← Chapters

👑 Did You Really Consummate the Marriage?

Vol. 15 Ch. 147

👑 Did You Really Consummate the Marriage?

Vol. 15 Ch. 147

ကျန်းကျီမြောင်ကို မယ်တော်ကြီး ဒေါသတကြီးအော် ငေါက်လိုက်ပါသည်။

ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားခဲ့ပြီး သူ့ရင်ထဲ ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။

မယ်တော်ကြီးရထားတဲ့ အားသာချက်ကဒါလား…

မဟုတ်လောက်ပါ။ လင်းချင်ချင်က တစ်ရက်နှစ်ရက်သာ ပြေးခဲ့ရတာ မဟုတ်သလို အရှင်မင်းကြီး၏ အမိန့်တော်ြဖစ်ကြောင်း အနောက်နန်းဆောင်တစ်ခုလုံး သိကြသည်။။ ထို့ကြောင့် ဒီအချက်ကို ဆင်ခြေအဖြစ်အသုံးချပြီး သူမကို မယ်တော်ကြီး ဆုံးမဖို့ ကြိုးစားနေတာ မဖြစ်သင့်ပါ။ ဒါကို မယ်တော်ကြီးကိုယ်တိုင်လည်း သိသင့်ပါသည်။

ကျန်းကျီမြောင်အာရုံထဲ အတွေးပေါင်းစုံပေါ်လာသော် လည်း မျက်နှာပေါ်မှာတော့ ဝမ်းနည်းညှိုးငယ်သွားဟန် လုပ်ပြလိုက်ပါသည်။

“မယ်တော် ဒီလို တွေးထင်ရင်လည်း ဒီမိဖုရား ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး၊ မယ်တော် ဆန္ဒရှိသလို အပြစ်ပေးတော်မူပါ”

မယ်တော်ကြီး ကြက်သေသေသွားသည်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတောင် မရှိတော့ဘူး ဟုတ်လား!

ကျန်းကျီမြောင် စကားပြန်ချေပမှာကို မယ်တော်ကြီး စောင့်နေခဲ့တာဖြစ်သည်။ ဒါမှ သူ ပြောချင်သည့် အကြောင်းအရာဆီ စကားလမ်းကြောင်းလွှဲနိုင်မှာ ဖြစ်ပါသည်။ ကျန်းကျီမြောင် အခုလို ရုတ်တရက်ကြီးအလျှော့ပေးလိုက်သောအခါ မယ်တော်ကြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

မယ်တော်ကြီးပြောခဲ့သည့် စကားလုံးတွေက ကြမ်းတမ်းသော်လည်း လက်တွေ့မှာတော့ သက်သေခိုင်ခိုင်လုံလုံ မရှိပေ။ ထို့ကြောင့် ထိုဆင်ခြေကိုအသုံးချပြီး ကျန်းကျီမြောင်ကို အပြစ်ပေးလိုက်ဖို့က ယုတ္တိမရှိသည့်အပြင် ယွဲ့လင်း သိသွားလျှင်လည်း သူမကို အကြီးအကျယ် ပြဿနာလာရှာပါလိမ့်မည်။

မယ်တော်ကြီး အသက်ဝဝ ရှူလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ရံရွေတော်လင်းရဲ့ ကိစ္စမှာ မိဖုရားကြီး အပြစ်ရှိတာသေ ချာတယ်၊ ဒါပေမယ့် မိဖုရားကြီးရဲ့ နှုတ်ဆိတ်ခုခံမှုကြောင့် ဒီပြဿနာကို ခဏလောက် ဘေးဖယ်ထားလိုက်ပါ့မယ်”

ကျန်းကျီမြောင်: “??? ဒီမိဖုရား ဘာမှမခုခံရသေးပါဘူး မယ်တော်!”

မယ်တော်ကြီး မကြားချင်ယောင် ဆောင်လိုက်ပြီး မျက် မှောင်ကြုတ်ကာ ဆက်မိန့်လိုက်သည်။

“ဒီနေ့ ချန်းရေကန်ဘေးမှာ ရံရွေတော်လင်း သတိလစ်သွားတာကို အထိန်းတော်ဖန့်တို့ တွေ့သွားပြီး ရှို့အန်းနန်းဆောင်ကို ပြန်ခေါ်ဆောင်လာပေးခဲ့တာ၊ ရှို့အန်း နန်းဆောင်မှာ အတွေ့အကြုံရှိတဲ့ အထိန်းတော်ကြီးတစ်ယောက်ရှိတယ်၊ အဲ့ဒီ အထိန်းတော်ကြီးက ရံရွေတော်လင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်တော့ အံ့အားသင့်စရာ ကောင်းတာတစ်ခုကို သိရှိခဲ့ရတယ်”

