← Chapters

👑 I Understand Now

Vol. 15 Ch. 150

👑 I Understand Now

Vol. 15 Ch. 150

ကျန်းကျီမြောင်!

ဘာတွေ လုပ်နေတာလဲ!

သူ့ကိုဘယ်လိုသဘောထားတာလဲ!

စိတ်ခံစားချက်မရှိတဲ့ ကိရိယာတစ်ခုလို့ မြင်နေတာလား!

ယွဲ့လင်း အံကြိတ်လိုက်သည်။

“အရှင်မ!”

“ရှိပါကြောင်း!”

ယွဲ့လင်းအော်သံကြောင့် ကျန်းကျီမြောင်အာရုံထဲ မေ့ပျောက်နေတာ ကြာပြီဖြစ်သည့် မှတ်ဉာဏ်များပင်ပြန်ဝင်ရောက်လာပြီး ခါးမတ်သွားခဲ့ရသည်။

ယွဲ့လင်း အံကြိတ်တာ အားပြင်းလွန်းသဖြင့် သွားချင်းပွတ်တိုက်သံတွေတောင် မြည်နေပါပြီ။ ကျန်းကျီမြောင်၏ လည်ဂုတ်ကို ဆွဲပြီး ခေါင်းထဲဘာတွေစဉ်းစားနေတာလဲဟု မေးလိုက်ချင်သည်။

သို့သော်…

သူ့မှာ မေးပိုင်ခွင့် မရှိပါ။ ဘာပဲဖြစ်ဖြစ် ပြဿနာကို ဖြေရှင်းနိုင်မည့် ရှုထောင့်ကကြည့်လျှင် ကျန်းကျီမြောင်၏ အကြံဉာဏ်က ဘာဟာကွက်မှမရှိပေ။ အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းပင်။

ကိုယ်လုပ်တော်တစ်ယောက်ကို အရေးပေးရုံပဲ မဟုတ်လား…

သူ့မှာ အနောက်နန်းဆောင်တစ်ခုလုံးရှိနေတာ သူ့အတွက် ဘာအခက်အခဲမှ မရှိနိုင်ဘူးမဟုတ်လား!

ကျန်းကျီမြောင်၏တွေးခေါ်ပုံက မမှားယွင်းမှန်း ယွဲ့လင်း နားလည်ပါသည်။ သို့သော် ထိုသို့ သူနားလည်လာလေလေ ဒေါသတွေ ပိုထွက်လာလေလေပင်။

ဦးနှောက်ဖြင့် စဉ်းစားလျှင်တော့ အကျိုးအကြောင်းသင့် မှန်ကန်သော်လည်း… နှလုံးသားဖြင့် စဉ်းစားကြည့်ရင်ကော...

မြောင်မြောင့် နှလုံးသားထဲမှာ ဒါကို မှားယွင်းနေတယ်လို့ မခံစားရဘူးလား ?

နည်းနည်းလေးတောင် တွန့်ဆုတ်မှုမရှိဘဲ သူ့ကို ဒီလို တွန်းထုတ်လိုက်တာလား ?

ကျန်းကျီမြောင် အတွေးထဲမှာ မကြာခဏ တွေးဖူးသလိုမျိုး သူ့အပေါ် အထက်အရာရှိတစ်ဦးလို၊ ‘ဘော့စ်’တစ်ဦးလိုသာ သဘောထားတာ ဖြစ်ပါလိမ့်မည်။

ပထမတော့ ထိုစကားလုံးတွေကို ယွဲ့လင်း နားမလည်ခဲ့သော်လည်း အကြိမ်ကြိမ်ကြားခဲ့ရပြီးနောက် အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်လာခဲ့ပါသည်။ ညီလာခံရှိ ဝန်ကြီးမှူးမတ်တွေလိုပဲ သူ့ကို အာဏာပြယုဂ်တစ်ခုလိုပဲ မြောင်မြောင် မြင်နေတာဖြစ်မည်။ ထိုပြယုဂ်နောက်ကွယ်က ယွဲ့လင်းဟူသည့် လူတစ်ယောက်ကိုတော့ ဘယ်သူမှ မမြင်နိုင်ကြပါ။

