← Chapters

👑 Ling Ruo

Vol. 15 Ch. 142

👑 Ling Ruo

Vol. 15 Ch. 142

စုစစ်ယောင် မျက်နှာထားက အလွန်တည်ငြိမ်နေသည်။ သူ့ နှုတ်ခမ်းထက် စက်ဆုပ်အထင်သေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“စိတ်ချပါ အရှင်မင်းသား၊ ကျွန်မ အဆိပ်ဖော်စပ်တဲ့ နည်းလမ်းတွေက ကောင်းကင်ဘုံတမျှ ဆန်းကြယ်လွန်းလို့ သာမန်လူသားတွေ နားလည်နိုင်မှာ မဟုတ်ဘူး၊ ကြိုက်သလောက် သံသယ ရှိကြစမ်းပါစေ၊ ဘာသက်သေမှ ရှာတွေ့မှာ မဟုတ်ဘူး”

စုစစ်ယောင် အလွန်ယုံကြည်မှုရှိပါသည်။

ယွဲ့ဟွာလည်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ ဒီစစ်ဆေးမှုက နန်းတော်ထဲမှ အဆင့်အမြင့်ဆုံး စုံစမ်းစစ် ဆေးမှုဖြစ်သော်လည်း သူ့ထံမှာ အမှုစထမ်းစဉ်ကတည်း က စုစစ်ယောင်၏ အစွမ်းအစတွေကို သူ့ရှေ့မှာ အကြိမ် ကြိမ် သက်သေပြခဲ့ပြီးပြီဖြစ်သည်။

စုစစ်ယောင် ဖော်စပ်ပေးထားသည့် ဆေးတစ်မျိုးကို သောက်သုံးပြီး မယ်တော်ကြီးကို ရုတ်တရက် အဖျားကြီးသွားအောင်လုပ်နိုင်ခဲ့သည်။ ထိုအချိန်တုန်းကလည်း တော်ဝင်သမားတော်တွေ ဘာမှမတတ်နိုင်ခဲ့ကြပါ။ ထို့ကြောင့် ဒီတစ်ခါလည်း ထူးမည်မဟုတ်ပေ။

ထိုအတွေးဖြင့် ယွဲ့ဟွာ စိတ်ချသွားခဲ့သည်။ ချန်ကျင်းမင်လည်း သူနှစ်ပေါင်းများစွာ PUA ခဲ့သည့် သမီးတော်က အနောက်နန်းဆောင်ထဲရောက်ရှိသွားပြီးနောက် လပိုင်းပင်မကြာလိုက်ဘဲ ယွဲ့လင်းဘက်တော်သား ဖြစ်သွားလိမ့် မည်ဟု ထင်ခဲ့မှာမဟုတ်ချေ။

ဒီတစ်ခေါက် ချန်ရွှမ်းယွီ၏လုပ်ရပ်များကို သူတို့တကယ် မျှော်လင့်မထားခဲ့ပေ။ သို့သော် ဒီကမ္ဘာကြီးထဲမှာ နတ်ဆေး သမားတော်ကြီး၏ ဆက်ခံသူဟူ၍ နှစ်ယောက်မရှိနိုင်ပါ။ ထို့ကြောင့် စုစစ်ယောင်၏အဆိပ်ဖော်စပ် နည်းလမ်းများကို မည်သူမှနားလည်နိုင်မည် မဟုတ်တာ သေချာသည်။

ယွဲ့လင်း၏လူတွေ ဘယ်လောက်ပဲ စေ့စေ့စပ်စပ် စုံစမ်းကြပါစေ အားလုံး သဲထဲရေသွန်သာဖြစ်သွားပါလိမ့်မည်။

ယခုအချိန်တွင် ချန်အိမ်တော်တစ်ခုလုံး ဝန်းရံခံထားရပြီး တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံထားရပါသည်။ အစေ ခံတွေ အားလုံးကိုလည်း တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူမေးမြန်းနေလေသည်။ ချန်အိမ်တော်ထဲရှိ နေရာတိုင်းကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးနေကြသည်။

ကျောက်တုံးလေးတစ်တုံးကိုပင် အလွတ်မပေးဘဲ ရှာဖွေခဲ့ကြတာဖြစ်ပါသည်။ ဥယျာဉ်ထဲရှိ ရေကန်ထဲကိုတောင် ရေငုပ်ကျွမ်းကျင်သူတွေ ခုန်ဆင်းကာ ရှာဖွေစစ်ဆေးခဲ့ကြသည်။ ဝမ့်ဝမ်ရုန်၏အခန်းကမူ ပထမဦးစားပေး ဖြစ်လေသည်။

