← Chapters

👑 I Didn’t Permit You to Cliffhang Like This

Vol. 14 Ch. 136

👑 I Didn’t Permit You to Cliffhang Like This

Vol. 14 Ch. 136

ယွဲ့လင်း ပြန်ကြွသွားသောအခါမှ အားလုံး သက်တောင့်သက်သာ ဖြစ်သွားကြလေသည်။

ယခင်တုန်းကသာဆို အနောက်နန်းဆောင် ညီအစ်မတွေအားလုံး စကားတွေ စီစီညံအောင် ပြောမိကြလောက်သည်။ ယခုတော့…

ချန်ရှုယိ ကြိမ်ဒဏ်ခံရတော့မည်ဟူသည့် အတွေးဖြင့် ဘယ်သူမှ မရွှင်လန်းနိုင်ကြတော့ပါ။ ယခင်က စကားအများဆုံးဖြစ်သည့် အန်းကျောက်ရီပင် မျက်လုံးတွေနီမြန်းနေပြီး တစ်ခွန်းမှ မဟနိုင်ခဲ့ပေ။

တော်ဝင်ဥယျာဉ်ထဲတွင်…

သစ်ရိပ်ဝါးရိပ်များ ဝန်းရံထားပြီး တိတ်ဆိတ်အေးချမ်းသည့် နန်းဆောင်လေးတစ်ခုကို အခြွေအရံများ ရွေးချယ်ထားသည်။ ရှေ့တည့်တည့်မှာလည်း ရေကန်လေးတစ်ခုရှိသဖြင့် လေညှင်းတစ်ချက် တိုးဝှေ့လိုက်တိုင်း ရေကန်ပေါ်မှ ရှပ်ပြေးကာ နွေခေါင်ခေါင်မှာတောင် အေးမြလှပါသည်။

အားလုံး စိတ်တွေလေးလံနေတာကို မြင်သောအခါ ချန်ရှုယိကပင် ပြန်နှစ်သိမ့်ပေးလိုက်ရသည်။

“ဘာမှ မဖြစ်ပါဘူး၊ ကြိမ်ဒဏ်က ၁၀ ချက်တည်းပါ၊ အလွန်ဆုံး ဒီကြင်ယာတော် အိပ်ရာထဲ ခဏလောက်လဲသွားရုံပဲရှိမှာ၊ ပြီးတော့ အနောက်နန်းဆောင်ထဲမှာ အကောင်းဆုံး ဆေးဝါးတွေကို ပိုင်ဆိုင်ထားတာပဲဥစ္စာ၊ ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ၊ တရားမျှတမှုအတွက် ကောင်းကင်ဘုံကို တိုင်တည်ပြီး ရွေးချယ်စရာမရှိလို့ တန့်ဝမ်စည်တော်ကို တီးခတ်ရတဲ့ သာမန်တိုင်းသူပြည်သားတွေနဲ့ ယှဉ်လိုက်ရင် ဒီကြင်ယာတော်ရဲ့ အခြေအနေက အများကြီးပိုမသာဘူးလား”

“ဒါတော့ ဒါပေါ့၊ ဒါပေမယ့် ငယ်စဉ်ကတည်းက ကြင်ယာတော်ချန် ဒီလိုဒုက္ခမျိုး တစ်ခါမှမခံစားဖူးဘူးလေ”

အန်းကျောက်ရီ အခုထိ စိတ်ဖိစီးနေဆဲဖြစ်သည်။

ချန်ရှုယိက အလွန်တည်ငြိမ်ပါသည်။

“အရင်တုန်းက မခံစားဖူးတာနဲ့ဘဲ ခံနိုင်ရည်မရှိနိုင်ဘူးလို့ မဆိုလိုပါဘူး၊ မိခင်အတွက် တရားမျှတမှုယူပေးနိုင်မယ်ဆိုရင် ဒီကြင်ယာတော် ဘာပဲလုပ်ရလုပ်ရကိစ္စမရှိဘူး”

ကျန်းကျီမြောင် သက်ပြင်းချကာ ဝင်ပြောလိုက်လေသည်။

“ဘာမှမပူကြပါနဲ့ ဒီမိဖုရား အကောင်းဆုံး ဆေးဝါးတွေကို စီစဉ်ပေးထားမယ်၊ ကြင်ယာတော်ချန် ပြန်လာရင် အနား ယူဖို့သာ တွေးထားပါ”

“ကျေးဇူးကြီးမားလှပါတယ် အရှင်မ”

