← Chapters

👑 Role Model of Gossip1

Vol. 15 Ch. 145

👑 Role Model of Gossip1

Vol. 15 Ch. 145

ထိုလှည့်ကွက်ကြောင့် ပရိတ်သတ်တွေအတော်များများ ဆဲချင်စိတ်ဖြစ်သွားကြလိမ့်မည်။

သို့သော် သေသေချာချာ စဉ်းစားသုံးသပ်ကြည့်လျှင်…

ချူးရှား၏ ရည်ရွယ်ချက်က ဘယ်တုန်းကမှ အဖိနှိပ်ခံဇနီးသည်တစ်ယောက် ဖြစ်လာဖို့ မဟုတ်ခဲ့ပါ။ မူရုံရွှမ်က သူမကို အစပိုင်းမှာ အနိုင်ကျင့်နှိပ်စက်ခဲ့သလို အဆုံးပိုင်းမှာလည်း ခြိမ်းခြောက်အကျပ်ကိုင်ခဲ့သေးသည်။

ထို့ကြောင့် သူ့ကို ‘ဇာတ်သိမ်း’ပေးလိုက်ခြင်းကသာ သူမအတွက် ဘေးကင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ခဲ့သည်။

“စနစ် နင်ဒီဇာတ်လမ်းတွဲကို Meteor Garden ရှေးခေတ်ဗားရှင်းလို့ မျက်နှာပြောင်တိုက်ပြီး ခေါ်ရဲသေးတယ်နော်၊ ဘယ်နေရာမှာများ Meteor Garden နဲ့ သွားတူနေလို့လဲ!” ကျန်းကျီမြောင် မေးလိုက်သည်။

စနစ်က မခံချင်စိတ်ဖြင့် ပြန်ဖြေလိုက်ပါသည်။

“ထွင်လုံးလို့ခေါ်တယ်! အဲ့တာကို ထွင်လုံးလို့ ခေါ်တယ်! Meteor Garden ကို ကျွန်ုပ် မှော်ဆန်ဆန် ဘယ်လိုပြုပြင်မလဲလို့ စနစ်ပိုင်ရှင်သာ စိတ်မဝင်စားခဲ့ရင် အဆုံးထိတောင် ကြည့်မိပါ့မလား!”

အေးပါ အေးပါ…

စနစ်ဒီလိုပြောလိုက်တော့လည်း အဓိပ္ပာယ်ရှိလာသလိုလို ခံစားရသည်။ ကျန်းကျီမြောင် ဝန်ခံရသည်။ ဇာတ်လမ်းတွဲကို စကြည့်တုန်းက Meteor Garden ဟူသည့် အမည်ကြောင့် မျှော်လင့်တကြီး ကြည့်မိခဲ့တာဖြစ်သည်။

ပထမတော့ ချိုမြိန်သည့် အချစ်ဇာတ်လမ်းလေးဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း ရုတ်တရက်ကြီး ပြောင်းလဲသွားပုံက… အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှပါသည်။

ဇာတ်လမ်းက ဒီလောက်နဲ့မပြီးသေးပါ။

ဇာတ်လမ်းအဆုံးသတ်တွင် ချူးရှားနှင့် အိမ်ရှေ့စံမင်းသားတို့ ဉာဏ်ရည်ကစားပွဲတစ်ခု ကစားခဲ့ရပြန်သည်။ မူရုံရွှမ်လိုပဲ အိမ်ရှေ့စံကလည်း ချူးရှားကိုထိန်းချုပ်ချင်ခဲ့သည်။

သို့သော် မူရုံရွှမ်ကို အိမ်ရှေ့စံမင်းသား သတ်ခဲ့သည်ဟုသည့် အချက်ကို ချူးရှား အားသာချက်အဖြစ် အသုံးပြုနိုင်ခဲ့သည်။ ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက်ခြိမ်း ခြောက်အကြပ်ကိုင်ရင်း လွန်ဆွဲခဲ့ကြသော်လည်း နှစ်ဖက်စလုံး ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်ခဲ့ကြပါသည်။