ကုတင်ပေါ်မှာ လှဲလျောင်းနေရသည့် ဝမ့်ဝမ်ရုန် အနည်း ငယ် ထိတ်လန့်သွားခဲ့သည်။ ဘာတွေဖြစ်နေသလဲ သူမ မသိသော်လည်း သူမအနားကလူတွေကို တစ်ယောက်ပြီးတစ်ယောက် လာရောက်ခေါ်ဆောင်သွားကြသည်။ လာရောက် ခေါ်ဆောင်သွားသူတွေကလည်း နန်းတော်အတွင်းမှ အရာရှိတွေဖြစ်နေကြသည်။

“ချန်ကျင်းမင်၊ စစ်ဆေးမှုခံယူဖို့ လာခဲ့ပါ”

အရာရှိတစ်ဦးက ချန်ကျင်းမင် အမည်ကို ခေါ်လိုက်ပါသည်။

ချန်ကျင်းမင် ခါးသီးစွာပြုံးလိုက်ပြီး ထွက်သွားဖို့ပြင်လိုက် သည်။ သို့သော် ဝမ့်ဝမ်ရုန်က သူ့လက်ကိုဆွဲထားပြီး စိုးရိမ်ပူပန်စွာ ပြောလိုက်ပါသည်။

“သခင်ကြီး…”

ချန်ကျင်းမင် ခေါင်းခါပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း နားလည်မှုလွဲနေကြတာ၊ အမြန်ဆုံး ပြန်လာခဲ့မယ်နော်”

ဝမ့်ဝမ်ရုန်လည်း ခေါင်းညိတ်ရုံသာ ရှိတော့သည်။

ချန်ကျင်းမင်ထွက်သွားသောအခါ အခန်းထဲကို လင်းရွှယ် ဝင်လာခဲ့ပါသည်။ ဝမ့်ဝမ်ရုန် အံ့အားသင့်သွားလေသည်။

“လင်းရွှယ် လား ?”

လင်းရွှယ်က… သူ့သမီးလေးရဲ့ အခြွေအရံမဟုတ်လား ?

သူ့ သမီးလေးနဲ့အတူ အနောက်နန်းဆောင်ထဲ ပါသွားခဲ့တာ မဟုတ်ဘူးလား ?

ဘယ်လိုဖြစ်တာလဲ!

ဒီနေ့ ရွှမ်းယွီလေးကို အရှင်မင်းကြီးက နန်းတော်ထဲမှ ထွက်ခွာခွင့်ပေးထားသည့်အကြောင်းကို ချန်ကျင်းမင် ပြောပြခဲ့သည်။ သို့သော် ယခုထိ ချန်အိမ်တော်ထံ ရောက်မလာသေးပါ။ ချန်အိမ်တော်အတွင်းမှာလည်း အခြေအနေတွေ ဗြောင်းဆန်နေသဖြင့် ရွှမ်းယွီလေး ကြောက်လန့်သွားမလား ဝမ့်ဝမ်ရုန် စိတ်ပူမိသည်။

ဝမ့်ဝမ်ရုန် ကုတင်ပေါ်မှာ ထထိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားလိုက်ပါသည်။ လင်းရွှယ် သူမကို အမြန်ကူထူပေးလိုက်သည်။

အပြင်ဘက်ကို ဝမ့်ဝမ်ရုန် လှမ်းကြည့်လိုက်သော်လည်း ချန်ရွှမ်းယွီကို မမြင်မိပေ။ ထို့ကြောင့် သူမ မေးလိုက်ပါသည်။

“ရွှမ်းယွီလေး ဘယ်မှာလဲ ? အရှင်မင်းကြီးက သူ့ကို နန်းတော်ထဲကနေ ထွက်ခွာခွင့် ပြန်ပိတ်လိုက်ပြီလား”

လင်းရွှယ်လက်ကို ဆွဲကာ ဝမ့်ဝမ်ရုန် စိုးရိမ်ပူပန်စွာမေးလိုက်ပါသည်။

“ရွှမ်းယွီလေးကို အရှင်မင်းကြီး အမျက်ဒေါသထွက်နေတာလား၊ အားလုံး ငါ့အပြစ်တွေပါ၊ ငါအဲ့လို တောင်းဆိုမှုမျိုး မလုပ်ခဲ့သင့်ဘူး၊ သနားဖို့ကောင်းလိုက်တဲ့ ရွှမ်းယွီလေး! နန်းတော်ထဲမှာ ဘယ်လိုဘဝမျိုးနဲ့များ ဒုက္ခခံနေရပြီလဲ!”

