← Chapters

👑 Time to Favor the Harem

Vol. 15 Ch. 149

👑 Time to Favor the Harem

Vol. 15 Ch. 149

ဖုန့်ယီနန်းဆောင်တွင်…

အတင်းအကြပ် ပြန်လည်ခေါ်ဆောင်ခံလာရသည့် လင်းချင်ချင်ကို ကျန်းကျီမြောင် ခံစားချက်မဲ့စွာကြည့်လိုက်သည်။ ယွဲ့လင်းကို သွားရောက်ခေါ်ဆောင်လာဖို့ လူတွေလည်း လွှတ်ထားပြီးပြီဖြစ်သည်။ လင်းချင်ချင်၏ ကိစ္စကို ချက်ချင်း ဖြေရှင်းမှဖြစ်မည်။

လင်းချင်ချင်ကလည်း ဒူးထောက်နေရပြီး ကျန်းကျီမြောင်ကို ပုန်ကန်သည့်မျက်နှာထားမျိုးဖြင့် ကြည့်ကာ တစ်ခုခု ပြောချင်နေပုံရသည်။ သို့သော် မပြောရဲပေ။ နှုတ်မှ ဝန်မခံသော်လည်း ကျန်းကျီမြောင်ကို သူ့ရင်ထဲမှာ အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်ပါသည်။

“အရှင်မင်းကြီး ကြွမြန်းလာပါပြီ”

အပြင်ဘက်မှ အသံထွက်ပေါ်လာသည်။

လင်းချင်ချင်ကို ကျန်းကျီမြောင် တစ်ချက်လှည့်ကြည့်လိုက်ပြီး မတ်တပ်ရပ်လိုက်ပါသည်။ ယွဲ့လင်းကြွမြန်းလာသောအခါ ကျန်းကျီမြောင် ဂါဝရပြုဖို့ပြင်လိုက်သော် လည်း ယွဲ့လင်းကမူ တားဆီးလိုက်သည်။

ထို့နောက် ကျန်းကျီမြောင်ကို ယွဲ့လင်း သေချာကြည့်လိုက်သည်။ ကျန်းကျီမြောင် ရှို့အန်းနန်းဆောင်သို့ ဆင့်ခေါ်ခံရသည့် သတင်းကို သူ ကြားပြီးသားဖြစ်သည်။ ရှို့အန်းနန်းဆောင်မှာ ကျန်းကျီမြောင် ဘာမှ မထိခိုက်ခဲ့မှန်းကြားသော်လည်း သူ့မျက်လုံးနဲ့ တပ်အပ်မြင်ရမှာ စိတ်အေးနိုင်လိမ့်မည်။

“အရှင်မင်းကြီး”

လင်းချင်ချင် သနားကမား မျက်နှာလေးဖြင့် ခေါ်လိုက်သည်။ သူမ မျက်လုံးတွေထဲ ဝမ်းနည်းမှုတွေ အငြှိုးတရားတွေအပြည့်ရှိနေသည်။

“ထိုင် မြောင်မြောင်”

ယွဲ့လင်းက လင်းချင်ချင်ကို အရေးမစိုက်ဘဲ ကျန််းကျီမြောင်ကို ထိုင်ခိုင်းလိုက်ပြီး နူးညံ့သိမ်မွေ့စွာ မေးမြန်းလိုက်သည်။

“မယ်တော်ကြီးက မြောင်မြောင့်ကို ရှို့အန်းနန်းဆောင်ဆီ ဆင့်ခေါ်တယ်ဆို၊ ရံရွေတော်လင်းနဲ့သက်ဆိုင်တဲ့ကိစ္စလား”

ဘာတွေဖြစ်ခဲ့သလဲဆိုတာ ယွဲ့လင်း ခန့်မှန်းထားပြီးသားဖြစ်သည်။ သို့သော် အမြဲတမ်း သေချာအောင် အတည်ပြုရပါမည်။ ကျန်းကျီမြောင်ကလည်း အရိပ်အကဲနားလည်ပြီး နန်းဆောင်ထဲမှ အခြွေအရံအားလုံးကို ထွက်သွားခိုင်း လိုက်သည်။ ထိုအခါ သူတို့သုံးယောက်သာ ကျန်ခဲ့ပါတော့ သည်။

ကျန်းကျီမြောင် လျှောက်တင်လိုက်သည်။

“မယ်တော်ကြီးက ရံရွေတော်လင်းရဲ့ခန္ဓာကိုယ်ကို စစ်ဆေး ခိုင်းခဲ့တာ၊ ရံရွေတော်လင်းက အပျိုစင်တစ်ယောက်အဖြစ် ရှိနေတုန်းပဲဆိုတာကို မယ်တော်ကြီး သိသွားပြီ၊ အခု မယ် တော်ကြီးက အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ထင်နေတယ်”

