← Chapters

အခန်း (၆၁၂-၆၁၃)

Vol. 37 Ch. 612-613

အခန်း (၆၁၂-၆၁၃)

Vol. 37 Ch. 612-613

Chapter 612

တွင်းနက် ဝါးမျိုခြင်း ၃

“ဖာ့ခ်….မရဘူး။ ဘာတွေနဲ့ တိုးမလဲ ဘယ်သူမှ မသိနိုင်ဘူး”

ရှီတိယွမ်က ပြန်အော်လိုက်သည်။

“ဒီအရှိန်နဲ့ နောက်ထပ် မိနစ် ၃၀ လောက် မောင်းရင် မင်းတို့က သိပ်အဝေးကြီးကွာမှာ မဟုတ်ဘူး”

ဟူလုရှို့၏ မျက်နှာအိုစာသွားကာ ပေါင်ကို ရိုက်ကာ ရေရွတ်လိုက်သည်၊၊

“အိုး နိုး—ငါတို့တော့ အမြောက်စာဖြစ်တော့မှာပဲ—"

(အမြောက်စာ=အခြားသူအတွက် ကိုယ်စားခံရသည်၊ ထိုးကျွေးခံရသည်)

သူ့ဘေးမှ ဆန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“သူတို့က ငါတို့အတွက်နဲ့ အရှိန်လျှော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ပြောတာ မှန်တယ်။ သံလမ်းကိုပဲ ကပ်လိုက်။ ငါတို့ တစ်ခါ လွတ်ခဲ့ဖူးတာပဲ။ အခုလည်း လွတ်မှာပါ”

ထိုစကားက ဟူလုရှို့ကို မျှော်လင့်ချက် အနည်းငယ်ပေးလိုက်သည်။ သူသည် မိုးကုပ်စက်ဝိုင်းမှ ဧရာမအမှောင်တံတိုင်းကြီးကို ကြည့်ကာ အံကြိတ်လိုက်၏။

“တောက်—ငါ့ရဲ့ နဂါးအဆင့် ကုန်တင်ယာဉ်သာရှိသေးရင် ဒီလိုနေရာကနေ ဝီခနဲ ပြေးထွက်သွားလို့ရတယ်။ အခုတော့ ဒီလို အလကားပစ္စည်းတွေနဲ့—”

ဆန်းချန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“အဲဒီယာဉ်ကြီး ဘယ်လို ပျက်သွားတာလဲ ရှင်မေ့နေပြီလား”

ဟူလုရှို့ တွန့်သွားပြီး ပါးစပ်ပိတ်ကာ ဆုတောင်းရန်သာ ထိုင်ခုံပေါ်တွင် မှီချလိုက်သည်။

အနန္တရထားပေါ်တွင် စွမ်းအားမြှင့်ဝတ်စုံကို ဝတ်ဆင်နိုင်သူတိုင်းသည် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ ရှုချင်း၊ တာလို့နှင့် PX-05 စက်ရုပ်များသည် ကျည်ဆန်သေတ္တာများကို ရထားတွဲများအနှံ့ သယ်ဆောင်နေကြသည်။ စွမ်းအားဝတ်စုံ ဝတ်ဆင်ထားပြီးသော လုရှင်းချန်သည် ရထားတွဲ၏ အစွန်းတွင် တည်ငြိမ်စွာ ရပ်နေပြီး သူ၏မျက်လုံးထဲမှ မီးတောက်များသည် အမှောင်ထုနီးကပ်လာသည်ကို ကြည့်ရင်း လှုပ်ရှားနေသည်။

“ကီကီ”

လင်းရှန်က ဒုတိယတွဲတွင် ပြောလိုက်သည်။

“ဝတ်စုံ ဝတ်ထားတော့။ တွင်းနက်ထဲမှာ ဘာရှိမလဲ မသိနိုင်ဘူး။ မင်းရဲ့ စိတ်စွမ်းအား ဒိုင်းကာက ခံနိုင်ချင်မှ ခံနိုင်လိမ့်မယ်”

ကီကီက ခေါင်းညိတ်ပြီး အထီးကျန်ဝံပုလွေ စွမ်းအားမြှင့်ဝတ်စုံကို နာခံစွာ ဝတ်လိုက်ရင်း သူမက ပြုံးလိုက်သည်၊၊

