အခန်း (၆၀၀-၆၀၁)
Vol. 37 Ch. 600-601
Chapter 600
လိုင်းအပြည့် ထုတ်ပြန်ချက် ၄
ချူယန်က ခေါင်းကို အနည်းငယ်စောင်းလိုက်သည်၊၊ ‘’မဟုတ်ဘူး၊၊ တွင်းနက်တွေကတော့ လျှို့ဝှက်ချက်အဖြစ် ရှိနေတုန်းပဲ၊၊ ဒါပေမဲ့ လူသားတွေက S-Class သတ္တဝါကို ပထမဆုံးအကြိမ် သတ်ဖြတ်နိုင်ခဲ့တာက အမှောင်ထဲမှာ ပုန်းနေတဲ့သူတွေကို ထိတ်လန့်သွားစေတယ်’’
‘’မင်းဆိုလိုတာက... အမှောင်ယုံကြည်သူဂိုဏ်းကို ပြောတာလား’’
လင်းရှန် နားမလည်နိုင်စွာ မေးသည်၊၊
‘’သူတို့က ဘာလို့ ထိတ်လန့်ရတာလဲ’’
“အမှောင်ယုံကြည်သူဂိုဏ်းအတွက်တော့ S-Class ထူးဆန်းတဲ့ သတ္တဝါတွေက ဘုရားသခင်တွေပဲ၊၊ သူတို့က ဘဝရဲ့ နယ်ပယ်အသစ်တွေဆီ သွားနိုင်တဲ့ သော့ချက်တွေပဲလို့ ယူဆတယ်၊၊ သူတို့အတွက် ဒါက မြင့်မြတ်တဲ့အရာတွေပဲ၊၊ အဲဒီတော့ သူတို့ ဘာလို့ ထိတ်လန့်သွားလဲဆိုတာ… နင်စဉ်းစားကြည့်လေ’’
အဖြေကို မစောင့်ဘဲ ချူယန်သည် အပြင်ဘက်သို့ ထွက်ရန် လှည့်ထွက်သွားသည်၊၊ လင်းရှန်လည်း နောက်မှ လိုက်သွားသည်၊၊
‘’ဒီယုံကြည်သူဂိုဏ်းသားတွေက အခုအချိန်မှာ ဖီးနစ်အတွက် အကြီးမားဆုံး ခေါင်းခဲစရာပဲ၊၊ ငါတို့က လူသားတွေကို ကယ်တင်ဖို့ ကြိုးစားနေချိန်မှာ သူတို့ကိုလည်း ခုခံနေရတယ်၊၊ ပြီးတော့ သူတို့ရဲ့ အမှောင်နည်းပညာတွေက အချို့အစွန်းရောက်နယ်ပယ်တွေမှာ ကမ္ဘာ့သုတေသနအဆင့်ထက်တောင် ကျော်လွန်နေပြီ၊၊ နင် ချင်းရွှေမြို့ကို ရောက်ခဲ့ဖူးတာပဲ၊၊ ငါဘာပြောချင်လဲဆိုတာ နင်သိမှာပါ၊၊ နင့်ရဲ့အဖွဲ့တင် မဟုတ်ဘူး… ဖီးနစ်လည်း သတိထားနေရတယ်’’
အလောင်းများ ပြည့်နေသော စင်္ကြံလမ်းတစ်လျှောက် လင်းရှန်သည် သူမနောက်သို့ လိုက်ပါသွားသည်၊၊ အလောင်းအားလုံးတွင် တြိဂံပုံ အနီရောင် တံဆိပ်များ ပါရှိသည်၊၊ ၎င်းမှာ အနီရောင်ကမ္ဘာအဖွဲ့စည်း၏ အမှတ်အသားများဖြစ်သည်၊၊
‘’ကမ္ဘာပျက်ကပ် မစခင်ကတည်းက အဲဒါကို ကြိုတင်ဟောကိန်းထုတ်ခဲ့သူ တကယ်ရှိတာလား’’
‘’သီအိုရီတွေကတော့ ရှိခဲ့တာ ကြာပါပြီ၊၊ သက်သေပဲ မရှိတာ၊၊ ဖီးနစ်က ဒါကို စုံစမ်းနေတုန်းပဲ’’
နောက်ဆုံးတွင် သူတို့သည် တံခါးတစ်ခုသို့ ရောက်ရှိသွားသည်၊၊ ချူယန်က တံခါးကို ဖွင့်လိုက်ရာ မှောင်မဲနေသော ဂိုဘီသဲကန္တာရကို တွေ့လိုက်ရသည်၊၊ အဆောက်အအုံမှာ ကျောက်ဆောင်ကြီးတစ်ခု၏ အောက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်၊၊ ပတ်ဝန်းကျင်တွင် သံချေးတက်နေသော ရေဒီယိုတယ်လီစကုပ် အပြားကြီးများ ရှိနေသည်၊၊ တစ်ခုတည်းသော ရေဒါအသစ်ပေါ်တွင်မူ အနီရောင်ကမ္ဘာတံဆိပ်ကို တွေ့ရသည်၊၊
