အခန်း (၆၁၄-၆၁၅)
Vol. 37 Ch. 614-615
Chapter 614
အိမ်မက်ဆိုး ၂
“အမှောင်သန္ဓေပြောင်းမှုပဲ”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏၊၊
“အဖိုးကြီးချန် မလုပ်နဲ့လေ”
“သူ့ကို မြန်မြန်သတ်လိုက်ကြ”
“ရထားတွဲက ထိန်းချုပ်မရတော့ဘူး ချိတ်ပိတ်လိုက်တော့”
ဘန်း ဘန်း ဒိုင်း ဒိုင်း ဒိုင်း
“သတိထားကြဦး ငါတို့လူတွေလေ”
ခဏချင်းတွင် နာကျင်စွာ အော်ဟစ်ညည်းညူသံများနှင့် အော်သံများမှာ အများသုံးလိုင်းတွင် ပျံ့နှံ့သွားပြီး အမှောင်သန္ဓေပြောင်းမှုသည် အတွင်းပိုင်း၌ ပေါက်ကွဲထွက်လာပြီ ဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်၊၊
“ရထားတွဲအားလုံးကို ပိတ်ကြ… အတွင်းပိုင်းမှာပဲ ရှင်းထုတ်မယ်”
နဂါးတောင် (၁) ဘက်တွင် ရှီတိယွမ်သည် နန်ကျင်းနှင့် လူတစ်စုကို ဦးဆောင်ကာ ရထားတွဲတစ်ခုချင်းစီသို့ အပြေးအလွှား သွားရောက်၍ အတွင်းပိုင်း သန္ဓေပြောင်းမှုများကို ရှင်းလင်းကာ ထိတ်လန့်မှုများကို ဖြေရှင်းနေသည်၊၊ သူသည် တစ်ချိန်က ရင်းနှီးခဲ့သော၊ ချစ်ခင်ခဲ့သော လူများကို ကိုယ်တိုင် သေနတ်ဖြင့် ပစ်သတ်နေရခြင်း ဖြစ်၏၊၊
တစ်ချိန်တည်းမှာပင် သူသည် ကပ္ပတိန်လိုင်းမှ အော်ပြောလိုက်သည်၊၊
“လင်းရှန်နဲ့ တခြားအဖွဲ့တွေ သတိထား… ဒီမှာ စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုနှုန်းက အမြင့်ဆုံးကို ရောက်နေပြီ… အတွင်းပိုင်းပြဿနာကို မြန်မြန်ရှင်းကြ….ထူးဆန်းတဲ့ သတ္တဝါတွေ ချဉ်းကပ်လာနေပြီဆိုတာ သေချာတယ်”
ဂျိုကာအဖွဲ့ဘက်တွင်လည်း ချီလီသည် လျင်မြန်စွာ လှုပ်ရှားနေ၏၊၊ ရွှေရောင်အလင်းတန်းတစ်ခုသည် ရထားတွဲများအတွင်း ဖြတ်သန်းသွားပြီး သန္ဓေပြောင်းသွားသော အဖွဲ့ဝင်အချို့၏ လည်ပင်းများကို အေးစက် ပြတ်သားစွာ ချိုးပစ်လိုက်သည်၊၊ ဤသို့သော အခြေအနေမျိုးတွင် သူ၏အရှိန်မှာ အမြန်ဆုံးဖြစ်ပြီး လူတိုင်းမှာ မိမိတို့ခေါင်းဆောင် ကိုယ်တိုင်သတ်လိုက်ရသော ရဲဘော်ရဲဘက်များကို ကြည့်ကာ တည်ငြိမ်နေကြသည်၊၊ ဂျိုကာအဖွဲ့တွင် သန္ဓေပြောင်းခြင်းသည် သေခြင်းတရားပင် ဖြစ်သော်လည်း မိမိ၏ သန္ဓေပြောင်းမှုကြောင့် မိမိလူကို ပြန်ဒုက္ခပေးခြင်းမှာသာ အစစ်အမှန် အရှက်ရစရာဖြစ်ကြောင်း အားလုံးက နားလည်ထားကြပြီးဖြစ်၏၊၊
“ငါတို့ ရှင်းပြီးသွားပြီ…. အခု ပြဿနာက ငါတို့ လမ်းချော်နေပုံရတာပဲ”
