းဧကရာဇ်မင်းကြီး ရင်ခွင်ထဲ ပြန်ရောက်သွားမှာဖြစ်မှန်း ချန်ကျင်းမင် သိနေခဲ့သည်။

စိတ်ဓာတ်တွေ အမှောင်ကျနေပြီဖြစ်သည့် ချန်ကျင်းမင်ရင်ထထဲ ရုတ်တရက် အကြံဆိုးတစ်ခု ပေါ်လာခဲ့လေသည်။

ရင်သွေးကို ရအောင်ဖွားမြင်ဖို့ ယခင်မင်းဆက်မင်းသမီးကို ချန်ကျင်းမင် ဖြောင်းဖြပြောဆိုခဲ့သည်။ ချန်ကျင်းမင်၏ အကြံပေးမှုကြောင့် မင်းသမီးလည်း ရင်သွေးကို ဆက် လက်လွယ်ထားခဲ့ပါသည်။

နောက်တော့ နှောင်းဧကရာဇ်မင်းကြီးကို ကိုယ်ဝန်အ ကြောင်း သူမ ဖွင့်ပြောခဲ့သည်။ နှောင်းဧကရာဇ်မင်းကြီးလည်း အလွန်ပျော်ရွှင်သွားခဲ့ပါသည်။ ယခင်မင်းဆက် မင်းသမီးကို နန်းတော်ထဲ ခေါ်ဆောင်ပြီး မွေးလာမည့် ရင်သွေးကိုလည်း ထီးနန်းဆက်ခံသူ ဖြစ်စေချင်သည်ဟု နှောင်းဧကရာဇ်မင်းကြီး တဖွဖွပြောဆိုခဲ့သည်။

နှောင်းဧကရာဇ်မင်းကြီးမှာ အိမ်ရှေ့စံယွဲ့လင်းရှိနေပြီးသားဖြစ်တာကြောင့် ဒီလိုလုပ်ဖို့မသင့်တော်ကြောင်း မင်းသမီး ငြင်းဆန်ခဲ့သော်လည်း ရင်ထဲမှာတော့ အလွန်ကျေနပ်နေခဲ့သည်။

တစ်ဖက်တွင် ချန်ကျင်းမင်လည်း စတင်ကြံစည်ခဲ့သည်။ မိန်းမတစ်ယောက်ကို လျှို့ဝှက်ရှာဖွေခဲ့ပြီး ပေါင်းသင်းကာ ယခင်မင်းဆက် မင်းသမီးနှင့် အချိန်ကာလတူညီအောင် ကိုယ်ဝန်လွယ်စေခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အနောက်နန်းဆောင်အတွင်းမှာလည်း မိဖုရားကြီး(လက်ရှိ မယ်တော်ကြီး)မှ ကိုယ်ဝန် လွယ်ထားရလေသည်။

ပထမတော့ နှောင်းဧကရာဇ်မင်းကြီးသည် သူချစ်မြတ်နိုးရသည့် အမျိုးသမီး၏ယခင်မင်းဆက်မင်းသမီးဟူသည့် ဘွဲ့ကို အမြစ်ပြတ်ဖယ်ရှားပြီး နန်းတော်ထဲခေါ်ကာ ကြင်ယာတော်အဖြစ် တရားဝင်တင်မြှောက်ဖို့ ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ချန်ကျင်းမင်က မနာလိုစိတ်ဖြင့် ရူးသွပ်သွားပြီဖြစ်ကာ ယခင်မင်းဆက် မင်းသမီး၏သရုပ်မှန်ကို ပေါက်ကြားအောင်လုပ်ခဲ့သည်။

ထို့ကြောင့် နှောင်းဧကရာဇ်မင်းကြီးလည်း ယခင်မင်းဆက်မင်းသမီးအား နန်းတော်ထဲသို့ မခေါ်ဆောင်နိုင်တော့ဘဲ တိတ်တခိုးသာ ချစ်မြတ်နိုးခဲ့ရသည်။

ဒီလိုနှင့် လတွေကြာသွားခဲ့သည်။ အမျိုးသမီးသုံးယောက် ရှေ့ဆင့်နောက်ဆင့် ကလေးဖွားမြင်ခဲ့ကြသည်။