လင်းရွှယ် တိုးညှင်းစွာ ပြောလိုက်သည်။

“ဒီနေ့ နန်းတော်ထဲကနေ ကြင်ယာတော်ချန် တကယ်ထွက်လာခဲ့ပါတယ် သခင်မကြီး”

ဝမ့်ဝမ်ရုန် ကြက်သေသေသွားခဲ့သည်။

“ဒါဆို သူ…”

လင်းရွှယ်အသက်ဝဝ ရှူလိုက်ပြီး ရှင်းပြလိုက်သည်။

“သခင်မကြီးရဲ့ အဖျားရောဂါမှာ သံသယဖြစ်စရာကောင်းတာတွေ ရှိနေတယ်လို့ သူယုံကြည်လို့ မြို့တော်တရားစီရင်ရေးရုံးရှေ့ကို သွားပြီး တန့်ဝမ်စည်တော်ကို တီးခတ်ခဲ့ပါတယ်”

ဝမ့်ဝမ်ရုန် မျက်လုံးများ တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။ လင်းရွှယ် တိုးညှင်းသောအသံဖြင့် ဆက်ရှင်းပြလိုက်ပါသည်။

“သခင်မလေးရဲ့ သံသယတွေအတွက် သက်သေခိုင်ခိုင်လုံလုံမရှိလို့ သခင်မလေးက… ဝန်ကြီးဌာနသုံးခုရဲ့ အကူအ ညီကို တောင်းခံနိုင်ဖို့အတွက် ကြိမ်ဒဏ် ၁၀ ချက် ခံယူခဲ့ပါတယ်”

ဝမ့်ဝမ်ရုန်လက်များ တုန်ယင်သွားခဲ့ရသည်။

“ရွှမ်းယွီ… ရွှမ်းယွီလေး ဘာလို့ ဒီလိုလုပ်ရတာလဲ ? ငါ နာမကျန်းဖြစ်တာ ဘာသံသယဖြစ်စရာရှိလို့လဲ ? အားလုံးကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပဲလေ၊ ရွှမ်းယွီလေး ကြိမ်ဒဏ် ၁၀ ချက်တောင် ခံယူခဲ့ရတယ် ဟုတ်လား ? အခု သူ့ခန္ဓာကိုယ် အခြေအနေ ဘယ်လိုရှိလဲ”

ဝမ့်ဝမ်ရုန် ကုတင်ပေါ်မှ ထဖို့အသည်းအသန်ကြိုးစားလိုက်သည်။

“ငါ နန်းတော်ထဲသွားမယ်၊ ရွှမ်းယွီလေးကို သွားတွေ့ရမှဖြစ်မယ်!”

လင်းရွှယ် အမြန်တားလိုက်ပါသည်။

“သခင်မကြီး စိတ်လိုက်မာန်ပါလုပ်လိုက်ရင် သခင်မလေး ခံစားခဲ့ရတဲ့ ကြိမ်ဒဏ် ၁၀ ချက်က အလကားဖြစ်သွားမယ်နော်”

ဝမ့်ဝမ်ရုန် တွန့်ဆုတ်သွားပြီး မျက်လုံးထဲ သံသယအရိပ် အယောင်များ ထင်ဟပ်လာကာ လင်းရွှယ်ကို မေးလိုက်ပါ တော့သည်။

“ရွှမ်းယွီလေးက ဘာလို့ အဲ့လို ထင်ရတာလဲ”

သူမ ကိုယ်တိုင်ပင် သာမန်အဖျားရောဂါဟုသာ ထင်ထားခဲ့တာဖြစ်သည်။ ရွှမ်းယွီလေး အနောက်နန်းဆောင်ထဲဝင်ရောက်သွားကတည်းက သူမနှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။ ယခုမှ အစွန်းရောက်သည့်လုပ်ရပ်တွေ ရုတ်တ ရက်ကြီး လုပ်ကာ မြို့တော်တရားစီရင်ရေးရုံး၏အကူအ ညီကို တောင်းခံခဲ့လေသည်။

