အခန်း (၆၁၀-၆၁၁)
Vol. 37 Ch. 610-611
Chapter 610
တွင်းနက် ဝါးမျိုခြင်း ၁
“ဒုတိယတစ်ခုကတော့ ကျွန်မရဲ့ စွမ်းရည်က အများကြီး တိုးတက်လာတာပဲ။ ကျွန်မ အဖွဲ့အတွက် အကျိုးရှိမယ့် နည်းလမ်းတွေကို ရှာနေတယ်။ ပြီးတော့ နောက်ထပ်တစ်ခုက... ငွေနဂါးဆယ်ဆပန်းပဲ”
သူမက နောက်ထပ် စိုက်ပျိုးရေးဖန်အိမ်တစ်ခုကို ညွှန်ပြလိုက်သည်။
“ဒါက ပထမဆုံး အဖူးလေးထွက်လာပြီ”
လင်းရှန် အနားသို့ တိုးကြည့်လိုက်သည်။ ခရမ်းရောင်အက်ကြောင်းလေးများရှိသော ပန်းပင်၏ ထိပ်တွင် ငရုတ်ကောင်းစေ့ခန့်ရှိသော အဖြူရောင် အဖူးလေးထွက်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သာမန်ပင် ဖြစ်သော်လည်း ပင်စည်အတွင်းမှ ခရမ်းရောင်အလင်းတန်းမှာ ပို၍မြန်ဆန်စွာ ခုန်နေသည်ကို တွေ့ရသည်။
“အဲဒါ ပွင့်လာပြီဆိုရင်တော့ သူ့ရဲ့ တကယ့်စွမ်းရည်တွေကို မြင်ရတော့မယ်လို့ ထင်ရတယ်”
တင်းကျန်းရီက ပြောလိုက်သည်။
လင်းရှန် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူမ၏ စားပွဲပေါ်တွင် ဘူးများဖြင့် ထည့်ထားသော အနက်ရောင်အပိုင်းအစများကို သတိထားမိလိုက်သည်။ ၎င်းမှာ သူတို့ တိုက်ခိုက်ခဲ့သော အမည်းရောင်သတ္တဝါကြီး၏ အစိတ်အပိုင်းများ ဖြစ်ပုံရသည်။
“ဒါက ဘာတွေကို သုတေသနလုပ်နေတာလဲ”
“ဒါက လူသားတစ်သျှူးတွေပဲ”
တင်းကျန်းရီက လက်အိတ်စွပ်ကာ အပိုင်းအစတစ်ခုကို ယူပြီး လက်ဖြင့် ပွတ်ချေလိုက်သည်။ သူမ၏ မျက်နှာက ပို၍လေးနက်သွားသည်။
“ဒါက တစ်မျိုးတည်းသော ထိန်းသိမ်းမှုစနစ်ထဲမှာ ရှိနေခဲ့သလိုပဲ... လုံးဝ ရေဓာတ်ခန်းခြောက်နေတယ်။ ဒါပေမဲ့ ဆဲလ်တွေနဲ့ ပရိုတင်းတွေ၊ DNA တွေကတော့ အကောင်းအတိုင်း ရှိနေသေးတယ်။ ဒါက ကပ်ပါးဝင်တာမျိုး မဟုတ်တော့ဘူး”
သူမက လင်းရှန်ကို လေးနက်စွာ ကြည့်လိုက်သည်၊၊
“သူတို့က လူသေအလောင်းတွေကို သုံးပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ထားကြတာပဲ။ ဆိုလိုတာက ဒီလူသားပုံစံဟာ သူတို့ရဲ့ တကယ့်ဇီဝဗေဒကို အတုယူထားတာပဲ ဖြစ်ရမယ်”
လင်းရှန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆက်သွယ်ရေးစနစ်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
၎င်းမှာ ရေဒီယိုလှိုင်းများကဲ့သို့ပင် ဖြစ်သော်လည်း လင်းရှန်အတွက်မူ ထိုအသံမှာ ကျပန်းမဟုတ်ပေ။ ထိုအသံသည် လူပေါင်းထောင်ချီ၏ စူးရှသော အော်ဟစ်သံများ စုစည်းနေသကဲ့သို့ပင်။