ချီလီသည် သေဆုံးသွားသော စားဖိုမှူးကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်၊၊
ဘုရင်မ မိုနီကာရထားတွင်လည်း ပြဿနာများစွာ ကြုံတွေ့နေရသော်လည်း မိုနီကာ၏ လက်အောက်ငယ်သားများမှာ သူမ၏ ထိန်းချုပ်မှုစနစ်နှင့် ချိတ်ဆက်ထားသော စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသည်၊၊ မည်သူမဆို၏ နှလုံးခုန်နှုန်း သို့မဟုတ် အသက်ရှင်သန်မှု အခြေအနေ မူမမှန်ပါက သတိပေးချက် ချက်ချင်း တက်လာမည် ဖြစ်ပြီး ဝတ်စုံ၏ စနစ်ကို ပိတ်ချကာ လက်နက်သုံးခြင်း သို့မဟုတ် ရဲဘော်များကို တိုက်ခိုက်ခြင်း မပြုနိုင်ရန် တားဆီးပြီးမှ ရှင်းလင်းခြင်း ခံရမည် ဖြစ်သည်၊၊
သို့သော်လည်း သူမ၏ ရထားတွဲတစ်ခုတွင် ရှီတိယွမ်ဆီမှ တောင်းထားသော အမျိုးသမီးတစ်ဒါဇင်ခန့် ရှိနေပြီး ထိုသူများအနက် သုံးဦး သန္ဓေပြောင်းသွားကာ မိုနီကာ မရှင်းလင်းနိုင်မီ အခြားနှစ်ဦးကို ကိုက်သတ်လိုက်ကြ၏၊၊
မိုနီကာသည် ရထားပတ်ဝန်းကျင်၏ ဟိုလိုဂရမ်မြင်ကွင်းကို ကြည့်ရင်း လျင်မြန်စွာ ပြောလိုက်သည်၊၊
“သူဌေးဟူ ဘာလို့ လမ်းပျောက်သွားလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်မ သိပြီ….တွင်းနက်ကြီးက ကျွန်မတို့ကို တခြားအာကာသ သို့မဟုတ် တခြားနယ်မြေထဲ တိုက်ရိုက်ဆွဲသွင်းလိုက်ပုံရတယ်”
အနန္တ ရထားပေါ်တွင်မူ လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် ကီကီနှင့်အတူ နောက်တွဲများဆီသို့ ပြေးသွားကြသည်၊၊ ထူးဆန်းသော စွမ်းအားကြောင့် နံပါတ် (၃) တွဲရှိ တင်းကျန်းရီလည်း လန့်နိုးလာ၏၊၊ သူမသည် လင်းရှန်နောက်သို့ လိုက်လာပြီး ပြတင်းပေါက်ကြားမှ အပြင်ကမ္ဘာကို လှမ်းကြည့်ကာ ပြောလိုက်သည်၊၊
“တွင်းနက်က စကြဝဠာတွင်းနက်တစ်ခုလိုမျိုး ထူးခြားတဲ့ အမှတ်သားတစ်ခုဖြစ်နေတာလား… ဂိုဘီသဲကန္တာရနဲ့ အနီးဆုံးတောအုပ်က အနည်းဆုံး ကီလိုမီတာ ၄၀၀၀ လောက် ဝေးတယ်… ဒါက တကယ်မယုံနိုင်စရာပဲ”
“ကပ္ပတိန်လင်း”
ရှုချင်းသည် လော့ယန်၊ လုချန်၊ လူအိုကြီးမိုနှင့် စွန်းယုကျန်းတို့ကို ခေါ်ကာ အပြေးရောက်လာသည်၊၊
“ကပ္ပတိန်လင်း ဒါ ငါတို့ အရင်က ကြုံခဲ့ရတဲ့ အခြေအနေမျိုးပဲ”
ဆေးကုသမှု ခံယူနေဆဲဖြစ်သော လူအိုကြီးမိုက ထိတ်လန့်နေသော မျက်နှာဖြင့် အော်ဟစ်လိုက်၏၊၊
“ဒီကနေ မြန်မြန် ထွက်သွားရမယ်၊ မဟုတ်ရင်...”