ယွဲ့လင်း မျက်ခုံးပင့်သွားသည်။

သူ ဘာမှမပြောရသေးသော်လည်း ရံရွေတော်လင်း အလွန်စိတ်ဖိစီးသွားပါသည်။

“အရှင်မင်းကြီး! ဒီရံရွေတော် ဘာမှ မပြောခဲ့ပါဘူး! မယ် တော်ကြီးကသာ ဒီရံရွေတော်ကို အတင်းအကြပ်ခေါ်ယူပြီး စစ်ဆေးခဲ့တာပါ၊ ဒီရံရွေတော်ကို အရှင်မင်းကြီး တန်ဖိုးထားတဲ့အတွက် အခုချိန်ထိလက်ဖျားနဲ့တောင် မထိခဲ့တာ ဖြစ်မှန်း ဒီရံရွေတော် သိပြီးသားပါ”

ရံရွေတော်လင်း မျက်လုံးများက အလွန်းလေးနက်နေခဲ့ပြီး စိတ်ခံစားချက်ပေါင်း ထောင်သောင်းမကရှိနေဟန်ပေါ် သည်။

ကျန်းကျီမြောင်: “…”

[ဒီလင်းချင်ချင် ယုံကြည်မှုလွန်ကဲလွန်းနေတာလား ? ယုံကြည်မှုလွန်ကဲလွန်းနေတာလား မပြောတတ်တော့ဘူး ထားပါတော့၊ ယုံကြည်မှုလွန်ကဲလွန်းနေတာလို့ပဲ သဘော ထားလိုက်တော့မယ်]

“အရှင်မင်းကြီး၊ မယ်တော်က ဒီလို ထုတ်ပြောလာပြီဆိုတော့ မကြာခင်မှာ ပြဿနာတစ်ခုခု ထပ်ရှာလောက်တယ်”

ကျန်းကျီမြောင် ပွင့်ပွင့်လင်းလင်း လျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီးကို တိုက်ခိုက်ဖို့အတွက် ရံရွေတော်လင်းကို လက်နက်တစ်ခုအဖြစ် အသုံးချကြလိမ့်မယ်”

[ယွဲ့လင်း ခန္ဓာကိုယ် ဘာမှမဖြစ်ဘူးဆိုတာကို သက်သေပြဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အနောက်နန်းဆောင်ထဲက ကိုယ်လုပ်တော်တစ်ယောက်ယောက်ကို ကိုယ်ဝန်ရလာစေဖို့ပဲ၊ ဒါပေမယ့်… သူ့ခန္ဓာကိုယ်က တကယ်ပြဿနာနည်းနည်း ရှိနေတယ်၊ ပြီးတော့ ငါ့မှာလည်း လောလောဆယ်ကုသပေးနိုင်တဲ့ နည်းလမ်းမရှိသေးဘူး၊ အဲ့ဒီမစ်ရှင်ကို အောာင်မြင်နိုင်ရင်တော့ ယွဲ့လင်းကိုပုံမှန်ပြန်ဖြစ်အောင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတစ်ခုခု ပေါ်လာလောက်တယ်! အဲ့ကျရင် သူ့ကို သက်တမ်းရှည်အောင်လည်း လုပ်ပေးလို့ရတယ်]

ကျန်းကျီမြောင်၏အချိန်အကန့်အသတ် အတင်းအဖျင်းမစ်ရှင်မှာ ရက် ၂၀ ကျန်ပါသေးသည်။ ဒီရက်ပိုင်းအတွင်း သူမ ပေးထားသည့် အရိပ်အမြွက်များနောက်လိုက်ကာ ချန်ကျင်းမင်၏အဆက်အသွယ်တချို့ကို ယွဲ့လင်း ရှာဖွေနိုင်ခဲ့ပါသည်။

ယခု မစ်ရှင်ဘားတန်းက ၉၈ ရာခိုင်နှုန်းအထိ ပြည့်နေပြီဖြစ်သည်။ ချန်ကျင်းမင်၏ လျှို့ဝှက်ချက်တွေအားလုံးကို ဖော်ထုတ်နိုင်ဖို့ ၂ ရာခိုင်နှုန်းသာ လိုပါတော့သည်။