ကျန်းကျီမြောင် မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။

မယ်တော်ကြီး သွယ်ဝိုက်မနေဘဲ တဲ့တိုးပြောလိုက်သည်။

“ဒီရံရွေတော်လင်းက အရှင်မင်းကြီးဆီမှာ အချိန်အတော်ကြာအောင် အမှုထမ်းခဲ့တာ သိတယ်မဟုတ်လား ? အရှင် မင်းကြီးကလည်း နန်းတက်ပြီးတော့ ရံရွေတော်လင်းတစ်ဦးတည်းကိုပဲ အရေးပေးခဲ့တာလေ၊ အခုတော့ ဘယ်လိုဖြစ်နေလဲသိလား၊ ရံရွေတော်လင်းက အခုထိ အပျိုစင်အဖြစ် ရှိနေတုန်းပဲတဲ့!”

ကျန်းကျီမြောင် မျက်နှာ ရုတ်တရက်တည်တံ့သွားခဲ့သည်။ မယ်တော်ကြီး ဘယ်လိုစကားတွေ ပြောတော့မလဲဆိုတာ သူမ ခန့်မှန်းမိနေပါပြီ။ မယ်တော်ကြီးက အရှင်မင်းကြီး ‘မစွမ်းဆောင်’နိုင်သည့် ကိစ္စကို အကြောင်းပြချက်ပေးတော့မှာ ဖြစ်သည်။ ဧကရာဇ်မင်းတစ်ပါး မျိုးဆက်မပြန့်ပွားနိုင်တာက အသေးအဖွဲပြဿနာမဟုတ်ပေ။

ကျန်းကျီမြောင် အာရုံထဲ အတွေးပေါင်းစုံပေါ်လာသော် လည်း အသံကမူ အလွန်တည်ငြိမ်နေခဲ့ပါသည်။

“ဧကန္တ အဲ့ဒီအထိန်းတော်ကြီး အထင်မှားတာကော မဖြစ်နိုင်ဘူးလား”

မယ်တော်ကြီးက သရော်ပြုံးဖြင့် ပြောလိုက်သည်။

“ဒီမယ်တော်လည်း အဲ့လိုထင်ခဲ့တာပဲ၊ အဲ့တာကြောင့် ရံရွေ တော်လင်းရဲ့ ခန္ဓာကိုယ်ကို သေသေချာချာစစ်ဆေးဖို့အတွက် ကျွမ်းကျင်သူတစ်ယောက်ကို တာဝန်ပေးခဲ့တယ်။ သူက သံသယဖြစ်စရာမလိုအောင် အပျိုစင်စစ်စစ်ပဲ!”

လင်းချင်ချင်ကို ကျန်းကျီမြောင် လှည့်ကြည့်လိုက်သည်။ လင်းချင်ချင်ကမူ ဘေးမှာ ခေါင်းငုံ့ထားပြီး ရှက်ရွံ့မှု၊ စိတ်ရှုပ်ထွေးမှုများဖြင့် ရပ်နေခဲ့ပါသည်။ စစ်ဆေးမှုက မသာယာခဲ့မှန်း သိသာသည်။

ဒီကိစ္စကို လင်းချင်ချင်ကိုယ်တိုင် ဖော်ထုတ်ခဲ့တာတော့ မဖြစ်နိုင်ပါ။ လင်းချင်ချင်က အမြဲတမ်းယုံကြည်မှု လွန်ကဲခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ယွဲ့လင်းပြဿနာတစ်ခုခု ရှိနေ သည်ဟု သူမ ထင်မည်မဟုတ်ပါ။ သူမရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ချက်ကို လေးစားသဖြင့် အပျိုစင်ဘဝကို ယွဲ့လင်းအခုချိန်ထိ မရယူသေးတာဖြစ်မည်ဟု လင်းချင်ချင် ထင်နေပါလိမ့်မည်။

လင်းချင်ချင် ကိုယ်တိုင်ဝန်ခံခဲ့တာ မဟုတ်သော်လည်း မယ်တော်ကြီးက ရုတ်တရက်ကြီး ဒီလိုတွေလုပ်နေသဖြင့် တစ်စုံတစ်ယောက် ပြောခဲ့ခြင်းကြောင့်သာဖြစ်လိမ့်မည်။