သူတို့နှစ်ယောက်ကိုကြည့်ရတာလည်း… တစ်မျိုးတစ်ဖုံ လိုက်ဖက်နေသလို ခံစားရသည်။ သို့သော် ဇာတ်လမ်းအကြောင်းအရာကို ကြည့်ရသလောက်တော့ ထင်သ လောက်ရိုးရှင်းမှာ မဟုတ်မှန်း ကျန်းကျီမြောင် သိနေခဲ့ပါသည်။

သေချာပါသည်။ အိမ်ရှေ့စံမင်းသား ထီးနန်းရရှိပြီး ဧကရာဇ်မင်းကြီး ဖြစ်လာသည်အထိ ချူးရှားကူညီပေးခဲ့သည်။ ထိုအခါဧကရာဇ်မင်းကြီးက ချူးရှားအားအနောက် နန်းဆောင်ထဲ ခေါ်သွင်းဖို့ စီစဉ်လေသည်။

ထို့ကြောင့်… နန်းတက်လာတာ မကြာသေးသည့် ဧကရာဇ်မင်းကြီးကိုပါ အစ်မကြီးရှား ‘သက်သာခွင့်’ပေးလိုက်ရသည်။ ထို့နောက် အသက် ၈ နှစ်သာ ရှိသေးသည့်မင်းသား လေးတစ်ပါးကို နန်းတင်ခဲ့သည်။

နိဂုံးတွင် ချူးရှားက ရင်ခွင်ပိုက်အုပ်ချုပ်သူတစ်ယောက် ဖြစ်လာခဲ့ပြီး တစ်တိုင်းပြည်လုံးအပေါ် အကြွင်းမဲ့အာဏာဖြင့် အုပ်ချုပ်နိုင်ခဲ့သည်။ ထို့အပြင် သူမရဲ့ရည်မှန်းချက်တွေကိုလည်း အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့သည်။

နောက်ဆုံး အပိုင်းနှစ်ပိုင်း၏ ဇာတ်လမ်းအသွားအလာက အတော်လေး ကြောက်ဖို့ကောင်းပါသည်။ ကျန်းကျီမြောင်နှင့် အနောက်နန်းဆောင်ညီအစ်မတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။

ချူးရှား၏ဇာတ်ကောင်စရိုက်ကလည်း သုံးသပ်ရခက်လှသည်။ သူမကို လူဆိုးတစ်ယောက်ဟု ပြောဖို့ကလည်း အားနည်းချို့တဲ့သူကို ကာကွယ်ပေးပြီး တိုင်းသူပြည်သားများအတွက် တရားမျှတမှုရအောင် အုပ်ချုပ်ပေးခဲ့တာ ဖြစ်သည်။ သူမအုပ်ချုပ်မှုအောက်မှာ တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းပြီး သာယာဝပြောခဲ့သည်။

သို့သော် လူကောင်းတစ်ယောက်ဟု ဆိုဖို့ကလည်း… သူမကြောင့် သွယ်ဝိုက်သောနည်းလမ်းဖြင့် သေဆုံးသွားသူတွေက မနည်းလှပါ။ ထို့အပြင် ဧကရာဇ်မင်းကြီးကိုပါ လုပ်ကြံခဲ့ပြီး အုပ်ချုပ်ရေးတစ်ခုလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကျန်းကျီမြောင်က ဒါကို လက်ခံနိုင်စွမ်းရှိသေးသော် လည်း အနောက်နန်းဆောင် ညီအစ်မတွေကတော့ ရင်ထဲ ဗလောင်ဆူနေခဲ့ပါပြီ။

အဲ့လို မိန်းမသားမျိုး ဒီလောကကြီးမှာ တကယ်ရှိနိုင်လို့လား!