“ကျွန်မ တကယ်တော့ ဒါကို ဝတ်ကြည့်ချင်နေတာ ကြာပြီ။ အမြဲတမ်း အလုပ်ရှုပ်နေလို့သာ မဝတ်ဖြစ်တာပါ”

“ရွေ့လျားမှုစနစ်တွေက မင်းအတွက် အသုံးမဝင်ပေမဲ့ ရေဒါစနစ်နဲ့ ကာကွယ်ရေးတွေကတော့ အသုံးဝင်မှာပါ”

လင်းရှန်က ပြောသည်။

“ဟုတ်တယ်”

ထိုစဉ် ချန်ဆီရွှမ် လမ်းလျှောက်လာပြီး ပြောလိုက်သည်။

“လက်နက်တွေကို အသင့်ပြင်ပြီး ပစ်ခတ်မှုထိန်းချုပ်ရေးရေဒါကို ကြိုနှိုးထားလိုက်… စနစ်က ငါတို့ထက် ပိုမြန်တယ်”

“နားလည်ပြီ”

ကီကီသည် ချက်ချင်းပင် အလုပ်စတင်လိုက်ပြီး လျှပ်စစ်သံလိုက်အမြောက်များ၊ 1130 CIWS၊ လေကြောင်းရန်ကာကွယ်ရေးအမြောက်များနှင့် အလိုအလျောက် ဂတ်တလင်စက်သေနတ်များကို ရထားခေါင်မိုးပေါ်သို့ မြှင့်တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရထား၏ ဘေးတစ်ဖက်တစ်ချက်ရှိ Arc လျှပ်စစ်လှိုင်းစနစ်နှင့် လျှပ်စစ်ဓားသွားများကိုလည်း ဖြန့်ကျက်လိုက်၏။ အနန္တရထားတစ်ခုလုံးသည် အမြင့်ဆုံးတိုက်ပွဲဝင်အနေထားသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

“တွဲတိုင်း အခြေအနေ တင်ပြကြပါ”

လင်းရှန်က ဆက်သွယ်ရေးစက်ထဲသို့ ပြောလိုက်ပြီး မိုးကုပ်စက်ဝိုင်းမှ တိုးဝင်လာသော ဧရာမအမှောင်တံတိုင်းကြီးကို စိုက်ကြည့်နေသည်။

“တွဲ ၂၁—လျန်လေး၊ တာလို့—အသင့်ပဲ။ စိတ်မပူနဲ့ ကပ္ပတိန်လင်း”

လျန်လေးသည် သူ၏သေနတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ၏အရေပြားမှာ သတ္တုရောင်များအဖြစ် ပြောင်းလဲသွားသည်။

“တွဲ ၁၇—အားလုံး နေရာယူပြီးပြီ”

လီယီ၏ အသံ ထွက်ပေါ်လာ၏။

“တွဲ ၁၅—ငါတို့အဖွဲ့ အသင့်ဖြစ်ပြီ”

စွမ်းအားမြှင့်ဝတ်စုံဖြင့် လီကွမ်းဝမ်က အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်သည်။

“တွဲ ၁၄—အာမင်၊လိုလို အသင့်အနေထားပါ”

“တွဲ ၁၂—လော့ယန်၊ ရှောင်ပိုင် အဆင်သင့်ပဲ။ လက်နက်တွေနဲ့ ရေဒါတွေ ပွင့်နေပြီ”

“တွဲ ၉—ရှုချင်း၊ မြောင်လုနဲ့ လုချန်တို့ စောင့်နေကြတယ်”

“တွဲ ၆—ကျွန်တော်နဲ့ မီးတောက်ရှိနေတယ်။ အဆင်ပြေတယ် အစ်ကိုလင်း”

“တွဲ ၃—ကျွန်မက ရှောင်ယွမ်ပါ။ ဒါရိုက်တာတင်းနဲ့အတူ ရှိနေတယ်”

“တွဲ ၂၀—ဆယ်လီ အသင့်ပဲ”

ထိုခဏတွင် တွဲ ၂၀ ၌ ရှားရှားသည် လက်နက်အပြည့်တပ်ဆင်ထားသော ဆယ်လီစက်ရုပ်အတွင်း ထိုင်နေပြီ ဖြစ်သည်။ မီကာစက်ရုပ်ကို ထိန်းထားသော စက်ရုပ်လက်တံခြောက်ခုက ပင့်ထားပေးကာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေ၏။

