← Chapters

👑 A Clear Conscience

Vol. 15 Ch. 148

👑 A Clear Conscience

Vol. 15 Ch. 148

မယ်တော်ကြီးမျက်နှာ အနည်းငယ် အကျည်းတန်ရှုံ့မဲ့သွားခဲ့သည်။

ယခင်တုန်းကသာဆို အထိန်းတော်ကြီးတွေ ဒီလိုတွန့်ဆုတ်နေစရာအကြောင်းမရှိပါ။

သို့သော် ယခင်တစ်ခေါက်တုန်းက သတင်းပို့ဖို့ မယ်တော်ကြီး စေလွှတ်ခဲ့သည့် မိန်းမစိုးကျိုးကို ယွဲ့လင်းက အားလုံးရှေ့မှာ သေသည်အထိ ကြိမ်ဒဏ်ပေးခဲ့တာဖြစ်သည်။ ထို့နောက် ရှို့အန်းနန်းဆောင်ကိုလည်း အာဏာသုံးကာ ထိန်းချုပ်ခဲ့ပြန် သည်။

အထိန်းတော်ဖန့်နှင့် အခြားအစေခံတချို့ကလွဲပြီး ရှို့အန်းနန်းဆောင်အတွင်းမှ အမှုထမ်းအားလုံးကို ယွဲ့လင်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မယ်တော်ကြီးဘေးမှာ လူယုံတော်တချို့ ရှိနေသေးသော်လည်း သူမအပေါ် ထိုလူယုံတော်တွေပင် ယုံကြည်မှု လျော့နည်းလာသလိုခံစားရပါသည်။

မယ်တော်ကြီးက မိန်းမစိုးကျိုးကိုကော၊ ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည့် အမှုထမ်းတွေကိုကော ကာကွယ်မပေးနိုင်ခဲ့သဖြင့် သူမတို့ကိုလည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဟု ထင်နေကြသည်။

မယ်တော်ကြီးကို ကျန်းကျီမြောင် တည်ငြိမ်စွာ ကြည့်လိုက်သည်။

“အရှင်မင်းကြီးရဲ့ မယ်တော်အရင်းဖြစ်ပါလျက်နဲ့ အရှင် မင်းကြီးကို ဘာအကူအညီမှ မပေးနိုင်တဲ့အပြင် အခုလည်း အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကို ယုံကြည်နေပြန်ပြီ၊ ဘာကြောင့်လဲ ? အဲ့ဒီကောလဟာလတွေ နန်းတော်ပြင်ပကို ပြန့်မသွားမှာ စိုးရိမ်လို့လား ? အရှင်မင်းကြီးကို တိုင်းသူ ပြည်သားတွေ မဝေဖန်မှာ စိုးရိမ်လို့လား”

ကျန်းကျီမြောင်၏ မျက်လုံးများ စူးရှသွားခဲ့သည်။ သူမကို ဒီလိုပုံစံမျိုးနဲ့ မြင်ရဖို့ဆိုတာ အလွန်ရှားပါသည်။

သို့သော်လည်း မယ်တော်ကြီး၏လုပ်ရပ်တွေက အလွန်စက် ဆုပ်ဖို့ကောင်းသည်။ အစကတော့ ယွဲ့လင်း၏မယ်တော်အရင်းဟူသည့် မျက်နှာကြောင့် သူမသာ ပြဿနာဆက်မရှာလျှင် ရှို့အန်းနန်းဆောင်မှာ တစ်သက်လုံးအေးအေးချမ်းချမ်း နေနိုင်မှာဖြစ်သည်။

သို့သော် ယခုတော့ ယွဲ့လင်း၏ အားနည်းချက်ကို တိုင်းသိ ပြည်သိဖြစ်အောင်ကြေညာပေးဖို့ ကြိုးစားနေသည်။

ကောလဟာလက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ယွဲ့လင်း ဝေဖန်ရှုတ်ချခံရမှာကတော့ သေချာပါသည်။ ဒီလို လုပ်ရပ်တွေလုပ်သည့်အခါ ယွဲ့လင်းအတွက် မယ်တော်ကြီးလုံးဝ စဉ်းစားမပေးခဲ့ပါ။