လင်းချင်ချင် အပျိုရည်မပျက်သေးတာကို သိနေသည့် အခြားသူဆိုလို့ ယွဲ့ဟွာသာ ရှိနိုင်သည်။ ယွဲ့ဟွာအပေါ်ထားသည့် သစ္စာတရားကို သက်သေပြဖို့အတွက် ယွဲ့လင်း၏ အနောက်နန်းဆောင်ထဲ ရောက်နေသာ်လည်း သူမ နှလုံး သားနှင့်ခန္ဓာကိုယ်မှာ ယွဲ့ဟွာအတွက်သာဖြစ်သည်ဟု လင်းချင်ချင် တဖွဖွပြောခဲ့ဖူးသည်။

လင်းချင်ချင်မှ ယုံကြည်မှုရှိသော်လည်း ယွဲ့ဟွာကမူ သူ့အပေါ် ယုံကြည်မှုမရှိလောက်ပါ။ ခုတလော နန်းတော်အတွင်း ယွဲ့လင်း ားသာမှုရနေသဖြင့် ယွဲ့ဟွာစိတ်တွေ ဂနာမငြိမ်ဖြစ်နေလောက်ပါသည်။ ညီလာခံမှာ အရှင်မင်း ကြီး၏အရှိန်အဝါကို မယှဉ်နိုင်သေးသဖြင့် အနောက်နန်းဆောင်ကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာ ဖြစ်လိမ့်မည်။

ယွဲ့လင်း၏ထူးထူးဆန်းဆန်း အပြုအမူတွေကို ယွဲ့ဟွာ သေချာသုံးသပ်ခဲ့သည်။ ယွဲ့လင်း နန်းတက်ပြီး သုံးလတိတိ လင်းချင်ချင်တစ်ဦးတည်းကိုသာ အရေးပေးကြင်နာခဲ့သည်။ သို့သော် လင်းချင်ချင်က အပျိုစင်တစ်ယောက်အဖြစ်သာ ရှိနေသေးကြောင်း သူ့ကိုထုတ်ပြောလာခဲ့သည်။

နောက်တော့ ကျန်းကျီမြောင်တစ်ဦးတည်းကို ယွဲ့လင်း အရေးပေးကြင်နာခဲ့ပြန်သည်။ သို့သော် ဒီလောက်အချိန်တွေ ကြာတာတောင် ကျန်းကျီမြောင်၏ဗိုက်က အပြောင်း အလဲမရှိသေးပါ။ ကျန်းကျီမြောင် တကယ်ကြင်နာခံခဲ့ရတာ ဟုတ်ရဲ့လား ?

သူ့စိတ်နဲ့ သူများတွေကို နှိုင်းယှဉ်ကြည့်သောအခါ ကမ္ဘာပေါ်က ယောက်ျားတိုင်း မိန်းမလှလေးတွေရဲ့ ဝန်းရံမှုကို ခံချင်ကြလိမ့်မည်ဟု ယွဲ့ဟွာ ထင်မိသည်။ ယွဲ့လင်းနေရာမှာ သူသာဆို ဒီလောက်အလှအပတွေပေါများသည့် အနောက် နန်းဆောင်ထဲ တခြားကိုယ်လုပ်တော်တွေကို မထိတွေ့ဘဲ တစ်ယောက်တည်းကိုပဲ အရေးပေးတာမျိုးလုပ်မည်မဟုတ်ပါ။

ထို့အပြင် လင်းချင်ချင်နှင့် ကျန်းကျီမြောင်တို့မှအပ တခြားကိုယ်လုပ်တော်များ၏ နန်းဆောင်တွေဆီ ယွဲ့လင်းတစ်ခါမှ မကြွမြန်းခဲ့ဖူးပေ။ ယွဲ့လင်းက အချစ်ကြီးသူဖြစ်တာကြောင့်ဟု ဆင်ခြေပေးရင်တောင် အခြားကိုယ်လုပ် တော်များ၏တုန့်ပြန်မှုက ထူးဆန်းလွန်းနေပါသေးသည်။ အားလုံးက ကျန်းကျီမြောင်အား မနာလိုမဖြစ်ကြဘဲ ခင်ခင်မင်မင်ပင် ရှိနေလေသည်။

ဒါ ပုံမှန်ဟုတ်ရဲ့လား ?