ဝမ့်ဝမ်ရုန်က ဝမ့်မိသားစုမှာ ကြီးပြင်းလာခဲ့သူဖြစ်သဖြင့် လှည့်ကွက်တွေနဲ့ မစိမ်းလှပါ။ သို့သော်… သူမဒီလိုပုံစံမျိုး တစ်ခါမှ မစဉ်းစားမိခဲ့ဖူးပေ။ ယခု သူမ သမီးလေး၏ပုံမှန်မဟုတ်သော အပြုအမူများကြောင့် သူကိုယ်တိုင်ပင် သံသယ ဖြစ်လာမိပါပြီ။

လင်းရွှယ်ကို ကြည့်ရင်း ဝမ့်ဝမ်ရုန် ရုတ်တရက် မေးလိုက်သည်။

“ဒီကိစ္စတွေ ကျင်းမင်ကို ပြောပြီးသွားပြီလား”

လင်းရွှယ်က ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်နေခဲ့ပါသည်။ ဝမ့်ဝမ်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒါဆို တိုက်ဆိုင်တာ မဖြစ်နိုင်ပါ။ ချန်ကျင်းမင် မရှိသည့်အချိန်ကျမှ လင်းရွှယ် ဝင်လာခဲ့တာဖြစ်သည်။

ဒါကိုလည်း ရွှမ်းယွီလေး စီစဉ်ထားခဲ့တာလား…

ရွှမ်းယွီလေးက သူ့ရဲ့အဖျားရောဂါမှာ လျှို့ဝှက်ချက်တွေရှိနေသည်ဟု ထင်နေပြီး ကျင်းမင်ကိုလည်း အလွန်သတိထားနေပုံရသည်…

ဧကန္တ… သူ့အဖျားရောဂါက ကျင်းမင်နဲ့ သက်ဆိုင်နေတယ်လို့ ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်!

ဝမ့်ဝမ်ရုန် မျက်လုံးများ အလွန်ချောက်ချားသွားခဲ့ရသည်။ သူ ခေါင်းကို ဆက်တိုက်ဆိုသလို ခါရမ်းပစ်လိုက်မိသည်။ မဖြစ်နိုင်ပါ။ လုံးဝ မဖြစ်နိုင်ပါ။ ချန်ကျင်းမင်သည် သူမနှင့်နှစ်ပေါင်းများစွာပေါင်းသင်းလာခဲ့ပြီး သူ့အပေါ်မှာ အမြဲ တမ်း နူးညံ့သိမ်မွေ့၊ သဘောထားပြည့်ဝခဲ့သူဖြစ်သည်။ ထိုကဲ့သို့ လူမျိုးက သူမကို ထိခိုက်အောင်လုပ်ထားသည်ဆိုတာကို လုံးဝ လက်သင့်မခံနိုင်ပါ။

လင်းရော်တိုးညှင်းစွာ ဆက်ပြောလိုက်ပါသည်။

“တကယ်တော့ သခင်မလေးက အနောက်နန်းဆောင်ထဲကနေ စာတွေ အများကြီးပို့ဖူးပါတယ်၊ သခင်မကြီးအတွက်ဆိုပြီး သေသေချာချာ ရည်ရွယ်ထားခဲ့တာ၊ သခင်မကြီး စာတစ်စောင်တောင် ရခဲ့ရဲ့လား”

ဝမ့်ဝမ်ရုန် မျက်နှာပျက်သွားခဲ့သည်။ အနောက်နန်းဆောင်ထဲ ရောက်သွားကတည်းက သူ့ သမီးလေးရဲ့ သတင်းမှန်သမျှကို ဘာမှမကြားခဲ့ရပါ။ ချန်ကျင်းမင်ကို စုံစမ်းခိုင်းတော့လည်း ယွဲ့လင်းက မင်းဆိုးမင်းညစ်တစ်ပါးဖြစ်သဖြင့် စုံစမ်းဖို့ ခက်ခဲသည်ဟုသာ ဆိုခဲ့သည်။

သူ့သမီးလေး ပို့ပေးတဲ့စာတွေကို ချန်ကျင်းမင် ကြားဖြတ်ယူခဲ့တာလား…

ဝမ့်ဝမ်ရုန်ကတော့ ရွှမ်းယွီလေး နန်းတော်ထဲမှာ ဒုက္ခခံစားနေရသည်အထင်ဖြင့် ဝမ့်မိသားစုကိုပင် အကူအညီ တောင်းခဲ့မိခြင်းဖြစ်သည်။

