← Chapters

👑 Chen Shuyi’s Persistence

Vol. 14 Ch. 135

👑 Chen Shuyi’s Persistence

Vol. 14 Ch. 135

မိခင်ဖြစ်သူကိစ္စအတွက် ယွဲ့လင်းထံ ကျန်းကျီမြောင် တောင်းဆိုပေးဖို့ ကြံရွယ်နေတာဖြစ်မှန်း ချန်ရှုယိသိသည်။

သို့သော် သူ့ရဲ့မိသားစု ပြဿနာဝန်ထုပ်ဝန်ပိုးများအား အရှင်မင်းကြီးနှင့် အရှင်မတို့အပေါ်ပုံချလို့မရပါ။ အမတ်တစ်ဦး၏ မိသားစုရေးရာကိစ္စကို ဝင်ရောက်စွက်ဖက်လိုက် ပါက အရှင်မင်းကြီးကို ဝေဖန်ရှုတ်ချမှုတွေ ကျိန်းသေပေါက်ရှိလာလိမ့်မည်။

သူကိုယ်တိုင် ဆောင်ရွက်မှဖြစ်ပါလိမ့်မည်။

ဝမ့်ဝမ်ရုန်၏တစ်ဦးတည်းသော သမီးဖြစ်သည့် သူ ကိုယ် တိုင်ဆောင်ရွက်မှ သင့်တော်မှန်ကန်မည်ဖြစ်သည်။

ရုတ်တရက် ဒူးထောက်ချလိုက်သည့် ချန်ရှုယိကိုကြည့်ရင်း ကျန်းကျီမြောင် ခေတ္တကြက်သေသေသွားခဲ့သည်။ ယွဲ့လင်းကမူ မျက်မှောင်ကြုတ်သွားခဲ့သည်။

ချန်ရှုယိ တကယ်ပါးနပ်ပါပေသည်။

“ဘာကိစ္စလဲ”

ယွဲ့လင်း မေးလိုက်သည်။

ချန်ရှုယိ နှုတ်ခမ်းကိုက်ကာ ပွင့်ပွင့်လင်းလင်းလျှောက်တင်လိုက်ပါသည်။

“ဒီကြင်ယာတော် အနောက်နန်းဆောင်ထဲ ဝင်ရောက်လာတဲ့အချိန်ကတည်းက မယ်တော် ရုတ်တရက်ကြီး နာမကျန်းဖြစ်သွားခဲ့တာ ဒီနေ့ဒီအချိန်အထိ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးပါဘူး အရှင်မင်းကြီး၊ ဒီကြင်ယာတော် အနောက်နန်းဆောင်ထဲ မဝင်ရောက်ခင်တုန်းက မယ်တော့်ကျန်းမာရေး ကောင်းမွန်ခဲ့ပြီး ဒီကြင်ယာတော်အတွက် အရေးကိစ္စတွေအားလုံးကိုတောင် ဦးဆောင် စီမံပေးခဲ့တာပါ၊ အချိန်တိုလေးအတွင်း ရုတ်တရက်ကြီး ပြင်းပြင်းထန် ထန်နာမကျန်းဖြစ်သွားတာ သံသယဖြစ်ဖို့ကောင်းလှပါတယ်”

“အိမ်တော်ကသမားတော်တွေလည်း မိခင်ကိုစောင့်ကြည့်ကုသပေးနေသလို တော်ဝင်သမားတော်ကြီးတွေလည်း နှစ်ကြိမ်နှစ်ခါတိတိ လာရောက်စစ်ဆေးပေးခဲ့ပါတယ်၊ သို့ပေမယ့် အမေ့ကျန်းမာရေး တိုးတက်လာခြင်းအလျင်းမရှိတာကြောင့် ဒီကြင်ယာတော် စိတ်လက်မသက်မသာဖြစ်နေရပါတယ် အရှင်မင်းကြီး!”

ယွဲ့လင်း ဖြည်းညှင်းစွာမိန့်လိုက်သည်။

“ဒီလိုဆိုရင်ကော… တော်ဝင်ဆေးကျောင်းတော်ကြီးရဲ့ ကြီးကြပ်သူ တော်ဝင်သမားတော်ချန်းကို ကျန်းစေလွှတ်လိုက်မယ်လေ၊ သမားတော်ချန်းရဲ့ဆေးပညာစွမ်းပကားက သာမန်ထက်ထူးကဲလို့ ကြင်ယာတော်ချန်ရဲ့မယ်တော်ကို ကုသပေးနိုင်စွမ်း ရှိလောက်မှာပါ”