‘’ဒီနေရာက... ပိုင်လုယွမ် နက္ခတာယာကြည့်စခန်း မဟုတ်လား’’
အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လင်းရှန်သည် သံချေးတက်နေသော ဆိုင်းဘုတ်များကို မြင်လိုက်သည်၊၊
‘’ဒီနေရာကိုလည်း နင်သိတာပဲလား’’
ချူယန်က အမြင့်နေရာတစ်ခုမှ မေးသည်၊၊
လင်းရှန်က ခေါင်းခါလိုက်သည်၊၊
‘’ခန့်မှန်းကြည့်တာပါ၊၊ ငါ့ရဲ့ ယာဉ်တန်းက ဒီနေရာနဲ့ ကီလိုမီတာတစ်ထောင် အကွာအဝေးမှာ ရှိရမယ်’’
ချူယန်၏ မျက်နှာအမူယာပြောင်းလဲသွားသည်၊၊
‘’အာခီစိုင်းလား’’
လင်းရှန်က ပြန်မဖြေခဲ့ပေ၊၊
သူမ သက်ပြင်းတစ်ချက်ချလိုက်သည်၊၊
‘’ငါ့ရဲ့ အဖွဲ့အစည်းက ရှေ့တန်းမြောက်အမေရိကယူနီယမ်ပဲ၊၊ ဖီးနစ်ရဲ့ လက်အောက်ခံ မဟာမိတ်အဖွဲ့ပေါ့၊၊ ငါ့ရဲ့ သရုပ်မှန်ကို ဖီးနစ်အတွင်းပိုင်းက မဟာမိတ်တွေကိုတောင် ပေးမသိထားဘူး၊၊ အဲဒါကြောင့် နင့်ကို အများကြီး ပြောပြလို့ မရဘူး၊၊ ငါတို့ ဘာလို့ ဆက်သွယ်မိနေတာလဲဆိုတာလည်း ငါမသိဘူး၊၊ ဒါပေမဲ့ မိတ်ဆွေအနေနဲ့ ငါ နင့်ကို အချက်နှစ်ချက် ပြောပြမယ်၊၊ ယုံတာ မယုံတာကတော့ နင့်အပေါ်မှာပဲ မူတည်တယ်’’
‘’ပထမအချက်- အနီရောင်ကမ္ဘာက နင့်ကို ပစ်မှတ်ထားလိုက်ပြီ၊၊ အဲဒါက နင့်ကို ထိပ်တန်းဦးစားပေးအဆင့် သတ်မှတ်လိုက်တာမျိုး မဟုတ်ပေမဲ့ စွမ်းအားရှိသူ ဒါမှမဟုတ် ထူးခြားသူမှန်သမျှက သူတို့စာရင်းထဲမှာ ပါပြီးသားပဲ၊၊ ငါလည်း အပါအဝင်ပေါ့၊၊ သူတို့က ငါ့မျက်နှာကို ဟိုလိုဂရမ်အဖြစ် သုံးနေပေမဲ့ ငါက သူတို့ထဲက မဟုတ်ဘူး၊၊ အဲဒါ ဘာကြောင့်လဲဆိုတာ နောက်ကျရင် နင်သိလာလိမ့်မယ်...’’
‘’ထင်တဲ့အတိုင်းပဲ’’
လင်းရှန်က အနီရောင်ကမ္ဘာအဖွဲ့သား အလောင်းများပြည့်နေသော စင်္ကြံလမ်းကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်၊၊ သူသည် ဤနက္ခတာယာစခန်းကို စူးစမ်းရန် စဉ်းစားခဲ့ဖူးသော်လည်း ယခုတော့ ထိုစိတ်ကူး ပျောက်သွားပြီ ဖြစ်သည်၊၊
ချူယန်၏ မျက်နှာက အေးစက်သွားသည်၊၊
‘’ဒုတိယအချက်- နင်က အခု အာခီစိုင်းမှာ ရှိနေတယ်ဆိုရင် စွန့်ပစ်နယ်မြေထဲကနေ လွတ်အောင် ပြေးဖို့ နင့်မှာ အချိန်အလုံအလောက် မရှိတော့ဘူး’’
လင်းရှန် စိတ်ရှုပ်ထွေးသွားသည်၊၊
‘’ဘာကို ဆိုလိုတာလဲ’’