“ဂျစ်... ဂျစ်... အားလုံးပဲ... ငါတို့ တစ်ခုခုတွေ့ထားတယ်”
၎င်းမှာ ရှီတိယွမ်၏ အသံ ဖြစ်သည်။
နဂါးတောင် (၁) ၏ ရှေ့ခန်းတွင် ရှီတိယွမ်သည် လျှပ်စစ်မှန်ပြောင်းကို ကိုင်ထားပြီး သူ၏ မျက်နှာမှာ ထူးဆန်းနေသည်။ နန်ကျင်းနှင့် အခြားအင်ဂျင်နီယာများလည်း ဘေးတွင် ရှိနေကြသည်။
သတိပေးချက်မှာ ဒရုန်းများမှ လာခြင်းဖြစ်ပြီး ရှီတိယွမ် လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်နှာအမူယာပြောင်းလဲသွားသည်။
“အဲဒါ ဘာကြီးလဲ”
နန်ကျင်းက မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။
ရထားသံလမ်း၏ မြောက်ဘက်တွင် ဂိုဘီသဲကန္တာရထဲ၌ ငြိမ်သက်စွာ လွင့်မျောနေသော ကြီးမားလှသည့် အဖြူရောင်ကျောက်ရုပ်တုတစ်ခုကို တွေ့လိုက်ရသည်။ ခံ့ညားထည်ဝါပြီး ထူးဆန်းသော ထိုရုပ်ထုတွင် ငါးအမြီးနှင့် ခြင်္သေ့မျက်နှာ ရှိနေပြီး လူလုပ်အရာတစ်ခုနှင့် တူနေသည်။
သို့သော် ၎င်းမှ ထွက်ပေါ်နေသော အလင်းပြန်မှုမှာ ပတ်ဝန်းကျင်နှင့် ယှဥ်လျှင် သိသိသာသာ မှားယွင်းနေသည်။
ပူပြင်းသော နေရောင်အောက်တွင် ၎င်း၏ အလင်းအမှောင်မှာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု မရှိပေ။ ၎င်းမှာ ပို၍ မှိန်ဖျော့နေပြီး ပတ်ဝန်းကျင်မြင်ကွင်းထဲသို့ Photoshop လုပ်ထားသလိုဖြစ်နေသည်။
သို့သော် မည်သူမျှ ၎င်း၏ ကြီးမားလှသော အရွယ်အစားနှင့် သဲကန္တာရထဲတွင် ငြိမ်သက်စွာ ရှိနေသော ထူးဆန်းမှုကို လျစ်လျူမရှုနိုင်ကြပေ။ တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော ရှီတိယွမ်ပင်လျှင် ကျောရိုးထဲမှ စိမ့်တက်လာသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင် မကောင်းသောအတွေးများ ချက်ချင်းဝင်ရောက်လာသည်။ သူ အသက်ရှူနေမိသလားဆိုသည်ကိုပင် မေ့သွားခဲ့ရသည်။
အနန္တရထားပေါ်တွင် လင်းရှန်သည် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ သူ၏ Black Hwak ဝတ်စုံမှ မြင်ကွင်းစနစ်သည် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်တစ်ခုလုံး မတည်ငြိမ်ဖြစ်သွားကာ ပြန်လည်စတင်ခြင်း ပြုလုပ်ရန် ဖိအားပေးခြင်း ခံလိုက်ရသည်။
[Black Hwak - အသံတိတ်မုဆိုးစွမ်းအားဝတ်စုံ 01 - စနစ်ပြန်လည်စတင်နေသည်]
လင်းရှန် နှလုံးခုန်ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ အားကောင်းသော ကြောက်ရွံ့မှုများက သူ့ကို လွှမ်းမိုးသွားသည်။