နှောင်းဧကရာဇ်မင်းကြီးက ယခင်မင်းဆက်မင်းသမီးကို အချစ်စစ်ဖြင့် ချစ်မြတ်နိုးတာဖြစ်သည်။ ယခင်မင်းဆက် မင်းသမီးက အနောက်နန်းဆောင်၏တရားဝင်ကြင်ယာတော် ဖြစ်မလာနိုင်သော်လည်း မွေးလာမည့် ရင်သွေးအတွက် နှောင်းဧကရာဇ်မင်းကြီး အကောင်းဆုံးတွေပဲ မျှော်လင့်ထားခဲ့သည်။

အနောက်နန်းဆောင်ထဲမှ မိဖုရား(လက်ရှိမယ်တော်ကြီး)က ပထမဆုံးဖွားမြင်ခဲ့ပါသည်။ သားယောက်ျားလေးဖြစ် သည်။

သို့သော် နှောင်းဧကရာဇ်မင်းကြီး၏ မျက်လုံးများမှာ ခံစားချက်မဲ့နေခဲ့သည်။ သူ့မိဖုရားအပေါ် ဘာခံစားချက်မရှိခဲ့ပါ။ ထိုကလေး မွေးဖွားလာမှုအပေါ် သူစက်ဆုပ်မိရုံသာရှိသည်။

ယွဲ့လင်း၏ဖြစ်တည်မှုတစ်ခုတည်းနဲ့တင် နှောင်းဧကရာဇ်မင်းကြီး အလွန်စက်ဆုပ်နေပြီ ဖြစ်ပါသည်။ ဒီလို တရား ဝင်သားတစ်ယောက်က နောင်တစ်ချိန်မှာ သူ့အချစ်စစ်၏ ရင်သွေးလေးအတွက် အတားအဆီးအပိတ်အပင်တစ်ခု ဖြစ်လာမှာ သေချာသည်။

ထို့ကြောင့်… မိဖုရားကြီး(လက်ရှိမယ်တော်ကြီး) ဒုတိယသားတော် ဖွားမြင်သောအခါ နှောင်းဧကရာဇ်မင်းကြီး အလွန်ချစ်မြတ်နိုးချင်ယောင်ဆောင်ခဲ့သည်။ သူ့အနားမှာ တစ်ချိန်လုံး ခေါ်ထားခဲ့ပြီး ဘယ်သူ့ကိုမှ အနားကပ်ခွင့် မပေးခဲ့ပါ။

သုံးရက်ခန့်ကြာပြီးနောက် ယခင်မင်းဆက်မင်းသမီးလည်း ကလေးဖွားမြင်ခဲ့ပြီဖြစ်သည်။ နှောင်းဧကရာဇ်မင်းကြီး နန်းတော်ထဲမှထွက်ခွာဖို့ မသင့်တော်သဖြင့် သူ့လူယုံတော် ချန်ကျင်းမင်ကိုသာ တာဝန်ပေးခဲ့သည်။

ယခင်မင်းဆက်မင်းသမီးမှ ဖွားမြင်မည့် ရင်သွေးကို နန်းတော်ထဲ တိတ်တဆိတ်ခေါ်ဆောင်လာကာ သူ့ဆက်ခံသူ အဖြစ်ထားရှိဖို့ နှောင်းဧကရာဇ်မင်းကြီးကြံရွယ်ထားခဲ့သည်။

သို့သော် ယခင်မင်းဆက်မင်းသမီး ဖွားမြင်လိုက်သည်မှာ သားယောက်ျားလေး မဟုတ်ဘဲ သမီးမိန်းကလေးဖြစ်နေလေသည်။

တစ်ချိန်တည်းမှာပင် ချန်ကျင်းမင် အပြင်ဘက်မှ ရှာဖွေ ပေါင်းသင်းထားသည့် မိန်းမကလည်း သားယောက်ျားလေးတစ်ဦးကို ဖွားမြင်ခဲ့သည်။

ထို့နောက်… ယခင်မင်းဆက်မင်းသမီးမှ ဖွားမြင်သည့် သမီးလေးနဲ့ သူ့သားတို့ကို ချန်ကျင်းမင် နေရာချင်းလဲခဲ့သည်။

ထိုသားတော်ကို နန်းတော်ထဲ ချန်ကျင်းမင်ခေါ်ဆောင်လာခဲ့ပြီး နောက်တော့ ယွဲ့ဟွာဟု အမည်တွင်ခဲ့လေသည်။

