အခန်း (၉၁)
Vol. 7 Ch. 91
ကျွမ်းကျွမ်း ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့လိုက်ကာ သူ့ဝတ်စုံကို ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ? ဦးလေးကလဲ သားက အရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောခဲ့တာကို”
ရှောင်းကောမှာ ရယ်ချင်တာကို ကြိုးစားထိန်းနေရကာ သူမရဲ့ကျောမှာ တုန်ခါနေသည်။ သို့ပေမယ့် ကျွမ်းကျွမ်းသည် သူမအနောက်တွင် ရှိနေဆဲပင်။ သူမ ရယ်လို့မရပေ!
ရှောင်းကော အစွမ်းကုန်အားစုကာ ရယ်ချင်စိတ်ကို ဖိနှိပ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူမတို့တွေ ဟင်းခတ်အမွှေးအကြိုင်ဆိုင်သို့ ရောက်လာကြသည်။ ရှောင်းကော အသက်ရှုသွင်းလိုက်ကာ ကျွမ်းကျွမ်း၏ မျက်နှာအား တည်တည်ငြိမ်ငြိမ်ဖြင့် မကြည့်နိုင်ခင် သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်သည်။
သူမ လှည့်ကြည့်လိုက်တော့ ကျွမ်းကျွမ်းက သူမကို တကယ်ကြီးကြည့်နေတာ တွေ့လိုက်ရသည်။ ရှောင်းကောမှာ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရသည်။ "ကျွမ်းကျွမ်း..ဖွီ..အဟွတ် အဟွတ်!"
တောင်းပန်ပါတယ်၊ သူမ အကောင်းဆုံးလုပ်ခဲ့တာပဲလေ!
ကျွမ်းကျွမ်းအား သူမကိုစောင့်နေရန် ပြောပြီးနောက် သူမဆိုင်ထဲသို့ အမြန်ပြေးသွားလိုက်သည်။
ရှောင်းကောသည် ဧည့်ခန်းတွင်ရပ်ကာ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ တံခါးနားတွင် ရပ်ထားသည့်မြည်းလှည်းပေါ်တွင် သူထိုင်နေသည်။ လိုအပ်သည့် ဟင်းခတ်အမွှေးအကြိုင်တွေကို ဆိုင်ဝန်ထမ်းအား သူမ ပြောလိုက်သည်။
သူမသည် တစ်ကြိမ်တည်းတွင် ဟင်းခတ်အမွှေးအကြိုင် တစ်ဒါဇင်ကျော်ကို ပြောလိုက်သည်။ ဆိုင်ဝန်ထမ်းက ချမှတ်နေတာကို တွေ့ပြီးနောက် သူမသည် နောက်ဆုံးအမွှေးအကြိုင်ဖြစ်သည့် သိုးသားအတွက်မရှိမဖြစ် ဇီယာစေ့ကို ပြောလိုက်သည်။
ဆိုင်ဝန်ထမ်းက အားလုံးကို ချရေးပြီးနောက် ပစ္စည်းတွေထုပ်ဖို့ သွားသည်။
ရှောင်းကော စောင့်နေစဉ်၊ ကျွမ်းကျွမ်းအား မျက်ခြေမပြတ်စောင့်ကြည့်ရန်လည်း မမေ့ချေ။ သူသည် မြည်းလှည်းထဲတွင် နာနာခံခံ ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် သူမစိတ်အေးသွားရသည်။
ရှောင်းကောသည် ကျွမ်းကျွမ်းအား သူမနှင့်အတူခေါ်လာချင်သော်လည်း မြည်းလှည်းပေါ်မှ အသားများကိုတော့ ယုလာလို့မရပေ။ ဒါ့အပြင် ကျွမ်းကျွမ်းသာ သူမနောက်သို့ လိုက်လာခဲ့မည်ဆိုပါက သူမရယ်ချင်တာကို ထိန်းထားနိုင်ပါ့မလားဆိုတာ မသေချာပါချေ။ သူမ သူ့အားထပ်ပြီး မငိုစေချင်ပေ။
ဆိုင်ဝန်ထမ်းက အိတ်တွေကိုယူလာပြီးနောက် ရှောင်းကော သူ့ဆီမှ အိတ်တွေကို ယူလိုက်သည်။ သူ့ကို ပိုက်ဆံပေးပြီးနောက် သူမမြည်းလှည်းဆီသို့ အမြန်ပြန်လာလိုက်သည်။
တခြားဘာမှဝယ်စရာမရှိတော့သည့်အတွက် ရှောင်းကော အိမ်သို့ဦးတည်လိုက်သည်။
ကျွမ်းကျွမ်းသည် လမ်းတစ်လျှောက် ရှောင်းကောနှင့် စကားမပြောပေ။ ရှောင်းကော သူ့ကို ချော့ကာ စနောက်ပေမယ့် သခင်လေးက စကားတစ်ခွန်းမှ မပြောပေ။
ရှောင်းကော ခေါင်းကုတ်လိုက်သည်။ သူမတော့ ပြဿနာတက်ပြီ။ သူမ ဘာလုပ်သင့်လဲ? သူမ ဘာလုပ်သင့်လဲ?!