ငယ်စဉ်ကတည်းက သင်ယူခဲ့ရသည့် ပညာတွေကြောင့် ချူးရှား၏လုပ်ရပ်တွေကို သူမတို့ ဝေဖန်ရှုတ်ချချင်မိ သည်။ သို့သော် ဒီလိုနေရာမျိုး ရလာဖို့အတွက် ချူးရှား အခက်အခဲတွေ ဘယ်လိုကျော်ဖြတ်ခဲ့ရကြောင်းကို သူမတို့အားလုံး မျက်မြင်တွေ့ခဲ့ရပြီးသားပင်။

နောက်ဆုံးတွင် ထိုကလေးကိုပွေ့ချီရင်း ပလ္လင်ပေါ်မှာ ချူးရှားထိုင်နေသည့် မြင်ကွင်းကို မြင်သောအခါ ကိုယ်လုပ် တော်များအားလုံး လေးစားအားကျမိကြပြီး ‘အစ်မကြီး’ဟုပင် ခေါ်ချင်စိတ် ဖြစ်လာမိသည်။

မိန်းမသားတစ်ဦး၏ဘဝက ဒီလိုမျိုးလည်း ဖြစ်လာနိုင်ကြောင်းကို သူမတို့ နားလည်ခဲ့ရသည်။ အချစ်တွေ မေတ္တာတွေကြားမှာ ပိတ်လှောင်နေစရာမလိုဘဲ လိုချင်သည့်အရာကို ရဲရဲဝံ့ဝံ့ ရယူနိုင်စွမ်းရှိသည်။ လူ့ပတ်ဝန်းကျင်က အသိအမှတ်မပြုလျှင် လူ့ပတ်ဝန်းကျင်ကို ပြန်လည်တိုက်ခိုက်နိုင်သည်။

အမှန်ပင်… ချူးရှား၏ ဇာတ်လမ်းက စိတ်ကူးယဉ်လည်း ဆန်လွန်းပါသည်။ လက်တွေ့ဘဝမှာတော့ နန်းတွင်း စားမေးပွဲမှာ သူမတို့တွေ ဝင်ဖြေနိုင်ဖို့ကပင် မဖြစ်နိုင်သည့် အခက်အခဲတစ်ခုဖြစ်သည်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူမတို့ရင်ထဲ မျှော်လင့်ချက် မီးတောက်လေးတစ်ခုတော့ ဖြစ်ပေါ်လာမိတာ သေချာပါသည်။

ဇာတ်လမ်းပြီးဆုံးသွားသောအခါ အပိုဆောင်းအပိုင်းလေးတစ်ခု ရှိနေသေးသည်။

ချူးရှားသေဆုံးသွားပြီး နှစ် ၅၀ အကြာတွင် သူမ၏ မျိုး ဆက်များက ချူးရှားကိုယ်တိုင်ရေးသားခဲ့သော ကိုယ်ရေးအတ္ထုပ္ပတ္တိဇာတ်လမ်းကို ထုတ်ဝေခဲ့သည်။ ထိုအချန်ကစပြီး နန်းတော်၏အာဏာအရှိဆုံးအရာရှိမှာ အမျိုးသမီးတစ်ဦးဖြစ်ခဲ့ဖူးသည်ဟူသည့် သမိုင်းကြောင်းကို လူသိများလာခဲ့သည်။

ထိုအပိုဆောင်းအပိုင်းလေးကို ကြည့်ရင်း အားလုံး တွေဝေသွားခဲ့ကြပါသည်။ အစ်မကြီးရှားလို သန်မာသည့် လူတစ်ယောက်ပင် သေဆုံးပြီး နှစ် ၅၀ အကြာမှ မိန်းမသားတစ်ဦးဖြစ်နေသည့်အကြောင်းကို ထုတ်ဖော်ရဲခဲ့သည်။

သူမရဲ့ရည်မှန်းချက်တွေအတွက် စိတ်ခံစားချက်အားလုံးကို လျစ်လျူရှုခဲ့ပြီး နန်းတွင်းရေးရာကိစ္စတွေကိုသာ အလေးထား ဆောင်ရွက်ခဲ့သည်။

သူမ နေရာမှာ ယောက်ျားသားတစ်ဦးဆို ပေးဆပ်ရသည့်တန်ဖိုးက အစ်မကြီးရှားလောက်မများနိုင်ပါ။ ချူးရှား မိန်းမသားတစ်ဦးဖြစ်ခဲ့မှန်း ဖော်ထုတ်ခံလိုက်ရသောအခါ ယုံမင်းဆက်ထဲ ဘယ်လို ပြောင်းလဲမှုတွေ ဆက်ဖြစ်သွားမလဲ ဘယ်သူမှ မသိနိုင်ခဲ့ပါ။ မိန်းမသားတွေကို ကိုယ့်တန်ဖိုးကိုယ် ရှာဖွေတတ်အောင် ချူးရှား လမ်းပြပေးနိုင်ခဲ့မလား မသေချာပေ။

