← Chapters

👑 Looking for Trouble

Vol. 15 Ch. 146

👑 Looking for Trouble

Vol. 15 Ch. 146

“ချန့်လုံရဲ့ ပြစ်မှုတွေက သေချာသလောက်ရှိနေပြီ၊ အဲ့တာကြောင့် ဆောင်းဦးကာလပြီးရင် ကွပ်မျက်ခံရဖို့ များတယ်၊ ချန့်ပေါင်ကတော့ သူ့ခမည်းတော်ရဲ့ အပြစ်ကိုဖော်ထုတ်ပေးခဲ့အတွက် သက်ညှာခံရနိုင်ချေရှိတယ်၊ အဲ့ဒီလျို့ရူယွဲ့ကတော့ ထူးထူးဆန်းဆန်းပဲ၊ အဲ့ဒီအသည်းပုံကျောက်တုံးကို မျိုချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ကြိုးစားခဲ့တယ်တဲ့၊ ဘယ်သူ့ကို အဲ့လောက်အထိ ကာကွယ်ပေးချင်နေတာလဲမသိဘူးနော်”

ကြင်ယာတော်သဲ့ ပဟေဠိဆန်စွာ ရေရွတ်လိုက်ပါသည်။

ဘယ်သူ့ကို ကာကွယ်ပေးချင်နေတာလဲဟုတ်လား ?

မေးစရာတောင် လိုသေးလို့လား ?

ကိုယ်လုပ်တော်တွေအားလုံး အဖြေကို သိကြပါသည်။

ချန်ကျင်းမင်နှင့် ယွဲ့ဟွာတို့ သားအဖ ယခင်ဘဝက ဘယ် လိုကောင်းမှုကုသိုလ်တွေ ပြုခဲ့မှန်း မသိနိုင်သော်လည်း ဒီဘဝမှဦတော့ အတော်လေးစန်းပွင့်လှသည်။ သူတို့အတွက် အသက်ကိုစတေးဝံ့သည့် အမျိုးသမီးတွေ အများကြီးရှိနေပါသည်။

ကံစီမံရာကြောင့်ပဲလား သူတို့သားအဖတွေရဲ့ ဆွဲဆောင်မှုကပဲ ထူးကဲနေတာကြောင့်လား မပြောတတ်တော့ပါ။

ယခင်တုန်းက ဒီလို ဘယ်သူမှမစဉ်းစားမိခဲ့ကြပေ။ သို့ သော် ချန်ကျင်းမင်နှင့် ယွဲ့ဟွာတို့ သားအဖတွေဖြစ်မှန်းသိလိုက်ရကတည်းက သေချာတွေးမိကြသည်။ ချန်ကျင်းမင်နှင့် ယွဲ့ဟွာတို့က အကျင့်စရိုက်ချင်း အတော်လေးတူညီကြသည်။

ထိုမိန်းကလေး နန်းတော်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင် နက် ယွဲ့ဟွာ၏ မျိုးရိုးအမှန်ကိုဖော်ထုတ်နိုင်ပါလိမ့်မည်။ ထိုအခါ အရှင်မင်းကြီးကို ယွဲ့ဟွာ ဘာအန္တရာယ်မှ ပြုနိုင်တော့မှာ မဟုတ်ပါ။

သို့သော် ယွဲ့ဟွာ မွေးမြူထားသည့် လျှို့ဝှက်တပ်သားတွေကိုတော့ အရင်ဆုံး ဖယ်ရှားပစ်မှ ဖြစ်ပါလိမ့်မည်။ ထို့အ ပြင် တော်ဝင်ကိုယ်စောင့်တပ်ဖွဲ့တွေထဲ ယွဲ့ဟွာနေရာချထားသည့် နယ်ရုပ်တွေကိုလည်း ရှာဖွေဖယ်ထုတ်ပစ်ရမည်။

ထိုသို့မဟုတ်ပါက အင်အားချင်းမမျှသည့်အခါ မူလဝတ္ထုထဲကအတိုင်း ယွဲ့ဟွာ နန်းလုပွဲဆင်နွှဲပြီး ထီးနန်းကိုအတင်း အဓမ္မသိမ်းပိုက်သွားပါလိမ့်မည်။