ထို ၂ ရာခိုင်နှုန်းက မြို့တော်ပြင်ပမှာ ရှိနေနိုင်သည်။ မူလဝတ္ထုဇာတ်လမ်းအရဆို ယွဲ့ဟွာက ကျန်းနန်ဒေသမှာ လျှို့ ဝှက်တပ်သားတွေ အများကြီးပျိုးထောင်ထားခြင်းဖြစ် သည်။ အရှင်မင်းကြီးကလည်း စုံစမ်းစစ်ဆေးဖို့အတွက် သခင်ကြီးကောဟွိုက်ကို စေလွှတ်ထားခဲ့တာ ကြာပါပြီ။ ယွဲ့ဟွာ၏အစီအစဉ်အတော်များများကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ကျန်းကျီမြောင် အရိပ်အမြွက်ပေးမှုဖြင့်အချက် အချာကျသောနေရာများကို စုံစမ်းစစ်ဆေးခိုင်းဖို့အတွက် သခင်ကြီးကောထံ ခြေလျှင်တပ်တွေစေလွှတ်ပြီးအသိပေး ထားပြီးပါပြီ။

သခင်ကြီးကောသာ အစွမ်းအစရှိပြီး ထိုနေရာတွေကို အချိန်မှီ စုံစမ်းစစ်ဆေးနိုင်ခဲ့လျှင် ချန်ကျင်းမင်၏မစ်ရှင်ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်သွားပါလိမ့်မည်။

ထိုအခါ စနစ်စတိုးဆိုင်ကိုလည်း Level 2 တင်နိုင်တော့မည်ဖြစ်သည်။ ယွဲ့လင်း၏ သက်တမ်းကို တိုးချဲ့နိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေနိုင်မည်ဖြစ်ကာ သူ့ခန္ဓာကိုယ်ကိုလည်း ကုသပေးနိုင်မည်ဖြစ်သည်။

ယွဲ့လင်း မျက်ခုံးများလှုပ်ခါသွားခဲ့ပြီး အနည်းငယ် အံ့အား သင့်သွားခဲ့သည်။ မြောင်မြောင် ဆိုလိုချင်တာက… သူ့ခန္ဓာကိုယ်ကို တကယ်ကုသပေးနိုင်ချေရှိသေးတယ်ပေါ့…

ယွဲ့လင်း ရင်တုန်သွားခဲ့သည်။ ဆက်ခံသူတွေရရှိဖို့ ယွဲ့လင်း စိတ်မဝင်စားပါ။ ယခင်တုန်းကဆို သူဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ ဆိုတာကိုပင် ဂရုမစိုက်ခဲ့ပါ။

သို့သော် ယခုမူ သူ့ရင်ထဲမှာ ရည်မှန်းချက်တစ်ခုပေါက်ဖွား လာခဲ့သည်။ ယွဲ့ဟွာနဲ့ အတူတူ ငရဲမသွားချင်တော့ပါ။ ယွဲ့ဟွာတစ်ယောက်တည်းကိုသာ ငရဲဆီစေလွှတ်ပေးမည်ဖြစ်ပြီး သူကတော့ အသက်ဆက်ရှင်ချင်ပါသေးသည်။ ကျန်းကျီမြောင်၏လက်ကို ဆုပ်ကိုင်ပြီး ဘဝကို အတူတူဖြတ် သန်းချင်သေးသည်။

[အဓိကအရေးကြီးတာက ချန်ကျင်းမင်ရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကိုအမြန်ဖော်ထုတ်ဖို့၊ အဲ့တာတွေကို စုံစမ်း စစ်ဆေးပြီးတာနဲ့ ယွဲ့လင်းအတွက် မျှော်လင့်ချက်ရှိသွားလိမ့်မယ်]

ကျန်းကျီမြောင်အတွေးသံကို နားထောင်ရင်း ယွဲ့လင်း ခါးမတ်သွားခဲ့သည်။ သူ့ရင်ထဲပျော်ရွှင်မှုတချို့ လှိုက်တက်လာခဲ့သည်။

တကယ်မျှော်လင့်ချက်ရှိသွားမှာလား ?

အဲ့ဒီကြမ္မာဆိုးကို သူ ရှောင်ရှားနိုင်မှာတဲ့လား ?