ဝုန်း
သူ စကားမဆုံးမီ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်၊၊ ထိုအရှိန်မှာ နောက်ဘက်ရှိ အခြားအဖွဲ့များထံမှ လာပုံရပြီး ရှေ့ရှိ ရထားတွဲအားလုံးကို နောက်သို့ အားဖြင့် ဆွဲချသွားသဖြင့် လင်းရှန်နှင့် အခြားသူများ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားကြ၏၊၊
“ဘာဖြစ်တာလဲ”
“အမှောင်သတ္တဝါပဲ”
ဝုန်း ဝုန်း ဝုန်း
ပြင်းထန်သော ရိုက်ခတ်မှုများ ကျရောက်လာပြီး မှောင်မိုက်နေသော တောအုပ်အတွင်း၌ ကြက်သီးထဖွယ် ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်၊၊ အမည်မသိ သတ္တဝါများစွာသည် ပူးပေါင်းရထားကြီးဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသကဲ့သို့ပင်၊၊
“နောက်ဆုံးက အဖွဲ့တွေ ရေထဲကျသွားပြီ”
“ရေထဲကျတယ် ဟုတ်လား”
“ကပ္ပတိန်လင်း... ကျွန်တော်တို့အဖွဲ့တွေ... အားလုံး ရွှံ့နွံထဲမှာ ပိတ်မိနေပြီ၊ နောက်က သမုဒ္ဒရာနဲ့ ကြက်တူရွေး ရထားတွဲတွေ ရေကန်ထဲ နစ်သွားပြီ”
နှင်းဆီနီအဖွဲ့ခေါင်းဆောင် ကျိဟုန်သည် စောင်းနေသော ရထားတွဲအတွင်း ရပ်နေရင်း အပြင်ဘက်ရှိ ရွှံ့နွံများအတွင်းမှ တွန့်လိမ်နေသော ထူးဆန်းသည့် လက်တံများစွာနှင့် ရထားတွဲပေါ်သို့ တွားတက်လာနေသော အမည်မဖော်ပြနိုင်သည့် သတ္တဝါဆိုးများကို ကြည့်ကာ ထိတ်လန့်မှုကို ထိန်းချုပ်ရင်း ရှေ့ရှိအဖွဲ့များသို့ သတင်းပို့လိုက်သည်၊၊
ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက်
ဤအချိန်တွင် ပူးပေါင်းယာဉ်တန်းအတွင်းရှိ ရထားတွဲရာပေါင်းများစွာသည် အတွင်းပိုင်း ခြိမ်းခြောက်မှုများကို မရှင်းလင်းနိုင်သေးမီ အပြင်ဘက်၌ တိုက်ခိုက်မှုများ စတင်ဖြစ်ပွားနေပြီ ဖြစ်၏၊၊ သတိပေးသံများနှင့် အော်ဟစ်သံများမှာ နေရာအနှံ့ပဲ့တင်ထပ်နေသည်၊၊ အနန္တ ရထားပေါ်ရှိ လက်နက်ကြီးအားလုံးသည် အလိုအလျောက် စတင်အလုပ်လုပ်နေပြီး လျှပ်စစ်သံလိုက်အမြောက်များနှင့် 1130 CIWS တို့မှ ကျည်ဆန်မိုးများ ရွာချနေပြီ ဖြစ်၏၊၊
နှင်းဆီနီအဖွဲ့မှ စတင်ကာ ရထားတန်း၏ သုံးပုံတစ်ပုံခန့်မှာ ရွှံ့နွံအတွင်း ပိတ်မိနေပြီဖြစ်ပြီး သမုဒ္ဒရာနှင့် ကြက်တူရွေး ရထားတွဲသုံးဆယ်ကျော်မှာ ရေဝင်လာကာ ရေနက်ပိုင်းသို့ နစ်မြုပ်နေပြီ ဖြစ်သည်၊၊
ကြီးမားသော ရေကန်ကြီးတစ်ကန်….