ချန်ရှုယိ အမြန်ဂါဝရပြုလိုက်ပါသည်။

Level 1 စနစ်စတိုးဆိုင်ထဲ ကျန်းကျီမြောင် မွှေနှောက်ကြည့်ပြီးသွားပါပြီ။ အရည်အသွေးမြင့် ဆေးတစ်ခုကို ဝယ်ယူဖို့ ၁၀ မှတ်သာ ကုန်ကျမည်ဖြစ်သည်။ စနစ်စတိုးဆိုင် အဆင့်မြှင့်တင်ဖို့ ချန်ထားရသည့် အမှတ်တွေအပြင် သူမမှာ ၂၉၀ မှတ် ရှိနေပါသေးသည်။

အမှတ်တွေက တန်ဖိုးကြီးသော်လည်း ချန်ရှုယိအတွက် ၁၀ မှတ်လောက် အသုံးပြုရမှာကို ကျန်းကျီမြောင် မတွန့် တိုမိပါ။

အမှတ်က နောက်မှဖြည်းဖြည်းချင်း ပြန်ရှာလို့ရပါသည်။ ထို့အပြင် ပြန်လည်မွေးဖွားလာသည့် ဇာတ်လိုက်မင်းသမီး ရောက်လာတာနဲ့ သူမ အမှတ်တွေအတွက် စိတ်ပူစရာမလိုတော့ပေ။

“အကုန်လုံး မျက်စိမျက်နှာပျက်နေကြရင် ချန်ရှုယိ စိတ်ပိုညစ်သွားမှာပေါ့”

ကျန်းကျီမြောင် အပြုံးဖြင့် မိန့်လိုက်လေသည်။

ထိုအခါမှ ကိုယ်လုပ်တော်တွေအားလုံးလည်း ပြုံးလိုက်ကြပြီး မျက်နှာတွေ အနည်းငယ်ကြည်လင်သွားကြလေသည်။

အခါးရည်သောက်ရင်း ကျန်းကျီမြောင် Meteor Garden ဖွင့်ကြည့်လိုက်ပါသည်။ ဒီလို စိတ်ကျေနပ်စရာကောင်းသည့် ဇာတ်လမ်းတွဲကို မကြည့်ရတာ ရက်အတော်ကြာပြီဖြစ်သဖြင့် သူ အလွန် လွမ်းဆွတ်သတိရနေလေပြီ။

ဇာတ်လမ်းတွဲ၏ဇာတ်လမ်း အသွားအလာက အလွန်မြန်ဆန်ပြီး ဇာတ်လိုက်မင်းသမီးကလည်း စိတ်ကျေနပ်စရာ ကောင်းလှအောင်သန်မာသည်။

ဇာတ်လမ်းထဲတွင်…

နန်းတော်ထဲရောက်ရှိသည့်အခါ ဘယ်လို အရာရှိမျိုးဖြစ်ချင်ကြသလဲ၊ တိုင်းပြည်အတွက် ဘာတွေ စွမ်းဆောင်ပေးချင်ကြသလဲဟု စာသင်ခန်းထဲ၌ ဆရာကမေးမြန်းလေသည်။

တစ်စုံတစ်ယောက်က ဇာတိမြေကို ပြန်ပြီး နယ်မြေတစ်ခုကို အုပ်စိုးချင်သည်ဟုဆိုသည်။ နောက်တစ်ယောက်က တိုင်းပြည်နဲ့ လူမျိုးအတွက် အမှုထမ်းပြီး ကြီးမြတ်သည့် ယုံမင်းဆက်ကို ဖွံ့ဖြိုးတိုးတက်‌အောင် စွမ်းဆောင်မည်ဟု ဆိုသည်။ တချို့ကတော့ ၎င်းတို့ မိသားစုတွေ ဂုဏ်ယူရအောင် လုပ်ပေးချင်သည်ဟုဆိုကြပါသည်။

နောက်ဆုံးတော့ ချူးရှားအလှည့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မျိုးရိုးမြင့် သခင်လေးတွေအများကြီးရှေ့မှာ သူမ တည်တည်ငြိမ်ငြိမ် ပြောခဲ့သည်။

“ကျွန်မသာ အရာရှိတစ်ယောက်ဖြစ်လာခဲ့ရင်…”

“မျိုးရိုးမြင့်သူဖြစ်စေ သာမန်အရပ်သားဖြစ်စေ ဥပဒေရှေ့မှောက်မှာ တရားမျှတမှုကို တန်းတူ ရရှိစေရမယ်”

“ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ အရည်အ ချင်းကိုသာကြည့်ပြီး တန်ဖိုးကို ဆုံးဖြတ်စေရမယ်”