ယခင်တုန်းကသာဆို ဒီလောကကြီးကို ယွဲ့လင်း သံယော ဇဉ်တွယ်နေမှာ မဟုတ်ပါ။ သို့သော် ယခု ဒီလောကကြီးမှာ မြောင်မြောင်ရှိနေပါပြီ။

သူ အသက်ရှင်ချင်သေးသည်။ ယွဲ့လင်း မျက်လုံးများ အလွန်တောက်ပလာခဲ့သည်။ မြောင်မြောင် ဆိုလိုသည့်အတိုင်းဆို ချန်ကျင်းမင်၏အရေးကိစ္စတွေ အကုန်လုံးကို စုံစမ်းဖော်ထုတ်လိုက်ပါက သူအသက်ရှင်နိုင်ဖို့ မျှော်လင့် ချက်ရှိသွားမည့်ပုံစံဖြစ်သည်။

ဟုတ်ပြီ ဟုတ်ပြီ!

အခုချိန်ကစပြီး ဒီကိစ္စကိုပဲ ဦးစားပေးအာရုံစိုက်ဖို့ သူ့လက် အောက်ငယ်သားတွေကို အမိန့်ပေးရမယ်!

[ဝမ့်ဝမ်ရုန်ကို ချန်ကျင်းမင် ကြံစည်ထားတဲ့ ကိစ္စက သက် သေခိုင်ခိုင်လုံလုံမရှိပေမယ့် စနစ်ထဲမှာ အတည်ပြုပြီးသွားပြီ။ ချန်ကျင်းမင်ကို အပြစ်ပေးဖို့အတွက် တစ်လဆိုတဲ့ အချိန်က နောက်ကျလွန်းနိုင်ပေမယ့် ပြဿနာတော့ မရှိပါဘူး]

[အခု အဓိက အချက်က… မြို့တွင်းမြို့ပြင်မှာရှိနေတဲ့ ချန်ကျင်းမင်ရဲ့အဆက်အသွယ်တွေ အားလုံးကို အကုန် ဖော် ထုတ်ဖို့၊ အဲ့လိုလုပ်နိုင်မယ်ဆိုရင် အောင်မြင်တယ်လို့ သတ်မှတ်လို့ရတယ်]

ကျန်းကျီမြောင် အတွေးသံကို ယွဲ့လင်း လေးလေးနက်နက် နားထောင်နေသည်။ ဒီကိစ္စက မြောင်မြောင်နှင့် သူ ဘဝကို အတူတူ ဖြတ်သန်းနိုင်မလားဟူသည့်အပေါ် မူတည်နေတာဖြစ်သည်။

ရုတ်တရက်တိတ်ဆိတ်သွားသည့် အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့ကို လင်းချင်ချင် မော်ကြည့်လိုက်ပြီးအနည်း ငယ် ဝမ်းနည်းသွားခဲ့ပါသည်။ ထို့ကြောင့် သူမ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး… ဒီကိစ္စက ဒီရံရွေတော်နဲ့ ဘာမှမသက် ဆိုင်ပါဘူး၊ မယ်တော်ကြီး ဘာကြောင့် အခုလိုလုပ်ရသလဲ ဆိုတာ ဒီရံရွေတော်လည်း အမှန်တကယ် မသိရပါဘူး”

လင်းချင်ချင်ကို ယွဲ့လင်း ခံစားချက်မဲ့စွာ ကြည့်လိုက်ပါသည်။

“ဟုတ်လား”

ယွဲ့လင်း၏တည်ငြိမ်လွန်းနေသော အကြည့်ကို မြင်ပြီး လင်းချင်ချင် ရင်တုန်သွားခဲ့ရသည်။ ယခင်တုန်းက သူမကို အလိုလိုက်အကြိုက်ဆောင်ခဲ့သည့် ယွဲ့လင်းနှင့် ယှဉ်လိုက်လျှင် ယခုလက်ရှိ ယွဲ့လင်း အလွန်ရက်စက်လွန်းလှသည်။

သို့သော်လည်း ယွဲ့လင်း ဒီလို နှလုံးသားမဲ့နေတာကြောင့်ပဲ သူ့ကို လင်းချင်ချင် အနိုင်ယူချင်စိတ် ပိုပြင်းပြလာခဲ့တာ ဖြစ်သည်။ ယွဲ့ဟွာပေးထားသည့် တာဝန်များကို လင်းချင် ချင် ပြန်စဉ်းစားလိုက်သည်။။ ယွဲ့လင်း၏နှလုံးသားကို ပြန်လည်ပိုင်ဆိုင်ရဖို့အတွက် သူ့ ခန္ဓာကိုယ်ကိုလည်း စတေးနိုင်သည်။

