← Chapters

👑 One Month

Vol. 15 Ch. 143

👑 One Month

Vol. 15 Ch. 143

ဝမ့်ဝမ်ရုန် မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း ရုတ်တရက် ရင်ဘတ်အောင့်ကာ ချောင်းတွေ အပြင်းအထန်ဆိုးသွားသည်။ သူမကျောကို လင်းရွှယ် လာပုတ်ပေးလိုက်ပါသည်။

လင်းရွှယ်ကို လှည့်ကြည့်ရင်း ဝမ့်ဝမ်ရုန် မေးလိုက်သည်။ “အခု နင်ကရွှမ်းယွီရဲ့လူဖြစ်သွားပြီလို့ ပြောချင်တာလား”

လင်းရွှယ် ရိုးရိုးသားသားဝန်ခံလိုက်ပါသည်။

“တကယ်တော့ အစကတည်းက ကျွန်မ ချန်ကျင်းမင်ရဲ့လူ မဟုတ်ခဲ့ပါဘူး၊ ကျွန်မက… ယွဲ့ဟွာရဲ့လူလို့ ပြောရင် ပိုမှန်မလား”

ဝမ့်ဝမ်ရုန် မျက်နှာမှောင်မိုက်သွားခဲ့သည်။

ယွဲ့ဟွာရဲ့လူ ဟုတ်လား…

ယွဲ့ဟွာရဲ့လူဆိုလျှင်လည်း သူ့ကို ဒါတွေ လာပြောပြနေစရာအကြောင်းမရှိပါ။

“ဒါပေမယ့် အဲ့တာက အပေါ်ယံပါ”

လင်းရွှယ် တောင်းတောင်းပန်ပန်မျက်နှာဖြင့် ပြောလိုက်သည်။

“တကယ်တော့ ကျွန်မက အရှင်မင်းကြီး စီစဉ်ပေးထားတဲ့ လူတစ်ယောက်ပါ”

ဝမ့်ဝမ်ရုန်: “??”

သူမ ခေါင်းကိုက်ချင်လာပါပြီ။ အားလုံးက ရှုပ်ထွေးလွန်းလှသည်။

“အရှင်မင်းကြီး အိမ်ရှေ့စံဘဝတုန်းက မင်းသားအန်းဟယ်မှာအရမ်းထူးဆန်းတဲ့ အကျင့်တစ်ခုရှိမှန်း သူသိခဲ့ရတယ်၊ မင်းသားအန်းဟယ်က မိန်းမလှလေးတွေကို သူရဲကောင်းဆန်ဆန် ကယ်တင်ပေးရတာကို အရမ်းဝါသနာပါပြီး အမြဲ တမ်းလိုလို အောင်မြင်လေ့ရှိတယ်၊ ပြီးတော့ သူကယ်တင်ပေးလိုက်တဲ့ မိန်းကလေးတိုင်းက သူ့အပေါ်အကြွင်းမဲ့ သစ္စာရှိသွားလိမ့်မယ်လို့လည်း အလိုလိုယုံကြည်နေတယ်”။

လင်းရွှမ်စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။

“အဲ့ဒီအချိန်တုန်းက အရှင်မင်းကြီး နည်းလမ်းတစ်ခုရှာပြီး ကျွန်မကိုယွဲ့ဟွာရှေ့မှာ ကယ်တင်ခံဖို့ လိုအပ်နေတဲ့ မိန်းမလှလေးတစ်ဦးလိုဟန်ဆောင်ခိုင်းခဲ့တယ်၊ အဲ့ဒီအချိန်ကစပြီး ယွဲ့ဟွာရဲ့ အကြွင်းမဲ့ယုံကြည်မှုကို ကျွန်မ ရလိုက်တာပဲ”

ဝမ့်ဝမ်ရုန်: “???”

ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်လိုက်တဲ့ အကျင့်လဲ ?

တစ်စုံတစ်ယောက်ကို ကယ်တင်ပေးလိုက်တာနဲ့ပဲ သူ့အ ပေါ် အကြွင်းမဲ့သစ္စာရှိသွားမယ် ထင်နေတာလား ?