ပူးပေါင်းရထားကြီး ရောက်ရှိနေသည့် နေရာမှာ ထိုရေကန်၏ အစပ်တွင်ဖြစ်သည်၊၊
“ငါတို့အတွဲထဲ ရေဝင်နေပြီ… ကယ်ကြပါဦး”
“ငါတို့ ဘာလုပ်ကြမလဲ”
“ရထားတံခါးတွေဖွင့်… အားလုံး အပြင်ကို ကူးထွက်ကြ”
သမုဒ္ဒရာရထား၏ ကပ္ပတိန်က လျင်မြန်စွာဆုံးဖြတ်လိုက်သော်လည်း ထိုအချိန်တွင် ရထားတွဲတစ်ခုလုံးမှာ ရေတစ်ဝက်နစ်နေပြီ ဖြစ်ပြီး အမည်းရောင်ရေများမှာ အဆက်မပြတ်စီးဝင်နေသည်၊၊ နူကလီးယားစွမ်းအင်သုံးတွဲပင် ရေဝင်လာကာ ရထား၏ လျှပ်စစ်စနစ်များ မတည်မငြိမ်ဖြစ်ကာ အလိုအလျောက် အဆို့ရှင်များအားလုံး ပိတ်ဆို့နေပြီ ဖြစ်၏၊၊
သူသည် စွမ်းအားရှင်များကို ခေါ်ယူ၍ ရထားတွဲတံခါးများကို လက်ဖြင့် အတင်းဖိအားပေး ဖွင့်ခိုင်းလိုက်သည်၊၊ သို့သော် ထိုအချိန်တွင် ရထားပြင်ပ၌ မြွေကြီးတစ်ကောင်ကဲ့သို့ ကြီးမားသော အရိပ်မည်းကြီးတစ်ခု လျှပ်ခနဲ ဖြတ်သန်းသွား၏၊၊ တဖျပ်ဖျပ်ဖြစ်နေသော မီးရောင်အောက်တွင် စိမ်းပုပ်ရောင် အကြေးခွံများစွာကို မြင်တွေ့ရပြီး ၎င်းမှာ အမည်းရောင်ရေများအောက်ရှိ ထိတ်လန့်ဖွယ်သတ္တဝါကြီးတစ်ကောင် ဖြစ်ပုံရကာ ရေလှိုင်းကြီးများကို ဖြစ်ပေါ်စေသည်၊၊
ဘုန်း ဘုန်း၊၊
ဒုတိယအကြိမ် ထိခိုက်သံ ထွက်ပေါ်လာသည်၊၊ နောက်ဆုံးတွဲမှာ တစ်စုံတစ်ခု၏ ရစ်ပတ်ခြင်း ခံလိုက်ရသကဲ့သို့ အတွင်းသို့ ရှုံ့ဝင်ချိုင့်သွားပြီး ရထားတွဲတစ်ခုလုံးကို ရှေ့နောက် ယိမ်းထိုးသွားစေကာ ရေများမှာ နောက်တွဲများဆီသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသဖြင့် လူများ မတ်တပ်ရပ်ရန်ပင် မဖြစ်နိုင်တော့ပေ၊၊
ကြီးမားသော ဆွဲအားဖြင့် ပူးပေါင်းရထားကြီးမှာ နောက်သို့ တရွတ်တိုက် ပါသွားနေသည်၊၊ ရေကန်အောက်ရှိ အမည်မသိသတ္တဝါကြီးတစ်ကောင်က ရေထဲသို့ ဆွဲချနေသကဲ့သို့ပင် ဖြစ်၏၊၊
တစ်ချိန်တည်းမှာပင် တောအုပ်အတွင်းမှ ဝိုးတဝါးပုံသဏ္ဌာန်များစွာသည် ပူးပေါင်းရထားဆီသို့ စုပြုံတိုးဝင်လာကြသည်၊၊ ယာဉ်တန်း၏ လက်နက်စနစ်အားလုံးမှာ အလုပ်လုပ်နေကာ သေနတ်သံနှင့် အမြောက်သံများသည် တိတ်ဆိတ်သောတောအုပ်အတွင်း ဟိန်းထွက်နေ၏၊၊
“ငါတို့ နောက်ပြန် ရွေ့နေပြီ”
“တစ်ခုခုက ငါတို့ကို ရေထဲ ဆွဲချနေတယ်”
ဝူး ဝူး... ယာဉ်တန်းရှိ ရထားများ၏ အင်ဂျင်များအားလုံး ဟိန်းဟောက်နေသော်လည်း သံမဏိဘီးများသည် ရွှံ့နွံနှင့် ဗွက်များအတွင်း ဆွဲအားမရနိုင်ဘဲ ဖြစ်နေသည်၊၊
ထိုအချိန်တွင် ရှီတိယွမ်က အော်ဟစ်လိုက်သည်၊၊