သူ့အပေါ် မြောင်မြောင် တကယ် ဂရုစိုက်ရဲ့လား…

ပထမတော့ ယွဲ့လင်း အလွန်ဒေါသထွက်သွားခဲ့သည်။ သို့သော် ဒေါသထွက်ရင်းနဲ့ သူ့မှာ ဒေါသထွက်ခွင့်မရှိမှန်း နားလည်ခဲ့ရသည်။ မြောင်မြောင်လုပ်နေသည့် အရာတွေအားလုံးက သူကောင်းဖို့အတွက်သာဖြစ်သည်။ သူ့အပေါ် ဘာကျေးဇူးမှလည်းမရှိပါ။

ထိုအတွေးဖြင့် ယွဲ့လင်း ဝမ်းနည်းသွားခဲ့သည်။

သူက ဧကရာဇ်မင်းကြီးဖြစ်သည်။ မြောင်မြောင်က သူ့မိဖုရားကြီး ဖြစ်သည်။ မြောင်မြောင် ရှိနေတာကြောင့် ဒီလောကကြီးထဲမှာ ယွဲ့လင်း ဆက်လက်ရှင်သန်ချင်စိတ် ရှိလာခဲ့တာဖြစ်သည်။

သို့သော် ဒါတွေက သူ့ဘက်မှ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နိုင်ပါသည်။ မြောင်မြောင် သူ့အနားမှာ တစ်သက်လုံး အဖော်ပြုပေးချင်သည်ဟု တစ်ခါမှ မပြောခဲ့ဖူးပါ။

ထိုသို့တွေးမိလေလေ ယွဲ့လင်း ဝမ်းနည်းလာလေလေဖြစ်ပြီး ကျန်းကျီမြောင်ကို ကြည့်ရင်း သူ့မျက်ဝန်းများ နီမြန်းသွားခဲ့သည်။

ကျန်းကျီမြောင်: “???”

[ငါ… ငါဘာလုပ်လိုက်မိတာလဲ??? ခုနက ယွဲ့လင်း တော် တော် ဒေါသထွက်သွားပြီး အခုလည်း ငိုတော့မလိုဖြစ်နေပြန်ပြီ!!!]

ဧကရာဇ်မင်းကြီးက သူ့ရဲ့ပျော့ညံ့မှုကို သူများတွေအား မမြင်စေချင်သကဲ့သို့ မားမားမတ်မတ်ခိုင်ခိုင်မာမာ ရပ်တည် နေသည်။ သို့သော် ပုံမှန်ဆို ဓားတွေလို စူးရှထက်မြက်နေတတ်သည့် သူ့မျက်ဝန်းတွေထဲမှာ ယခု စိုစွတ်ရီဝေမှုတွေ ရှိနေတာကို ကျန်းကျီမြောင် မြင်နိုင်ပါသည်။

အလွန်ဝမ်းနည်းစရာကောင်းသည့် ကိစ္စတစ်ခုကို ကြုံတွေခဲ့ရသလိုမျိုး သူ့မျက်ဝန်းတွေလည်း အနည်းငယ် နီမြန်းနေခဲ့သည်။

ကျန်းကျီမြောင် လိပ်ပြာမလုံဖြစ်သွားခဲ့ပါသည်။

ဒါ… ဒါ သူနဲ့တော့ ဘာမှ မဆိုင်လောက်ပါဘူးနော်…

သူ ဘာမှမလုပ်ရသေးဘူးလေ!

ကျန်းကျီမြောင်က စိတ်ရှည်တတ်သူ မဟုတ်ပါ။ တခြား ရုပ်ဆိုးဆိုးနဲ့ လူတစ်ယောက်က သူမကို ဒီလိုလာကြည့်နေလျှင် စိတ်ရှုပ်စရာကောင်းသည်ဟု ကျန်းကျီမြောင် ထင်မိမှာဖြစ်သည်။