ဒုတိယတွဲတွင် တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင်ထားသော လင်းရှန်၊ ချန်ဆီရွှမ်နှင့် ကီကီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။

“ထိန်းချုပ်ခန်းကို သွားကြစို့”

“အွန်”

လင်းရှန်သည် ချန်ဆီရွှမ်ကို ခေါ်၍ အနန္တရထား၏ ထိန်းချုပ်ခန်းဘက်သို့ ထွက်ခွာသွားကြသည်။

“၅၀ ကီလိုမီတာပဲ လိုတော့တယ်”

ရှီတိယွမ်၏ အသံက ဆက်သွယ်ရေးစက်မှတစ်ဆင့် ဟိန်းထွက်လာသဖြင့် လူတိုင်း တင်းမာသွားကြသည်။

၁၇:၂၉၊ ဂိုဘီသဲကန္တာရ၏ တောင်ဘက်ပိုင်း။

ဧရာမအမှောင်တံတိုင်းကြီးမှာ မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်ဝင်ရောက်လာပြီး အရာအားလုံးကို အမှောင်မုန်တိုင်းဖြင့် လျင်မြန်စွာ ဝါးမျိုလာသည်။ ဤအကွာအဝေးမှနေ၍ပင် ၎င်းအတွင်းရှိ ပုံပျက်နေသော ထူးဆန်းမှုများကို မြင်နေရပြီ ဖြစ်သည်—၎င်းမှာ အမှောင်ထုသက်သက် မဟုတ်ဘဲ အခြားသော ဂြိုဟ်တစ်ခုမှ ပျက်စီးခြင်းဒီရေကဲ့သို့ တည်ရှိသမျှ အရာအားလုံးကို ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။ အရှိန်ပြင်းစွာ မောင်းနှင်နေသော ရထားယာဉ်တန်းကြီးသည် ၎င်းထံသို့ ဦးတည်နေ၏။ ဘယ်ဘက်တွင် လိမ္မော်ရောင် နေဝင်ချိန်ရှိနေပြီး ညာဘက်တွင်မူ ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ အမှောင်လှိုင်းကြီး ရှိနေသည်။ စေးပျစ်နေသော အမည်းရောင်မုန်တိုင်းသည် သဲသောင်ပြင်များ၊ သံချေးတက်နေသော အချက်ပြတာဝါများနှင့် ကျောက်တုံးများကို တိတ်ဆိတ်စွာ ဝါးမျိုနေသည်။

“၂၀ ကီလိုမီတာ”

ဘန်း—ဘန်း

ကမ္ဘာမြေ၊ ဖုန်မှုန့်များနှင့် သံလမ်းများ အားလုံး တုန်ခါနေသည်။ ကောင်းကင်တစ်ခုလုံး မှောင်မည်းသွား၏။ နဂါးတောင် (၁) ၏ ရှေ့တွင် သဲကန္တာရမြင်ကွင်းမရှိတော့ဘဲ ကမ္ဘာကြီးတစ်ခုလုံး အက်ကွဲသွားသလို ပေပေါင်းသောင်းချီ မြင့်မားသော အမည်းရောင်ဒီရေလိုက်ကာကြီးသာရှိတော့သည်၊၊

“၁၀ ကီလိုမီတာ”

လေပြင်းများ တဝူးဝူးတိုက်ခတ်လာသည်။ ရထားဘီးများနှင့် သံလမ်းများ ပွတ်တိုက်သံမှာ ကျယ်လောင်လာပြီး ကမ္ဘာကြီး၏ အရောင်မှာ ပြောင်းလဲသွားသည်။

ထို့နောက် ရထားနှင့် အမှောင်တံတိုင်းကြားတွင် ၃ ကီလိုမီတာခန့်သာ လိုတော့ချိန်၌ ကစဥ့်ကလျားဖြစ်နေမှုအားလုံး ရုတ်တရက် ပျောက်ကွယ်သွားသည်။

အမှောင်ထုသည် သံလမ်းနှင့် ထိတွေ့လိုက်သည့် ခဏ၌ပင် သံလမ်းဘေးရှိ ကျောက်ခဲများသည် အရိပ်မထွက်တော့ဘဲ သုံးဖက်မြင်ဒိုင်နမေးရှင်း၏ စက္ကူဖြတ်ညှပ်ပုံရိပ်များကဲ့သို့ ပြားချပ်သွားသယောင် ရှိသည်။