ချူးရှားတစ်ဦးတည်းနဲ့ အစဉ်အလာကို ပြောင်းလဲနိုင်စွမ်း မရှိလောက်ပါ။ သို့သော် မျိုးဆက်တိုင်း အားလုံးအတူတူ ကြိုးစားလိုက်ပါက ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါလိမ့်မည်။

ဇာတ်လမ်းတွဲ အဆုံးသတ်သွားသောအခါ အားလုံး သာမန်မဟုတ်အောင် တိတ်ဆိတ်သွားကြသည်။ ပုံမှန်ဆို ဇာတ် လမ်းတွဲကြည့်ပြီး စကားများတတ်သည့် ညီအစ်မများက ယနေ့တော့ တစ်စုံတစ်ရာကို နက်နက်ရှိုင်းရှိုင်းခံစားနေရပုံပေါ်သည်။

ကျန်းကျီမြောင်လည်း အနည်းငယ်ခံစားသွားခဲ့ရသည်။ ခဏကြာတော့ သူမ ဇာတ်လမ်းစုစည်းမှုတွေထဲ ဝင်ရောက် ရှာဖွေခဲ့ပြန်သည်။ ဇာတ်လမ်းတွဲတစ်ခု ပြီးဆုံးသွားပြီဖြစ်သဖြင့် မနက်ဖြန်ကစပြီး အသစ်တစ်ခုကိုပြောင်းလဲကြည့် ရှုရတော့မည်ဖြစ်သည်။

ဒီတစ်ခါတော့ စနစ်မှ ‘မှော်ဆန်ဆန်’ပြောင်းလဲ ဖန်တီးပေးထားသည့် ဇာတ်လမ်းတွဲတွေကို ရွေးချယ်ဖို့ စိတ်ကူးမရှိပါ။ ထိုဇာတ်လမ်းတွဲတွေက ကောင်းမွန်သော်လည်း သူမ နှလုံးသားလေးက ခံနိုင်ရည် မရှိလှပါ။ ဒီတစ်ခေါက် Meteor Garden ကြောင့် သူမ မုန့်ပဲသရေစာ သုံးဆောင်ဖို့ပင် မေ့လျော့သွားခဲ့ရသည်။

ကျန်းကျီမြောင် သေချာရှာဖွေလိုက်ပြီး သူမ အကြိမ်ကြိမ် ကြည့်ဖူးသည့် ဇာတ်လမ်းတွဲတစ်ခုကို ရွေးချယ်ခဲ့ပါသည်။ ဒါမှ စိတ်ခံစားချက် အပြောင်းအလဲမများမှာ ဖြစ်သည်။

[‘Empresses in the Palace’/ ကျန်းဟွမ်ကို ရွေးမယ်!]

မနက်ဖြန်ကစပြီး ကျန်းဟွမ်ရာဇဝင်ကို စတင်ကြည့်ရှုပါမည်။

ကျန်းဟွမ်ရာဇဝင်ဟုတ်လား…

အားလုံး စိတ်ဝင်စားသွားခဲ့သည်။

ကျန်းဟွမ်ရာဇဝင်ကကော အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းလား ?

အမျိုးသမီးတစ်ယောက်ရဲ့ အတ္ထုပတ္တိဇာတ်လမ်းလား ?

အစ်မကြီးရှားလိုမျိုး အစွမ်းအစရှိတဲ့ လူတစ်ယောက်လား ?