သူသည် ဆက်သွယ်ရေးခလုတ်ကို အတင်းနှိပ်ကာ အော်ဟစ်လိုက်သည် -
“အဲဒါကို မကြည့်ကြနဲ့... အခုချက်ချင်း အရှိန်မြှင့်ပြေးကြမယ်”
ရှီတိယွမ်နှင့် နန်ကျင်းတို့၏ နားကြပ်များအတွင်းမှ လင်းရှန်၏အော်သံမှာ စစ်ဗုံတီးသံကဲ့သို့ ဟိန်းထွက်လာ၏။ ထိုခဏ၌ပင် နဂါးတောင် (၁) ၏ ထိန်းချုပ်ခန်းအတွင်းရှိ လူတိုင်းသည် ရထားတွဲအတွင်းရှိ အပူချိန်မှာ ၁၀ ဒီဂရီခန့် ရုတ်တရက် ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ရှီတိယွမ်မှာ ချွေးစေးများ ထွက်လာပြီး ထိန်းချုပ်ခန်းပြတင်းပေါက်များကို ပိတ်ရန် ခလုတ်ကို အလျင်အမြန် ဖိချလိုက်သည်။
“အရှိန်အပြည့်တင်—ဒရုန်းတွေနဲ့ လမ်းညွှန်စနစ်ကိုပဲ အားကိုးကြ… ဘယ်သူမှ အဲဒီဘက်ကို လှည့်မကြည့်နဲ့”
လင်းရှန်သည် ထိုရုပ်တုကို မြင်လိုက်ရသည့် ခဏအတွင်းပင် မှတ်မိသွားသည်။ ၎င်းမှာ ကမ္ဘာပျက်ကပ်နေ့တွင် တွင်းနက် အမှတ် (၅) ၏ ဝါးမျိုခြင်းကို ခံခဲ့ရသည့် လိုင်းယွန်းစီးတီးမှ ခြင်္သေ့ရုပ်တုကြီး ဖြစ်နေ၏။ လူသူကင်းမဲ့နေသည့် အနောက်ဘက်ဂိုဘီသဲကန္တာရထဲတွင် ထိုအရာရှိနေစရာ အကြောင်းမရှိသလို ယခုကဲ့သို့ ထူးဆန်းခြောက်ခြားဖွယ်ပုံစံမျိုးဖြင့် ပေါ်လာစရာ ပို၍ပင် အကြောင်းမရှိပေ။
လေထဲတွင် လွင့်မျောနေသော ဧရာမရုပ်တုကြီး၊ ပုံပျက်နေသော အလင်းတန်းများနှင့် သွေးမျက်ရည်ကျနေသော ခြင်္သေ့မျက်လုံးများ—လူသားတို့၏ ဦးနှောက်က ထိုပုံရိပ်ကို နားလည်ရန် ကြိုးစားလိုက်ချိန်တွင် ကစဉ့်ကလျားဖြစ်နေသော အချက်ပြလှိုင်းပေါင်း ဘီလီယံနှင့်ချီ၍ အာရုံကြောများထဲသို့ စီးဝင်လာပြီး အသိစိတ်ကို တုန်လှုပ်သွားစေသည်။ မိမိ၏ ဝိညာဉ်ကို မိမိ၏ အမြင်အာရုံက ပြန်လည်တိုက်စားနေသကဲ့သို့ ခံစားလိုက်ရ၏။
၎င်းသည် လင်းရှန် ငွေရောင်ကျည်ဆန်ကို မြင်ခဲ့ရစဉ်ကနှင့် လုံးဝမတူပေ။ ဤအရာမှာ လုံးဝခြားနားသော ဒိုင်နမေးရှင်းတစ်ခုမှ ရောက်ရှိလာသကဲ့သို့ ခံစားရသည်။
ဂျိန်း။
ရုတ်တရက် ကျယ်ပြောလှသော လွင်ပြင်ကြီးတစ်လျှောက် အကြောင်းရင်းမရှိသော မိုးခြိမ်းသံကြီးတစ်ချက် မြည်ဟည်းသွားသည်။ ထိုအသံမှာ ကောင်းကင်မှလာသလား သို့မဟုတ် မြေပြင်မှလာသလား မည်သူမျှ မခွဲခြားနိုင်သော်လည်း ယာဉ်တန်းအတွင်းရှိ တင်းမာနေသော အခြေအနေကို အဆုံးစွန်ထိ ရောက်သွားစေသည်။
[စနစ်မှ ပိုင်းလော့၏ အသက်ရှင်သန်မှု လက္ခဏာများကို စစ်ဆေးနေသည်...]