ရထားတွဲများအတွင်းရှိ အပူချိန်တိုင်းကိရိယာမှ ပြဒါးတိုင်များ ထိုးဆင်းသွားသည်။ ထမင်းစားတွဲရှိ သံမဏိဇွန်းများပေါ်တွင် နှင်းခဲများ စတင် ဖြစ်ပေါ်လာ၏။

အပူချိန်မှာ ရေခဲချောက်နက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ချက်ချင်း ကျဆင်းသွားသည်။

ဂျစ်—ဂျစ်—ဂျစ်

ရထား၏ ဆက်သွယ်ရေးလိုင်းအားလုံးတွင် ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ လင်းရှန်၊ ရှီတိယွမ်၊ မိုနီကာ၊ ချီလီနှင့် အခြားသူများ၏ အသံများမှာ ရောထွေးကုန်ပြီး နားမလည်နိုင်အောင် ဖြစ်သွားသည်၊၊

လူပေါင်းဘီလီယံနှင့်ချီ၍ အမှောင်ထဲတွင် အော်ဟစ်ငိုကြွေးနေကြသလို… တီးတိုးပြောနေကြသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ရထားပေါ်ရှိ လျှပ်စစ်စနစ်အားလုံး—စွမ်းအားမြှင့်ဝတ်စုံများ အပါအဝင်—အလွန်မတည်ငြိမ်ဖြစ်လာကာ အချက်ပြအားလုံးတုန်ခါနေသည်၊၊

ထိန်းချုပ်ခန်းအတွင်း၌ လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် အပြင်ဘက်ရှိ ထိတ်လန့်ဖွယ် အမှောင်ထုကြီးကို စိုက်ကြည့်ကာ တုန်လှုပ်နေကြသည်။ ကောင်းကင်ကို ဖုံးကွယ်ထားသော အမည်းရောင်တံတိုင်းကြီး။

“တွင်းနက်...”

“ရောက်လာပြီ”

ကမ္ဘာကြီးကို ခွဲထုတ်လိုက်သော ထိုအမည်းရောင် လိုက်ကာကြီးက အရာအားလုံးကို လွှမ်းခြုံလိုက်သည့်အခါ—ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း ချက်ချင်း သတိပြုမိလိုက်သည်မှာ—သူတို့၏ အာရုံငါးပါးလုံးကို မခံစားရတော့ခြင်းပင်။

အမြင်၊ အကြား၊ အတွေ့…

အရာအားလုံးသည် လိမ့်ဆင်းလာသော ဖိအားတစ်ခုကြောင့် ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင်။ မည်သည့်အရာမှ မတည်ရှိတော့ပေ။

လင်းရှန်သည် မျက်လုံးဖွင့်ရန် ကြိုးစားသော်လည်း သူ၏ မျက်ခွံများ မရှိတော့သကဲ့သို့ ခံစားရသည်။ မျက်လုံးများလည်း မရှိတော့ပေ။

သူ အော်ဟစ်ရန် ကြိုးစားသော်လည်း ပါးစပ်မရှိတော့။

သူ ချန်ဆီရွှမ်ကို လှမ်းဖမ်းရန် ကြိုးစားသော်လည်း သူ၏ လက်များ မည်သည့်နေရာ ရောက်သွားမှန်း မေ့သွားခဲ့သည်။

ထို့ကြောင့် လင်းရှန်သည် သူ၏ ယန္တရားနှလုံးသားကို နှိုးရန် ကြိုးစားလိုက်သည်။

Chapter 613

အိမ်မက်ဆိုး ၁

ဝီး—ဝီး—ဝီး—

ဟင်းလင်းပြင်ထဲတွင် ယန္တရားအော်သံတစ်ခု ပိုမိုကျယ်လောင်လာသည်။ သူ ကြားလိုက်ရသည်—သူ့ယန္တရားနှလုံးသား၏ အသံကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။

ဒါက တကယ်ပဲလား။

မြင်ကွင်းက တဖြည်းဖြည်းပေါ်လာသည်၊၊ သူ့ရှေ့က မြင်ကွင်းက ပိုကျယ်လာပြီး သူ့မျက်လုံးများက မျက်နှာကနေ ထွက်ပြီး ငါးမျက်လုံးများအဖြစ် ပြောင်းလဲသွားသလို ခံစားရကာ သူ့မြင်ကွင်းက အလွန်ထူးဆန်းနေခဲ့သည်။