ချူယန်၏ မျက်နှာကာ လင်းလာပြီး အမှတ် (၅) တွင်းနက်ဇုန်၏ ဟိုလိုဂရမ်မြေပုံကို ပြလိုက်သည်၊၊ အရှေ့တောင်ဘက်အရပ်မှ ပုံမှန်မဟုတ်သော အမှောင်လွှမ်းမိုးမှုများဖြစ်ပေါ်နေပြီး ၎င်းမှာ ဘဲဥပုံစံဝင်ရိုးစွန်းညဇုန်ဖြစ်သည်၊၊ ၎င်းမှာ သဘာဝအတိုင်း ပြန့်ကားလာခြင်း မဟုတ်ဘဲ ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်သည်၊၊
‘’ဒါက သဘာဝအတိုင်းဖြစ်လာတာ မဟုတ်ဘူး၊၊ အနီရောင်ကမ္ဘာက ဇုန်ထဲကို အခုလေးတင် လွှတ်တင်လိုက်တဲ့ တားမြစ်ပစ္စည်းအသစ်တစ်ခုကြောင့်လို့ ညလမ်းလျှောက်သူအဖွဲ့ (၂) နဲ့ ငါတို့အဖွဲ့က ယူဆထားတယ်၊၊ ပြီးတော့ ဒီတစ်ခါက အာခီစိုင်းစွန့်ပစ်နယ်မြေထဲမှာ ဖြစ်နေတာပဲ’’
‘’တွင်းနက်က ဒီနေ့ မရွှေ့ရင် မနက်ဖြန် ရွှေ့လာတော့မယ်၊၊ နင်တို့အဖွဲ့က မနက်ဖြန် နေမဝင်ခင် ၁၈ နာရီ ၄၅ မိနစ် မတိုင်ခင် ဒီဇုန်ထဲကနေ မထွက်နိုင်ရင်တော့ အခက်တွေ့ပြီပဲ၊၊ ငါ့အကြံကို ယူမယ်ဆိုရင် ပြန်လှည့်ပါ၊၊ ဒါမှမဟုတ် ဟန်ရှန်းတောင်တန်းဘက်ကနေ လမ်းကြောင်းပြောင်းပါ’’
လင်းရှန်၏ မျက်နှာမှာ လေးနက်သွားသည်၊၊
‘’မဖြစ်နိုင်ဘူး၊၊ ငါတို့က ရထားယာဉ်တန်းကြီးလေ၊၊ အခုသွားနေတဲ့ လမ်းကပဲ တစ်ခုတည်းသော သွားလို့ရတဲ့ လမ်းပဲ’’
နောက်ပြန်လှည့်မည်ဆိုပါက ယိကျင်းမြို့ သို့မဟုတ် စီလန်းမြို့သို့ ပြန်ရမည် ဖြစ်သည်၊၊ လမ်းကြောင်းပြောင်းရန်မှာလည်း ဟန်ရှန်းတောင်ကြားကို ဖြတ်ရမည်ဖြစ်ရာ နှစ်ခုစလုံးမှာ မဖြစ်နိုင်သော အရာများ ဖြစ်သည်၊၊
ချူယန်က တည်ငြိမ်စွာပင် ရှိနေသည်၊၊
‘’အဲဒါကတော့ နင့်ရဲ့ ပြဿနာပဲ၊၊ ငါ မကူညီနိုင်ဘူး၊၊ ဒါပေမဲ့ နင်ကံကောင်းရင်တော့ အဆင်ပြေသွားမှာပါ၊၊ ကံကောင်းပါစေ’’
သူမ လှည့်ထွက်သွားခါနီးတွင် ရပ်လိုက်ပြီး နောက်သို့ ပြန်ကြည့်သည်၊၊
‘’အခုလို စိတ်ချင်း ဆက်သွယ်မှုတွေ မဖြစ်ခင်က…. ပုံစံတူမျိုး ဖြစ်ဖူးလား’’
သူမသည်လည်း လင်းရှန်လိုပင် သိချင်နေသည်၊၊
သူမ၏ စွမ်းရည်မှာ လျှို့ဝှက်ချက်ဖြစ်သည်၊၊ လင်းရှန်က သူမ၏ စိတ်အာရုံထဲသို့ ဝင်ရောက်နိုင်ခြင်းမှာပင် စိုးရိမ်စရာဖြစ်သည်၊၊ သူမ အစီရင်ခံသင့်သော်လည်း သူမ၏ မသိစိတ်က တားဆီးနေသည်၊၊ သူ ပေါ်လာတိုင်း သူမ ကိုယ်တိုင်တောင် ရှင်းမပြနိုင်သော ရင်းနှီးသောခံစားချက်မျိုးကို ရနေသည်၊၊
သူ၏ နောက်ကြောင်းကို သိရသောအခါ စိုးရိမ်စိတ် အနည်းငယ် လျော့သွားသော်လည်း စူးစမ်းလိုစိတ်မှာ ပိုတိုးလာသည်၊၊ ယန္တရားစွမ်းရည်မှာ ရှုထောင့်တစ်ခုမှ ကြည့်လျှင် လူသားတို့ သိရှိထားသော နည်းပညာအားလုံးကို လွှမ်းခြုံထားသည်၊၊ ၎င်းမှာ သာမန်စွမ်းရည်ဆိုသည့် အဓိပ္ပာယ်ကို ကျော်လွန်နေသည်၊၊
‘’ပုံစံတူတာမျိုးလား...’’