[အသက်ရှူနှုန်း တည်ငြိမ်သည်။ နှလုံးခုန်နှုန်း... အပူချိန်...]
[ပေါင်းစပ်ထိန်းချုပ်မှုစနစ် စတင်နေသည်...]
လင်းရှန်၏ မျက်လုံးရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ စနစ်ပြန်လည်ပတ်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။ ရွေ့လျားမှု၊ ကာကွယ်ရေး၊ ရေဒါ၊ အခြေအနေသိမြင်မှုနှင့် အသက်ကယ်အထောက်အပံ့စသည့် စနစ်မြင်ကွင်းများ တစ်ခုပြီးတစ်ခုပေါ်ထွက်လာ၏။
ရှပ်-ရှပ်-ရှပ်။
လင်းရှန်သည် ရထား၏ လိုက်ကာပြားအားလုံးကို အမြန်ပိတ်လိုက်သည်။ သူ၏နှလုံးမှာ တဒိန်းဒိန်း ခုန်နေ၏။ ထိုစဉ် ရုပ်တုကြီးမှာ ယာဉ်တန်းဘက်သို့ လှည့်လာကာ တစ်ပြိုင်နက်တည်းမှာပဲ အဆုံးမရှိ ဝေးကွာသွားသလို အဆုံးမရှိ ကျယ်ပြန့်လာသလိုဖြစ်သွားကာ ၎င်း၏ပတ်ဝန်းကျင်က အာကာသက ၎င်းဘက်သို့ ပြိုကျလာသလိုပင်။
အန္တရာယ်ကို သတိပြုမိသွားသဖြင့် လင်းရှန်သည် ဒုတိယတွဲဘက်သို့ ပြေးသွားရင်း ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ပြောလိုက်သည်။
“အားလုံးပဲ—ရထားရဲ့ ဘယ်ဘက်ခြမ်းကို လှည့်မကြည့်ကြနဲ့”
ယာဉ်တန်းခေါင်းဆောင်အားလုံး တုန်လှုပ်သွားကြပြီး သူတို့၏ အဖွဲ့သားများကို အလျင်အမြန် အမိန့်ပေးလိုက်ကြသည်၊၊
“မဖြစ်နိုင်တာ...”
ဟူလုရှို့သည် RV ယာဉ်အတွင်း၌ တစ်ချိန်လုံး ထိတ်လန့်နေခဲ့သည်။ ယခုအချိန်တွင် သူ၏မျက်နှာက လူသေကောင်ကဲ့သို့ သွေးဆုတ်သွားလေ၏။ သူသည် ပြတင်းပေါက်မှ လိုက်ကာကို ဆွဲပိတ်လိုက်သော်လည်း ခဏအကြာတွင် တုံ့ဆိုင်းသွားသည်။
နေဦး—ဒါက ညာဘက်ခြမ်း မဟုတ်လား။ သူသည် လိုက်ကာကို ပြန်ဖွင့်လိုက်ပြီး စွန့်ပစ်နယ်မြေ၏ တောင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။
“လင်းရှန်— ကြည့်လိုက်”
ဒုတိယတွဲ၏ သတင်းအချက်အလက်စင်တာတွင် ကီကီသည် မျက်လုံးအပြူးသားဖြင့် မော်နီတာကို စိုက်ကြည့်နေသည်။ သူမသည် ထိတ်လန့်လွန်းသဖြင့် ပါးစပ်အနည်းငယ် ဟသွားပြီး စကားပင် မပြောနိုင်တော့ပေ။
လင်းရှန်နှင့် ချန်ဆီရွှမ်တို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာကြရာ စောင့်ကြည့်မျက်နှာပြင်ပေါ်ရှိ ထိတ်လန့်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသည်။
Chapter 611