လင်းရွှယ် ရှုပ်ထွေးသော မျက်နှာထားဖြင့် ဆက်ရှင်းပြလိုက်ပါသည်။

“အရှင်မင်းကြီးလည်း အဲ့တာကိုအံ့အားသင့်ခဲ့ရတယ်၊ ဒါပေမယ့် အကဲခတ်ကြည့်ရသလောက်တော့ ဒါ ယွဲ့ဟွာရဲ့ ပုံမှန်လုပ်ပုံကိုင်နည်းပဲ၊ ကျွန်မကို ယွဲ့ဟွာ ကယ်တင်ပြီးတဲ့နောက် လူယုံတော်အဖြစ် သတ်မှတ်ခဲ့ပြီး ဝန်ကြီးချန်ရဲ့စံအိမ်ကိုပို့ပေးပြီးတော့ သခင်မလေးဘေးမှာ နေရာချပေးခဲ့တယ်”

ဝမ့်ဝမ်ရုန် တိတ်ဆိတ်သွားခဲ့သည်။ အလွန်ရှုပ်ထွေးပွေလီလှသည့် ခရီးတစ်ခုပင်…

မူလဝတ္ထုထဲတွင် ယွဲ့ဟွာ အားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့တာမှန်ပါသည်။ သို့သော် ယွဲ့လင်းကလည်း အစွမ်းအစမရှိသည့် မင်းတစ်ပါး မဟုတ်ပေ။ ယွဲ့ဟွာကို တန်ပြန်တိုက် ခိုက်ဖို့ နည်းလမ်းတွေ သူ့မှာ အများကြီးရှိခဲ့သည်။

သို့သော် ကံကြမ္မာမှ မျက်နှာသာမပေးသောကြောင့်သာ ယွဲ့လင်း မအောင်မြင်ခဲ့ရခြင်းဖြစ်သည်။

ဥပမာအားဖြင့် မူလဝတ္ထုထဲတွင် လင်းရွှယ်သည် ယွဲ့လင်းတစ်ခါမှ အသုံးမပြုခဲ့ရသည့် နယ်ရုပ်တစ်ရုပ်ဖြစ်သည်။ သို့သော် ယခုမူ ဇာတ်လမ်းတွေ ပြောင်းလဲသွားပြီဖြစ်တာကြောင့် ယွဲ့လင်း၏ညွှန်ကြားမှုဖြင့် လင်းရွှယ်က ချန်ရှုယိရှေ့မှာ သူ့သရုပ်မှန်ကို ဖွင့်ချဝန်ခံခဲ့ပါသည်။

ထို့နောက် ချန်ရှုယိက သူမကိုချန်အိမ်တော်သို့ မြင်းလှည်းဖြင့် စေလွှတ်ခဲ့သည်။

ချန်ကျင်းမင်က အမြဲတမ်း ယုံကြည်မှုလွန်ကဲခဲ့သူဖြစ် သည်။ ယွဲ့ဟွာကိုယ်တိုင် စေလွှတ်ပေးထားသည့် လူဖြစ်သည့်အလျောက် လင်းရွှယ်ကို ချန်ကျင်းမင် တစ်ခါမှ သံသယမဖြစ်ခဲ့ပါ။ ယခုတော့ ထိုနယ်ရုပ်က သူ့ကို ဒုက္ခပေးဖို့ ရောက်လာခဲ့ပါပြီ။

“သခင်မကြီး မယုံကြည်ဘူးဆိုရင် သခင်မလေးကိုယ်တိုင် ရေးပေးထားတဲ့ စာလွှာတစ်စောင် ကျွန်မမှာ ပါလာပါတယ်”

လင်းရွှယ် တီးတိုးပြောရင်း စာတစ်စောင် ထုတ်ပေးလိုက်ပါသည်။

ရွှမ်းယွီရဲ့စာ ဟုတ်လား…

ဝမ့်ဝမ်ရုန် မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ထို့ နောက် စာကို အမြန်ယူလိုက်ပြီး သေသေချာချာဖတ်ကြည့်လိုက်ပါသည်။

ရွှမ်းယွီလေး၏ လက်ရေးလက်သားကို သူမ သေသေချာ ချာ မှတ်မိနေသည်။ ရွှမ်းယွီလေးကို သူ ကိုယ်တိုင်စာရေး စာဖတ်နည်း သင်ပေးခဲ့တာကြောင့် သူမရဲ့ လက်ရေး လက်သား ခြားနားမှုတိုင်းကို မှတ်မိနေပါသည်။

ဒီစာကို ရွှမ်းယွီလေးကိုယ်တိုင် ရေးသားထားတာ သေချာသည်။ အကြောင်းအရာတွေက လင်းရွှယ် ရှင်းပြထားတာနဲ့ တစ်ထေရာတည်းတူညီသည်။