လင်းရှန် သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်သည်၊၊ သူ အကြမ်းဖျင်းတော့ သိလာပြီ ဖြစ်သည်၊၊
တီ... တီ...
သူ၏ လက်ပတ်နာရီမှ နှိုးစက်သံ မြည်လာသည်၊၊ သူ သတိကပ်လိုက်ပြီး အချိန်ကို ကြည့်လိုက်သည်၊၊
မနက် ၅ နာရီ ဖြစ်သည်၊၊ စောစောထွက်ခွာနိုင်ရန် သူ ၆ နာရီသာ အိပ်စက်ခဲ့ခြင်း ဖြစ်သည်၊၊
ယခုမူ သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်၊၊ ချူယန် ပြောသည်မှာ မှန်ပါက နေမဝင်မီ ၁၈ နာရီ ၄၅ မိနစ် မတိုင်ခင် စွန့်ပစ်နယ်မြေထဲမှ ထွက်ရန် သူတို့တွင် ၁၃ နာရီနှင့် ၄၅ မိနစ်သာ အချိန်ရှိတော့သည်၊၊
အချိန်မီ လွတ်မြောက်ရန်အတွက် ယာဉ်တန်းသည် တစ်နာရီလျှင် ၂၈၀ ကီလိုမီတာထက် ပိုသော အရှိန်ဖြင့် မောင်းနှင်ရမည် ဖြစ်သည်၊၊
ချူယန်ကို ကြည့်ရင်း သူ ဘာလုပ်မည်ကို နားလည်သွားသည်၊၊ လင်းရှန်၏ အသိစိတ်များ နိုးကြားလာချိန်တွင် သူမက လှမ်းအော်လိုက်သည်၊၊
‘’နားထောင်၊၊ တားမြစ်ပစ္စည်းတွေဆိုတာ ရတနာတွေမဟုတ်ဘူး၊၊ အဲဒါတွေက တခြားကမ္ဘာက စွမ်းအားတွေပဲ၊၊ ထိန်းသိမ်းထားနိုင်တယ်ဆိုတာက ထိတွေ့လို့ရရုံပဲ… ထိန်းချုပ်နိုင်တာ မဟုတ်ဘူး၊၊ ဒီအရာတွေက နှစ်ဖက်သွား ဓားတွေပဲ၊၊ စက္ကူပေါ်မှာ မျဉ်းတစ်ကြောင်း ဆွဲလိုက်တာကို စဉ်းစားကြည့်ပါ… နင့်အတွက်က သာမန်ပဲ ဖြစ်ပေမဲ့ အဲဒီစက္ကူပေါ်က 2D ကမ္ဘာအတွက်တော့ နင့်ရဲ့ ဘောပင်က နတ်ဘုရားလက်နက်ပဲ’’
အနန္တရထားပေါ်တွင် လင်းရှန်၏ မျက်လုံးများမှာ ပြင်းထန်စွာ တုန်လှုပ်နေသည်၊၊ သူသည် သတိရှိရှိစေရန် အတင်းကြိုးစားရင်း စကားလုံးတိုင်းကို အသည်းအသန်နားထောင်နေသည်၊၊
‘’တားမြစ်ပစ္စည်းတွေကို လူသားတွေရဲ့ အမြင်နဲ့ နားလည်ဖို့ မကြိုးစားနဲ့…. မကြည့်နဲ့…. ဖော်ထုတ်ဖို့ မကြိုးစားနဲ့… ပြီးတော့ ဘယ်တော့မှ...’’
‘’ဘယ်တော့မှ ကောင်းကင်ကို မော့မကြည့်နဲ့’’
ဝုန်း...
ချူယန်၏ အသံမှာ ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့သွားသည်၊၊
‘’လင်းရှန်’’
သူ၏ အိပ်ခန်းတံခါး ပွင့်သွားသည်၊၊ ချန်ဆီရွှမ် ပြေးဝင်လာပြီး အော်ပြောနေသည်၊၊
‘’သဲမုန်တိုင်း လာနေပြီ’’
‘’ရထားကို စမောင်းတော့’’
‘’ဟမ်’’
သို့သော် လင်းရှန်မှာ ထသွားပြီ ဖြစ်သည်၊၊ သူသည် ယန္တရားနှလုံးသားကို အသုံးပြု၍ ဝေးလ် 03E တာဘိုင်စက်ခေါင်းကို နှိုးလိုက်သည်၊၊
ဝူး...