“လူတစ်ယောက်မှာ ထူးဆန်းတဲ့ စရိုက်လက္ခဏာတွေ၊ ဆန်းကြယ်တဲ့ အတွေးတွေရှိနေရင်တောင် လူ့ပတ်ဝန်း ကျင်က လှောင်ပြောင်သရော်ခြင်း မရှိစေရဘူး”

ချူးရှား ခံယူချက်အပြည့်ဖြင့် ပြောဆိုလိုက်ပါသည်။

ကျန်းကျီမြောင် စိတ်ဝင်တစား နားထောင်နေခဲ့သည်။ အနောက်နန်းဆောင် ကိုယ်လုပ်တော်များကတော့ ရီဝေသွားခဲ့ကြပါသည်။

သူမတို့အားလုံးလည်း မိန်းမသားတွေဖြစ်ကြသည်။ သူမတို့အတွက် ရင်ထဲအထိဆုံးအချက်က ထိုအချက်ပင်။

ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ အရည်အချင်းကိုသာကြည့်ပြီး တန်ဖိုးကိုဆုံးဖြတ်ရမည်ဟူသည့် အချက်ဖြစ်သည်။

မိန်းမသားတွေဖြစ်သည့်အတွက် အိမ်တော်တွေထဲမှာပဲ ပိတ်လှောင် နေထိုင်ရင်း ခင်ပွန်းယောက်ျား၊ သားသမီးတွေကို ပြုစုပျိုးထောင်ပြီး ငြီးငွေ့စရာဘဝကို ဖြတ်သန်းဖို့ ကံပါလာကြတာဖြစ်သည်။

ကြင်ယာတော်သဲ့လို စစ်မက်ရေးရာထူးချွန်သည့် မိန်းမ သားတစ်ယောက်က စစ်မြေပြင်မှာ ပါရမီကို တခမ်းတနား ထုတ်ပြနိုင်စွမ်းရှိသည်။

ချန်ရှုယိလို လူမှုဆက်ဆံရေး ထူးချွန်သူတစ်ယောက်က သံတမန်ရေးရာ ဆွေးနွေးမှုတွေမှာ အစွမ်းပြနိုင်ပြီး တိုင်း ပြည်အတွက် အကျိုးပြုနိုင်သည်။

စုကျဲယွီလို ပညာရည်ထူးချွန်သူကလည်း နန်းတွင်းစာမေး ပွဲများကို ထူးချွန်စွာအောင်မြင်ပြီး ကျွီရမ် သို့မဟုတ် ရှို့ချိုက် အရာရှိအဆင့်များထိ ရောက်နိုင်သူဖြစ်သည်။

သို့သော်လည်း ယခုမူ…

အားလုံးက အနောက်နန်းဆောင်အတွင်းမှ သင်္ကေတများသာဖြစ်သည်။ ကြိုးစားပြီး ကျရှုံးခဲ့လျှင် သူတို့ ဒီလောက်ထိ နောင်တရမိမှာမဟုတ်ပါ။ သို့‌သော် ကြိုးစားခွင့်ပင် မရခဲ့ကြပေ။

လူတစ်ယောက်တွင် ထူးဆန်းသည့် စရိုက်လက္ခဏာများ၊ ဆန်းကြယ်သည့် အတွေးများရှိနေလျှင်တောင် လူ့ပတ် ဝန်းကျင်က လှောင်ပြောင်သရော်ခြင်း မရှိစေရဟူသည့် စကားကို နားထောင်ရင်း မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ တစ်ယောက်မျက်နှာတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး လက်တွေကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်မိကြသည်။

ထိုကဲ့သို့နေ့ရက်မျိုးသာ အမှန်တကယ် ရောက်ရှိလာခဲ့လျှင် နေရောင်အောက်မှာ သူမတို့ လက်ချင်းယှဉ်တွဲရင်း လွတ် လွတ်လပ်လပ် လျှောက်လှမ်းနိုင်မှာသေချာပါသည်။

ထို့နောက် မျိုးရိုးမြင့်သူဖြစ်စေ သာမန်အရပ်သားဖြစ်စေ ဥပဒေရှေ့မှောက်မှာ တရားမျှတမှုကို တန်းတူရရှိစေရမည် ဟူသည့်စကားကြောင့် ရာထူးနိမ့်ကိုယ်လုပ်တော်များ ဝမ်းနည်းသွားမိကြသည်။

သူမတို့၏မိသားစုများက အရှိန်အဝါမကြီးမားပါ။ တရားမျှတမှု မရှိတာတွေကိုလည်း ကြုံတွေ့ခဲ့ရဖူးသည်။