သူသည် အနန္တရထား၏ ထိန်းချုပ်ခန်းအတွင်းတွင် ရပ်နေဆဲ ဖြစ်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ဂိုဘီသဲကန္တာရ မရှိတော့ဘဲ ဆူပွက်နေသော ဟင်းလင်းပြင်ကြီးတစ်ခုဖြစ်နေသည်။

သူ အပြင်သို့ လှမ်းကြည့်လိုက်ရာ... နဂါးတောင် (၁) က ပျောက်ကွယ်နေသည်။

ရထားကြီးမှာ ဧရာမမျက်လုံးကြီးတစ်လုံး၏ သူငယ်အိမ်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်နေပြီး ထိုသူငယ်အိမ်မှာ ပြိုကျပျက်စီးနေသော လိုဏ်ခေါင်းကြီးတစ်ခုလိုဖြစ်နေသည်။ မျက်ဝန်းလွှာတွင် ထိုးစိုက်နေသည်က ဘေဘီလွန်မျှော်စင်များဖြစ်ပြီး တစ်ခုချင်းစီတွင် အတိတ်က စစ်ပွဲလက်ကျန်များ—သံမဏိစစ်သင်္ဘောများ၊ နျူကလီးယားမှိုတိမ်တိုက်များ၊ စက်ရုပ်အစိတ်အပိုင်းများ—သံမဏိသားရဲကြီးသည် အာကာသတွင်းနက်ထဲသို့ ဝါးမျိုခံလိုက်ရသလို အမည်မသိဒိုင်နမေးရှင်း၏ အဆုံးကို အရှိန်ဖြင့် ခုတ်မောင်းနေသည်၊၊

ဟူး—ဟူး—

ဒုတိယမြောက် သူကြားလိုက်ရသော အသံမှာ သူ၏ ကိုယ်ပိုင်အသက်ရှူသံဖြစ်သည်။ စွမ်းအားဝတ်စုံ၏ မျက်နှာဖုံးအတွင်း၌ သူသည် အာကာသထဲတွင် လွင့်မျောနေသော အာကာသယာဉ်မှူးတစ်ဦးကဲ့သို့ အသက်ကို လုရှူနေရသည်။

သို့သော် သူ၏ ခန္ဓာကိုယ်ကို သူ မမြင်ရပေ။ စွမ်းအားဝတ်စုံတွင် အချက်အလက်များလည်း မရှိ… ဘာမှမရှိတော့ပေ၊၊

ဤသည်မှာ လင်းရှန်၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ကင်းကွာသွားသည့် ထူးဆန်းသောအခြေအနေနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

ချူယန် သူ့ကို ပြောခဲ့သည်ကို သူ သတိရလိုက်သည်။

“အဲဒါကို မြင်ရင်—မကြည့်နဲ့။ နားလည်ဖို့ ကြိုးစားရင်—ယုတ္တိဗေဒတွေ အကုန်ပျက်စီးသွားလိမ့်မယ်။ ဘယ်လိုမျိုးလဲဆိုတာကို မဖော်ထုတ်နဲ့။ ကြိုးတောင်မကြိုးစားနဲ့”

သူ့တစ်ကိုယ်လုံး စိမ့်တတ်သွားသည်။ သူသည် မျက်လုံးကို တင်းကျပ်စွာပိတ်လိုက်ပြီး အာရုံငါးပါးနှင့် ပြန်လည်ဆက်သွယ်ရန် အသည်းအသန်ကြိုးစားလိုက်သည်—အသိစိတ်ဝေဝါးလာခြင်းကို ရပ်တန့်ရန် ဖိအားပေးကာ တားဆီးလိုက်သည်၊၊

ထို့နောက်—သူ ခံစားလိုက်ရသည်။ သူ၏ ခြေလက်များ…. သူ၏ ခန္ဓာကိုယ်…

ပြီးတော့ အသံများ... အဝေးမှနေ၍ အမှောင်ထဲသို့ တိုးဝင်လာနေသည်။

တီ-တီ။ တီ-တီ။

[သတိပေးချက်—ကိုယ်အပူချိန် ကျဆင်းနေသည်။ ကိုယ်အပူချိန် ကျဆင်းနေသည်...]