အင်ဂျင်သံမှာ ခြင်္သေ့တစ်ကောင် ဟိန်းလိုက်သကဲ့သို့ ထွက်ပေါ်လာသည်၊၊ ပြင်းထန်သော လည်ပတ်အားသည် နဂါးတောင် ၁၏ တွဲများကို တစ်တွဲချင်း ဆွဲခါလိုက်ပြီး ရထားကြီးတစ်စီးလုံး စတင်လှုပ်ရှားသွားသည်၊၊
မနက် ၅ နာရီတွင် လူအများ အိပ်ပျော်နေစဉ် ပေါင်းစည်းရထားကြီးသည် သတ္တုချင်းထိခိုက်သံများနှင့်အတူ အသက်ဝင်လှုပ်ရှားလာသည်၊၊
လင်းရှန်က နောက်တွဲများဘက်သို့ ပြေးသွားရင်း ဆက်သွယ်ရေးစက်မှတစ်ဆင့် အသံကုန် အော်ပြောလိုက်သည်၊၊
‘’အားလုံး... အခုချက်ချင်း ထွက်ကြတော့’’
Chapter 601
သဲမုန်တိုင်းအတွင်း အပြင်းနှင်ခြင်း ၁
နံနက် ၅ နာရီ…. အာခီစိုင်း
ပြင်းထန်သော လေရူးများက မြေပြင်တစ်ခုလုံးတွင် တိုက်ခတ်နေပြီး သဲမုန်တိုင်းများက ဆူညံနေကာ ဖုန်မှုန့်ဝါများက ကြယ်တာရာများကိုပင် မမြင်ရအောင် ဖုံးလွှမ်းထားလေသည်၊၊ ထိုစဉ် ၁၅ ကီလိုမီတာ ရှည်လျားသော ပေါင်းစည်းရထားကြီးဆီမှ နက်ရှိုင်းသော တုန်ခါသံကြီး ထွက်ပေါ်လာပြီး လူတိုင်းကို လန့်နိုးသွားစေခဲ့သည်၊၊
ဆက်သွယ်ရေးလိုင်းပေါ်တွင် လင်းရှန်၏ အသံက ပေါက်ကွဲထွက်လာပြီး အဖွဲ့များစွာကို ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားစေသည်၊၊
“ဘာဖြစ်တာလဲ’’
“မွန်းစတားတွေ လာနေပြီလား’’
“ကပ္ပတိန်လင်း ပြောတာကို နားထောင်ကြ… အင်ဂျင်တွေကို အခုချက်ချင်းနှိုး’’
“တခြားဟာတွေ ခနထားပြီး… အခုထွက်ကြမယ်’’
အချိန်ခဏအတွင်း ဆက်သွယ်ရေးလိုင်းတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သံများဖြင့် ဆူညံသွားသည်၊၊ ထို့နောက် ရှီတိယွမ်နှင့် တခြားသူများက ခေါင်းဆောင်လိုင်းမှနေ၍ စကားပြောလာကြသည်၊၊
“ညီလေးလင်း ဘာတွေဖြစ်နေတာလဲ’’
လင်းရှန် က ချက်ချင်းပင် ပြန်ဖြေသည်၊၊
“ဒီနေ့ နေမဝင်ခင် စွန့်ပစ်နယ်မြေထဲကနေ ကျုပ်တို့ အပြီးထွက်ရမယ်… မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်’’
လင်းရှန် ကိုယ်တိုင်ပင်လျှင် လက်ရှိအခြေအနေကို သေချာမရှင်းပြတတ်သေးပေ၊၊ သို့သော် ဟူလုရှို့နှင့် လူအိုကြီးမိုတို့ ဝေမြစ်အနီးတွင် ကြုံတွေ့ခဲ့ရသည်များအပြင် မကြာသေးမီက စွန့်ပစ်နယ်မြေအတွင်းရှိ တားမြစ်ပစ္စည်းများအကြောင်း…. သန့်စင်သောဗျာဒိတ်တော်အဖွဲ့မှ လူများက သူ့ကို ပစ်မှတ်ထားခြင်းတို့က…. ချူယန်၏ သတိပေးချက်က အခြေအမြစ်မရှိသည် မဟုတ်ကြောင်း ထင်ရှားလာသည်၊၊
ချန်ဆီရွှမ်သည် လင်းရှန်၏ စကားကို ကြားသောအခါ တုံ့ဆိုင်းမနေတော့ပေ၊၊ သူမနှင့် လင်းရှန်သည် ဝေလုံအဆင့် လျှပ်စစ်ရထားတွဲဆီသို့ ပြေးသွားကာ ရထားတစ်တွဲလုံးရှိ အင်ဂျင်အားလုံးကို စတင်နှိုးလိုက်ကြသည်၊၊
တစ်ချိန်တည်းမှာပင် ဦးဆောင်တွဲဖြစ်သော နဂါးတောင် ၁ ပေါ်တွင် ရှီတိယွမ်သည် ဘာမှထပ်မမေးတော့ဘဲ ရထားတစ်တွဲလုံးကို နှိုးရန် အဖွဲ့သားများကို ချက်ချင်း အမိန့်ပေးလိုက်သည်၊၊
“ဘာမှမမေးနဲ့… အကုန်နှိုးလိုက်တော့…. လက်နက်တပ်ဆင်ထားတဲ့ နေရာအားလုံး အသင့်ပြင်ထား… အခုချက်ချင်း တိုက်ပွဲဝင်စနစ်ကို ပြောင်းမယ်’’
အမိန့်များက အဆင့်ဆင့်ရောက်လာကာ အိပ်ချင်မူးတူးဖြစ်နေသော နဂါးတောင် ၁ မှ အဖွဲ့သားများလည်း အပြေးအလွှား လှုပ်ရှားလာကြသည်၊၊ တိုက်ကြီးဖြတ် စွမ်းအင်သုံးတွဲများ နိုးထလာပြီး ဧရာမသံမဏိသားရဲကြီးက စတင်ရွေ့လျားလာသည်၊၊
တစ်ချိန်တည်းမှာပင် ဟူလုရှို့၊ လုကျောက်၊ ရှဲ့ကွမ်းနှင့် တခြားသော ယာဉ်တန်းခေါင်းဆောင်များသည်လည်း ဆူညံသံများကြောင့် လန့်နိုးလာကြသည်၊၊ ရထားကြီး စတင်ရွေ့လျားနေသည်ကို မြင်သောအခါ သူတို့လည်း အင်ဂျင်များကို အမြန်နှိုးလိုက်ကြသည်၊၊
“ဒါ ဘာတွေဖြစ်ကုန်တာလဲ...’’