ကူးကူးကူး…ကူးကူးကူး…
မီးခိုးရောင်ခိုတစ်ကောင်သည် ပြတင်းပေါက်နားတွင် လာနားသည်။ ၎င်း၏ခြေထောက်တွင် အဖြူရောင်အရာတစ်ခု ရှိနေသည်။
ခဏအကြာတွင် ကြွက်သားတောင့်တင်းသည့် လက်မောင်းတစ်ဖက် ထွက်လာသည်။ ခိုသည် ထိုလက်မောင်းပေါ် ခုန်တက်လိုက်ကာ မြဲမြံစွာ ရပ်လိုက်သည်။ ခိုသည် ထိုလူအား စောင့်ဆိုင်းနေပုံရသည်။
ထိုလူသည် ခို၏ခြေထောက်မှ အရာကို ယူလိုက်ကာ ဖြန့်လိုက်သည်။ ၎င်းဟာ စာတစ်စောင်ပင်ဖြစ်သည်။
ထိုလူ၏ နှုတ်ခမ်းများသည် အသာဟသွားကာ မရေရာသည့်အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
သူ ခိုအားလွှတ်လိုက်ကာ စာကို ရင်ဘတ်ထဲတွင်ဖွက်လိုက်ပြီး ညဘက်တွင် အိမ်ထဲမှ ထွက်လာတော့သည်။
တောက်၊ တောက်၊ တောက်
အသာလေးခေါက်လိုက်သည့် တံခါးခေါက်သံတွေ ဆက်တိုက်ထွက်ပေါ်လာသည်။
ကျန်းတန်းဟယ်သည် ရေချိုးပြီးသည့်နောက် သူ့ကုတင်ပေါ်တွင် တစ်ရေးတစ်မော အိပ်နေသည်။
ခေါက်နေသည့်အသံဟာ တိုးသော်လည်း ကျန်းတန်းဟယ်၏ နားတွေကတော့ ပါးသည်။ သူအဝတ်အစားတွေဝတ်ကာ ဖယောင်းတိုင်မီးထွန်းလိုက်ပြီး တံခါးဖွင့်လိုက်သည်။
ပါးနပ်မှုမရှိသည့် လူကလွဲလျှင် ဤအချိန်တွင် သူ့တံခါးအား လာခေါက်နိုင်သည့်သူမရှိပေ။
သေချာပေါက်၊ တံခါးဖွင့်လိုက်သည့်အခါ ရင်းနှီးနေသည့် မျက်နှာတစ်ခု ပေါ်လာသည်။
"လီရှို့ကျီ!"
"ဟေး ညီအစ်ကို၊ သတင်းကောင်းပဲ"
ကျန်းတန်းဟယ်မှာ သူ့အား ကြည့်တောင်မကြည့်ပေ။ တံခါးဖွင့်ပေးပြီးနောက် အိမ်ထဲပြန်ဝင်ကာ ကုလားထိုင်ပေါ်တွင် သူထိုင်လိုက်သည်။
လီရှို့ကျီကပြုံးကာ တံခါးနားတွက် ရပ်နေသည်။ သူ၏ စိတ်အားထက်သန်နေမှုဟာ တစ်ဖက်သား၏ အေးစက်နေမှုကြောင့် သက်ရောက်မှုမရှိပါချေ။ သူ အိမ်ထဲသို့ဝင်လာကာ ကျန်းတန်းဟယ်နှင့် မျက်နှာချင်းဆိုင်တွင် မထိုင်ခင် အနောက်မှ တံခါးအား ပိတ်လိုက်သည်။
ကျန်းတန်းဟယ်နှင့် အချိန်အတော်ကြာ သိကျွမ်းခဲ့ကာ သူ၏အကျင့်အား သိနေသည့်အတွက် သူကတော့ သူ့ကိုမကြောက်ပါချေ။
"မှန်းကြည့်၊ ဘာသတင်းလဲ?