ကိုယ်လုပ်တော်များအားလုံး သိချင်စိတ် ထိန်းမရတော့ပေ။

ဒီနေ့အတွက်အခမဲ့အပိုင်းတွေ မရှိတော့သဖြင့် Trailer တစ်ခုကိုသာ အခမဲ့ကြည့်ရှုနိုင်ပါတော့မည်။ အားလုံးလည်း အားနေကြတာဖြစ်သဖြင့် ကျန်းကျီမြောင် Trailer ကို ဖွင့်ကြည့်လိုက်သည်။

ကျန်းဟွမ်ရာဇဝင် ဇာတ်လမ်းတွဲ Trailer က သုံးမိနစ်သာကြာသည်။ ကျန်းဟွမ်က အရှင်မင်းကြီး၏ကိုယ်လုပ် တော်တစ်ပါးဖြစ်မှန်း သူမတို့ မြင်နိုင်သည်။ ထို့ကြောင့် ဒီဇာတ်လမ်းက အနောက်နန်းဆောင် ဇာတ်လမ်းတစ်ခု ဖြစ်နိုင်ပါသည်။

ဒါဆို သူမတို့နဲ့အတူတူပဲ မဟုတ်လား!

ကိုယ်လုပ်တော်များအားလုံး ရုတ်တရက် စိတ်အားထက် သန်သွားကြသည်။ မနက်ဖြန်ကျိန်းသေပေါက် လွတ်သွားလို့ မဖြစ်ပါ။

Trailer ကို ကြည့်ရှုပြီးခါမှ အားလုံး အတင်းအဖျင်း စပြောခဲ့ကြပါသည်။

“စကားမစပ် ချန့်လုံကို အားလုံး မှတ်မိကြလား”

ကြင်ယာတော်သဲ့ ရုတ်တရက် မေးလိုက်ပါသည်။

“မှတ်မိတယ် မှတ်မိတယ်”

အားလုံး တက်ကြွစွာ ဖြေလိုက်ကြသည်။

အထူးသဖြင့် ချန်ရှုယိမျက်လုံးများ အလွန်တောက်ပသွားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ကြင်ယာတော်သဲ့ ပြောဖူးသေးတယ်မဟုတ်လား ? ချန့်လုံ၊ ချန့်ပေါင်နဲ့ အဲ့ဒီ ကိုယ် လုပ်တော်တို့ တစ်အိမ်တည်းမှာ အတူတူနေနေရပြီ၊ သူတို့သုံးယောက်ရဲ့ ဇာတ်လမ်းကတော်တော် ဆန်းတယ်၊ ည အချိန်ရောက်တိုင်း လျို့ရူယွဲ့က ဘယ်သူနဲ့ သွားအိပ်ရမှန်းတောင် မသိတော့ဘူး၊ မိသားစုဦးစီးဆိုတဲ့ ဂုဏ်ကို ချန့်လုံ ပြန်တည်ဆောက်ဖို့ ကြိုးစားပေမယ့် လျို့ရူယွဲ့ရဲ့ သွေးထိုးမှုကြောင့် ချန့်ပေါင်က သူ့အဖေအရင်းကိုတောင် လက်တွေပါလာပြီ၊ ချန့်လုံလည်း ဘာမှမတတ်နိုင်တော့ဘဲ သူအရမ်းချစ်ရတဲ့ ကိုယ်လုပ်တော်နဲ့ သားဖြစ်သူတို့ နေ့နေ့ည ည ချစ်ကြည်နူးနေတာကို ဒီတိုင်းထိုင်ကြည့်နေရတယ်”

ထိုဖရဲသီးက အလွန်ချိုမြိန်လွန်းပါသည်။ ထိုအကြောင်းကို ပထမဆုံးသိခဲ့ရစဉ်တုန်းက တစ်မနက်လုံးပြောမဆုံးနိုင်အောင် ဖြစ်ခဲ့ကြသည်။

ကြင်ယာတော်သဲ့ ရယ်မောလိုက်လေသည်။

“ဟုတ်ပါ့၊ ဒါပေမယ့် ဒီနေ့ သတင်းထူးတစ်ခု ထွက်လာသေးတယ်၊ စိစစ်ကွပ်ကဲသူဖေးနဲ့ ပတ်သတ်တဲ့ အမှုဟောင်းကို စုံစမ်းစစ်ဆေးနေကြတာ တိုးတက်မှုရှိတယ်တဲ့၊ အဲ့ဒီအမှုဟောင်းမှာ စိစစ်ကွပ်ကဲသူဖေး မတရားသဖြင့် စွပ်စွဲခံခဲ့ရမှန်း သက်သေပြနိုင်ခဲ့ပြီ၊ နောက်ကွယ်က ကြိုး ကိုင်သူက ချန့်လုံဖြစ်နိုင်ချေ အတော်များတယ်”