သို့သော်… ယွဲ့လင်းက အလွန်ကြည့်ကောင်းသည်။

ယွဲ့လင်းနှင့် ပထမဆုံး စဆုံတွေ့ခဲ့စဉ်တုန်းက ယွဲ့လင်းဘယ်လောက်ပဲ ထိန်းချုပ်ထားပါစေ ကြည်လင်ပြတ်သားနေသည့် သူ့မျက်ဝန်းတွေထဲ စိတ်အားငယ်မှု အရိပ်အ ယောင်တချို့ ရှိနေတတ်သည်။ တစ္ဆေတစ်ကောင်လို ဖြူဆုပ်နေတတ်ပြီး နေရာခြည်အောက်မှာ လမ်းလျှောက်နေလျှင်တောင် သူ့စိတ်ဝိညာဉ်က အမှောင်ထု၏ ထောင့်တစ်နေရာမှာ ပုန်းကွယ်နေသလို ခံစားရပါသည်။ ယခင်က တည်းက ယွဲ့လင်း ရုပ်ရည်ချောမောခဲ့သော်လည်း လူတွေ အနားမကပ်ရဲဘဲ ရှိန်လောက်မည့် အေးစက်မှုမျိုး ရှိနေခဲ့သည်။

ယခုလက်လက်ရှိ ယွဲ့လင်းမှာ သိပ်မပြောင်းလဲသေးပါ။ သို့သော် လူသားဆန်သည်ဟု ထင်ရစေသည့် ခံစားချက်မျိုး နောက်ဆုံးတော့ ရရှိလာခဲ့ပြီ ဖြစ်သည်။

ကျန်းကျီမြောင်အာရုံထဲ အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ဧကရာဇ်ပျိုလေးကအကြွင်းမဲ့အာဏာ ကို ကိုင်ဆောင်ထားပြီး သူပြောသမျှအမိန့်ဖြစ်နေသော် လည်း အားနည်းပျော့ညံ့သည့် သူ့အသွင်ကိုတော့ သူနဲ့ အရင်းနှီးဆုံး လူတွေကိုသာ ထုတ်ပြတတ်ခြင်းဖြစ်ပါလိမ့်မည်။

ထိုအတွေး တွေးမိသောအခါ ကျန်းကျီမြောင် ဂုတ်တိုသွားခဲ့ပါသည်။

အား!!! ဒီလောက် ရှက်စရာကောင်းတဲ့ အတွေးမျိုး ဘာလို့ တွေးလိုက်မိပါလိမ့်!

ယွဲ့လင်းကို ကျန်းကျီမြောင် ကြည့်လိုက်သည်။

[ဒီဧကရာဇ်စုတ် ရုပ်ချောနေတာကြောင့်သာ မဟုတ်ရင် ငါဒီလောက်ထိ ဂရုစိုက်မနေဘူး!]

ယွဲ့လင်းကို သေချာအကဲခတ်ရင်း ကျန်းကျီမြောင် ရုတ်တရက် နားလည်သွားခဲ့သည်။

[အရှင်မင်းကြီး ဘာဖြစ်နေတာလဲ ငါ နားလည်သွားပြီ!]

ယွဲ့လင်း မှင်သက်သွားခဲ့ပါသည်။

မြောင်မြောင် နားလည်သွားပြီလား ?

ဘာကို နားလည်သွားတာလဲ ?

ယွဲ့လင်း စိတ်အနည်းငယ် ချောက်ချားမိသော်လည်း တစ်ချိန်တည်းမှာပင် မျှော်လင့်ချက်တချို့ ထားရှိခဲ့သည်။ ကျန်းကျီမြောင်ကို သူမျှော်လင့်တကြီး ငေးကြည့်လိုက်ပါသည်။

[အရှင်မင်းကြီး ရုတ်တရက် ခေါင်းကိုက်လာလို့ပဲဖြစ်မယ်!]

ကျန်းကျီမြောင် အရာရာနားလည်သွားဟန်ဖြင့် တွေးလိုက် ပါသည်။

[မခံနိုင်လောက်အောင် နာကျင်နေတာလား ? သနားစရာလေးပဲ! အဲ့တာများ ဘာလို့ ပွင့်ပွင့်လင်းလင်း မပြောတာလဲ!]

ယွဲ့လင်း: “???”