ရယ်ချင်စရာကောင်းတာက သူမ အမြဲတမ်း အထင်အမြင်သေးပြီး မကောင်းကြံစည်နေခဲ့သည့်သူက သူမ၏တစ်ဦးတည်းသော သားအရင်းဖြစ်နေတာပင်။ သူမ အလွန်ချစ်မြတ်နိုးနေသည့် ယွဲ့ဟွာဆိုသူကတော့ တစ်ချိန်ကျလျှင် သူ့သရုပ်မှန်ပေါ်မည်စိုးသဖြင့် သူ့အား နှုတ်ပိတ်ပစ်မည့်လူမျိုးဖြစ်သည်။

မူလဝတ္ထုထဲမှ ဇာတ်ကောင်အတော်များများက ၎င်းတို့၏ ဆိုးရွားလှသော ဇာတ်သိမ်းနှင့် မထိုက်တန်လှပါ။ သို့သော် မယ်တော်ကြီးကတော့ ထိုသို့ဇာတ်သိမ်းသွားဖို့ ထိုက်တန်ပါသည်။

“မိဖုရားကြီး!”

မယ်တော်ကြီးဘဝမှာ ဒီလိုတစ်ခါမှ အဝေဖန်မခံရဖူးခဲ့ပါ။ သူမ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

“ဒီလို ရိုင်းစိုင်းတဲ့စကားမျိုး ပြောခွင့် ဘယ်သူပေးထားတာလဲ! တစ်ယောက်ယောက် သူ့ကို ခေါ်သွား--!”

“ဘယ်လိုခေါ်သွားမှာလဲ”

ကျန်းကျီမြောင် လှောင်ပြုံးပြုံးလိုက်သည်။

“ဒီမိဖုရားအသား ဘယ်သူလာထိရဲသလဲ ကြည့်ရသေးတာပေါ့”

ဘေးနားကလူတွေကို မယ်တော်ကြီးလှည့်ကြည့်လိုက်သည်။ ဘယ်သူမှ မလှုပ်ရဲကြပေ။

အထိန်းတော်ဖန့်ပင် အလွန်တွန့်ဆုတ်နေခဲ့သည်။ ဘာပဲဖြစ် ဖြစ် မယ်တော်ကြီး၏အာဏာပါဝါကို အတိုင်းအတာတစ်ခုထိ အရှင်မင်းကြီးကသာ ပေးအပ်ထားခြင်းဖြစ်သည်။ အရှင်မင်းကြီး၏သဘောထားကလည်း သိသာရှင်းလင်းပါသည်။ ကျန်းကျီမြောင်ကို သွားထိပါက အကုန် မျိုးသုဉ်းသွားလိမ့်မည်။

အစေခံများ၏အပြုအမူကို ကြည့်ရင်း မယ်တော်ကြီး ဒေါသပိုထွက်ကာ တစ်ကိုယ်လုံးတုန်ယင်လာခဲ့ပါသည်။

မျိုးမစစ်တွေ!

သတ္တိကြောင်တဲ့ မျိုးမစစ်တွေ!

“မယ်တော်ကြီး”

ကျန်းကျီမြောင် ခြေတစ်လှမ်း ရှေ့တိုးလာခဲ့သည်။

မယ်တော်ကြီး မျက်လုံးသူငယ်အိမ်တွေ ကျုံ့ဝင်သွားပြီး နောက်သို့တစ်လှမ်း ဆုတ်လိုက်မိပါသည်။

ကျန်းကျီမြောင် မျက်ခုံးပင့်ကာ ရပ်တန့်လိုက်သည်။

“အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်မှာ ဘာပြဿနာမှမရှိဘူး၊ သား သမီး မထွန်းကားသေးတာက အချိန်မှန်မရောက်သေးလို့ပါ၊ ရှို့အန်းနန်းဆောင်မှာ မယ်တော်ကြီး ရိုးရိုးသားသား ဖြူဖြူ စင်စင် နေထိုင်မယ်ဆိုရင် မြေးချီရတဲ့ နေ့တစ်နေ့ကို မကြာခင် ရောက်ရှိလာပါလိမ့်မယ်၊ အကယ်၍အပြင်ဘက်မှာ ကောလဟာလတွေ ပြန့်သွားပြီဆိုရင်တော့ အဲ့ဒီကောလဟာလတွေ ဘယ်လိုနည်းလမ်းနဲ့ ပြန့်သွားတာဖြစ်ပါစေ မယ်တော်ကြီးရဲ့ လက်ချက်လို့ ဒီမိဖုရား ကောက်ချက်ချပါ့မယ်”

မယ်တော်ကြီး အံကြိတ်လိုက်မိသည်။

“ကျန်းကျီမြောင်! နင်တော်တော် အတင့်ရဲတာပဲ!”