“အဲ့တာကြောင့် အရှင်မင်းကြီးက ဒီကြင်ယာတော်ရဲ့အစ်ကိုတော်ကို စေလွှတ်ပြီး ချန့်လုံကို သွားရောက်ဖမ်းဆီး ခိုင်းခဲ့တယ်၊ ချန့်လုံက ရန်သူ့တိုင်းပြည်ရဲ့ သူလျှိုတောင်ဖြစ်နေနိုင်တယ်လို့ အစ်ကိုတော်က ပြောတယ်၊ အဲ့ဒီ ပြစ်မှုကိုသာ သက်သေပြနိုင်ရင် မျိုးဆက်တစ်ဆက်လုံးကွပ် မျက်ခံရမှာ၊ ဒါပေမယ့် တိုင်းပြည်အတွက် အကျိုးပြုတဲ့ လုပ်ရပ်မျိုး ဆောင်ရွက်ပေးရင်တော့ သက်ညှာခံရနိုင်တယ်”

“ဒါကိုကြားတော့ ချန့်ပေါင်က ဖော်ကောင်လုပ်ပြီး သူ့အဖေကိုတစ်ခါတည်း ရောင်းစားလိုက်တော့တာပဲ၊ ချန့်လုံက ရန်သူ့တိုင်းပြည်ရဲ့ သူလျှိုဖြစ်ကြောင်းကို ချန့်ပေါင် သက်သေတွေပါ ထုတ်ပြခဲ့တယ်”

“ချန့်လုံက အဲ့ဒီအကြောင်းကို တခြားသူတွေမသိအောင် လျှို့ဝှက်ထားခဲ့ပေမယ့် သူ့တစ်ဦးတည်းသော သားလေးကိုတော့ လျှို့ဝှက်မထားခဲ့ဘူး၊ လောတိုင်းပြည်ကို သစ္စာ စောင့်သိရမယ်လို့ သူ့သားကို ငယ်ငယ်ကတည်းက တဖွဖွ သင်ပေးခဲ့တာ၊ နောင်တစ်ချိန်ကျရင် လောတိုင်းပြည်ကို ပြန်ခွင့်ရနိုင်တယ်လို့လည်း ဆုံးမခဲ့သေးတယ်”

“အဲ့လိုဆုံးမခဲ့လို့ပဲ အခု ကိုယ့်သားအရင်းရဲ့ ဖော်ကောင်လုပ်မှုကိုခံလိုက်ရတယ်လေ၊ အခု ချန့်လုံ၊ ချန့်ပေါင်နဲ့ အဲ့ဒီ ကိုယ်လုပ်တော်တို့ သုံးယောက်စလုံးကို စစ်ဆေးမေးမြန်းဖို့ ဖမ်းချုပ်ထားလိုက်ကြပြီ”

ကြင်ယာတော်သဲ့ မရပ်မနား တရစပ်ပြောပြနေသည့် အတင်းအဖျင်းများကို ကျန်းကျီမြောင် ကျေကျေနပ်နပ်ကြီး နားထောင်နေခဲ့သည်။

အနောက်နန်းဆောင် ညီအစ်မတွေ အတင်းအဖျင်းပြောတတ်ချင်လျှင် ကြင်ယာတော်သဲ့ထံမှ သင်ယူခိုင်းရပါမည်။ ကြင်ယာတော်သဲ့ အသက်ပင်မရှူအားဘဲ အကုန်လုံးကို ဖော်ထုတ်ခဲ့တာဖြစ်သည်။

ကြင်ယာတော်သဲ့က ဒီမျိုးဆက်အတွက် အတင်းအဖျင်းလောက၏ စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်စွမ်းရှိပေသည်။

All Chapters