ယွဲ့လင်း ရီဝေစွာ ခေါ်လိုက်သည်။

“အရှင်မ…”

သို့သော် သူဆုံးအောင် မပြောနိုင်ခင် ကျန်းကျီမြောင် ရှေ့ တိုးလာပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်ပါသည်။ ထို့နောက် တိုးညှင်းသော အသံဖြင့် သူမ လျှောက်တင်လိုက်သည်။

“ဒီမိဖုရား အားလုံး နားလည်ပါတယ် အရှင်မင်းကြီး”

ယွဲ့လင်း အံကြိတ်လိုက်ပါသည်။ ဒီမိဖုရား ဘာမှ နားမလည်ပါဘူး!!

လင်းချင်ချင် တစ်ယောက်တည်း လျစ်လျူရှုခံထားရတာ အတော်ကြာပြီဖြစ်သဖြင့် သည်းမခံနိုင်တော့ဘဲ လျှောက်တင်လိုက်လေသည်။

“အရှင်မင်းကြီး… ဒီရံရွေတော်ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သတ်ပြီး…”

လင်းချင်ချင်ကို ယွဲ့လင်း အေးစက်စွာ လှည့်ကြည့်လိုက်သည်။

“ရံရွေတော်လင်းကို တစ်ယောက်ယောက် ခေါ်ထုတ်သွားကြစမ်း!”

မိန်းမစိုးတချို့ဝင်လာကြပြီး လင်းချင်ချင်ကို အတင်းအ ကြပ် ဆွဲခေါ်သွားကြလေသည်။

ယွဲ့လင်းထံ လင်းချင်ချင် မယုံကြည်နိုင်စွာကြည့်လိုက်ပါသည်။

ဒါဘာသဘောလဲ!

သူ့အတွက် ဒီလောက်ကောင်းတဲ့ အကြံဉာဏ်ပေးနေတာတောင် ဘာလို့ လက်မခံနိုင်တာလဲ!

ယွဲ့လင်း စရောက်လာကတည်းက ကျန်းကျီမြောင်ကို ရီဝေဝေ ကြည့်နေတာကလွဲပြီး တခြားဘာမှမလုပ်ခဲ့မှန်း လင်းချင်ချင် သတိထားမိသည်။

ဒါဘာကို ဆိုလိုတာလဲ!

သူမကို စွန့်ပစ်လိုက်တော့မှာလား!

လင်းချင်ချင်လို ယုံကြည်မှုလွန်ကဲနေသူတစ်ယောက်ပင် စိတ်ချောက်ချားလာမိသည်။

အရှင်မင်းကြီးက… သူ့ကို တကယ် အလိုမရှိတော့ဘူးလား…

သူမ နှလုံးသားကို အစ်ကိုဟွာသာ ပိုင်ဆိုင်ရမှာဖြစ်သည်။ ထို့ကြောင့် သူမကို ယွဲ့လင်းအလိုရှိသည်ဖြစ်စေ အလိုမရှိသည်ဖြစ်စေ ဂရုစိုက်စရာမလိုပါ။ သို့သော် လင်းချင်ချင် အမြင်အာရုံတွေ မှောင်မိုက်သွားသလို ခံစားရသည်။ ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ အတူတူရပ်နေကြသည်ကို သူမ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

ကျန်းကျီမြောင်ကြောင့် မဟုတ်လား!

ကျန်းကျီမြောင်ကြောင့်သာ မဟုတ်လျှင် သူ့ကို အရှင် မင်းကြီး ဒီလို ဆက်ဆံစရာအကြောင်းမရှိပါ။

ကျန်းကျီမြောင်ကို ကြည့်နေသည့် လင်းချင်ချင်၏ အဆိပ်ပြင်းသောအကြည့်ကို ယွဲ့လင်း ရိပ်စားမိသွားပြီး သူ့မျက် နှာ အလွန်ခက်ထန်သွားခဲ့သည်။ လင်းချင်ချင်ကို ဆက်ပြီး လျစ်လျူရှုထားလို့ မဖြစ်တော့ပါ။

ကံကောင်းစွာဖြင့် သူ့လူတွေကလည်း လင်းချင်ချင်နှင့် မင်းသားအန်းဟယ်တို့ကြားက ပတ်သတ်ဆက်နွယ်မှုကို စုံစမ်းစစ်ဆေးလို့ ပြီးဆုံးခါနီးပြီဖြစ်သဖြင့် အချိန်ကိုက်ပဲ ဖြစ်သည်။။ ထို့ကြောင့် မကြာခင် ဒီအချစ်ငှက်နှစ်ကောင်ရဲ့ ဆန္ဒတွေကို ယွဲ့လင်း ဖြည့်ဆည်းပေးနိုင်ပါတော့မည်။