ယခုရောက်ရှိနေကြသူတွေအားလုံး သိပြီးသားဖြစ်သည်။ ချန်ရှုယိမယ်တော်မှာ နာမကျန်းဖြစ်နေတာမဟုတ်ဘဲ အဆိပ်သင့်နေခြင်းသာဖြစ်လိမ့်မည်။

သို့သော် အပေါ်ယံမှာတော့ ဟန်ဆောင်ပြရပါဦးမည်။

“တော်ဝင်သမားတော်ချန်ကိုယ်တိုင် ကြွရောက်ပေးနိုင်မယ်ဆိုရင် ဒီကြင်ယာတော်ဝမ်းသာလွန်းလို့ မျက်ရည်တောင် ဝဲမိပါလိမ့်မယ်၊ သို့ပေမယ့် အမေ့ အခြေနေကသာမန်အဖျား ရောဂါမဖြစ်နိုင်ဘူးလို့ ဒီကြင်ယာတော်သံသယဝင်မိပါတယ်”

ချန်ရှုယိ တဲ့တိုး လျှောက်တင်လိုက်ပါသည်။

"တော်ဝင်သမားတော်ချန်စစ်ဆေးလို့ ဘာမှ မထူးဘူးဆိုရင် တရားရေးရာဝန်ကြီးဌာနနဲ့ စိစစ်ကွပ်ကဲရေးဝန်ကြီးဌာနတို့ကိုပါ ဒီကြင်ယာတော် အကူအညီ တောင်းခံချင်ပါတယ်!”

ယွဲ့လင်း အံ့အားသင့်ချင်ယောင် ဆောင်လိုက်သည်။

"ကြင်ယာတော်ချန် ဆိုလိုချင်တာက… ကြင်ယာတော်ချန်ရဲ့ မယ်တော်ကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားတာပေါ့ ဟုတ်လား”

ချန်ရှုယိ အံကြိတ်လိုက်ပါသည်။

“ခန့်မှန်းအဆင့်သာ ရှိပါသေးတယ် အရှင်မင်းကြီး၊ ဒီလော ကကြီးမှာ အကြောင်းအရင်းမရှိဘဲ အဖျားရောဂါဆိုတာ ဖြစ်မလာနိုင်ပါဘူး၊ မယ်တော့်ဘဝကို အိပ်ရာထဲမှာပဲ တစ် သက်လုံး ကုန်ဆုံးမသွားစေချင်ဘူး၊ အဲ့တာကြောင့် အရှင် မင်းကြီးကို တောင်းဆိုပါတယ်၊ တော်ဝင်သမားတော်ကြီးချန်တောင် ရောဂါအရင်းအမြစ်ကို ရှာမတွေ့နိုင်ဘူးဆိုရင် ဒါတစ်စုံတစ်ယောက်ရဲ့ ကြံစည်မှုလား ကံစီမံရာလားဆိုတာ သိစေနိုင်ဖို့ ချန်အိမ်တော်ကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးပေးတော်မူပါ!”

ယွဲ့လင်း မျက်လုံးများ စူးရှသွားသည်။

“ကြင်ယာတော်ချန်လည်း ပညာတတ်တစ်ယောက်ပဲ၊ သက် သေခိုင်ခိုင်လုံလုံ မရှိဘဲ တရားရေးရာဝန်ကြီးဌာနနဲ့ စိစစ်ကွပ်ကဲရေးဝန်ကြီးဌာနတို့ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာ နားလည်ရဲ့လား”

ယွဲ့လင်းက မင်းဆိုးမင်းညစ်တစ်ပါးဟု ခံယူထားသူဖြစ် သည်။ မူလအစီအစဉ်အရဆိုရင်တော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဝင်ရောက်စွက်ဖက်ဖို့ဖြစ်သည်။ လူထုအမြင်တွေဘာတွေ ယွဲ့လင်း ဂရုမစိုက်ပါ။

သို့သော် ချန်ရှုယိ၏လက်ရှိ အပြုအမူများက သူ့အတွက် အံ့အားသင့်စရာကောင်းနေသည်။ အားနည်းပျော့ညံ့သည်ဟု ထင်ရသည့် ကြင်ယာတော်ချန်က ရုတ်တရက်ကြီး စိတ်ဓာတ်မာကျောသွားခဲ့သည်။