ဟူလုရှို့ ရှုပ်ထွေးနေဆဲဖြစ်ပြီး RV ယာဉ်ပေါ်မှ အပြေးအလွှား ဆင်းလာကာ ဝေါ်ကီတော်ကီကို လှမ်းယူလိုက်သည်၊၊
“ဘာလို့ ရုတ်တရက်ကြီး ထွက်ကုန်ကြတာလဲ’’
“အရေးပေါ် အခြေအနေပဲ…. ငါတို့ ရထားနောက်ကနေ ကပ်လိုက်မယ်’’
ဆန်းချန်က ယာဉ်တန်းကို စတင်အမိန့်ပေးနေပြီ ဖြစ်သည်၊၊
သဲမုန်တိုင်းသည် အာခီစိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီ ဖြစ်သည်၊၊ ယာဉ်တန်းများမှာ ရှေ့လမ်းကိုပင် မမြင်ရတော့ပေ၊၊ တိုက်မိခြင်းနှင့် ပွတ်တိုက်မိခြင်းများ ဖြစ်ပေါ်လာကာ ပရမ်းပတာဖြစ်နေသည်၊၊ သို့သော် ပေါင်းစည်းရထားကြီးက ၎င်းတို့ဘေးရှိ ရထားလမ်းပေါ်တွင် အရှိန်မြှင့်နေပြီဖြစ်ရာ တုံ့ပြန်ရန် အချိန်မရှိတော့ပေ၊၊ သူတို့သည် လီဗာများကို အကုန်နင်းကာ ရထားလမ်းအတိုင်း အတင်းမောင်းနှင်လိုက်ကြသည်၊၊
“လမ်းကို မမြင်ရဘူး’’
“မလိုဘူး… ရှေ့က ကားနောက်မီးကိုပဲ ကြည့်ပြီးသွားကြ’’ လုကျောက်က အော်လိုက်သည်၊၊
“အားလုံး ကပ်လိုက်လာကြ…ဘယ်သူမှ မကျန်ခဲ့စေနဲ့’’
လူတိုင်း စိုးရိမ်ထိတ်လန့်နေကြသည်၊၊ သဲမုန်တိုင်းက ပြင်းထန်လွန်းသဖြင့် မျက်စိပင် ဖွင့်မရတော့ပေ၊၊ ရထားနှင့် ယာဉ်တန်းမှ မီးရောင်များသည် ပြင်းထန်သောသဲများကြားတွင် ပျောက်ကွယ်သွားပြီး ဂိုဘီသဲကန္တာရထဲတွင် လွင့်ပျံနေသော အလင်းစက်ကလေးများအဖြစ်သာ ကျန်ရစ်လေသည်၊၊
ရထားအတွက်မူ ရထားလမ်းရှိနေသရွေ့ ဦးတည်ချက်က ပြဿနာမရှိသဖြင့် အားသာချက်ရှိသည်၊၊ သို့သော် ယာဉ်အစီးရေတစ်ရာကျော်ရှိသော ကားတန်းကြီးအတွက်က ငရဲကျနေသလိုပင်၊၊ ကားမောင်းသူများသည် စတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားကြပြီး သံချပ်ကာ လေကာမှန်များပေါ်တွင် သဲများ ဖုံးလွှမ်းနေသည်၊၊ သူတို့သည် ရှေ့ကား၏ နောက်မီးအနီရောင်ကိုသာ မြင်ရပြီး ရေဒါကို အားကိုး၍ မောင်းနှင်နေရသည်၊၊
ပိုဆိုးသည်မှာ ပေါင်းစည်းရထားကြီးက အရှိန်ကို တိုးမြှင့်နေခြင်းဖြစ်ရာ ယာဉ်တန်းများအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာသည်၊၊
ထို့နောက် “ညမရောက်ခင် စွန့်ပစ်နယ်မြေကို ဖြတ်ကျော်ရမယ်’’ ဟူသော ညွှန်ကြားချက်က ယာဉ်တန်းတိုင်းဆီသို့ ပျံ့နှံ့သွားသည်၊၊ တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိလာသည်၊၊ သဲမုန်တိုင်းအတွင်း မည်သည့်အန္တရာယ်များ ပုန်းကွယ်နေမည်ကို မည်သူမျှ မသိသော်လည်း ဓားက လည်ပင်းနား ရောက်နေပြီ ဖြစ်သည်၊၊ သူတို့တွင် ကီလိုမီတာထောင်ပေါင်းများစွာရှိသော လွင်ပြင်ကို ဖြတ်ကျော်ရန် ၁၃ နာရီသာ အချိန်ရှိပေသည်၊၊