ယခင်တုန်းက အနောက်နန်းဆောင်ထဲ အေးချမ်းသာယာနေသည်ဆိုတာ ဟန်ဆောင်မှုတစ်ခုသာဖြစ်ပြီး ကျန်းကျီမြောင်က အားလုံးကို အာဏာပြအုပ်ချုပ်ထားကာ ကိုယ် လုပ်တော်များက ခံပြင်းကြသော်လည်း ထုတ်မပြောနိုင်ကြတာသာဖြစ်သည်ဟု လင်းချင်ချင် သတင်းပါးခဲ့တုန်းက ယွဲ့ဟွာ ယုံကြည်ခဲ့ပါသည်။

ယွဲ့လင်းအပေါ် မကျေမနပ်ဖြစ်လာအောင် ထိုကိုယ်လုပ် တော်များ၏ မိသားစုတွေထံ ယွဲ့ဟွာ ဆက်သွယ်သွေးထိုးဖို့ ကြံရွယ်ခဲ့သော်လည်း အကြိမ်ကြိမ်ကျရှုံးခဲ့လေသည်။

ထို့နောက် ယွဲ့ဟွာ နားလည်သွားတာတစ်ခုရှိသည်။ အနောက်နန်းဆောင် ကိုယ်လုပ်တော်များက သူမတို့ မိသားစုတွေထံကို စာပို့ကြမှာ သေချာပါသည်။ စာထဲမှာ အရာရာအဆင်ပြေသည်ဟု ရေးသားထားတာကြောင့် မဟုတ်လျှင် ယွဲ့ဟွာ၏သွေးထိုးလှုံ့ဆော်မှုကို ဒီလိုလျစ် လျူရှုနိုင်ကြမည်မဟုတ်ပါ။

အနောက်နန်းဆောင်က ကိုယ်လုပ်တော်တွေ ဘာလို့ ဒီလောက် စည်းလုံးညီညွတ်နေကြတာလဲ…

တစ်ယောက်ကိုတစ်ယောက် အငြှိုးအတေး နည်းနည်းလေးတောင် ရှိပုံမပေါ်ဘူး…

သူ့အနောက်နန်းဆောင်သာဆိုလျှင် သူ့ဆွဲဆောင်မှုက ကြီးမားလွန်းတာကြောင့်ဖြစ်မည်ဟု ယွဲ့ဟွာ ယူဆပါလိမ့်မည်။ အားလုံးက သူ့ကို ချစ်မြတ်နိုးကြသဖြင့် သူအခက်တွေ့အောင် မလုပ်ချင်တာကြောင့် အချင်းချင်း ခင်မင်ရင်းနှီးစွာ နေထိုင်ကြတာ ဖြစ်နိုင်သည်။ သို့သော် ယွဲ့လင်းက သူ့လောက် ဆွဲဆောင်မှုမရှိပါ။

ထိုကိုယ်လုပ်တော်များ အရေးပေးမခံရသော်လည်း ကျန်းကျီမြောင်ကို ဒီလောက်ယုံကြည်လေးစားနေကြခြင်းက ကျန်းကျီမြောင်၏ ဆွဲဆောင်မှုတစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ပေ။

လင်းချင်ချင်၏အပျိုစင်ကိစ္စနဲ့ ဆက်စပ်စဉ်းစားလိုက်ပြီးနောက် ယွဲ့ဟွာ ရဲရဲဝံ့ဝံ့ ကောက်ချက်ချလိုက်တာတစ်ခု ရှိသည်။

နှောင်းဧကရာဇ်မင်းကြီး နတ်ရွာမစံခင်တုန်းက ယွဲ့လင်းမှာ တစ်သက်လုံး ဆက်ခံသူရှိမှာမဟုတ်ကြောင်း ယွဲ့ဟွာကို အရိပ်အမြွက်ပေးကာ ပြောကြားခဲ့ဖူးသည်။ ယွဲ့လင်း သာမန် မျိုးမပွားနိုင်တာဟုသာ ယွဲ့ဟွာ ထင်ခဲ့မိသည်။ သို့သော် ယခုသေချာပြန်စဉ်းစားကြည့်မှ ပန်းသေပန်းညှိုးပါဖြစ်နေတာ ဖြစ်လိမ့်မည်။

ဒါ့ကြောင့် လင်းချင်ချင် အပျိုစင်အဖြစ် ရှိနေသေးတာဖြစ်မည်။ ဒါ့ကြောင့် ကျန်းကျီမြောင်ကို သိသိသာသာမျက်နှာ သာပေးနေသော်လည်း အနောက်နန်းဆောင်ကိုယ်လုပ် တော်တွေအားလုံး မနာလိုမဖြစ်ခဲ့ကြတာ ဖြစ်ပါလိမ့်မည်။

ယွဲ့လင်း မစွမ်းဆောင်နိုင်မှန်း အားလုံးသိနေကြသဖြင့် တစ်ဦးကိုတစ်ဦး ယှဉ်ပြိုင်နေလို့ ဘာမှမထူးတော့ပေ။

ဧကရာဇ်မင်းကြီးဖြစ်ပြီး မစွမ်းဆောင်နိုင်ဘူးတဲ့!