အမှန်ပင်။ ဒီဘဝမှာတော့ အခြေအနေတွေ အများကြီး ပြောင်းလဲနေပါပြီ။ ယွဲ့ဟွာ၏ အာဏာအတော်များများကို ဖိနှိပ်နိုင်ခဲ့ပြီဖြစ်ကာ အရှင်မင်းကြီးလည်း မဟာမိတ်တွေ အများကြီး ရရှိနေပြီဖြစ်သည်။ ယွဲ့ဟွာ နန်းလုဖို့ ကြိုးစားလျှင်တောင် ထင်သလောက်လွယ်ကူမည်မဟုတ်တော့ပေ။

[အချိန်ကိုတွက်ကြည့်ရင် အဲ့ဒီမိန်းကလေး နန်းတော်ကို ရောက်လာဖို့ သုံးနှစ်တောင် မလိုတော့ဘူးပဲ၊ ယွဲ့ဟွာရဲ့ အတောင်ပံတွေကို ဖြတ်ပစ်ပြီးတာနဲ့ အဲ့ဒီမိန်းကလေး နန်းတော်ကို စောစောရောက်လာအောင် ငါနည်းလမ်းတစ်ခုခု ရှာသင့်တယ်]

ယခင်တစ်ခေါက်က ချန်ကျင်းမင်၏အချိန်အကန့်အသတ် အတင်းအဖျင်းမစ်ရှင်အတွင်း အံ့ဩတုန်လှုပ်မှုရမှတ်အများဆုံး ပေးနိုင်ခဲ့သည့် ‘ထိပ်တန်း အယောက် ၁၀၀ စာရင်း’ထဲ ပါဝင်သူတွေကို ယွဲ့လင်းအား ကျန်းကျီမြောင် အမျိုးမျိုးအဖုံဖုံ အရိပ်အမြွက်ပေးခဲ့ပါသည်။ သူမနှင့် ယွဲ့လင်းတို့က အတိုင်အဖောက်ညီသဖြင့် အခုလောက်ဆို ယွဲ့လင်း စတင် စုံစမ်းနေလောက်ပြီဖြစ်သည်။

ချန်ကျင်းမင်၏အဆက်အသွယ်အများစုက ထိုစာရင်းထဲမှာ ရှိနေလိမ့်မည်ဟု ကျန်းကျီမြောင်ခံစားမိသည်။ အရှင် မင်းကြီးက သဲလွန်စတွေနောက်ကိုလိုက်ပြီး စုံစမ်းစစ်ဆေးကာ တစ်ဦးချင်း ဖယ်ရှားပစ်ဖို့သာလိုအပ်သည်။

သို့သော် အချိန်တော့ ယူရပါလိမ့်မည်။

အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည့် ကိစ္စတွေထဲမှာ စုစစ်ယောင်နဲ့ စာရင်းရှင်းပြီး ချန်ကျင်းမင်အား စွဲချက်တင်နိုင်ဖို့က အရေးအကြီးဆုံးကိစ္စဖြစ်သည်။ ထိုနှစ်ယောက်ကို ဖယ်ရှားလိုက်ပါက ယွဲ့ဟွာ၏အင်အားစု သိသိသာသာ လျော့နည်းသွားလိမ့်မည်။

ယွဲ့ဟွာဘက်မှ အင်အားနည်းသွားလျှင် ယွဲ့လင်းဘက်က အလိုလို အားကောင်းလာမည်ဖြစ်ကာ အကြွင်းမဲ့အားသာချက် ရရှိသွားပါလိမ့်မည်။

နန်းတော်အတွင်း လှိုင်းတွေထန်လာသဖြင့် နဂိုကအေးချမ်း ခဲ့သည့် အနောက်နန်းဆောင်ကိုပါ စတင် ရိုက်ခတ်လာလေတော့သည်။

ဒီနေ့ အနောက်နန်းဆောင် ညီအစ်မတွေနဲ့အတူတူ ကျန်းကျီမြောင် ပျော်ပျော်ရွှင်ရွှင် စုဝေးရင်း အာရုံထဲမှာလည်း ကျန်းဟွမ်ရာဇဝင်ကို ဖွင့်ကြည့်နေခဲ့ပါသည်။

ကျန်းဟွမ်ရာဇဝင်က အနောက်နန်းဆောင် ညီအစ်မတွေရဲ့ နေ့စဉ်ဘဝနဲ့ ဆင်တူလွန်းသည်။ ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှု အနည်းငယ် ကွဲပြားမှုရှိနိုင်သော်လည်း ဇာတ် လမ်းတွဲများစွာကို ကြည့်ရှုပြီး ဦးနှောက်ကျင်းခံထားရသည့် ကိုယ်လုပ်တော်တွေကတော့ ကျန်းဟွမ်ရာဇဝင်၏ ခြားနားမှုကို ချက်ချင်းလက်ခံနိုင်ခဲ့ကြပါသည်။