ယခင်မင်းဆက်မင်းသမီးမှ ဖွားမြင်သော သမီးလေးအား ပထမတော့ ချန်ကျင်းမင် သတ်ပစ်ဖို့ကြံရွယ်ခဲ့သော်လည်း မင်းသမီးအပေါ် ခံစားချက်တွေ ရှိနေသေးသဖြင့် မရက် စက်နိုင်ခဲ့ပါ။ ထို့ကြောင့် ထိုသမီးတော်ကို ကျပန်းမိသားစုတစ်စုစီ ပို့ဆောင်ပေးခဲ့ပါသည်။

မယ်တော်ကြီးမှ ဖွားမြင်သည့် ဒုတိယသားတော်ကို နှောင်းဧကရာဇ်မင်းကြီးကိုယ်တိုင် အနှီးဖြင့်ပတ်ကာ လည်ပင်းညှစ် သတ်ဖြတ်ခဲ့ပြီး ယွဲ့ဟွာဖြင့် အစားထိုးခဲ့တော့သည်။

ကျန်းကျီမြောင်: “…”

ယွဲ့လင်း: “…”

ကိုယ်လုပ်တော်များ: “…”

သူတို့ ရင်ထဲ ‘လခွမ်း’ဟူသည့် အသံပေါင်းများစွာ ထွက်ပေါ်လာသော်လည်း နှုတ်မှထုတ်ပြောသင့် မပြောသင့် ချင့်ချိန်နေကြသည်။

မဖြစ်နိုင်တာ… ရုပ်ရှင်က နာရီဝက်ပဲ ကျန်တော့တာကို ဒီလောက်ကြီးမားတဲ့ လှည့်ကွက်ကြီး ထည့်လိုက်လို့ဖြစ်ပါ့မလား…

[နေပါဦး နေပါဦး ငါသေချာ အတည်ပြုပါရစေဦး၊ ဒါဆို နှောင်းဧကရာဇ်မင်းကြီးက ဒုတိယသားတော်နေရာမှာ သူ့အချစ်ဦးနဲ့ ရတဲ့ကလေးကို အစားထိုးချင်ခဲ့တာပေါ့၊ ဒါပေမယ့် ချန်ကျင်းမင်က လက်ဦးသွားပြီး နှောင်းဧကရာဇ်မင်းကြီးရဲ့ ကလေးကို အရင်အစားထိုးလိုက်တာလား… ဒီလိုသာဆို… ယွဲ့… ယွဲ့ဟွာက… ချန်ကျင်းမင်ရဲ့ သားအရင်းပဲ!!!]

[အဲ့တာကြောင့် ယွဲ့ဟွာအပေါ် ချန်ကျင်းမင် ဒီလောက်ထိ သစ္စာရှိနေတာကိုး! ယွဲ့ဟွာ ထီးနန်းရသွားရင် ချန်ကျင်းမင်အတွက် အောင်ပွဲပဲလေ၊ နှောင်းဧကရာဇ်မင်းကြီးကလည်း ချန်ကျင်းမင်ကို လူယုံတော်တွေထဲကမှ အယုံကြည်ရဆုံး လူယုံတော်လို သဘောထားခဲ့တာ၊ သေတဲ့အချိန်ထိ သူ့အပေါ် ချန်ကျင်းမင် ဘယ်လောက် မုန်းတီးနေသလဲဆိုတာ မသိခဲ့ရှာဘူးထင်တယ်!]

[ဒါဆို ခုနက ဇာတ်လမ်းထဲမှာ တံဆိပ်ပြားကိုင်ပြီး ပေါ်လာတဲ့ မိန်းကလေးက နှောင်းဧကရာဇ်မင်းကြီးနဲ့ အရင်မင်း ဆက် မင်းသမီးတို့ရဲ့ သွေးသားအစစ်ပေါ့၊ မဟုတ်သေးပါဘူး… အဲ့ဒီမိန်းကလေးက သူ့ကိုယ် သူ မင်းသမီးတစ်ပါးမှန်း ဘယ်လို သိသွားတာလဲ ? အဲ့ဒီ ကျောက်စိမ်းဆွဲပြားကိုကော ဘယ်ကနေ ရလာခဲ့တာလဲ]

ကျန်းကျီမြောင် မျက်လုံးပြူးသထက် ပြူးလာပါပြီ။

ဇာတ်လမ်းထဲတွင်…

ယခင်မင်းဆက် မင်းသမီးက သူ့ရင်သွေးကို နေ့တိုင်း လွမ်းဆွတ်တမ်းတနေခဲ့သည်။ ချန်ကျင်းမင်က သူမဘေးမှာနေပြီး အမြဲတမ်းနှစ်သိမ့် အားပေးခဲ့ပါသည်။