“ယာဉ်တန်းအားလုံး…. ရေဒါတပ်ထားတဲ့ ထရပ်ကားကြီးတွေကို အနောက်မှာ ထားကြ…. ကျန်တဲ့သူတွေက လမ်းပျောက်ပြီး တိုက်မိတာတွေ မဖြစ်အောင် တန်းစီပြီး… ရထားနောက်ကို ကပ်လိုက်ကြ’’
ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ချီလီသည် သူ၏ များပြားလှသော ကားမောင်းအတွေ့အကြုံကို အသုံးပြု၍ ယာဉ်တန်းများကို စုစည်းပေးနေသည်၊၊ ဖြည်းဖြည်းချင်းပင် ယာဉ်တန်းများမှာ ပုံစံတကျဖြစ်လာပြီး ရထားလမ်းဘေးရှိ ပို၍ချောမွေ့သော လမ်းအတိုင်း ကပ်လိုက်နိုင်ကြသည်၊၊ ယူနစ်အားလုံးသည် ရထား၏အရှိန်နှင့် ညီအောင် ညှိလိုက်ကြပြီး နောက်ဆုံးတွင် ရထားအမြီးပိုင်းကို မှီသွားကာ တစ်စီးမျှ ကျန်မနေခဲ့တော့ပေ၊၊
ဘုရင်မ မိုနီကာပေါ်တွင် မိုနီကာ၏ အဖွဲ့သည် တုံ့ပြန်မှု မြန်ဆန်လှသည်၊၊ ကာကွယ်ရေးစခန်းအားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်၊၊ မိုနီကာသည် သူမ၏ စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားကာ ရထား၏ အနောက်ပိုင်းကို စစ်ဆေးနေပြီး သူမ၏ မျက်နှာအမူအရာမှာ အေးစက်ကာ ထက်မြက်နေသည်၊၊
“အားလုံး သတိမလွတ်စေနဲ့’’
အနန္တရထားပေါ်တွင်လည်း ယူနစ်အားလုံး လှုပ်ရှားနေကြပြီ ဖြစ်သည်၊၊ သေနတ်များ အဆင်သင့်ဖြစ်နေပြီး ပစ်ခတ်မှုထိန်းချုပ်ရေး ရေဒါများလည်း အွန်လိုင်းတက်လာသည်၊၊
“ကပ္ပတိန်လင်း’’
ရှုချင်းနှင့် လော့ယန်တို့သည် နေထိုင်တွဲ၏ စင်္ကြံတွင် ရပ်နေရင်း တည်ကြည်သော မျက်နှာထားဖြင့် လျှောက်လာသော လင်းရှန်ကို ကြည့်နေကြသည်၊၊ ကီကီ၊ မီးတောက်နှင့် တခြားသူများလည်း နောက်မှ လိုက်ပါလာကြပြီး တစ်ခုခုထူးခြားနေသည်ကို အားလုံး ခံစားမိနေကြသည်၊၊
လင်းရှန်သည် တွဲအချို့ကို ဖြတ်ကျော်ကာ တွဲအမှတ် ၂၁ ဆီသို့ တန်းတန်းမတ်မတ် လာခဲ့သည်၊၊
မှိန်ပျပျ အလင်းရောင်အောက်တွင် ဂရေ့စ်သည် အလယ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်၊၊ လင်းရှန် လျှောက်ဝင်လာရင်း ယန္တရားစကင်ဖတ်မှုများက သူမအပေါ်သို့ ဖြတ်သန်းသွားသည်၊၊
သူ ဒီကိုလာရခြင်းမှာ ရည်ရွယ်ချက်တစ်ခုရှိသည်၊၊
သုညဒြပ်စင်ဗဟိုဌာနမှ သူ့ကို စကားပြောခဲ့သော အသံမှာ ချူယန်မဟုတ်ခဲ့လျှင် ဂရေ့စ်၏ သတိပေးချက်နောက်ကွယ်ရှိ စိတ်ဆန္ဒက လူမဟုတ်ပါက မည်သည့်အရာ ဖြစ်နိုင်သနည်း၊၊
ထိုအတွေးကြောင့် လင်းရှန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်၊၊ ဂရေ့စ်တွင် တစ်ခုခုမှားယွင်းနေသည်မှာ သေချာသည်၊၊
ထို့ကြောင့်ပင် ဤထွက်ပြေးမှု စတင်သည်နှင့် သူ ဒီနေရာကို အရင်ဆုံးရောက်လာခြင်း ဖြစ်သည်၊၊