ဝူး—

ရုတ်တရက် သူ၏ လက်ပတ်နာရီမှာ အချက်ပေးလာပြီး ချပ်ဝတ်တန်ဆာ၏ အချက်ပေးသံများ မြည်ဟည်းလာကာ ဝေးလ် 03E စက်ခေါင်းကြီး ပြန်နိုးထလာသည်။

၎င်းတို့က လင်းရှန်ကို လက်တွေ့ဘဝသို့ ပြန်လည်ဆွဲခေါ်လိုက်ခြင်း ဖြစ်သည်။

ဝုန်း

သူ၏ဦးနှောက်သည် ပြင်းထန်သော အလေးချိန်မဲ့မှုကို ခံစားလိုက်ရသည်။

ထို့နောက်—တိုက်မိသံ။

ဝုန်း။

လင်းရှန် သိလိုက်ရသည်မှာ—ရထားက လမ်းချော်သွားခြင်း ဖြစ်သည်။

သို့သော် ၎င်းမှာ ယုတ္တိမရှိပေ။ ဂိုဘီသဲကန္တာရမှာ မြေပြန့်ကြီး ဖြစ်သည်။

ဘာကြောင့် အလေးချိန်မဲ့ခြင်းကို ခံစားနေရသနည်း။

စဉ်းစားရန် အချိန်မရှိပေ။ ခေါင်းတွဲကြီး စောင်းသွားသည်ကို ခံစားလိုက်ရသည့်အချိန်တွင် သူ၏ အာရုံခံစားမှုများ ပြန်လည်ရောက်ရှိလာသည်။

ရှေ့ဘက်တွင် နဂါးတောင် (၁) ၏ ရထားတွဲမှာ သတ္တုများ တွန့်လိမ်သွားသဖြင့် ကျယ်လောင်စွာ အသံမြည်နေသည်။

ရထားတွဲအတွင်း၌မူ လေယာဉ်ပျက်ကျသကဲ့သို့ အသံများ ထွက်ပေါ်နေ၏။

ဝေးလ် 03E ၏ ရှေ့မီးကြီးများက တဖျတ်ဖျတ်ဖြစ်နေသည်။

လင်းရှန် မြင်လိုက်ရသည်မှာ—နဂါးတောင် (၁) ၏ ရထားတွဲများမှာ အထက်သို့ စောင်းတက်နေခြင်း ဖြစ်သည်။

သူ၏ နားကြပ်ထဲတွင် အော်ဟစ်သံများ ပြည့်နှက်သွားသည်။

“အားးး”

“ဘာတွေ ဖြစ်ကုန်တာလဲ”

“ရထားတွဲတွေ ပျက်ကုန်ပြီ”

“အားးး—”

ဖတ်

တစ်စုံတစ်ယောက်က သူ့ကို လှမ်းဖမ်းလိုက်သည်။ သူ လှည့်ကြည့်လိုက်ရာ—၎င်းမှာ ချန်ဆီရွှမ် ဖြစ်ပြီး သူမသည် လက်တန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။

“လင်းရှန်” သူမက အော်ပြောလိုက်သည်။

သူသည် သူမကို လက်တစ်ဖက်ဖြင့် ဖမ်းလိုက်ပြီး အင်ဂျင်ကို နှိုးရန် ယန္တရားနှလုံးသားကို ချက်ချင်း နှိုးဆော်လိုက်သည်။

မော်တာများ လှုပ်ရှားသွားသည်။

သို့သော်—ရထားဘီးများမှာ လေထဲတွင် လည်နေသည်။

ရထားက သံလမ်းပေါ်တွင် မရှိတော့ပေ။

ကလန် ကလန် ကလန်

သူတို့နောက်ဘက်ရှိ ရထားတွဲများမှ သတ္တုများ ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။

လင်းရှန်သည် ပြတင်းပေါက်ကို လက်ဖြင့် ရိုက်လိုက်ပြီး အပြင်ဘက်သို့ ဒရုန်းအသေးစားလေးတစ်ခုကို လွှတ်တင်လိုက်သည်။

ဒရုန်းမှာ အထက်သို့ တက်သွားပြီး—ထို့နောက် ၎င်း၏ ကင်မရာမှတစ်ဆင့်—လင်းရှန်သည် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ပေါင်းစည်းရထားယာဉ်တန်းကြီးတစ်ခုလုံး လမ်းချော်သွားပြီဖြစ်သည်။