[ကျန်းဟွမ်ရာဇဝင်က ကြည့်လိုက်တိုင်း အသစ်အဆန်းတစ်ခုခု ခံစားရတဲ့ ဇာတ်လမ်းပဲ၊ အရင် ခဏခဏကြည့်ဖူးပေမယ့် ပြန်ကြည့်ဖို့ စိတ်လှုပ်ရှားနေမိပြီ]

ပထမအပိုင်းကို ကြည့်ရှုပြီးသွားသောအခါ ကျန်းကျီမြောင် ဒုတိယပိုင်း ဆက်ဖွင့်ကြည့်ဖို့ ပြင်လိုက်ပါသည်။

ထိုစဉ် အခြွေအရံနှစ်ယောက်နှင့်အတူ ခက်ထန်နေသော မျက်နှာဖြင့် အထိန်းတော်ဖန့် ရောက်ချလာခဲ့သည်။

ရာသီဥတုက မပူပြင်းတော့သဖြင့် အနောက်နန်းဆောင် ညီအစ်မတွေနဲ့အတူတူ တော်ဝင်ဥယျာဉ်ထဲသို့ ကျန်းကျီမြောင် မကြာခဏ လာရောက်တတ်သည်။ ဒီနေ့လည်း တော်ဝင်ဥယျာဉ်ထဲမှာ အခါးရည်သောက်ရင်း မုန့်ပဲသရေစာ သုံးဆောင်ဖို့ စီစဉ်ထားကြတာဖြစ်သည်။ ချန်ရှုယိကိုပါ တော်ဝင်ဥယျာဉ်အထိရောက်အောင် သယ်ဆောင် လာခဲ့ကြပါသည်။

ပထမတော့ အားလုံး ပြုံးပျော်ရွှင်နေကြသော်လည်း အထိန်းတော်ဖန့်ကို မြင်လိုက်ရတာနဲ့တစ်ပြိုင်နက် အပြုံးတွေ ချက်ချင်းပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်သွားကြသည်။

မယ်တော်ကြီးခြေငြိမ်နေတာ အတော်ကြာပါပြီ။ အခုမှ ပြဿနာရှာဖို့ ထပ်ကြိုးစားလျှင် ထုံးစံအတိုင်း သူမရဲ့ အဖိုးတန်သားလေးအတွက်သာ ဖြစ်ပါလိမ့်မည်။

ကျန်းကျီမြောင်ကမူ တည်ငြိမ်လျက်ရှိသည်။

အရင်တုန်းကသာဆို မယ်တော်ကြီးက မျက်နှာလိုက်လွန်းသဖြင့် ယွဲ့လင်းကိုယ်စား သူမ မခံချင်စိတ် ဖြစ်မိလောက်သည်။ အခုတော့ ကျန်းကျီမြောင် စိတ်ဝင်စားမိရုံသာရှိတော့သည်။

ယွဲ့ဟွာက သူမသားအရင်းမဟုတ်ဘဲ ယွဲ့ဟွာကို နေရာပေးဖို့အတွက်နဲ့ သူမသားအရင်းကို မွေးကင်းစအရွယ်က တည်းက နှောင်းဧကရာဇ်မင်းကြီး လည်ပင်းညှစ်သတ်ဖြတ်ပစ်ခဲ့ကြောင်း မယ်တော်ကြီး သိရှိသွားလျှင် ရင်ထဲ ဘယ်လို ခံစားသွားရမလဲ သိချင်မိသည်။

“မိဖုရားကြီး”

အထိန်းတော်ဖန့် အေးစက်နေသောမျက်နှာဖြင့် ဂါဝရပြုလိုက်သည်။

“မယ်တော်ကြီးက အရှင်မကို ဆင့်ခေါ်လိုက်ပါတယ်”

ကျန်းကျီမြောင် လက်မှာပေနေသည့် မုန့်အမှုန့်တွေကို ခါထုတ်ရင်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပါသည်။

“အခုပဲ ကြွမြန်းလိုက်ပါ့မယ်”

“ဒီကြင်ယာတော်လည်း အရှင်မနဲ့အတူ လိုက်ခဲ့မယ်”