ချန်ရှုယိ နှုတ်ခမ်းကိုက်လိုက်ပြီး မျက်လုံးထဲ ရဲစွမ်းသတ္တိအပြည့် ထင်ဟပ်လာခဲ့သည်။

“ဒီကြင်ယာတော် နားလည်ပါတယ်၊ သို့ပေမယ့် ကြီးမြတ်တဲ့ ယုံမင်းဆက်မှာ ဒီလိုဥပဒေမျိုးရှိပါတယ်! သံသယရှိပေမယ့် သက်သေမရှိလို့ မတိုင်ကြားနိုင်တဲ့ လူတစ်ယောက်ဟာ ဆုံးဖြတ်ချက် ခိုင်မာတယ်ဆိုရင် တန့်ဝမ်စည်တော်ကို တီးခတ်လို့ရပါတယ်! တန့်ဝမ်စည်တော်ကို သွားတီးခတ်ဖို့အတွက် ဒီကြင်ယာတော်ကို အနောက်နန်းဆောင်ကနေ ထွက်ခွာခွင့်ပြုပါ အရှင်မင်းကြီး!”

ချန်ရှုယိ ဦးချဂါဝရပြုကာ တောင်းဆိုလိုက်သည်။

ကျန်းကျီမြောင်လည်း ထိတ်လန့်သွားပြီး ဝင်ပြောလိုက်သည်။

“ချန်ရှုယိ မလုပ်ရဘူး! သက်သေခိုင်ခိုင်လုံလုံ မရှိဘဲ အထက်ကို တိုင်ကြားမယ်ဆိုရင် စုံစမ်းစစ်ဆေးမှုရလဒ်က ဘာပဲဖြစ်ဖြစ် တိုင်ကြားတဲ့လူက ကြိမ်ဒဏ် ၁၀ ချက်ကို အရင်ဆုံး ခံယူရမှာလေ!”

စည်တော်ဥပဒေကို ပြည်သူတွေ အလွဲသုံးစားလုပ်မှာစိုးသဖြင့် တားဆီးထားခြင်းဖြစ်သည်။

ထို့ကြောင့် ချန်ရှုယိသာ အထက်ကို စုံစမ်းစစ်ဆေးမှု ဆောင်ရွက်စေချင်လျှင် ကြိမ်ဒဏ် ၁၀ ချက်ကို အရင်ဆုံး သင့်ခံရမည်၊ အရာရှိများက ညှာတာပေးမည်ဆိုရင်တောင် သိသိသာသာကြီး ညှာတာပေးလို့ရမည်မဟုတ်ပါ။

ချန်ရှုယိလို ပျော့ညံ့သည့် ခန္ဓာကိုယ်မျိုးနှင့် ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

“ရွှမ်းယွီ! အရှင်မစကားကို နားထောင်စမ်း! နင့်ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး!”

အန်းကျောက်ရီလည်း စိုးရိမ်ပူပန်စွာ ဝင်ပြောလိုက်ပါသည်။

ကြင်ယာတော်သဲ့ မျက်နှာကလည်း အလွန်ရှုပ်ထွေးနေခဲ့သည်။ ယခင်တုန်းက အနောက်နန်းဆောင်ထဲမှာ ချန်ရှုယိကို သူမ အထင်အသေးဆုံးဖြစ်သည်။ ချန်ရှုယိသည် အပေါ် ယံမှာ အားနည်းချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာ တစ်ခုခုကြံစည်နေတာဖြစ်မည်ဟု သူ အမြဲတမ်းခံစားခဲ့ရသည်။

သို့သော်လည်း ယခုတော့ ချန်ရှုယိကို သူ ရင်ထဲလေးစားအားကျမိပါသည်။ အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့အား ချန်ရှုယိ အရာရာအားကိုးပြီး အကူအညီတောင်းလိုက်လို့ရသည်။

သို့သော် သူ မတောင်းခဲ့ပါ။ သူ ကြိမ်ဒဏ် ၁၀ ချက်ကို ခံယူလိုက်ပြီး အရှင်မင်းကြီးအား စုံစမ်းစစ်ဆေးဖို့ရာ အကြောင်းအရင်းတစ်ခု ပေးရန် ဆုံးဖြတ်ထားလေသည်။

ချန်ရွှမ်းယွီ…

နင်က တကယ့် အာဂအမျိုးသမီးပဲ!