သူတို့ထက် ပိုနိမ့်ပါးသည့် အရပ်သားတွေဆိုလျှင်တော့ မတွေးဝံ့တော့ပေ။ သူတို့ ကြုံတွေ့ရမည့် တရားမမျှတမှုတွေက ပိုပြီးကြောက်စရာကောင်းနိုင်ပါသည်။

ဥပဒေရှေ့မှောက်မှာ အားလုံးသာ တန်းတူညီမျှ ရပ်တည်နိုင်လျှင် လူ့ပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းသာယာ သွားနိုင်ပါသည်။

ထိုစကားသုံးခွန်းတည်းနဲ့ သူ့ရည်မှန်းချက်များကို ချူးရှား ဖော်ပြခဲ့လေသည်။

သို့သော် မျိုးရိုးမြင့်သခင်လေးများက သူ့ကို လှောင်ပြောင် သရော်ခဲ့ကြပါသည်။ ဆရာဖြစ်သူကတောင် သူ့အား ပေါက်ကရစကားတွေပြောနေသည်ဟု ဆူငေါက်ကာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ ဆုံးမလိုက်လေသည်။

ထိပ်တန်းကျောင်းသားဟူသည့် သူ့ ဂုဏ်သိက္ခာလည်း ကျဆင်းသွားခဲ့ရသည်။

ချူးရှားအပေါ် မူရုံရွှမ် ထူးထူးခြားခြား ခံစားချက်များရှိလာသော်လည်း ထိုခံစားချက်များကို ဖိနှိပ်ဖို့အတွက် ချူးရှားကို ပိုမိုပြင်းထန်စွာလှောင်ပြောင်ခဲ့ပါသည်။

သို့သော် သန်မာသည့် ဇာတ်လိုက်မင်းသမီးဖြစ်သည့်အ တွက် ချူးရှား ၅ မိနစ်လောက်သာ စိတ်ဓာတ်ကျသွားပြီး ချက်ချင်းဆိုသလို စိတ်ဓာတ်ခွန်အား ပြန်လည်ပြည့်ဝသွားခဲ့သည်။

သူ မမှားမှန်း ကိုယ့်ကိုယ်ကိုယ်ယုံကြသည်။ ထိုစကားသုံးခွန်း၊ ရည်မှန်းချက် သုံးခုကို အကောင်အထည်ဖော်ဖို့အတွက် တစ်သက်လုံးကြိုးစားသွားမည်။

ယခု သူ့အတွက် အရေးအကြီးဆုံးက နန်းတွင်းစာမေးပွဲကို ဝင်ဖြေနိုင်ဖို့ ဖြစ်သည်။

နောက်တစ်ပိုင်းရောက်သောအခါ နန်းတွင်းစာမေးပွဲကြီး စတင်ခဲ့ပါသည်။ ခန္ဓာကိုယ်စစ်ဆေးရှာဖွေမှုကို ချူးရှား ဘယ်လိုများ ကျော်ဖြတ်ခဲ့သလဲဆိုတာ ကိုယ်လုပ်တော်တွေ နားမလည်နိုင်ပါ…

သို့သော် အရေးမကြီးပေ။ ဇာတ်လမ်းတွဲထဲမှာ ဘာမဆို ဖြစ်နိုင်ပါသည်။

ယောက်ျားသားများဖြင့် ပြည့်နှက်နေသည့် စာမေးပွဲခန်းမထဲ စုတ်တံကို ခိုင်ခိုင်မြဲမြဲ ကိုင်ဆောင်ထားသည့် ချူးရှားအား ကိုယ်လုပ်တော်များအားလုံး လေးစားကြည်ညိုမှုဖြင့် ကြည့်နေခဲ့ကြသည်။

သူမရဲ့အသွင်က တည်ငြိမ်အေးချမ်းပြီး ဖယောင်းတိုင်မီးရိပ်အောက်မှာ တောက်ပနေသည်ဟုပင် ထင်ရပါသည်။

အပိုင်းအဆုံးသတ်နားတွင် ရလဒ်များကြေညာခါနီး၌ ရုတ်တရက် ဇာတ်သိမ်းသွားလေသည်။

ကိုယ်လုပ်တော်များ အားလုံးမဆဲမိအောင် ပါးစပ်တွေကို အမြန်အုပ်လိုက်ရပါသည်။ ကျန်းကျီမြောင်ကတော့ စိတ်ထဲမှာ ပေါက်ကွဲနေလေပြီ။

[ခွေးစနစ်! ကျန်တာ တန်းလန်းထားခွင့်ပြုတယ်၊ ဒါပေမယ့် ဒီလိုတန်းလန်းထားခွင့်တော့ ငါ မပြုခဲ့ဘူးနော်!!!]