“မိုနီကာ... မင်းနဲ့ ငါ့ရဲ့ မြေမျက်နှာပြင်မရွေးသွားနိုင်တဲ့ ရထားအင်ဂျင်တွေ အားလုံးကို ပြောင်းလိုက်… ယာဉ်တန်းကို အရင်ဆုံး ဆွဲတင်ဖို့ ကြိုးစားကြည့်ရအောင်”
“ကောင်းပြီ”
Chapter 615
အိမ်မက်ဆိုး ၃
ထိုစကားကို ကြားသည်နှင့် ပူးပေါင်းရထားရှိ မြေမျက်နှာပြင်မရွေး သွားနိုင်သော အင်ဂျင်နှစ်လုံးသည် ချက်ချင်းပင် လည်ပတ်အားမြှင့်တင်လိုက်ကြသည်၊၊ ခဏချင်းပင် မြေကြီးများနှင့် သစ်ခေါက်များ လွင့်စင်သွားပြီး နောက်သို့ပါနေမှုကို အနည်းငယ်ထိန်းထားနိုင်သော်လည်း တောအုပ်မြေပြင်မှာ ပျော့ပြောင်းသော မြေဆွေးများ ဖြစ်နေသဖြင့် ထိရောက်မှု သိပ်မရှိလှပေ၊၊
“မရဘူး… ရထားလမ်းချပြီး ဆွဲမှ ရမယ်”
ထိုအချိန်တွင် လင်းရှန်က ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ပြောလိုက်သည်၊၊ ကီလိုမီတာ ၁၀ ကျော် ရှည်လျားပြီး ရွှံ့နွံထဲ နစ်နေသော ရထားကြီးကို မြေပြင်သွားယာဉ်နှစ်စီးတည်းဖြင့် ဆွဲရန်မှာ မဖြစ်နိုင်ပေ၊၊ တစ်ခုတည်းသော နည်းလမ်းမှာ ရထားတွဲ တစ်ခုချင်းစီအောက်၌ ရထားလမ်းအသစ်များ ခင်းပေးကာ ရထား၏ အလေးချိန်နှင့် ရထားလမ်းပွတ်တိုက်အားကို အသုံးပြု၍ ဆွဲတင်ရန်ပင် ဖြစ်၏၊၊ လိုအပ်ပါက ရထားလမ်းများ ပို၍ခင်းရမည်၊၊ ဤနည်းဖြင့်သာ အင်ဂျင်၏ စွမ်းအားကို အပြည့်အဝကို အသုံးချနိုင်မည်ဖြစ်သည်၊၊
လင်းရှန် စကားပြောပြီးသည်နှင့် ကီကီတို့နှင့် နည်းဗျူဟာကို ချက်ချင်း ဆွေးနွေးလိုက်သည်၊၊
“ငါတို့ ရထားလမ်းတွေ ထုတ်လုပ်ပြီး ရထားတွဲတွေအောက်မှာ ထည့်မယ်… ပြီးရင် နေရာမှန်ပြန်ရောက်အောင် လမ်းညွှန်ပြီး ဆွဲမယ်ဆိုရင် အဆင်ပြေမယ် ထင်တယ်”
“ဒါပေမဲ့ ဒီလောက် ရှည်တဲ့ လမ်းကို ခင်းဖို့က မလွယ်ဘူး…. ဆွဲအားမလောက်ဘဲ ချော်သွားလိမ့်မယ်”
ကီကီက ပြောလိုက်သည်၊၊
“ဟုတ်တယ်၊ မဟုတ်ရင် ထရပ်ကားတွေမှာ ချိတ်တွေတပ်ပြီး ကြိုးစားကြည့်လို့ ရမလား...” ရှုချင်းက ဝင်ပြော၏၊၊
“မဖြစ်နိုင်ဘူး… ရထားတွဲ ၅၀၀ ကျော်တောင် ပိတ်မိနေတာ.. ဘယ်ကားဆွဲချိတ်က တန်သောင်းနဲ့ချီတဲ့ အလေးချိန်ကို ဆွဲနိုင်မှာလဲ”
လော့ယန်က ခေါင်းခါလိုက်သည်၊၊
ယခုမှာ အလွန်အရေးကြီးနေပြီဖြစ်ပြီး ပြင်းထန်သောတိုက်ခိုက်မှုများ ရောက်ရှိလာနေသဖြင့် ဆွေးနွေးနေရန် အချိန်မရှိတော့ပေ၊၊ အခြေအနေမှာ အလွန်စိုးရိမ်ရသည်၊၊