နဂါးတောင် (၁)၊ အနန္တရထား၊ ဘုရင်မ မိုနီကာနှင့် ဂျိုကာယာဉ်တန်း အားလုံးသည် အမည်းရောင်မြေပြင်ပေါ်တွင် တိမ်းစောင်းပျက်စီးနေကြသည်။

၎င်းတို့ မှောက်မသွားသော်လည်း ရထားတွဲအများအပြား ပျက်စီးနေသည်။

မီးများ တဖျပ်ဖျပ်ဖြစ်နေကာ ရထားတစ်စင်းလုံးရှိ စွမ်းအင်စနစ်များမှ ပြင်းထန်သော လျှပ်စစ်လှိုင်းများဖြစ်ပေါ်နေသည်။

ပို၍ ဆိုးသည်မှာ—ရထားဘေးပတ်လည်တွင် အဆုံးမရှိသော မှောင်မည်းနေသည့် တောအုပ်ကြီး ရှိနေခြင်းပင်။

မရေတွက်နိုင်သော သစ်ပင်များသည် ရထားကြောင့် ကျိုးပဲ့ကြေမွကုန်သည်။

ကျိုးပဲ့နေသော သစ်ကိုင်းများမှာ ပျက်စီးနေသည့် ပြတင်းပေါက်များတွင် အတွင်းသို့ ထိုးစိုက်နေသည်က အမှောင်ညအောက်တွင် အလွန်အန္တရာယ်ရှိနေသည်၊၊

လင်းရှန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဒရုန်းကို ပို၍ မြှင့်တင်လိုက်သည်။

ဒရုန်းမှာ အထက်သို့ တက်သွားသည်နှင့်အမျှ ကင်မရာက မှိန်ဖျော့ပြီး ဝါးသွားကာ သူ မြင်လိုက်ရသည်မှာ—

မော်တော်ယာဉ်များနှင့် ရထားတွဲများသည် မှောင်မိုက်နေသည့် တောအုပ်ကြီးအတွင်း ကီလိုမီတာပေါင်းများစွာ အကွာအဝေးထိ ပျံ့ကျဲနေပြီး မီးများ မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေကြခြင်းပင်….

အမှောင်ထု၏ ဝါးမျိုခြင်း….

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရှန်၏ မျက်နှာအမူယာ တင်းမာသွား ချက်ချင်း ပြောလိုက်သည်။

“... ဒါက အနောက်ဘက် ဂိုဘီသဲကန္တာရ မဟုတ်ဘူး”

ပြီးတော့ အမှောင်ထု ဖုံးလွှမ်းနေတဲ့ တောအုပ်ကြီးရဲ့ တစ်နေရာမှ—

ထူးဆန်းသည့် အသံများသည် သစ်ပင်များကြားထဲမှ ထွက်ပေါ်လာနေသည်။

အမှောင်ထဲမှ စူးရှသည့် အော်ဟစ်သံတွေ ပဲ့တင်ထပ်လာသည်၊၊

ထူးဆန်းသည့်အရာများ ရောက်ရှိလာလေပြီ။

….

အမှောင်တောအုပ်ထဲတွင် ဆန်းကြယ်စွာပေါ်လာသော ရထားတစ်စင်းသည် သစ်ပင်များပေါ်၌ ကန့်လန့်ဖြတ်တည်ရှိနေ၏၊၊ ထောင်ပေါင်းများစွာသော သစ်ပင်များမှာ ကြိတ်ခြေဖျက်ဆီးခံထားရပြီး ရထားတွဲအသီးသီးမှ တဂျစ်ဂျစ်မြည်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်၊၊ ဤခေတ်မီစက်မှုလုပ်ငန်းသုံး စက်ယန္တရားကြီးသည် မည်သည့်သတိပေးချက်မှမရှိဘဲ ဤနေရာ၌ ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်၏၊၊