သူသည် ဧကရီမယ်တော်ကြီးဖြစ်သည်။ ယခုလို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခြိမ်းခြောက်ခံနေရတာ အလွန် ဥပဒေမဲ့လွန်းပါသည်။ ကျန်းကျီမြောင်၏လုပ်ရပ်တွေကို လူတိုင်းမြင်အောင် ချပြချင်မိသည်။

လက်ရှိတွင် နန်းတော်ထဲ၌ ကျန်းကျီမြောင် ဘယ်လောက်ထိ ဝတ္တရားကျေပွန်ကြောင်း၊ မယ်တော်ကြီး နာမကျန်း ဖြစ်စဉ်တုန်းက မအိပ်မနေ ဘယ်လိုပြုစုပေးခဲ့ကြောင်း စသည်ဖြင့် ချီးကျူးမဆုံးနိုင်ဖြစ်နေကြသည်။ ဝတ္တရားကျေပွန်မှု ဆိုတာ ဒါလားဟု ထိုလူတွေကို မယ်တော်ကြီး မေးချင်မိသည်။

ကံမကောင်းစွာဖြင့် ကျန်းကျီမြောင်၏သရုပ်မှန်ကို ထိုလူတွေ မမြင်နိုင်ပါ။ မြင်နိုင်သူတွေကလည်း နှုတ်ပိတ်နေရသည်။

မယ်တော်ကြီးကို ကျန်းကျီမြောင် လျစ်လျူရှုလိုက်ပြီး လင်းချင်ချင်အား လှည့်ကြည့်လိုက်သည်။

“ရံရွေတော်လင်း ဒီမိဖုရားနဲ့အတူ လိုက်ခဲ့ရမယ်”

လင်းချင်ချင် တုန်ယင်သွားပြီး မယ်တော်ကြီးကို လှမ်းကြည့်လိုက်သည်။

မယ်တော်ကြီး အေးစက်စွာ ကန့်ကွက်လိုက်ပါသည်။

“ရံရွေတော်လင်းကို ဒီနန်းဆောင်မှာ အမှုထမ်းဖို့ ခေါ်ထားတာ!”

ကျန်းကျီမြောင်: “ရံရွေတော်လင်းကို ဒီမိဖုရား ပြန်ခေါ်သွားမယ်!”

မယ်တော်ကြီး စားပွဲကို လက်ဖြင့်ထုလိုက်ပါသည်။

“အတင့်ရဲလိုက်တာ!”

“ကျွေ့ယွဲ့၊ ယွင်ရှန်း”

ကျန်းကျီမြောင် အချက်ပြလိုက်သည်။

အခြွေအရံခေါင်းဆောင်နှစ်ယောက် တွန့်ဆုတ်မှုမရှိ ရှေ့တိုးလာကြပြီး လင်းချင်ချင်၏လက်နှစ်ဖက်ကို တစ်ယောက် တစ်ဖက်စီဆွဲလိုက်ကြသည်။ မယ်တော်ကြီးနားက လူတွေ ဘယ်သူမှ ဝင်မတားရဲခဲ့ချေ။

ထို့နောက် လင်းချင်ချင်ကို အပြင်သို့ အတင်းအကြပ်ခေါ်ထုတ်သွားလေတော့သည်။

လင်းချင်ချင်၏အသနားခံနေသော မျက်နှာကိုကြည့်ရင်း မယ်တော်ကြီး အလွန်စိတ်ပျက်အားလျော့သွားခဲ့ပါသည်။ ဒီအနောက်နန်းဆောင်ကို ယွဲ့လင်း အပြည့်အဝထိန်းချုပ်ထားလိုက်လေပြီ။

ယွဲ့ဟွာထည့်သွင်းထားသည့် လူတွေကိုလည်း စုံစမ်းစစ်ဆေးပြီး တစ်ယောက်ချင်းဖမ်းဆီးခဲ့ကြသည်။ ညီလာခံကို ထည့်မတွက်ရင်တောင် အနောက်နန်းဆောင်က ယွဲ့လင်း၏ပိုက်နက်ဖြစ်နေပါပြီ။ ကျန်းကျီမြောင် ဒီလိုမောက်မာရိုင်းစိုင်းစွာ ပြုမူရဲတာကလည်း ယွဲ့လင်း၏အလိုလိုက်မှုကို ခံထားရသော ကြောင့်ဖြစ်သည်။