ခဏကြာသည်အထိ ကျန်းတန်းဟယ် သူ့အားမကြည့်လာပေ။ လီရှို့ကျီမှာ သည်းမခံနိုင်တော့ဘဲ ပါးစပ်ကိုဖွင့်လိုက်သည်။ ကျန်းတန်းဟယ်၏ စိတ်ဝင်စားမှုရရန်မှာ ခက်ခဲလှသည်။
"မင်းရဲ့ ကံကောင်းခြင်းတွေကို ငါတကယ်လေးစားတယ်..."
ကျန်းတန်းဟယ်မှာ မျက်ခွံတောင် မလှုပ်တာကိုမြင်တော့ လီရှို့ကျီ သူ့ဘာသာသူ ရေရွတ်လိုက်ကာ သူ့အာရုံကို ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။
ကျန်းတန်းဟယ်မှာ ငြိမ်သက်စွာဖြင့် နားထောင်နေသည်။ လီရှို့ကျီ သူ့ဘာသာသူ ပြောလိုက်တဲ့စကားကို သူသိချင်နေပေမယ့် သူ့မျက်နှာပေါ်တွင် မဖော်ပြချင်ပေ။ သူသာ စိတ်ဝင်စားကြောင်း ပြလိုက်ပါက လီရှို့ကျီတစ်ယောက် မြောက်တက်သွားမယ်မှန်း သူ သိသည်။ စကားတစ်ခွန်းထဲဖြင့် ရှင်းပြလို့ရသည့်အရာအား ကွေ့ဝိုက်ကာ သူစလာလိမ့်မည်ပင်။
လီရှို့ကျီ သက်ပြင်းချလိုက်ကာ ကူကယ်ရာမဲ့သွားတော့သည်။ 'မင်း ဘယ်လိုလုပ် တည်ငြိမ်နိုင်ရတာလဲ။ ငါ နောက်ဆုံးလှုပ်ရှားမယ့်ဟာကို ပြပါရစေအုံး!'
“မင်းအဖေဖြစ်နေပြီ…”
လီရှို့ကျီသည် စကားအဆုံးနားတွင် ဗျူဟာကျကျ ရပ်လိုက်ကာ ရေကို အဆောတလျင် သောက်လိုက်သည်။ သူ့မျက်လုံးတွေက အခန်းပတ်ပတ်လည်ကို အေးအေးဆေးဆေး လိုက်ကြည့်နေသည်။
အဲ့ဒီလိုသူပြောပြီးသည်နှင့်၊ ကျန်းတန်းဟယ်မှာ အေးခဲသွားတော့သည်။ သူ့လက်ထဲရှိ ခွက်အား သူ့နှုတ်ခမ်းကြားတွင် ဖိထားလိုက်သည်။ ရေနွေးကြမ်းဟာ ဘောင်ဘင်ခတ်နေကာ နောက်တစ်စက္ကန့်တွင် ဖိတ်ကျတော့မလိုပင်။
ယခုတော့ လီရှို့ကျီသည် စိတ်အေးလက်အေးနှင့် ယုံကြည်မှု အပြည့်ရှိနေသည်။ ယခုအချိန်တွင်တော့ ကျန်းတန်းဟယ် စိတ်လှုပ်ရှားရမည့်အလှည့်ဖြစ်သည်။ ကျန်းတန်းဟယ် ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ ဒီစကားကြားပါက သူစိတ်မသက်မသာဖြစ်သွားလိမ့်မည်မှန်း လီရှို့ကျီ သိသည်။
"ရှင်းအောင်ပြော!"