စာ၏နောက်ဆုံးတွင် ယခုချိန်ကစပြီး ချန်အိမ်တော်မှာ နေထိုင်ဖို့ လင်းရွှယ်ကိုစေလွှတ်ထားမည်ဖြစ်ကာ သူမကို ဝမ့်ဝမ်ရုန် အကြွင်းမဲ့ယုံကြည်နိုင်သည်ဟု ဆိုထားသည်။

စာကိုတစ်ကြိမ်ဖတ်ပြီးနောက် အစကနေ ဝမ့်ဝမ်ရုန်ပြန်ဖတ်ကြည့်လိုက်သည်။ သူမ နားမလည်တာ မဟုတ်သော် လည်း သူမသမီးလေးရဲ့ လက်ရေးကို အချိန်အတော်ကြာမှပြန်မြင်ရတာဖြစ်သဖြင့် မခွဲရက်နိုင်ဖြစ်နေခဲ့ပါသည်။ စာကို အကြိမ်ကြိမ်အခါခါ ဖတ်ပြီးမှ လင်းရွှယ်ထံ တွန့်ဆုတ်စွာပြန်ပေးလိုက်တော့သည်။

ဝမ့်ဝမ်ရုန် နားထင်တွေကို ပွတ်လိုက်မိသည်။ ချန်ကျင်းမင်ကို ရွှမ်းယွီလေး သံသယဖြစ်နေမှန်း သေချာသလောက် ရှိနေပါပြီ။

သူမ အဖျားရောဂါက လုပ်ကြံခံထားရသည့် အရာတစ်ခုဖြစ်သည်ဟု ရွှမ်းယွီလေး ယုံကြည်နေသည်။ ဒီလို လုပ်နိုင်တာကလည်း သူမ အယုံကြည်ရဆုံးဖြစ်သည့် ခင်ပွန်းယောက်ျားကလွဲပြီး တခြားသူမရှိနိုင်ပါ။

သူ့ ဘဝရဲ့ အရေးအပါဆုံးလူနှစ်ယောက်က ချန်ရွှမ်းယွီနှင့် ချန်ကျင်းမင်တို့ပဲဖြစ်သည်။ ယခုမူ သူတို့နှစ်ယောက်သည် မတူညီသည့် ဆန့်ကျင်ဘက်မှာ ရပ်တည်နေကြသဖြင့် သူမ ဘယ်လို ရွေးချယ်ရမလဲ မသိတော့ပါ။

“သခင်မ”

စစ်ဆေးမေးမြန်းမှုကို ခံယူပြီးနောက် ချန်ကျင်းမင် အခန်းထဲ ပြန်ဝင်လာခဲ့ပါသည်။ ထိုအခါ လင်းရွှယ်ကို မြင်သွားလေသည်။

လင်းရွှယ် မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်သည်။

“ဒီနေ့ နန်းတော်ထဲကနေ ထွက်မလာခင်တုန်းက ကျွန်မကို နန်းတော်ထဲ ပြန်လာဖို့မလိုဘူးလို့ သခင်မလေးက မှာကြားထားပါတယ်၊ အရှင်မင်းကြီးကလည်း ကျွန်မကို ပြန်လာနိုင်ဖို့အတွက် အထူးခွင့်ပြုမိန့် ပေးလိုက်ပါတယ်”

ချန်ကျင်းမင် မျက်လုံးများ အရောင်လက်သွားသည်။

အထူးခွင့်ပြုမိန့်တဲ့လား… ဟား…

လင်းရွှယ် သူလျှိုဖြစ်မှန်း ယွဲ့လင်းသိသွားသဖြင့် နန်းတော်ထဲမှ ရှင်းထုတ်လိုက်တာသာဖြစ်ပါလိမ့်မည်။ ခုတလော ဒီလို ရှင်းထုတ်မှုတွေကို ယွဲ့လင်း မကြာခဏဆောင်ရွက်ခဲ့သည်။ လင်းရွှယ်အကြောင်းကို သိရှိသွားတာလည်း အံ့ဩစရာတော့မရှိပေ။

လင်းရွှယ်ကို ချန်ကျင်းမင် အတော်လေးယုံကြည်သဖြင့် ချန်အိမ်တော်မှာ နေခွင့်ပေးပြီး ဝမ့်ဝမ်ရုန်ကို ပြုစုစောင့် ရှောက်ခိုင်းလိုက်ပါမည်။