ယွဲ့လင်းက အမှန်တကယ် မွေးရကျိုးမနပ်သည့် သားတစ်ယောက်ပင်… မယ်တော်ကြီး တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်ပါသည်။

အိပ်ခန်းဆောင်ထဲ ရောက်သောအခါ အထိန်းတော်ဖန့်က မယ်တော်ကြီးကို နှိပ်နယ်ပေးလိုက်သည်။

“မယ်တော်ကြီး အရမ်းလည်း ဒေါသမထွက်ပါနဲ့၊ လက်ရှိ အရှင်မင်းကြီးက အားကိုးလို့မရမှန်း မယ်တော်ကြီး အစောကတည်းက သိထားပြီးသား မဟုတ်လား”

မယ်တော်ကြီး တိုးညှင်းစွာ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်လေ၊ အဲ့တာကြောင့် ဟွားအာလေးကို နန်းတက်စေချင်နေတာ ငါ့အပြစ်လား! ဟွားအာလေးသာ ဧကရာဇ်မင်းကြီးဖြစ်သွားရင် ငါ့ကို ဒီလိုမျိုး ဆက်ဆံမှာ မဟုတ်ဘူး”

“ဟုတ်ပါတယ်၊ မင်းသားအန်းဟယ်က သိတတ်လိမ္မာတဲ့ သားတော်ပဲ”

အထိန်းတော်ဖန့် နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်ပါသည်။

“မယ်တော်ကြီး စိတ်ပူစရာတော့ မလိုပါဘူး၊ မင်းသားအန်းဟယ်က ဝတ္တရားကျေပွန်တဲ့သူမို့လို့ သူထီးနန်းကို ပိုင်ဆိုင်ရတာနဲ့ မယ်တော်ကြီး အေးအေးချမ်းချမ်း သာသာယာယာ နေနိုင်တော့မှာပါ”

အငယ်ဆုံးသားတော်အကြောင်းကို တွေးမိပြီး မယ်တော်ကြီးမျက်နှာ အလွန်နူးညံ့သိမ်မွေ့သွားခဲ့သည်။

မှန်သည်။ ဟွားအာလေး နန်းတက်တာနဲ့ သူမ ဘဝ အေးချမ်းသွားလိမ့်မည်။ ထိုကျန်းကျီမြောင် ကြိုက်သလောက် ရိုင်း စိုင်းမောက်မာနိုင်သည်။ လက်တွေ့မှာတော့ သူမကို ဘာမှလုပ်နိုင်မှာမဟုတ်ပါ။ သူမက ဧကရီမယ်တော်ကြီးဖြစ် သည်။ ဝတ္တရားကျေပွန်မှုဟုသည့် လက်နက်ကို အသုံးချပြီး ကျန်းကျီမြောင်အား လှုပ်လို့မရတော့အောင် ကြံစည်လိုက်လို့ ရသည်။

မယ်တော်ကြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲ့ဒီကျန်းကျီမြောင်က သူ့ကို ငါကြောက်တယ်လို့ ထင်နေတာဖြစ်မယ်၊ ဒင်းအပြင်ပန်းမှာပဲ မောက်မာနိုင်မှာပါ”

မယ်တော်ကြီးမျက်လုံးများ အရောင်တောက်သွားပြီး တိုးညှင်းစွာ ပြောလိုက်ပါသည်။

“ယွဲ့လင်းရဲ့ ခန္ဓာကိုယ်ကိစ္စက ဘာသက်သေမှမလိုဘူး၊ ကောလဟာလနည်းနည်းလေး ဖြန့်ပေးလိုက်ဖို့ပဲလိုတယ်၊ ဟွားအာလေးကို လှုပ်ရှားခိုင်းလိုက်၊ ငါလည်း ဒီဘက်ကနေ ကူညီပေးမယ်”

အထိန်းတော်ဖန့် လျှောက်တင်လိုက်သည်။

“စိတ်ချပါ မယ်တော်ကြီး၊ မင်းသားအန်းဟယ် နားလည်မှာပါ”

မယ်တော်ကြီး ခေါင်းညိတ်လိုက်ပြီး မျက်စိမှိတ်ကာ အနှိပ်နယ် ခံနေလိုက်ပါသည်။

သူ့ရင်ထဲမှာတော့ သားနှစ်ယောက်ကိုနှိုင်းယှဉ်ကြည့်ခဲ့သည်။ ယွဲ့လင်းကို မွေးဖွားခါစတုန်းက မယ်တော်ကြီး အလွန်ပျော်ရွှင်ခဲ့ပါသည်။ ယွဲ့လင်းက သားအကြီးဆုံးဖြစ်တာကြောင့် သူမ ဧကရီမယ်တော်ကြီး ဖြစ်လာတော့မည်ဆိုတာ သေချာသွားခဲ့သည်။