တွင်းနက် ဝါးမျိုခြင်း ၂
ရထား၏ ဘယ်ဘက်တွင် သံချေးရောင်ဖြစ်နေသော သဲကန္တာရကြီးမှာ နေဝင်ချိန်အောက်တွင် တောက်ပနေသော်လည်း ညာဘက်ရှိ တောင်ဘက်မိုးကုပ်စက်ဝိုင်းက ဘာသတိပေးချက်မှမရှိပဲ ပြိုကျပျက်စီးနေသည်။ စက္ကန့်ပိုင်းအတွင်း ရွှေရောင်သဲကန္တာရကြီးမှာ ကွယ်ပျောက်သွားပြီး ကောင်းကင်ယံ၌ မင်ရည်များ ဖိတ်စင်သွားသကဲ့သို့ အမှောင်ဒီရေများ ဖုံးလွှမ်းသွား၏။
မိုးကုပ်စက်ဝိုင်းအောက်မှ စေးပျစ်သော အမည်းရောင်တံတိုင်းကြီးက လေထုထဲသို့ အလွှာလိုက် ပျံ့နှံ့လာပြီး ကတ္တရာစေးများကဲ့သို့ စီးဆင်းလာကာ ပေသောင်းနှင့်ချီ၍ မြင့်တက်လာသည်။ ၎င်းသည် ရူပဗေဒနိယာမများကို ဆန့်ကျင်သော အရှိန်အဟုန်ဖြင့် သဲကန္တာရကို ဖြတ်ကျော်ဝင်ရောက်လာနေသည်။
သို့သော် ၎င်းမှာ အမည်းရောင်သက်သက် မဟုတ်ဘဲ ရေနံစိမ်းများပေါ်မှ သက်တံ့ရောင်အလင်းပြန်ခြင်းကဲ့သို့ အဆီများ တောက်ပနေ၏။ လေထုမှာ စေးကပ်ပြီး လေးလံလာသည်။ မိုးကုပ်စက်ဝိုင်းမှ အလင်းရောင်မှာ ဖျော့တော့သော အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး အမှောင်ထုက ကမ္ဘာမြေနှင့် ကောင်းကင်ကို ဝါးမျိုသွားသည်။
“ဒါ... ဒါက ဘာကြီးလဲ”
ချန်ဆီရွှမ် မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်မိသည်။
“သေစမ်း… ဒါက တွင်းနက် အမှတ် (၅) ပဲ”
လင်းရှန်၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။ သူသည် အလိုလျောက်ပင် ယန္တရားနှလုံးသားကို နှိုးလိုက်ပြီး ဝေးလ် 03E အကြီးစား ဂတ်စ်တာဘိုင်စက်ခေါင်း၊ ဝေလုံအဆင့် ဟွမ်ရှင်း 10A နှင့် အခြား စက်ခေါင်းလေးလုံးကို စွမ်းအားအပြည့် ထုတ်သုံးရန် လှုံ့ဆော်လိုက်သည်။ အနန္တရထား၏ အင်ဂျင်များမှာ သားရဲကြီးများကဲ့သို့ ဟိန်းဟောက်သွားပြီး ရထားသံလမ်းတစ်လျှောက် လိမ္မော်ရောင်မီးပွင့်များ ထွက်လာသည်အထိ ရုန်းအားမှာ ပြင်းထန်လာသည်။ ရထားကြီးတစ်ခုလုံး အရှိန်ပြင်းစွာဖြင့် စတင်ပြေးထွက်သွားသည်။
“အရှိန်အပြည့်တင်… ဒီနေရာကနေ အမြန်ထွက်ကြမယ်”
ဂျုံး—ဂျုံး—ကလန်-ကလန်