ယွဲ့လင်း အကြည့်ပြန်လွှဲလိုက်ပါသည်။ ကျန်းကျီမြောင်ကို မြင်တာနဲ့တစ်ပြိုင်နက် သူ့မျက်နှာ အလွန်ဝမ်းနည်းသွားပြန်သည်။

“အရှင်မက ကျန်းကို အဲ့လိုမိန်းမမျိုးကို အရေးပေးစေချင်တာလား”

ကျန်းကျီမြောင် လိပ်ပြာမလုံစွာ လျှောက်တင်လိုက်ပါသည်။

“ဒီမိဖုရားအဲ့လို ဆိုလိုတာ မဟုတ်ရပါဘူး အရှင်မင်းကြီး၊ ပြဿနာကို ဖြေရှင်းဖို့ အထိရောက်ဆုံး နည်းလမ်းမို့လို့ပါ…”

“ပြဿနာကို ဖြေရှင်းဖို့အတွက်နဲ့ ကျန်းရဲ့ ဆုံးရှုံးမှုတွေကို ခေါင်းငုံ့ခံလိုက်ရတော့မှာလား”

ယွဲ့လင်း ပိုဝမ်းနည်းသွားခဲ့သည်။

ဆုံးရှုံးမှုဟုတ်လား ?

ဘာဆုံးရှုံးမှုကို ပြောတာလဲ ?

ယွဲ့လင်း မျက်နှာကို ကျန်းကျီမြောင် ကြည့်လိုက်သည်။ မျက်လုံးတွေ နီမြန်းနေတာကြောင့် သူ့မျက်နှာက ပိုလို့တောင် ဆွဲဆောင်မှုရှိနေသဖြင့် ကျန်းကျီမြောင် လည် ချောင်းရှင်းလိုက်မိပါသည်။

အင်း… သူ့ပုံစံက တစ်ခုခုတော့ ဆုံးရှုံးနေတဲ့ပုံပဲ။

အခြွေအရံများကို လှည့်ကြည့်လိုက်ပြီး ကျန်းကျီမြောင် တိုးညှင်းစွာ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်ကို စတေးဖို့ ဒီမိဖုရား ပြောနေတာ မဟုတ်ပါဘူး၊ တကယ်တော့…”

ကျန်းကျီမြောင် ခေတ္တရပ်တန့်သွားပြီး သွယ်ဝိုက်သောနည်းလမ်းဖြင့် အတတ်နိုင်ဆုံး ကြိုးစားရှင်းပြလိုက်ပါသည်။

“တကယ်တော့ အရှင်မင်းကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေ အနေကို ဒီမိဖုရား အားလုံး နားလည်ထားပြီးသားပါ၊ အဲ့ဒီ အတွက်နဲ့ အရှင်မင်းကြီးအပေါ် ဒီမိဖုရား ဘယ်လိုမှ သဘောမထားပါဘူး”

ယွဲ့လင်း တစ်ကိုယ်လုံး ထုံကျင်သွားရသည်။

ကျန်းကျီမြောင်က သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်စကား ပြောလိုက်ပါသည်။

“အဲ့ဒီကိစ္စအတွက်နဲ့ အရှင်မင်းကြီးကို ဒီမိဖုရား တစ်ခါမှ အထင်အမြင်မသေးခဲ့ဖူးဘူး”

[အမြင်လှပြီး စားလို့မရတဲ့ အသီးမို့လို့ နှမျောစရာတော့ကောင်းသား… ဒါပေမယ့် ကိစ္စတော့မရှိပါဘူးလေ၊ အရေးမကြီးဘူး၊ ငါ့ဖာသာငါ ငါးဆားနယ်ဘဝနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ရင် အချစ်ရေးတွေ အားလုံးမေ့ထားလို့ ရတယ်]

ယွဲ့လင်း မျက်တောင်များ အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။

All Chapters