စနစ်မှာ ကိုယ်ခန္ဓာသာရှိနေလျှင် ကျန်းကျီမြောင် ဓားဖြင့်အကြိမ်ကြိမ် ခုတ်သတ်မိလောက်သည်။

စနစ်က လိပ်ပြာမလုံစွာပြောလိုက်ပါသည်။

“မနက်… မနက်ဖြန် ဆက်စောင့်ကြည့်လို့ ရသလို… ဒါမှမဟုတ် ဇာတ်လမ်းတွဲတစ်ခုလုံးကို စနစ်ပိုင်ရှင် ဝယ်ယူနိုင်ပါတယ်၊ ၁၀ မှတ်ပဲ ကျသင့်မှာပါ”

ချန်ရှုယိအတွက် ဆေးတစ်ခုကို ၁၀ မှတ်ပေးပြီး လိုလိုလား လားဝယ်ယူနိုင်သော်လည်း ဇာတ်လမ်းတွဲဝယ်ယူဖို့အတွက်တော့ ကျန်းကျီမြောင် တွန့်ဆုတ်နေခဲ့ပါသည်။

ထားလိုက်ပါတော့! အလကားရတဲ့အပိုင်းပဲ စောင့်ကြည့်တော့မယ်!

သူမမှာ ၂၉၀ မှတ်ကြီးများတောင် ရှိသေးသည်ဟု ထင်ချင်စရာဖြစ်သည်။ သို့သော်…

နောက်စာအုပ်အတွက် ဇာတ်လမ်းတွေကို ဝယ်ယူရတော့မယ် ဆိုရင်ကော…

ထိုအမှတ်လောက်နဲ့ လုံလောက်မှာ မဟုတ်ပါ။ ကျန်းကျီမြောင် ပွစိပွစိ ညည်းတွားရင်းနဲ့ ဇာတ်လမ်းတွဲကို အစကနေသာ ပြန်ကြည့်နေလိုက်ပါတော့သည်။

ပထမတုန်းက Meteor Garden ရှေးခေတ်ဗားရှင်းကို စနစ်က အပြောင်ဖန်တီးထားသည်ဟု ကျန်းကျီမြောင် ထင်ခဲ့သည်။ ဇာတ်လမ်းအချိန်ကြာမြင့်လာလေလေ စနစ်ကပေးချင်သည့် မက်ဆေ့တွေကို ပိုထည့်သွင်းလာလေလေဖြစ်သည်။

သို့သော်… သူ ကြိုက်နှစ်သက်ပါသည်။

ကြင်ယာတော်သဲ့ ခေါင်းငုံ့ထားသော်လည်း မျက်လုံးများကတောက်ပနေခဲ့လေသည်။ ဇာတ်လမ်းတွဲထဲက ချူးရှားမှာ နယ်မြေတစ်ခု၏အရာရှိဖြစ်လိုသော ရည်မှန်းချက် ရှိနေသည်။

ဒါဆို သူမလည်း စစ်မြေပြင်ဆီသွားချင်သည့် ရည်မှန်း ချက်ရှိနေတာ မမှားပါ။

ချန်ရှုယိပင် သူ့မယ်တော်ကို ကယ်တင်ဖို့အတွက် ဒီလောက်ထိ အနစ်နာခံ စတေးခဲ့တာဖြစ်သည်။ သူမ စစ်မြေ ပြင်ကို ဆင်းချင်လျှင် အရှင်မင်းကြီး စီစဉ်ပေးမည့်အချိန်ကို ဒီအတိုင်း ထိုင်စောင့်နေလို့မဖြစ်တော့ပါ။

ကိုယ်ပိုင်အစွမ်းအစကို အသုံးချပြီး ကန့်ကွက်သူတွေရဲ့ ပါးစပ်ကို ပိတ်သွားအောင်လုပ်ပစ်ရမည်။

ကြင်ယာတော်သဲ့ရင်ထဲ အကြံတစ်ခု ပေါ်လာခဲ့လေသည်။ ချန်ရှုယိအရေးကိစ္စပြီးမြောက်သောအခါ သူမလည်း လှုပ်ရှားသင့်ပါပြီ။

တော်ဝင်ဥယျာဉ်ထဲတွင် ကိုယ်လုပ်တော်များ အားလုံး အခါးရည်သောက်ရင်း စကားစမြည် ပြောနေကြစဉ် ယွဲ့လင်း စေလွှတ်လိုက်သည့် တော်ဝင်သမားတော်ချန်းကမူ ချန်အိမ်တော်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

All Chapters