နဂါးတောင် (၁) ၏ ရထားတွဲတိုင်းမှာ ပြင်းထန်သော သတ္တုချင်းပွတ်တိုက်သံများထွက်နေသည်။ ယာဉ်တန်းအတွင်းရှိ ယာဉ်တိုင်းသည် တောင်ဘက်မှ ဧရာမအမှောင်ဒီရေကြီးကို မြင်နေရပြီ ဖြစ်သည်။ ရေဒီယိုလိုင်းများထဲတွင် အံ့သြတုန်လှုပ်သံများ၊ ဆဲဆိုသံများနှင့် ထိတ်လန့်သံများပြည့်နှက်နေလေ၏။
ရထားစက်ခေါင်းအားလုံး အစွမ်းကုန် ရုန်းကန်နေကြသည်။ မြောက်ပိုင်းလမ်းပိုင်းရှိ သံလမ်းများ ကောင်းမွန်ခြင်း ရှိ-မရှိ…မည်သူမျှ ဂရုမစိုက်နိုင်တော့ဘဲ အရေးပေါ်စွမ်းအားအပြည့်ဖြင့် မောင်းနှင်နေကြသည်။
တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ၊ ၃၀၀ ကီလိုမီတာ၊ ၃၅၀ ကီလိုမီတာ... ၄၀၀ ကီလိုမီတာ။
သံမဏိနဂါးကြီးသည် စွန့်ပစ်နယ်မြေကို ဖြတ်ကျော်၍ ကျယ်လောင်စွာ ခုတ်မောင်းပြေးလွှားနေပြီး ဖုန်မှုန့်လုံးကြီးများကို ထွက်ပေါ်စေကာ ယန္တရားသားရဲတစ်ကောင်၏ စွမ်းအားဖြင့် ရှေ့သို့ တိုးဝင်နေသည်။ ၁၅ ကီလိုမီတာ ရှည်လျားသော ယာဉ်တန်းကြီးသည် အမြင့်ဆုံးအရှိန်ဖြင့် ပြေးနေရလေပြီ၊၊
တစ်ချိန်တည်းမှာပင် ကံကြမ္မာ-သက်ရှည်၊ အာရုဏ်ဦးနှင့် အာခီစိုင်းညီအစ်ကိုများ ယာဥ်တန်းများ၏ မော်တော်ယာဉ်တန်းများကြားတွင်လည်း ရုတ်ရုတ်သဲသဲဖြစ်နေ၏။
“မောင်း—မောင်းကြ။ မြန်မြန်လုပ်”
“အပိုပစ္စည်းတွေ အကုန်လွှင့်ပစ်လိုက်။ မြန်မြန်ပြေး”
“သွားပြီ—ငါတို့တော့ သွားပြီ—”
“မင်းပါးစပ်ကို ပိတ်ထားပြီး လမ်းကိုပဲ ကြည့်မောင်း”
ရှေ့ဆုံးယာဉ်မှ လုကျောက်က ရေဒီယိုမှတစ်ဆင့် အော်ပြောလိုက်သည်။
“ဖွဲ့စည်းပုံ မပျက်စေနဲ့… ရှေ့က ကားနောက်ကိုပဲ ကပ်လိုက်”
ဂိုဘီသဲကန္တာရမှာ မြေပြင်ညီသည်ဟု ထင်ရသော်လည်း နေရာအနှံ့တွင် ချွန်ထက်သော ကျောက်တုံးများ ရှိနေသည်။ ရထားသံလမ်းဘေးရှိ ပြင်ဆင်ထားသော လမ်းသာလျှင် အဆင်ပြေဆုံး ဖြစ်သည်။ သူတို့၏ အတားအဆီးရှင်းလင်းရေးယာဉ်က လမ်းဖောက်ပေးနေခြင်း ဖြစ်သဖြင့် ယခုအချိန်တွင် ဖွဲ့စည်းပုံပျက်သွားပါက ကပ်ဘေးဆိုက်ပေလိမ့်မည်။
လုကျောက်၏ သတိပေးချက်ကြောင့် ရှေ့သို့ကျော်တက်ရန် ကြိုးစားနေသူများ ရပ်တန့်သွားကြသည်။ သူတို့သည် ရထားကြီး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အံကြိတ်ပြီး နောက်မှလိုက်ကြရုံသာ ရှိတော့သည်။
ယာဉ်တန်း ၂၂ ခုလုံး အစွမ်းကုန်မောင်းနှင်နေကြသည်။ ရထားသံလမ်းများ တုန်ခါနေလေ၏။ ကွန်ကရစ်ဇလီဖားတုံးများပင် ပြုတ်ထွက်မတတ်ဖြစ်နေသည်။ သူတို့နောက်မှ အမှောင်ဒီရေလှိုင်းကြီးသည် ပို၍ကျယ်ပြန့်လာပြီး ကြီးမားလာနေသည်။