ကြင်ယာတော်သဲ့ မတ်တပ်ရပ်လိုက်သည်။

ကိုယ်လုပ်တော်တွေအားလုံးလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြပါသည်။

ဒါကိုမြင်တော့ အထိန်းတော်ဖန့် မျက်စပစ်ကာ ပြောလိုက်သည်။

“မယ်တော်ကြီးက အရှင်မတစ်ပါးတည်းကိုပဲ ဆင့်ခေါ်လိုက်တာ”

ကိုယ်လုပ်တော်တွေကို စိတ်မပူစေဖို့ ကျန်းကျီမြောင် အပြုံးဖြင့် နှစ်သိမ့်လိုက်ပြီး မိန့်လိုက်ပါသည်။

“ရှေ့က ဦးဆောင်ပါ အထိန်းတော်ဖန့်”

ကျွေ့ယွဲ့နှင့် ယွင်ရှန်းတို့ကိုသာ ကျန်းကျီမြောင်ခေါ်လာခဲ့သည်။ သူမ ကြောက်စရာ ဘာမှမလိုအပ်ပါ။ ယခု ရှို့အန်းနန်း‌ဆောင်ရှိ အမှုထမ်းအများစုက ယွဲ့လင်းဘက်တော် သားတွေသာ။

မယ်တော်ကြီးလက်ထဲ ဘာအာဏာမှ မရှိတောသဖြင့် ပြဿနာ ကြီးကြီးမားမားရှာနိုင်မည် မဟုတ်တော့ပါ။

ရှို့အန်းနန်းဆောင်တွင်…

နန်းဆောင်ထဲ ကျန်းကျီမြောင် ဝင်ရောက်လာသည်နှင့်တစ် ပြိုင်နက် မယ်တော်ကြီးဘေးမှာ ပျော့တိပျော့ညံ့ မတ်တပ်ရပ်နေသည့် လင်းချင်ချင်ကို မြင်လိုက်ရသည်။ ကျန်းကျီမြောင် ခေတ္တမှင်သက်သွားခဲ့သည်။ လင်းချင်ချင် ရှိနေသေးသည်ဆိုတာကိုပင် သူမ မေ့နေမိသည်။

အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး မယ်တော်ကြီးကို ကျန်းကျီမြောင် ယဉ်ယဉ်ကျေးကျေး ကျိုးကျိုးနွံနွံ ဒူးထောက် ဂါဝရပြုလိုက်ပါသည်။

အချိန်အတော်ကြာသွားသော်လည်း မယ်တော်ကြီးက သူမကို ပြန်ထခိုင်းဖို့ အစီအစဉ်ရှိပုံမပေါ်သဖြင့် ကျန်းကျီမြောင် မျက်ခုံးပင့်သွားပြီး ကိုယ့်ဖာသာကိုယ်သာ ပြန်ထလိုက်တော့သည်။

“မယ်တော် ညွှန်ကြားစရာများ ရှိနေလို့လား”

ကျန်းကျီမြောင် မေးလိုက်သည်။

မယ်တော်ကြီး မျက်လုံးတွေထဲ ဒေါသတချို့ ရိပ်ပြေးသွားခဲ့သည်။

ယုတ်ညံ့လိုက်တာ… ယုတ်ညံ့လိုက်ကြတာ…

ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ သူမကို အာရုံထဲပင် ရှိပုံမပေါ်တော့ပါ။ ဒေါသကို ချုပ်တည်းရင်း မယ်တော်ကြီး အေးစက်စွာ ပြောလိုက်သည်။

“ဒီနေ့ ပန်ကုန်း မိဖုရားကို မေးမြန်းချင်တာရှိလို့”

ကျန်းကျီမြောင် မျက်နှာအနည်းငယ် ပြောင်းလဲသွားခဲ့သည်။ မယ်တော်ကြီး၏ပုံစံကို အကဲခတ်ကြည့်ရသလောက် အလွန်ရန်လိုနေပြီး အားသာချက်တစ်ခုခုလည်း ရရှိထားသည့်ပုံစံပင်။

ဘယ်လိုအားသာချက်မျိုး ရထားလို့လဲ…

ကျန်းကျီမြောင် မျက်လွှာချကာ နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်ပါသည်။

“မေးလိုရာ မေးမြန်းနိုင်ပါတယ် မယ်တော်”