ဝမ့်ဝမ်ရုန် မျက်လွှာချထားမိသည်။ လင်းရွှယ်၏သရုပ်မှန်ကို သူမ ဖော်ထုတ်လိုက်ပါက ဒီမိန်းကလေး နှုတ်ပိတ်ခံရမှာကို သူမ သိနေသည်။ ထိုအခါ ရွှမ်းယွီလေး အနစ်နာခံထားသမျှလေး သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဝမ့်ဝမ်ရုန် တိတ်တိတ်ဆိတ်ဆိတ်နေဖို့သာ ဆုံးဖြတ်ခဲ့တော့ သည်။

ရွှမ်းယွီလေး ဒီလို ဆုံးဖြတ်ချက်ခိုင်မာတာမျိုးကို မြင်ရဖို့ ခဲယဉ်းသည်။ ရူးသွပ်မှုတွေထဲ သမီးဖြစ်သူနောက်ကို တစ်ကြိမ်လောက် ယုံယုံကြည်ကြည်လိုက်သွားဖို့ ဝမ့်ဝမ်ရုန် ဆုံးဖြတ်ခဲ့ပါသည်။ ချန်ကျင်းမင်ကို မဟုတ်မမှန် အထင် လွဲမိတာ ဆိုလျှင်လည်း နောင်တစ်ချိန်မှ သူမ အသက်နဲ့ ပြန်တောင်းပန်လိုက်ပါ့မည်။

ချန်အိမ်တော်မှာ လင်းရွှယ်နေထိုင်ခွင့် ရရှိသွားပြီဖြစ်သဖြင့် အစီအစဉ်ပထမဆုံးအဆင့်ကို အောင်မြင်သွားပြီ ဖြစ်သည်။ ဝမ့်ဝမ်ရုန်က ငတုံးမဟုတ်ပေ။ သူမကို ချန်ကျင်းမင် ဒီလို ကျဉ်းမြောင်းသည့် စံအိမ်ထဲမှာ ပိတ်လှောင်ထားခဲ့သဖြင့် အမှန်တရားကို မမြင်နိုင်ဖြစ်နေခဲ့ပါသည်။

ယခု လင်းရွှယ်ရောက်ရှိလာပြီ ဖြစ်တာကြောင့် ရက်စက်သည့် အမှန်တရားတွေကို သူမ တဖြည်းဖြည်းမြင်နိုင်ပါတော့မည်။ ဝမ့်မိသားစု၏ သမီးတစ်ယောက်အနေဖြင့် သေသည်အထိ လှည့်စားခံရတာမျိုုး မဖြစ်သင့်ပါ။ သူမ ခင်ပွန်းယောက်ျားက ဘယ်လို သားရဲတစ်ကောင်မျိုးလဲဆိုတာ ဝမ့်ဝမ်ရုန် မြင်ချင်မိသည်။

ချန်အိမ်တော်တွင် အားလုံးကို စနစ်တကျ စုံစမ်းစစ်ဆေးနေကြစဉ် နောက်ထပ်အဖွဲ့တစ်ဖွဲ့ကလည်း စွေ့ယွင်တောင်ဆီ ထွက်ခွာသွားကြပြီဖြစ်သည်။ စွေ့ယွင်တောင်ပေါ်မှာ နတ်ဆေးသမားတော်ကြီး ရှန်းကွမ့်ပေါ်၏ဇနီးသည် နေထိုင်သည်။

ချန်ကျင်းမင်အား စွဲချက်တင်ဖို့အတွက် စုစစ်ယောင်ကိုလည်း စာရင်းရှင်းရပါမည်။ ဒီပြဿနာအားလုံးအတွက် ရှန်းကွမ့်ပေါ်ဇနီးသည်မှာ အဓိက သော့ချက်ဖြစ်နေသည်။

စွေ့ယွင်တောင်က အလွန်ကွာဝေးသည်။ ထိုနေရာသို့ ရောက်ရှိဖို့ဆို တစ်လလောက် အချိန်ယူရပါမည်။ ထိုတစ်လအတွင်း ချန်အိမ်တော်ကိုလည်း မြေလှန်ရှာဖွေနေမည်ဖြစ်သည်။

တစ်လပြည့်သော အခါတွင်တော့ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်မည်သာ။