ရုတ်တရက် လူအိုကြီးမိုက ပြောလိုက်သည်၊၊ “ကပ္ပတိန်လင်း... ရထားတွေကို လမ်းကြောင်းပေါ် ပြန်တင်ဖို့ အရိုးရှင်းဆုံး နည်းလမ်းက အတင်းဖိအားပေးပြီး လမ်းကြောင်းယူတဲ့ နည်းလမ်းပဲ…. တတ်လှမ်းဓာတ်လှေကားတွေရဲ့ ဆွဲငင်ပလက်ဖောင်းစနစ်ကို မှတ်မိလား… ခိုင်မာတဲ့ ဆွဲငင်ပလက်ဖောင်းတစ်ခုကိုလုပ်နိုင်မယ်ဆိုရင် အဲဒီအပေါ်ကို ဆွဲတင်လိုက်တာနဲ့ ရထားတွေက ကိုယ့်စွမ်းအားနဲ့ကိုယ် ပြန်သွားနိုင်လိမ့်မယ်… ဆွဲငင်ပလက်ဖောင်းကို ဒီလိုနေရာမျိုးမှာ ရိုးရိုးတိုင်တွေနဲ့ပဲ ရိုက်သွင်းထားလို့ ရတယ်…. တည်ငြိမ်မှုက ပြဿနာမဟုတ်ဘူး… ရထားကို ထိန်းထားနိုင်ဖို့ ကီလိုမီတာဝက်လောက်ဆို လုံလောက်ပြီ…. ရှေ့ကို ရွေ့သွားတာနဲ့ ရိုးရိုးရထားလမ်းတွေ ထပ်ခင်းသွားရုံပဲ”
လင်းရှန် ချက်ချင်း သဘောပေါက်သွားသည်၊၊ လူအိုကြီးမိုသည် အမှန်တကယ်ပင် အတွေ့အကြုံရှိသော အင်ဂျင်နီယာတစ်ဦးဖြစ်၏၊၊ သူ၏ အကြံပြုချက်မှာ ရှင်းလင်းပြီး အလွန်အရေးပါလှသည်၊၊
အလွယ်ပြောရလျှင် မိုနီကာနှင့် နဂါးတောင် (၁) မှ မြေမျက်နှာပြင်မရွေးရထားအင်ဂျင်ခေါင်းများကို ဆွဲငင်ပလက်ဖောင်းအဖြစ် အသုံးပြုမည်၊၊ ထို့နောက် ရှေ့ဆုံးရထားတွဲ ရှေ့တွင် ယာယီလမ်းညွှန်ဆင်ခြေလျှောများကို သံမဏိပြားများဖြင့် တည်ဆောက်ကာ မြေကြီးထဲ တိုင်ရိုက်သွင်းထားသော ရထားလမ်းများပေါ်သို့ ဆွဲတင်မည် ဖြစ်သည်၊၊ မြေပြင်သွား ရထားခေါင်းများမှာ ရွေ့လျား၍ မရသော်လည်း လင်းရှန်နှင့် ကီကီတို့က ၎င်းတို့အောက်တွင် ရထားလမ်းများကို တိုက်ရိုက်တည်ဆောက်နိုင်သည်၊၊ အနန္တ ရထား၏ အင်ဂျင်များ ရထားလမ်းပေါ် ရောက်သွားသည်နှင့် အင်ဂျင် ၄ လုံးနှင့် နူကလီးယား စွမ်းအားသုံး ယူနစ် ၂ ခု၏ အစွမ်းဖြင့် နောက်တွဲများကို ဆွဲတင်ရန် ကြီးမားသော လည်ပတ်အားကို ပေးနိုင်မည်ဖြစ်သည်၊၊
လင်းရှန်သည် ထိုအကြံကို အခြားသူများအား ချက်ချင်း ပြောပြလိုက်ရာ ရှီတိယွမ်နှင့် မိုနီကာတို့လည်း သဘောပေါက်သွားပြီး ချက်ချင်း သဘောတူလိုက်ကြသည်၊၊
“ဒါဆို ဒီလိုပဲ လုပ်ကြစို့… မိုနီကာ... မင်းနဲ့ နန်ကျင်းက ဆွဲမယ့် ယာဉ်တွေကို တာဝန်ယူ… လူအိုကြီးချီ... မင်းနဲ့ ငါက ကပ္ပတိန်လင်းတို့ အဖွဲ့ကို သတ္တဝါတွေရန်ကနေ ကာကွယ်ပေးမယ်”
“ကောင်းပြီ”
“အားလုံး... မြန်မြန်လှုပ်ရှားကြ”
လင်းရှန်တို့ဘက်တွင်လည်း လူအားလုံး တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြသည်၊၊
“လျန်... ကပ္ပတိန်လင်းကို ကာကွယ်ပေးလိုက်” လီယီက လျန်ဝေ့ကို အော်ပြောလိုက်သည်၊၊
လျန်လေးက ခေါင်းညိတ်ပြပြီး တာလို့တို့နှင့်အတူ လင်းရှန်နောက်မှ လိုက်ပါသွားကြသည်၊၊
“တိုက်ခိုက်ရေးအဖွဲ့နဲ့ လှုပ်ရှားရေးအဖွဲ့... ငါ့ကို ကူပစ်ပေးကြ”
“ဆရာမချန်... မင်းနဲ့ ကင်းထောက်အဖွဲ့က ရထားကို ထိန်းထားပေး”
“နားလည်ပြီ”