ကြည်လင်နေသော ကောင်းကင်ကို အမှောင်ထုက ဝါးမျိုလိုက်ပြီ ဖြစ်သည်။ ဧရာမအမည်းရောင် တံတိုင်းကြီးသည် ကမ္ဘာကြီးကို လွှမ်းခြုံရန် ရှေ့သို့ တိုးဝင်လာနေ၏။
နဂါးတောင် (၁) အတွင်း၌ ရှီတိယွမ်သည် ချွေးများရွှဲနေပြီး သူ၏မျက်လုံးများမှာ အမည်းရောင်ကောင်းကင်နှင့် ရေဒါကြားတွင် ကူးချည်သန်းချည်ဖြစ်နေသည်။ သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားမိ၏။
“ဒါက တွင်းနက်ကြီး ရွေ့လျားလာတဲ့ ပုံစံပေါ့”
နန်ကျင်း၏ မျက်နှာမှာ တည်ငြိမ်ကာ တင်းမာနေသည်။ ရထားပေါ်ရှိ လူတိုင်းသည် မိမိတို့၏ တည်ရှိမှုကို ခြိမ်းခြောက်နေသော အန္တရာယ်ကို ခံစားနေရသည်။
“ဖာ့ခ်—နေဝင်ဖို့ တစ်နာရီတောင် လိုသေးတယ်” ရှီတိယွမ်က ကြိမ်းဝါးလိုက်သည်။
“ဒီလိုတွက်မရဘူး” နန်ကျင်းက ပြောသည်။
“ငါတို့ ယိကျင်းမြို့ကနေ ဝင်ရိုးစွန်းညရဲ့ အစွန်းပိုင်းကို သီသီလေးလွတ်လာခဲ့တာပဲ။ အခု တွင်းနက်အမှတ် (၅) က ငါတို့နောက်မှာ ကပ်နေပြီ”
“ဒါဆို ဒါက ဘာလို့ ဝင်ရိုးစွန်းညထက် ပိုမြန်နေတာလဲ။ ဒါက—”
ရှီတိယွမ် စကားရပ်သွားသည်။
ဘာကိုများ “ပုံမှန်” လို့ ခေါ်နိုင်ဦးမည်နည်း။
ဆက်သွယ်ရေးစက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ချီလီ ဖြစ်သည်။
“အဲဒီ အမှောင်ဒီရေက အရမ်းမြန်တယ်။ ဒီအတိုင်းဆိုရင် တစ်နာရီမပြည့်ခင် ငါတို့ အမှောင်ညထဲ ရောက်သွားလိမ့်မယ်”
“တွင်းနက်ထဲမှာ ဖြစ်နေတာကို နေဝင်တာလို့ ခေါ်လို့ရပါဦးမလား”
မိုနီကာ၏ အသံမှာ အေးစက်နေသည်။
“စိတ်ကူးယဉ်မနေနဲ့တော့။ ညမရောက်ခင် ကျွန်မတို့ ချွမ်းချန်ကို မရောက်နိုင်ဘူး။ ဒီအမှောင်ဒီရေရဲ့ အဆုံးကိုတောင် ကျွန်မတို့ မမြင်ရသေးဘူး”
ဒုတိယတွဲတွင် ကီကီနှင့် ၁၂ တွဲမှ လော့ယန်တို့သည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေကြသည်။ မျက်နှာပြင်များပေါ်တွင် အမြင်အာရုံစကင်ဖတ်စနစ်မှတစ်ဆင့် ဖမ်းယူထားသော မိုးကုပ်စက်ဝိုင်းပုံရိပ်များကို ပြသထားသည်။
“ဘယ်လိုလဲ” လင်းရှန်က အလောတကြီး မေးလိုက်သည်။
“တွက်ချက်နေတုန်းပဲ”