-

ခုတလော မောက်လန်နန်းဆောင်မှာ အတော်လေး စည်ကားသိုက်မြိုက်လျက်ရှိသည်။

ခုနစ်ရက်ကြာသွားခဲ့ပြီဖြစ်သည်။ ထိုခုနစ်ရက်လုံး ချန်ရှုယိ အိပ်စက်နေသည့်အချိန်အတွင်း ကျန်းကျီမြောင် ခိုးဝင်လာပြီး ဆေးလိမ်းပေးလေ့ရှိသည်။

ခုနစ်ရက်ကြာသောအခါ ချန်ရှုယိ၏ဒဏ်ရာဒဏ်ချက်များ အကြွင်းမဲ့ ပျောက်ကင်းသွားပြီ ဖြစ်သည်။ ချန်ရှုယိက ရိုးအပြီး သူမ ဒဏ်ရာတွေ ပျောက်သွားပြီဖြစ်ကြောင်း သူများတွေကို သွားပြောမှာ ကျန်းကျီမြောင် စိတ်ပူနေခဲ့သည်။

သို့သော် ချန်ရှုယိ ပါးနပ်ခဲ့သည်။ ခုနစ်ရက်အတွင်း သူမ ဒဏ်ရာတွေ ဒီလိုပျောက်ကင်းသွားတာက မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။ ထို့ကြောင့် သူမ သက်သာနေပြီ ဖြစ်သော်လည်း အိပ်ရာထဲမှမထခဲ့ပေ။

မောက်လန်နန်းဆောင်မှာ လင်းရွှယ်မရှိတော့သဖြင့် ချန်ရှုယိကို ပြုစုစောင့်ရှောက်ပေးဖို့ ကျန်းကျီမြောင် သူမရဲ့ အခြွေအရံနှစ်ယောက်ကို တာဝန်ပေးခဲ့သည်။ ချန်ရှုယိအတွက် ဝေရာဝစ္စအရာရာကို ထိုအခြွေအရံနှစ်ယောက်ကပဲ ဆောင်ရွက်ပေးခဲ့တာဖြစ်သည်။

နောက်ထပ်လက်တစ်စုံဆိုတာ မလိုအပ်ခဲ့ပါ။ ချန်ရှုယိ၏ ဒဏ်ရာပြန်ကောင်းလာနှုန်းကိုမြင်ပြီး ထိုအခြွေအရံ နှစ်ယောက်လည်း အံ့အားသင့်မိကြပါသည်။ သို့သော် ကျန်းကျီမြောင်က မှာကြားထားသဖြင့် သူမတို့ နှုတ်လုံခဲ့ကြသည်။

ချန်ရှုယိ တစ်နေကုန် အိပ်ရာထဲမှာလှဲနေရတာ ပျင်းမှာစိုးသဖြင့် အနောက်နန်းဆောင် ညီအစ်မတွေရဲ့တွေ့ဆုံမှုအား ဖုန့်ယီနန်းဆောင်မှ မောက်လန်နန်းဆောင်သို့ ရွှေ့ပြောင်းခဲ့ပါသည်။

အပူပြင်းဆုံးနေ့ရက်တွေ ကုန်ဆုံးသွားပြီဖြစ်ကာ ယခုဆို ရာသီဥတုက အတော်လေးနေလို့ထိုင်လို့ ကောင်းနေပါပြီ။ ကျန်းကျီမြောင်က ပန်းဥယျာဉ်မှ လတ်ဆတ်သောပန်းများ ကို မောက်လန်နန်းဆောင်ထဲသို့ ပို့ဆောင်စေခဲ့ပြီး မောက်လန်နန်းဆောင်၏ဥယျာဉ်ဝန်းထဲ ပန်းပြပွဲတစ်ခု ကျင်းပဖို့ စီစဉ်လိုက်ပါသည်။

ချန်ရှုယိကလည်း အပြင်ဘက်ရှိ နားနေခုံလေးပေါ်မှာ သက်တောင့်သက်သာ လှဲလျောင်းရင်း အနားယူနေခဲ့သည်။ ပန်းပြပွဲတွင် ပန်းအမျိုးမျိုးဖြင့် ဖန်တီးထားသော စားဖွယ်စုံများ၊ အဖျော်ယမကာများရှိနေကာ အရောင်အသွေးလှပကြသလို အရသာလည်း ကောင်းမွန်လှပါသည်။

ထိုအချိန်တွင် ‘Meteor Garden’ရှေးခေတ်ဗားရှင်း၏ နောက်ဆုံးပိုင်းကို ကျန်းကျီမြောင် ဖွင့်ကြည့်လိုက်သည်။

All Chapters