ယွဲ့လင်း ခေတ္တတိတ်ဆိတ်သွားပြီး မိန့်ကြားလိုက်ပါသည်။

“အဲ့လောက်ထိ လုပ်စရာမလိုပါဘူး ကြင်ယာတော်ချန်၊ ကြင်ယာတော်ချန်ရဲ့မိခင် ကျန်းမာရေးမကောင်းတဲ့ကိစ္စမှာ လျှို့ဝှက်ချက် တစ်ခုခုရှိနေတယ်လို့ တကယ် ယုံကြည်ရင် ကျန်းအမိန့်ထုတ်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်ပါ့မယ်”

“အရှင်မင်းကြီးက ဘယ်သူ့အမည်၊ ဘယ်သူ့ရပ်တည်ချက်နဲ့ ဝင်ရောက်စွက်ဖက်မှာပါလဲ”

ချန်ရှုယိ ဖြည်းညှင်းစွာ လျှောက်တင်လိုက်သည်။

“အပြင်လူတွေက အရှင်မင်းကြီးကို မင်းဆိုးမင်းညစ်တစ်ပါးလို့ စွပ်စွဲကြပေမယ့် အရှင်မင်းကြီးက အမြော်အ မြင်ကြီးတဲ့ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်မှန်း ဒီကြင်ယာတော်သိပါတယ်၊ ဒီလို အသေးအဖွဲကိစ္စကြောင့် အရှင် မင်းကြီး ဝေဖန်ရှုတ်ချခံရမှာကို ဒီကြင်ယာတော် မလိုလားဘူး၊ အဲ့ဒီ ကြိမ်ဒဏ် ၁၀ ချက်ကို ဒီကြင်ယာတော် ခံနိုင် ရည်ရှိပါတယ်!”

ချန်ရှုယိ နောက်တစ်ကြိမ် ဦးချ တောင်းပန်လိုက်ပြန်သည်။

“အရှင်မင်းကြီး ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်! မိဖုရားကြီးလည်း ခွင့်ပြုပေးတော်မူပါ!”

သူ မလှုပ်မရှားဘဲ ဒူးဆက်ထောက်နေခဲ့သည်။ ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့သာ သဘောမတူလျှင် ထဖို့ အစီအစဉ် မရှိလောက်ပါ။

“ရွှမ်းယွီ…”

အန်းကျောက်ရီ အလွန်စိတ်ဖိစီးသွားပြီး တစ်ခုခု ဝင်ပြောချင်မိသည်။

ထိုစဉ်ကြင်ယာတော်သဲ့ မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ လျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီးနဲ့ အရှင်မတို့၊ ကျေးဇူးပြုပြီး ချန်ရှုယိရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးလိုက်ပါ၊ ဒီလိုမှမဟုတ်ရင် သူတစ်သက်လုံး အေးချမ်းနိုင်မှာမဟုတ်ပါဘူး”

ထို့နောက် ကြင်ယာတော်သဲ့လည်း ဒူးထောက်လိုက်ပါသည်။

ကြင်ယာတော်သဲ့ကို လှည့်ကြည့်ရင်း ချန်ရှုယိ ခေတ္တမှင်သက်သွားခဲ့သည်။ ထို့နောက် သူ့နှုတ်ခမ်းထက် အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

ထင်မထားခဲ့ပါ… အချိန်အတွေအကြာကြီး ပြိုင်ဘက်ဖြစ်ခဲ့ကြသော်လည်း ကြင်ယာတော်သဲ့က သူ့စိတ်ကို နားလည်နေခဲ့သည်။

“အရှင်မင်းကြီးနဲ့ အရှင်မတို့ ဒီတောင်းဆိုချက်ကို လိုက် လျောပေးတော်မူပါ”

အခြားကိုယ်လုပ်တော်တွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဒူးထောက်လိုက်ကြသည်။

“အားလုံး…”

အန်းကျောက်ရီမျက်နှာမှာ ငိုကြွေးသည့် မျက်နှာထက် ပိုပြီးအကျည်းတန်သွားသည်။ နောက်ဆုံးတော့ သူလည်း လက်လျှော့လိုက်ပြီး ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ရှေ့မှာ ဒူးထောက်လိုက်တော့သည်။

“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ လိုက်လျောပေးတော်မူပါ”

ချန်ရွှမ်းယွီကမူ ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။ ညီမ တစ်ယောက်အနေဖြင့် အန်းကျောက်ရီ ကူညီထောက်ခံပေးဖို့သာ ရှိတော့သည်။

ဒူးထောက်နေကြသည့် ကိုယ်လုပ်တော်များကို ကျန်းကျီမြောင် ကြည့်လိုက်သည်။

သူ ရင်ထဲ သက်ပြင်းချမိပါသည်။

[ချန်ရှုယိရဲ့ရင်ထဲက ဆန္ဒဆိုတော့လည်း ဖြည့်ဆည်းပေးရတော့မှာပေါ့]

ထို့နောက် ကျန်းကျီမြောင်လည်း ယွဲ့လင်းရှေ့မှာ ဒူးထောက်ဖို့ ပြင်လိုက်ပါသည်။

ယွဲ့လင်းကမူ သူမကို ပြန်ဆွဲထိုင်ခိုင်းလိုက်သည်။ ကျန်းကျီမြောင် မှင်သက်သွားခဲ့လေသည်။