ယခင်တုန်းက လင်းချင်ချင် သူ့ခန္ဓာကိုယ်ကို ကမ်းလှမ်းဖူးသော်လည်း ယွဲ့လင်းငြင်းဆန်ခဲ့ပါသည်။ ထိုအချိန်တုန်းက ယွဲ့လင်း သူမကိုအလွန်ဒေါသထွက်နေတာကြောင့်ဖြစ်မှန်း လင်းချင်ချင် နားလည်သည်။

သို့သော် ဒီတစ်ခါတော့ မယ်တော်ကြီးကိုယ်တိုင် အခွင့်အ ရေးတစ်ခု ပေးလာခဲ့ပြီဖြစ်သည်။ ဒီတစ်ခါတော့ သူမကို ယွဲ့လင်း ငြင်းဆန်တော့မှာ မဟုတ်မှန်း လင်းချင်ချင် ယုံကြည်နေသည်။

ထို့ကြောင့် လင်းချင်ချင် တိုးညှင်းစွာ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး… တကယ်တော့ ဒီကိစ္စအတွက် အဖြေက ရိုးရိုးရှင်းရှင်းလေးပါပဲ”

ယွဲ့လင်းကို လင်းချင်ချင် ရှက်ရွံ့စွာကြည့်လိုက်သည်။

“ဒီရံရွေတော် အပျိုစင်မဟုတ်တော့ဘူး ဆိုတာနဲ့ မယ်တော်ကြီးရဲ့ သံသယတွေ၊ စွပ်စွဲချက်တွေအားလုံး အားလုံး ပျောက်ကွယ်သွားမှာပဲ မဟုတ်လား”

ယွဲ့လင်း မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများအေးစက်သွားခဲ့သည်။

ဒီမိန်းမ တော်တော်ခေါင်းမာတာပဲ!

ကျန်းကျီမြောင်အား ယွဲ့လင်း လှည့်ကြည့်လိုက်ပါသည်။

“မြောင်မြောင် ဒီကိစ္စက…”

ကျန်းကျီမြောင်ကတော့ အလွန်တည်ငြိမ်လျက်ရှိသည်။

“အရှင်မင်းကြီး၊ ရံရွေတော်လင်းပေးတဲ့ အကြံကလည်း ယုတ္တိရှိတဲ့ ဖြေရှင်းနည်းတစ်မျိုးပါပဲ”

ယွဲ့လင်း မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။

[အခြေအနေမဟန်ရင် ပစ္စည်းတချို့သုံးလိုက်ပေါ့]

ထိုသို့တွေးလိုက်မိပြီး ကျန်းကျီမြောင်မျက်နှာ အနည်းငယ် ထူးဆန်းသွားခဲ့ပါသည်။ မယ်တော်ကြီးနဲ့ တခြားသူတွေက လင်းချင်ချင် အပျိုစင်ဖြစ်နေသေးသည့် ကိစ္စကို အသုံးချပြီး ယွဲ့လင်းကို ပြဿနာရှာမှာသေချာသည်။ ထို့ကြောင့် ရံရွေတော်လင်းကို ယွဲ့လင်းအရေးပေးလိုက်ခြင်းက အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

ယွဲ့လင်း၏ခန္ဓာကိုယ်က ပြဿနာရှိနေသဖြင့် အခြားနည်းလမ်းတွေ အများကြီးသုံးနိုင်ပါသည်။ နည်းလမ်းတစ်ခုခုတော့ သေချာပေါက်ရှိလိမ့်မည်။

သို့သော် ယွဲ့လင်းနှင့် လင်းချင်ချင်တို့ နှစ်ယောက်တည်း အတူရှိနေမည့် မြင်ကွင်းကို မြင်ယောင်ကာ ကျန်းကျီမြောင် ရင်ထဲ အနည်းငယ်မသက်မသာဖြစ်လာခဲ့သည်။ ထိုခံစားချက်ကို အတင်းအကြပ်ဖိနှိပ်လိုက်ပြီး အကျိုးအ ကြောင်း ဆီလျော်သည့်အကြံဉာဏ်ကိုသာ ကျန်းကျီမြောင်ပေးခဲ့ပါသည်။

“အနောက်နန်းဆောင်ကို အရှင်မင်းကြီး အရေးပေးချိန်တန်ပြီလို့ ဒီမိဖုရား ထင်မိပါတယ်”

ကျန်းကျီမြောင် တွန့်ဆုတ်မှုမရှိသော မျက်လုံးများဖြင့် လျှောက်တင်လိုက်ပါသည်။

ယွဲ့လင်း မျက်နှာထား ချက်ချင်းပြောင်းလဲသွားပြီး ရုတ်တ ရက် မတ်တပ်ထရပ်လိုက်တော့သည်။

All Chapters