ယန္တရားနှလုံးသားနှင့် ချိတ်ဆက်ထားမှုကြောင့် ဂရေ့စ်သည် ပါဝါပိတ်ထားဆဲ အခြေအနေတွင်သာ ရှိသေးသည်၊၊ သူမ၏ ကွမ်တမ်-ပရိုဆက်ဆာ-အူတိုင်ကိုသာ ဝင်ကြည့်ရှု၍ မရသေးခြင်း ဖြစ်သည်၊၊ သို့သော် လင်းရှန်၏ လက်ထဲတွင် စွမ်းအင်စုစည်းစက်ရှိနေသဖြင့် လက်ရှိတွင် ထိုစက်ရုပ်က အန္တရာယ်မပေးနိုင်ကြောင်း အတည်ပြုနိုင်သည်၊၊
အနုစိတ်ဖန်တီးထားသော ယန္တရားမျက်နှာကို စိုက်ကြည့်ရင်း လင်းရှန် အေးစိမ့်မှုကို ခံစားလိုက်ရသည်၊၊ ဂရေ့စ်သည် ထိုအချိန်က သူ့ကို လူသားတစ်ယောက်၏ လေယူလေသိမ်းဖြင့် သတိပေးခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်၊၊
“လင်းရှန် ဘာဖြစ်တာလဲ’’
ကီကီက လင်းရှန် စက်ရုပ်ဆီ အပြေးအလွှား ရောက်လာသည်ကို ကြည့်ပြီး စိတ်မသက်မသာဖြစ်ကာ မေးလိုက်သည်၊၊
“ဒေတာခွဲခြမ်းစိတ်ဖြာပြီး အစားထိုးတာ ပြီးဖို့ ဘယ်လောက်ကြာဦးမလဲ’’
လင်းရှန်က သူမဘက်လှည့်ကာ မေးသည်၊၊
“နောက်တစ်ရက်လောက် လိုဦးမယ်ထင်တယ်… ပြီးတော့ အကောင်အထည်ဖော်ဖို့လည်း အချိန်ယူရဦးမယ်’’
ကီကီက ပြန်ဖြေသည်၊၊
ကလန် ကလန် ချွမ်
လင်းရှန်သည် ဂရေ့စ်ကို အတွင်းထဲ ချိတ်ပိတ်ရန် အလွိုင်းဗီရိုတစ်ခုကို အမြန်ထုတ်လုပ်လိုက်ပြီးနောက် လုရှင်းချန်ဘက်သို့ လှည့်လိုက်သည်၊၊
“မီးတောက်… မင်း အဲဒီရွှေလက်ကောက်ကို ပတ်ထားတာ နှစ်ရက်ရှိပြီ… ထူးထူးခြားခြား ခံစားရတာ ရှိလား’’
လုရှင်းချန် ချက်ချင်းပင် နားလည်သွားသည်၊၊ သူ၏ လက်ကောက်ဝတ်ရှိ အနန္တလက်စွပ်ကို တစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်၊၊
“အစ်ကိုလင်းပြောမှပဲ…ဒီနှစ်ရက်အတွင်း ငါ နည်းနည်း... ထူးဆန်းသလို ခံစားနေရတယ်’’
“အဲဒီအပေါ်မှာ အမှောင်စွမ်းအင်စုစည်းမှု အားကောင်းနေတယ်… သတိထား… အရမ်းမလိုအပ်ရင် မဝတ်ထားဖို့ ငါအကြံပေးချင်တယ်’’
လင်းရှန်က ပြောသည်၊၊
လုရှင်းချန် ခေါင်းညိတ်လိုက်သည်၊၊
“နားလည်ပြီ”
လင်းရှန် ကီကီဘက်သို့ လှည့်လိုက်သည်၊၊
“ငါတို့ အခုကစပြီး အရှိန်အကုန်တင်ပြီး သွားတော့မယ်… မင်းနဲ့ လော့ယန်က ရေဒါကိုပဲ စောင့်ကြည့်နေပါ’’
“နားလည်ပြီ’’
လင်းရှန်၏ အသံထဲမှ လေးနက်သောအမူယာကြောင့် ကြားရသဖြင့် ကီကီက ခေါင်းညိတ်ပြသည်၊၊
အပြင်ဘက်တွင် သဲမုန်တိုင်းများ တိုက်ခတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျနေသည်၊၊ ယာဉ်တန်းတစ်ခုလုံးသည် မျက်ကန်းတောတိုး အပြင်းမောင်းနေကြရခြင်း ဖြစ်သည်၊၊ မည်သည့်ပြဿနာမဆို အသက်အန္တရာယ်ရှိသွားနိုင်သည်၊၊