ဒီသတင်းကိုသာ အတည်ပြုနိုင်ပြီး နန်းတော်ထဲ ပြန့်နှံ့သွားခဲ့ပါက ညီလာခံမှာ ယွဲ့လင်း ဘယ်လောက်ပဲ အားသာချက် ရထားပါစေ အသုံးဝင်မည်မဟုတ်တော့ပါ။

မိန်းမစိုးကြီးတစ်ယောက်ကတော့ တိုင်းပြည်ကို အုပ်ချုပ်လို့မရဘူး မဟုတ်လား!

ယွဲ့လင်းကို တစ်တိုင်းပြည်လုံး ဟားတိုက်ရယ်မောကြလိမ့် မည်။ အနောက်နန်းဆောင်ထဲမှာ လှုပ်ရှားဖို့ဆိုလျှင် မယ် တော်ကြီး၏အကူအညီကိုလိုအပ်သည်။ ရှို့အန်းနန်းဆောင်ကို ယခုအချိန်မှာ အတွင်းအပြင် စောင့်ကြပ်ထားသဖြင့် ယွဲ့ဟွာ သတင်းပို့ဖို့ခက်ခဲခဲ့သည်။ ထိုသတင်းကို ပါးဖို့အတွက် သူလျှိုတချို့ စတေးကောင်း စတေးရနိုင်သည်။

သို့သော် မယ်တော်ကြီးသာ အောင်မြင်အောင် လှုပ်ရှားနိုင်ပါက စတေးရတာ တန်ပါလိမ့်မည်။

“မိဖုရားကြီး!”

မယ်တော်ကြီး၏ အသံက ရုတ်တရက် လေးနက်ခိုင်မာသွားသည်။

“အမှန်အတိုင်း ပြောစမ်း! မိဖုရားကြီးကို အရှင်မင်းကြီးက အချိန်အကြာကြီး အရေးပေးကြင်နာခဲ့တာတောင် သား သမီးမထွန်းကားသေးဘူး! အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ တကယ်ကော သံဝါသပြုပြီးကြပြီလား”

ကျန်းကျီမြောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါသည်။

“မယ်တော် ဘာတွေပြောနေတာလဲ ? ရင်သွေးဆိုတာ လိုချင်တာနဲ့ တန်းမရနိုင်ဘူးလေ၊ ကံတရားအပေါ်မှာလည်း မူတည်သေးတယ်”

မယ်တော်ကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

“မိဖုရားကြီးက အဓိကအချက်တွေကို ရှောင်လွှဲနေတာပဲ၊ ဒီမယ်တော့် အမြင်အရဆိုရင်တော့ အရှင်မင်းကြီးရဲ့ ခန္ဓာ ကိုယ်မှာ ဘာပြဿနာမှ မရှိကြောင်း သက်သေပြဖို့အတွက် မိဖုရားကြီးရဲ့ခန္ဓာကိုယ်ကို အရင်စစ်ဆေးကြည့်သင့်တယ်”

မယ်တော်ကြီး၏စကားဆုံးသောအခါ လူကောင်ကြီးကြီး အထိန်းတော်နှစ်ယောက် ရှေ့တိုးလာပါသည်။

ကျွေ့ယွဲ့နှင့် ယွင်ရှန်းတို့ ဒေါသအလွန်ထွက်သွားပြီး ကျန်းကျီမြောင်ရှေ့မှ ကာရပ်ပေးလိုက်ကြပါသည်။ ကျန်းကျီမြောင်ကမူ ခိုင်မြဲစွာ ရပ်တည်နေဆဲဖြစ်ပြီး အေးစက်ခြောက်သွေ့စွာ ရယ်မောလိုက်လေသည်။ ထိုအထိန်းတော်ကြီးနှစ်ယောက်ကို စက်ဆုပ်စွာကြည့်ရင်း ကျန်းကျီမြောင် မိန့်လိုက်သည်။

“ဒီနေ့ ရှို့အန်းနန်းဆောင်မှာ ဒီမိဖုရားရဲ့လက်ချောင်းတစ်ချောင်းကိုတောင် လာထိရဲတဲ့လူတိုင်း မနက်ဖြန်အရုဏ် တက်ချိန်ကို မမြင်နိုင်စေရဘူး”

အထိန်းတော်ကြီးနှစ်ယောက် ကြက်သေသေသွားကြပြီး မျက်လုံးတွေထဲ အကြောက်တရားများ ဖြတ်ပြေးသွားကာ ရှေ့ဆက်မတိုးဝံ့ကြတော့ပေ။

All Chapters