လင်းရှန်သည် ဒရုန်းကို အသုံးပြု၍ အဝေးသို့ ကြည့်ရန် ကြိုးစားသော်လည်း အမှောင်ထု၏ ကာဆီးမှုအောက်တွင် တောင်တန်းအချို့၏ အသွင်သဏ္ဌာန်ကိုသာ ခပ်ရေးရေးမြင်တွေ့ရသည်၊၊ ထူထပ်သော အနက်ရောင်မြူများ၏ အမြင်အာရုံလှည့်စားမှုကြောင့် အဝေးရှိ တောင်တန်းကြီးများမှာ ဖြည်းညင်းစွာ တွန့်လိမ်နေသကဲ့သို့ ရှိပြီး အရိပ်များသည် မြူထုအတွင်း ပျော်ဝင်သွားလိုက် ပြန်လည်ဖြစ်ပေါ်လာလိုက် ဖြစ်နေ၏၊၊ ကောင်းကင်ကြီးမှာ ကြယ်ရောင်မရှိ၊ လရောင်မရှိဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းသော အပြာရောင်သန်းနေသောကြောင့် မြေပြင်အနေအထားနှင့် အရပ်မျက်နှာကို ခွဲခြားရန် ခက်ခဲလှသည်၊၊

လင်းရှန်သည် သတိလွတ်နေသည့် အခြေအနေမှ ပထမဆုံးနိုးထလာသူဖြစ်ပုံရ၏၊၊ သူသည် ချန်ဆီရွှမ်ကို လှမ်းဆွဲပြီး ဒရုန်းမှတစ်ဆင့် လက်ရှိအခြေအနေကို စစ်ဆေးနေစဉ် အခြားသူများသည်လည်း ထိတ်လန့်တုန်လှုပ်မှုမှ သတိပြန်ဝင်လာကြသည်၊၊ သို့မဟုတ်... နိုးထလာကြသည်ဟု ဆိုရမည်ဖြစ်၏၊၊

[ကြီးမားသော အမှောင်ကြောက်ရွံ့မှု စွမ်းအင် ကျူးကျော်မှုကို ရှာဖွေတွေ့ရှိသည်]

ကုဗတုံး၏ သတိပေးသံမှာ အဆက်မပြတ် မြည်ဟည်းနေ၏၊၊

ဂျစ်... ဂျစ်...

ဆက်သွယ်ရေးစက်အတွင်း အနန္တ ရထား၏ အတွင်းပိုင်းလှိုင်းနှုန်းမှာ နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်၊၊ ကီကီသည် ရှေ့ဆုံးတွဲသို့ ပြေးဝင်လာပြီး လင်းရှန်နှင့် ချန်ဆီရွှမ်တို့ကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်၏၊၊

“ရှင်တို့နှစ်ယောက် အဆင်ပြေရဲ့လား”

“တခြားလူတွေရော ဘယ်လိုလဲ”

လင်းရှန်သည် ကီကီကို မြင်သည်နှင့် အခြားတွဲများသို့ ချက်ချင်း ဆက်သွယ်လိုက်သည်၊၊

“အဆင်ပြေတယ်”

“ကျွန်တော်တို့အားလုံး ဘာမှမဖြစ်ဘူး”

“နောက်တွဲ လုံခြုံပါတယ်”

ခဏချင်းတွင် အနန္တ ရထားတွဲအားလုံးမှ သတင်းစကားများ ရောက်ရှိလာပြီး ဆက်သွယ်ရေးစက်အတွင်း ဆူညံသွားသည်၊၊ အားလုံးသည် ထိုကြောက်မက်ဖွယ် ထင်ယောင်ထင်မှားအခြေနေက ယခုမှပင် ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှား၏၊၊

“အစ်ကိုရှီ ခင်ဗျားတို့ဘက်က အခြေအနေ ဘယ်လိုလဲ”

အနန္တ ရထား၏ အခြေအနေကို အတည်ပြုပြီးနောက် လင်းရှန်သည် အခြားယာဥ်တန်းများကို စုံစမ်းမေးမြန်းလိုက်သည်၊၊

လိုင်းများ ပြတ်တောက်နေသည့် ကြားမှ နဂါးတောင် (၁) ထံမှ ဆက်သွယ်ရေးစက်အတွင်း ပထမဆုံးကြားလိုက်ရသည့်အသံမှာ သေနတ်ပစ်ခတ်သံများ ဖြစ်နေ၏၊၊

ဒိုင်း ဒိုင်း ဒိုင်း

တစ်ချိန်တည်းမှာပင် အခြားအဖွဲ့များထံမှလည်း သေနတ်သံများ၊ အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများကြားမှ ဆက်တိုက် သတင်းပို့လာကြသည်၊၊

All Chapters