ကျန်းကျီမြောင်ကို မယ်တော်ကြီး စူးစူးရှရှကြည့်လိုက်သည်။

“အနောက်နန်းဆောင်ကို စီမံအုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ငယ်သားတွေအပေါ် သဘော ထားကြီးပေးသင့်တာ မဟုတ်ဘူးလား! ငါနာမကျန်းဖြစ်နေလို့ အနားယူနေတဲ့ ရက်ပိုင်းလေးအတွင်းမှာ နင်က ရံရွေ တော်လင်းကို မနာလိုဖြစ်ပြီး လူရုပ်မပေါက် သရဲရုပ်မပေါက်ဖြစ်တဲ့အထိ နှိပ်စက်ထားတာပဲ! ကိုယ့်အပြစ်ကိုယ် ဝန်ခံလား!”

လူရုပ်မပေါက် သရဲရုပ်မပေါက် ဖြစ်တဲ့အထိ နှိပ်စက်တယ်ဟုတ်လား…

ကျန်းကျီမြောင် ခေတ္တထိတ်လန့်သွားပြီး လင်းချင်ချင်ကို သေချာလှည့်ကြည့်လိုက်သည်။ ထိုအခါမှ သူမ အံ့အား သင့်သွားခဲ့ပါသည်။

လင်းချင်ချင်က နူးညံ့သိမ်မွေ့သည့်ပုံစံအဖြစ် ရှိနေဆဲဖြစ်သော်လည်း နဂိုကနှင်းလိုဖြူဖွေးသည့်အသားအရည်မှာ ဘာကြောင့်မှန်းမသိ ညိုမဲသွားခဲ့သည်။ ထို့အပြင် မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ဘဲ ယိမ်းယိုင်နေခဲ့ပါသည်။

“ရံရွေတော်လင်း ဘယ်လိုများဖြစ်လို့လဲ”

ကျန်းကျီမြောင် မေးလိုက်လေသည်။

“နင်ကပဲ ပြန်မေးရတယ်ရှိသေးတယ်!”

မယ်တော်ကြီး စားပွဲကို ဒေါသတကြီး ထုရိုက်လိုက်သည်။

“ရံရွေတော်လင်းဆိုတာ ငယ်စဉ်ကတည်းက လေမထိနေမထိ ပျိုးထောင်ခံခဲ့ရတဲ့ သခင်မလေးတစ်ယောက်ပဲ၊ အခုနင်က သူ့ကို နေ့တိုင်း ချန်းရေကန်ဘေးမှာ အပတ် ၃၀ ပြေးရအောင်လုပ်ထားတယ်! မပြေးနိုင်တော့ရင်တောင် အနောက်ကနေ အတင်းအကြပ် တွန်းအားပေး ပြေးခိုင်းမယ့် လူတွေကိုပါ လွှတ်ထားသေးတယ်!”

ကျန််းကျီမြောင် မှတ်မိသွားပါပြီ။ ယခင်တစ်ခေါက်က ယွဲ့လင်း ထိုသို့ အမိန့်ချမှတ်ခဲ့တာဖြစ်သည်။

“အရှင်မင်းကြီးရဲ့အမိန့်ဆိုပြီး အပြစ်လွှဲချဖို့ မကြိုးစားနဲ့နော်! နင်သာ ဝင်မရှုပ်ရင် အရှင်မင်းကြီးက ဒီလောက်ပြင်းထန်တဲ့ အမိန့်မျိုး ချမှတ်မှာ မဟုတ်ဘူး!”

မယ်တော်ကြီး လှောင်ပြောင်သရော်စွာ ပြောလိုက်သည်။

“မိဖုရားကြီးက အခု အနောက်နန်းဆောင်မှာ အတော် အာ ဏာရှိနေပြီပဲ၊ အနောက်နန်းဆောင်တစ်ခုလုံးက မိဖုရားကြီးနောက်ကို တကောက်ကောက် လိုက်နေကြတယ်၊ မိဖုရားကြီးကို မျက်နှာလိုမျက်နှာရ မလုပ်တတ်တဲ့ ရံရွေ တော်လင်းကိုတော့ သေလုမျောပါးဖြစ်အောင် နှိပ်စက်ထားတာပေါ့ ဟုတ်လား! ဒါ တော်ဝန်နန်းတော်အတွင်းမှာနော်! ကျန်းမိသားစုရဲ့ နောက်ဖေးခြံများထင်နေသလား!”

All Chapters