ကီကီ၏ လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေသည်။ လော့ယန်၏ အသံက ထွက်ပေါ်လာ၏။
“ဒီအမှောင်ထုရဲ့ ကျယ်ပြန့်နှုန်းက တစ်နာရီကို ၂၂၀ ကီလိုမီတာလောက် ရှိတယ်။ ဒီနှုန်းအတိုင်းဆိုရင် ကျနော်တို့မှာ နာရီဝက်လောက်ပဲ အချိန်ရှိတော့တယ်။ ဒါပေမဲ့ အစွန်းပိုင်းတွေက ဝါးနေလို့ တိတိကျကျတော့ မပြောနိုင်ဘူး”
လင်းရှန်သည် ချူယန်ပြောခဲ့သည်ကို သတိရသွားသည်။ ဝေမြစ်ဖြစ်ရပ်မှာ တွင်းနက် အမှတ် (၅) ၏ ပုံမှန်မဟုတ်သော ကျယ်ပြန့်လာမှုကြောင့် ဖြစ်ရခြင်းပင်၊၊ ဆိုလိုသည်မှာ တွင်းနက်တစ်ခုလုံး ရှေ့သို့ တိုးလာခြင်း မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်း ဖောင်းထွက်လာခြင်း ဖြစ်နိုင်သည်။ ၎င်းသည် ဧရာမတံတိုင်းကြီးကဲ့သို့ ထင်ရသော်လည်း အဝိုင်းပုံစံ ပြန့်လာခြင်းဖြစ်ပါက သူတို့ ပြေးနေသည့် လမ်းကြောင်းအရ အမှောင်တံတိုင်း၏ အရှိန်နှင့် အကွာအဝေးကို တွက်ချက်ရန်မှာ အလွန်အရေးကြီးသည်။
ချောက်-ချောက်-ချောက်
ကီကီ၏ အသံက တင်းမာနေသည်။
“အခု သွားနေတဲ့ အရှိန်နဲ့ လမ်းကြောင်းအရဆိုရင် တွင်းနက်ရဲ့ ကျယ်ပြန့်လာနေတဲ့ အပိုင်းက အချင်း ၁၀၀၀ ကီလိုမီတာအောက် ဒါမှမဟုတ် အနက်က ၃၅၀ ကီလိုမီတာထက် မနည်းရင် ကျွန်မတို့ လွတ်မှာ မဟုတ်ဘူး”
လင်းရှန် မျက်နှာပျက်သွားသည်။ သူသည် ထိုအချက်အလက်များကို ဆက်သွယ်ရေးလိုင်းတစ်ခုလုံးသို့ ဖြန့်ဝေလိုက်၏။
“မိုနီကာ ပြောတာ မှန်တယ်။ အဆိုးဆုံးကိုပဲ တွေးထားကြရမယ်—ငါတို့ ဝါးမျိုမခံရခင် နာရီဝက်ပဲ အချိန်ရှိတော့တယ်။ ဒီမနက်လိုပဲ ငါတို့ တိုက်ခိုက်ပြီး ထွက်ရလိမ့်မယ်”
“နာရီဝက်။ အနည်းဆုံးတော့ ပြင်ဆင်ဖို့ အချိန်ရသေးတာပေါ့”
ချီလီက ပြောသည်။
“ပြီးတော့ လူအိုကြီးမိုတို့ အဖွဲ့နဲ့ မတူတာက ကျွန်မတို့က သံလမ်းပေါ်မှာ ရှိနေတာပဲ”
မိုနီကာက ထပ်ပြောသည်။
“အနည်းဆုံးတော့ လမ်းမပျောက်နိုင်ဘူးပေါ့”
“သူဌေးဟူတို့ အဖွဲ့ကော။ သူတို့ လိုက်နိုင်သေးရဲ့လား”
“အချက်ပြလှိုင်း ရနေတုန်းပဲ။ သိပ်တော့ မဝေးဘူး”
ထိုစဉ် ဟူလုရှို့၏ အသံက ရေဒီယိုမှ ထွက်ပေါ်လာသည်။
“လူကြီးမင်းတို့—တကယ်လို့ မပြေးနိုင်တော့ဘူးဆိုရင် အရှိန်လေး နည်းနည်းလျှော့ပေးပါလား။ အကောင်တွေနဲ့ တိုးရင်တောင် ငါတို့ စုစုစည်းစည်း ရှိနေတာပေါ့”