“တာလို့... ဘာလုပ်ရမလဲဆိုတာ မင်းသိတယ်မဟုတ်လား”
“ဒါပေါ့”
ဒိုင်း ဒိုင်း၊၊
နံပါတ် ၂၁ တွဲ၏ အမိုးပွင့်သွားပြီး မီးနတ်ဘုရား မီကာသည် ပစ်ခတ်ရင်း ရထားပေါ်မှ ခုန်ချလိုက်သည်၊၊ အတွင်းမှ ရှားရှားက အော်ဟစ်လိုက်၏၊၊
“ငါ့ရဲ့ စွမ်းအားကို ကြည့်ထားလိုက်”
“မီးတောက်လက်သီး”
ဝုန်း
လုရှင်းချန်သည် ကောင်းကင်သို့ ပျံတက်သွားပြီး အောက်ရှိ ထူထပ်ကာ တွန့်လိမ်နေသော တောအုပ်အတွင်းသို့ ကြီးမားသော မီးတောက်မုန်တိုင်းတစ်ခုကို လွှတ်ထုတ်လိုက်သည်၊၊ ကြီးမားသော မီးလုံးကြီး ဖြတ်သန်းသွားရာတွင် သစ်ပင်ရာပေါင်းများစွာ မီးစွဲလောင်သွားပြီး မီးခိုးများသည် ကောင်းကင်သို့ တလူလူလွင့်တက်လာသည်၊၊
ခဏချင်းတွင် စွမ်းအားသုံးဝတ်စုံဖြင့် အနန္တရထားအဖွဲ့ဝင်များအပြင် နဂါးတောင် (၁)၊ မိုနီကာ၊ ချီလီနှင့် အခြားယာဉ်တန်းများမှ လူများအားလုံး နေရာယူလိုက်ကြပြီး တောအုပ်နှစ်ဖက်မှ ထွက်ပေါ်လာသော သတ္တဝါများကို ပြင်းထန်စွာ ပစ်ခတ်ကြလေသည်၊၊
ထိုတွန့်လိမ်နေသော သတ္တဝါများမှာ လူသား၊ သန္တာကျောက်၊ အင်းဆက်၊ တစ္ဆေ ပုံစံအမျိုးမျိုးရှိပြီး ထူးဆန်းသောအော်ရာများ ထုတ်လွှတ်ကာ အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ဓာတ်သန်မာမှုကို ခြိမ်းခြောက်နေကြသည်၊၊
နဂါးတောင် (၁) ရှေ့ရှိ တောအုပ်အတွင်း၌ အချင်း ၁ မီတာခန့်ရှိပြီး အရှည်ကို မသိနိုင်သော တစ်ပိုင်းတစ်စသာ မြင်ရသည့် တီကောင်ကြီးတစ်ကောင် ပေါ်လာသည်၊၊ ၎င်း၏ အတွင်း၌ တိုက်စားတတ်သော အလင်းပြန်ခြင်းကြောင့် အပြာရောင်သန်းနေသည်ကို မြင်တွေ့နေရ၏၊၊
အနန္တရထား၏ ဘေးဘက် အဝေးတစ်နေရာတွင် မြူခိုးပင့်ကူထက် ကြီးမားသော အရိပ်တစ်ခုသည် လျင်မြန်စွာ လှုပ်ရှားနေပြီး အသံတိတ်ပျောက်ကွယ်သွားသည်၊၊ ၎င်း၏ ရည်ရွယ်ချက်ကို မသိရသော်လည်း ၎င်းပေါ်လာတိုင်းတွင် လုံးဝန်းသော ပင့်ကူအုပ်ကြီးမှာ ဒီရေကဲ့သို့ တောအုပ်အတွင်းမှ တိုးထွက်လာကြသည်၊၊
ချန်ဆီရွှမ်သည် Meteor-3 ရိုင်ဖယ်ကို ကိုင်ကာ မြောင်လုနှင့် အခြားကင်းထောက်များကြားတွင် ရထားအမိုးပေါ်၌ ရပ်နေပြီး တောအုပ်ထဲသို့ အဆက်မပြတ် ပစ်ခတ်နေသည်၊၊
ထူးဆန်းသော တရှဲရှဲ အသံတစ်ခုကြားလိုက်ရသည်နှင့် သူမ ချက်ချင်း လှည့်၍ ပစ်လိုက်၏၊၊ သေနတ်ပြောင်းမှ ထွက်လာသော အလင်းရောင်အောက်တွင် လူသားလက်များဖြင့် ဖုံးလွှမ်းနေသော ရွံရှာဖွယ် ကြီးမားသည့် မြွေကြီးတစ်ကောင် သစ်ပင်အိုကြီးပေါ်သို့ တွားတက်နေသည်ကို မြင်လိုက်ရသည်၊၊