ခွေးသွေးအဆန်ဆုံး ဇာတ်ဝင်ခန်းက ယခင်မင်းဆက်မင်းသမီး စိတ်အပန်းဖြေဖို့ မြို့ပြင်ထွက်လာစဉ် သူမရဲ့ သမီးအရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့လေသည်။ သူမ သမီးအရင်းက ကလေးလေးတစ်ယောက်သာ ဖြစ်သော် လည်း ထိုကလေးလေးကိုမြင်မြင်ချင်း မင်းသမီး အလွန်ရင်းနှီးနေသလို ခံစားခဲ့ရကာ ချစ်မြတ်နိုးသွားမိပြီး အဖိုးမဖြတ်နိုင်သည့် ကျောက်စိမ်းဆွဲပြားလေးကို လက်ဆောင် ပေးခဲ့ပါသည်။

ထိုအချိန်တုန်းက ချန်ကျင်းမင်လည်း အနားမှာရှိနေသည်။ သူအနည်းငယ်ကြောက်လန့်ခဲ့သော်လည်း အမှန်တရားကို ထုတ်မပြောခဲ့ပါ။

ထိုစဉ် ယခင်မင်းဆက်၏နောက်ဆုံးလက်ကျန် ပုန်ကန်သူအဖွဲ့ဝင်များက မင်းသမီးကို ရှာတွေ့သွားခဲ့ကြသည်။ ဒီတစ်ခါတော့ သူတို့ သင်ခန်းစာကောင်းကောင်း ရသွားကြပြီဖြစ်ကာ မင်းသမီးကိုကော ချန်ကျင်းမင်ကိုကောဖမ်း ချုပ်ခဲ့ကြပါသည်။

နှောင်းဧကရာဇ်မင်းကြီးကို မျှားခေါ်ဖို့ မင်းသမီးကို စေခိုင်းခဲ့သည်။ သူတို့ အနီးအနားမှာပုန်းခိုနေကြမည်ဖြစ်ပြီး နှောင်းဧကရာဇ်မင်းကြီး ရောက်လာသည်နှင့်တစ်ပြိုင် နက် လုပ်ကြံသတ်ဖြတ်ပစ်ကြမည်။

မင်းသမီးက လက်မခံခဲ့ပါ။ ထိုအခါ ပုန်ကန်သူတွေက ချန်ကျင်းမင်ကို အသုံးချပြီး သူ့ကို ခြိမ်းခြောက်ခဲ့ပြန်သည်။

ချန်ကျင်းမင်ကို ကယ်တင်ဖို့အတွက် မင်းသမီး အဆိပ်သောက်ခဲ့လေသည်။ နှောင်းဧကရာဇ်မင်းကြီးကိုကော ချန်ကျင်းမင်ကိုကော သူ မထိခိုက်စေချင်ခဲ့ပါ။

မသေဆုံးခင် ချန်ကျင်းမင် ရင်ခွင်ထဲ သူမ လဲကျသွားခဲ့ပြီး ယခင်တုန်းက ရဲဘော်ရဲဘက်များဖြစ်ခဲ့ဖူးသော ပုန်ကန်သူတွေကို ရပ်တန့်ဖို့တားဆီးခဲ့ပါသေးသည်။

ချန်ကျင်းမင် ရင်တွေ အလွန်နာကျင်နေသဖြင့် အသိစိတ်တချို့ ပြန်ဝင်လာခဲ့ပြီး မင်းသမီးမသေဆုံးခင် အမှန်တရားတွေကို ဖွင့်ပြောခဲ့ပါသည်။

မင်းသမီးကမူ နောက်ဆုံးလက်ကျန် ခွန်အားများကို အသုံးပြုပြီး သူ့သမီးလေးကို ပွေ့ဖက်ခဲ့သည်။ ချန်ကျင်းမင်ကိုလည်း မမုန်းတီးခဲ့ပါ။ သူ့သမီးလေး အခုလို သာမန်အရပ်သားတွေကြားမှာနေထိုင်ရတာက အငြိမ်းချမ်းဆုံး ဖြစ်လိမ့်မည်ဟု ဆိုခဲ့ပါသည်။

ထို့နောက် အဆိပ်ကြောင့် မင်းသမီးသေဆုံးသွားလေတော့သည်။

All Chapters