“သခင်မလေးဆီက ဘာသတင်းမှ မကြားရတော့ သခင်မကြီး အဆိုးဆုံးတွေးထားမှာ သေချာပါတယ်၊ ဒါပေမယ့် အနောက်နန်းဆောင်ထဲမှာ သခင်မလေး အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်နဲ့ ရှိနေပါတယ်၊ အရှင်မင်းကြီးကလည်း ကောလဟာလတွေထဲကလို မင်းဆိုးမင်းညစ်မဟုတ်ပါဘူး” လင်းရွှယ် ရှင်းပြလိုက်လေသည်။

ဝမ့်ဝမ်ရုန် နှုတ်ခမ်းများ စည်းတင်းသွားခဲ့ပြီး သေချာပြန်စဉ်းစားလိုက်ပါသည်။ ရွှမ်းယွီလေး အနောက်နန်းဆောင်ထဲ စတင်ဝင်ရောက်ရသည့် အချိန်တုန်းက အရှင်မင်းကြီး ၏အကြွင်းမဲ့အမိန့်အာဏာဖြစ်သဖြင့် လွန်ဆန်၍မရနိုင်ဟု ချန်ကျင်းမင် အကြောင်းပြချက်ပေးခဲ့သည်။

အနောက်နန်းဆောင်ထဲ ရောက်ရှိသွားသောအခါမှာလည်း ရွှမ်းယွီလေးထံမှ ဘာသတင်းမှမကြားခဲ့ရပါ။ သူမ အလွန် စိတ်ဖိစီးခဲ့ရသဖြင့် ဝမ့်မိသားစုကို အကူအညီတောင်းခဲ့သည်။ သူမ စကားလုံးတွေထဲမှာလည်း အရှင်မင်းကြီးကို မကျေနပ်သည့် အကြောင်းအရာတွေ အများကြီးပါဝင်နေသည်။

သို့သော် အရှင်မင်းကြီးက မင်းဆိုးမင်းညစ်မဟုတ်ပါက ထိုအလိမ်အညာကို သူမ ယုံကြည်အောင် ချန်ကျင်းမင် ဘာကြောင့် အယုံသွင်းခဲ့ရတာလဲ ဝမ့်ဝမ်ရုန် နားမလည်တော့ပေ။

ဝမ့်ဝမ်ရုန်မျက်နှာ အလွန်အကျည်းတန်သွားခဲ့သည်။

ဝမ့်မိသားစုကြောင့်…

သူလုပ်နေတာတွေက ဝမ့်မိသားစုရဲ့ ထောက်ပံ့မှုကိုလိုချင်လို့ပေါ့!

အရှင်မင်းကြီးကို ဆန့်ကျင်ဖို့အတွက် ဝမ့်မိသားစုကိုပါ သူ့ဘက်မှာ ရှိနေစေချင်တာဖြစ်မည်။ ဝမ့်ဝမ်ရုန် အာရုံထဲ အတွေးပေါင်းစုံ ဝင်လာခဲ့တော့သည်။

နဂိုက အားနည်းချည့်နဲ့နေသည့် မျက်လုံးများချက်ချင်းဆိုသလို စူးရှသွားခဲ့ပြီး လင်းရွှယ်ကို မေးမြန်းလိုက်ပါသည်။

“နင်က ဘာလို့ အဲ့တာတွေ လာပြောနေတာလဲ ? အရင်တုန်းက နင့်ကို ကျင်းမင်ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား”

ရွှမ်းယွီလေး အနောက်နန်းဆောင်ထဲ ဝင်ရောက်စဉ်တုန်းက သူမနဲ့အတူလိုက်ပါသွားရမည့် အခြွေအရံကို ချန်ကျင်းမင် ကိုယ်တိုင် ရွေးချယ်ပေးခဲ့တာဖြစ်သည်။ ချန်ကျင်းမင်သာ အမှန်တကယ် ကောက်ကျစ်ယုတ်မာသူဆိုလျှင် သူထိန်းချုပ်လို့ မရသည့် အစေခံတစ်ယောက်ကို ရွှမ်းယွီလေးအနားမှာ ဘာကြောင့် ထားခဲ့မည်နည်း။

လင်းရွှယ် မျက်နှာပေါ် ထူးထူးဆန်းဆန်း အပြုံးတစ်ခုပေါ် လာခဲ့ပါသည်။

“ကျွန်မက ချန်ကျင်းမင်ရဲ့လူလို့ ဘယ်သူပြောလဲ ?”

All Chapters