ကျန်းကျီမြောင်လက်ကို ကိုင်ရင်း ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်ပါသည်။

“ကောင်းပြီ ကြင်ယာတော်ချန်၊ ကြင်ယာတော်ချန်ရဲ့ တောင်းဆိုမှုကို ကျန်းလိုက်လျောပေးပါ့မယ်၊ ဒီနေ့ပဲ ချန်အိမ်တော်ဆီ တော်ဝင်သမားတော်ချန်းကို စေလွှတ်လိုက်မယ်၊ မနက်ဖြန်မနက်နေလို့မှ သမားတော်ချန်းလည်း ရောဂါရင်းမြစ်ကို မရှာဖွေနိုင်ဘူးဆိုရင် ကြင်ယာတော်ချန်ကို နန်းတော်ကနေ ထွက်ခွာခွင့်ပြုပါမယ်”

ချန်ရှုယိ မျက်ဝန်းများ နီမြန်းသွားပြီး နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်ပါသည်။

“ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး”

ထိုအခါမှ အားလုံး မတ်တပ်ပြန်ရပ်ကြလေသည်။

ချန်ရှုယိကို နားလည်ရခက်သော မျက်နှာမျိုးဖြင့် ကြည့်ကာ ကြင်ယာတော်သဲ့ တိုးညှင်းစွာပြောလိုက်သည်။

“နင်တော်တော်သတ္တိကောင်းတာပဲ၊ ငါတို့ရဲ့ အတိတ်ကရန်ငြှိုးတွေကို ဒီမှာပဲ အဆုံးသတ်ကြရအောင်”

ချန်ရှုယိ ပြုံးလိုက်ပြီး ခေါင်းမော့ကာ ဂုဏ်ယူဝံ့ကြွားမှုဖြင့် ပြောလိုက်ပါသည်။

“ကြက်ပေါက်လေးလို ပျော့ညံ့တယ်လို့ နင်ခေါ်ခဲ့တဲ့လူရဲ့ မာနနဲ့ သတ္တိတွေက နင့်အောက် မနိမ့်ဘူးလို့ ထင်မထားခဲ့ဘူးမလား ဝူချုံးလန်”

“တကယ် ထင်မထားခဲ့ဘူး”

ကြင်ယာတော်သဲ့ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ဒါပေမယ့် ငါ့ကို ကျော်ချင်ရင်တော့ အများကြီးလိုသေးတယ်!”

တစ်ယောက်ကိုတစ်ယောက် ရန်စသည့်စကားလုံးများဖြင့် စကားနိုင်လုနေကြသည်ဟု ထင်ရသော်လည်း စကားပြောရင်း နှစ်ယောက်စလုံး ရယ်မောလိုက်မိကြသည်။

ထိုစဉ် ကျွေ့ယွဲ့ရောက်လာပြီး လျှောက်တင်လိုက်လေသည်။

“အရှင်မ၊ တော်ဝင်ဥယျာဉ်ထဲ မုန့်ပဲသရေစာတွေ တည်ခင်းပြီးသွားပါပြီ”

ကျန်းကျီမြောင် ပြုံးလိုက်သည်။

“အတူတူ သွားကြစို့ ညီအစ်မတို့”

ထို့နောက် ယွဲ့လင်းကိုကြည့်ကာ ကျန်းကျီမြောင် လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး အလုပ်များနေတဲ့ပုံပဲ၊ ဒီမိဖုရား အတင်းဆွဲမထားတော့ဘူးနော်”

[ညီအစ်မတွေ အေးအေးဆေးဆေး အနားယူမလို့ဟာကို ယောက်ျားကြီးတစ်ယောက်ရှိနေလို့ အဆင်မပြေဘူးလေနော်]

ယွဲ့လင်း: “…”

အင်းပါ အင်းပါ

အဆင်မပြေဘူးဆိုလည်း အဆင်မပြေဘူးပေါ့

ဘာက အဆင်မပြေတာလဲဆိုတာကိုတော့ ယွဲ့လင်း မပြောတတ်ပါ။ သို့သော် မြောင်မြောင်၏အတွေးသံကြောင့် ဒီနေ့သိရှိလိုက်ရသည့် အချက်အလက်များက အလွန်ရေးပါသဖြင့် သူညဆောင်ရွက်စရာကိစ္စတွေတကယ်များသည်။

ထို့ကြောင့် ဖုန့်ယီနန်းဆောင်မှ ယွဲ့လင်းပြန်ကြွလာခဲ့တော့ သည်။

All Chapters