နဂါးတောင် (၁) ၏ ရှေ့မီးရောင်အောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော အသံများနှင့်အတူ လူသားပုံစံသတ္တဝါများက ပြေးလွှားနေကြ၏၊၊
နောက်ဘက် နှင်းဆီနီယာဥ်တန်းအဖွဲ့ အပြင်ဘက်ရှိ ရွှံ့နွံအတွင်း၌လည်း ထူးဆန်းသော အရိပ်မည်းများစွာ ဖြည်းညင်းစွာ တွားတက်လာနေသည်၊၊ ရေနစ်နေသော သမုဒ္ဒရာရထားတွဲအတွင်း၌မူ အသက်ရှင်ကျန်ရစ်သူများမှာ ပြတင်းပေါက်များမှတစ်ဆင့် ထူးဆန်းသော တစ်စုံတစ်ခု၏ ဆွဲထုတ်ခြင်းကို ခံနေရ၏၊၊ ကယ်တင်ရန် ကြိုးစားနေသော အဖွဲ့ဝင်များသည် တဖျပ်ဖျပ် လင်းနေသော မီးရောင်အောက်တွင် ပုပ်ပွနေသော အလောင်းများပေါ်၌ ပေါက်ဖွားနေသည့် ထိတ်လန့်ဖွယ် သက်ရှိများကို မြင်တွေ့နေရသည်၊၊
ငရဲသား အဖွဲ့ဘက်တွင်မူ ကောင်းကင်တစ်ခုလုံး ပျားများကဲ့သို့ အသံများဖြင့် ပြည့်နှက်နေသည်၊၊ လူအိုကြီးတုန်းက မီးတောက်ဗုံးဖြင့် တောအုပ်ကို မီးရှို့လိုက်သောအခါ လူသေအလောင်းများနှင့် ရောယှက်နေသော ထူးဆန်းသည့် ပျားအုံများကို မြင်လိုက်ရ၏၊၊
အင်းဆက်နှင့် သားရဲပုံသဏ္ဌာန် အမှောင်သတ္တဝါများအပြင် အခြားအရာအများစုမှာ လူသားတို့ နားမလည်နိုင်သော ပုံသဏ္ဌာန်များ ဖြစ်နေကြသည်၊၊ ထိုအရာများမှာ လှုပ်ရှားနေပြီး လူသားများကို ဝါးမျိုရန် ချဉ်းကပ်လာနေသည် ဆိုသည်ကိုတော့ သူတို့ သိကြလေ၏၊၊
၁၅ ကီလိုမီတာကျော် ရှည်လျားသော ရထားကြီးသည် ရှေ့တန်းစစ်မြေပြင်ဖြစ်လာပြီး သေဆုံးမှုများနှင့် ထူးဆန်းသော ဖြစ်ရပ်များမှာ မကြာခဏဖြစ်ပွားနေသည်၊၊ အမှတ် ၅ တွင်းနက်အတွင်းသို့ ဝင်ရောက်လာသည်မှာ မိနစ်အနည်းငယ်သာ ရှိသေးသော်လည်း အချိန်သည် အလွန်ကြာနေသကဲ့သို့ လူတိုင်းခံစားနေကြရသည်၊၊
လင်းရှန်နှင့် ကီကီသည် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသည်၊၊ အနန္တ ရထား၏ အလိုအလျောက်တံခါးများ ပွင့်သွားသည်နှင့် ပြင်းထန်သောအအေးဓာတ်က သူတို့ကို ရိုက်ခတ်လာသည်၊၊
၎င်းမှာ အပူချိန်ကြောင့်သာမက လေထုဖိအားကြောင့်လည်း ဖြစ်ကာ ကြက်သီးများထလာစေပြီး စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုနှင့် သတိလစ်ခြင်းကို ခဏချင်း ဖြစ်ပေါ်စေနိုင်သည်၊၊
လင်းရှန်သည် ခဏမျှ ခေါင်းမူးသွားသော်လည်း တွေဝေမနေဘဲ တောအုပ်၏ မြေဆွေးများကို နင်းကာ ရှေ့တိုးဝင်လိုက်သည်၊၊
ထိုအချိန်တွင် ချီလီ၊ မိုနီကာနှင့် နဂါးတောင် (၁) မှ လူများလည်း လှုပ်ရှားလာကြသည်၊၊ မိုနီကာ၏ ယာဉ်သည် အနန္တရထားမှ ခွဲထွက်ကာ ရှေ့သို့ ရွေ့လာပြီး နဂါးတောင် (၁) မှ အပိုမြေပြင်သွားယာဉ်သည်လည်း ချဉ်းကပ်လာ၏၊၊