သို့သော် ယွဲ့လင်းအပေါ် နှောင်းဧကရာဇ်မင်းကြီးဆက်ဆံပုံကိုမြင်သောအခါ မယ်တော်ကြီး အပျော်တွေလျော့နည်းသွားခဲ့ရသည်။ နှောင်းဧကရာဇ်မင်းကြီးက သူ့သားအကြီးဆုံးပေါ်မှာ ဘာမျှော်လင့်ချက်မှ ထားပုံမပေါ်ပါ။

နှောင်းဧကရာဇ်မင်းကြီးထံမှာ မျက်နှာသာရစေဖို့ ယွဲ့လင်းကို မယ်တော်ကြီး သင်ကြားပေးခဲ့သော်လည်း ယွဲ့လင်းကထုံ ထိုင်းလွန်းသဖြင့် ဘာမှ မဆောင်ရွက်နိုင်ခဲ့ပေ။ ထို့ကြောင့် မယ်တော်ကြီးဖြစ်သည့် သူမကိုပါ နှောင်းဧကရာဇ်မင်းကြီး စိတ်ခုလာခဲ့သည်။

ထိုအချိန်ကတည်းက ယွဲ့လင်းအပေါ် သူမ မကျေမနပ်ဖြစ်ခဲ့ပါသည်။ သို့သော် ယွဲ့လင်းက သူမရဲ့တစ်ဦးတည်းသော သားဖြစ်နေတာကြောင့် သူမ မျိုးနွယ်စုတစ်ခုလုံး၏အာဏာကို အသုံးချပြီး ယွဲ့လင်းကို အိမ်ရှေ့စံဖြစ်သွားအောင် တွန်းပို့ပေးခဲ့သည်။ ယွဲ့လင်းအပေါ် သူမ မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ပါသည်။

သို့သော် ယွဲ့ဟွာ မွေးဖွားလာသောအခါ အရာရာပြောင်းလဲသွားခဲ့သည်။

ယွဲ့လင်းတုန်းကလိုမဟုတ်ဘဲ ယွဲ့ဟွာလေးကို မွေးကတည်း က နှောင်းဧကရာဇ်မင်းကြီး ချစ်မြတ်နိုးခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်အချိန်မှ အရွယ်ရောက်သည့်တိုင်အောင် ယွဲ့ဟွာကိုသာ နှောင်းဧကရာဇ်မင်းကြီး သံယောဇဉ်ထားခဲ့သည်။ ထို့ ကြောင့် ယွဲ့ဟွာ၏မယ်တော်ဖြစ်သော သူမလည်း မျက်နှာ သာပေးမှုကိုခံလာရသည်။

ယွဲ့ဟွာ ငယ်စဉ်ကတည်းက အံ့ဩစရာကောင်းလောက်အောင် ပါရမီပြည့်ဝပြီး သူမအပေါ်လည်း အလွန်သိတတ်လိမ္မာသဖြင့် မယ်တော်ကြီး အမြဲလိုလိုပြုံးပျော်ရွှင်ခဲ့ရသည်။

ယွဲ့လင်းအား မွေးဖွားခဲ့စဉ် သူ့အား နှောင်းဧကရာဇ်မင်းကြီး စိတ်ခုခဲ့သော်လည်း ယွဲ့ဟွာ မွေးဖွားလာသောအခါ သူမ မျက်နှာပန်းပြန်လှလာခဲ့သည်။

ထို့ကြောင့် အခုလို မျက်နှာလိုက်ရသည့်အတွက် သူမကို ယွဲ့လင်း အပြစ်တင်လို့မရပေ။ သူမက နတ်ဘုရားမဟုတ်ဘဲ လူသားတစ်ယောက်သာ။ ဦးစားပေးသည့်အရာဆိုတာက တော့ အမြဲရှိနေပါလိမ့်မည်။

ထိုသို့ဖြေသိမ့်ပြီးနောက်မှာတော့ မယ်တော်ကြီး ရင်ထဲက လိပ်ပြာမလုံစိတ်တွေ အရှင်းပျောက်ကွယ်သွားလေတော့ သည်။

All Chapters