ကျန်းတန်းဟယ်၏ လတ်တလောစိတ်ဖိစီးနေမှုဟာ ယခုအချိန်တွင် ပေါက်ကွဲလာသည့်ပုံပင်။ သူသည် လီရှို့ကျီအား စိုက်ကြည့်ကာ သူ့ဆက်ပြောလာမည်ကို စောင့်နေသည်။
လီရှို့ကျီ ရှိုးလုပ်လို့ပြီးသွားတော့ နောက်ပြောင်နေတာကို ရပ်လိုက်သည်။ ကျန်းတန်းဟယ်သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စိတ်မသက်မသာဖြစ်နေခဲ့သည်ကို သူ သိသည်။ ထို့ကြောင့် သူသည် ကျန်းမိသားစုအကြောင်း သိရရန် စွန့်စားကာ တစ်စုံတစ်ဦးအား စေလွှတ်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ကျန်းတန်းဟယ်၏ စိုးရိမ်ပူပန်မှုများကို ကျော်လွှားနိုင်ရန် ကူညီပေးဖို့ဖြစ်သည်။ ဒါက ကျန်းတန်းဟယ်အတွက်သာမက စစ်ဆင်ရေးကိုပါ အထောက်အကူပြုနိုင်သည်....
"ဟုတ်တယ်၊ မင်း အဖေဖြစ်နေပြီ!"
လီရှို့ကျီ သူ့အား စနောက်တာကို ရပ်လိုက်ကာ လေးလေးနက်နက် ပြောလာသည်။ သူ့လူတွေအား မက်မွန်ပွင့်ရွာသို့ ဘယ်လိုပို့ခဲ့တယ်ဆိုတာ အသေးစိတ် ပြောပြလိုက်သည်။
လီရှို့ကျိသည် ကျန်းတန်းဟယ်တစ်ယောက် အဆက်မပြတ် မသက်မသာဖြစ်နေမှန်း သတိပြုမိသည်။ နောက်တစ်ခုက သူ့အမေနှင့် သူ့ဇနီးအတွက် အဓိက စိတ်ပူတာဖြစ်သည်။ လီရှို့ကျီသည် သူ့လောက်သိပ်သတိမထားပေ။ ထို့ကြောင့် သူ့အတွက် လီရှို့ကျီသည် ခရိုင်မြို့နှင့် အနီးဆုံးရှိ အဖွဲ့အား စုံစမ်းထောက်လှမ်းရန် စေလွှတ်လိုက်သည်။ တိုက်ဆိုင်စွာပင်၊ သူတို့သည် နောက်ဆုံးထွက်ခွါရမည့် အဖွဲ့ဖြစ်သည်ကြောင့် ကိစ္စများအား စစ်ဆေးရန် အချိန်အနည်းငယ်ဖဲ့ထုတ်ခဲ့ရသည်။
စာအိတ်တစ်အိတ်အား သူပို့ပေးခဲ့သည်။ တာဝန်ကိုလက်ခံရရှိပြီးနောက်၊ လက်ခံရရှိခဲ့သည့်လူများသည် အခြေအနေအား ချက်ချင်းစစ်ဆေးကာ ရရှိထားသည့်အချက်အလက်များအားလုံးကို လီရှို့ကျီထံ ပို့ပေးခဲ့သည်။
ထိုသတင်းကိုကြားရသည့်အခါ လီရှို့ကျီသည် ကျန်းတန်းဟယ်အတွက် အရမ်းဝမ်းသာသွားသည်။ အဲ့ဒီလူတွေဟာ သူ့အမေကို မတွေ့ခဲ့ပေမယ့် သူ့မိန်းမကို မြင်ခဲ့သည်။ ပြောဖို့တန်သည့်အချက်မှာ သူ့ဇနီးသည် သူ့အား စောင့်မျှော်နေဆဲဖြစ်ကာ သူ့ကလေးကိုတောင် မွေးထားသေးသည်။
အဲ့ဒီအခိုက်အတန့်တွင် ကျန်းတန်းဟယ် ပြုံးမိသွားသည်။ သူ့နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။ သူ၏ အေးစက်တင်းမာနေသည့်မျက်နှာဟာ ယခုအခါတွင်တော့ နွေဦးလေပြေအား ကြိုဆိုရသည့် ပျော်ရွှင်မှုများနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
သူ့မျက်နှာပေါ်ရှိ အပြုံးအား မထိန်းနိုင်တော့သလို သူ့နှလုံးခုန်သံတွေဟာလည်း တဒိတ်ဒိတ်ခုန်နေသည်။ သူ့စိတ်ဟာလည်း မိန်းမောနေသည်။
အခု သူဘယ်လို ခံစားနေရလဲဆိုတာ မသိတော့ပေ။ အချစ်၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် အပြစ်ရှိစိတ်တွေဟာ သူ့ရင်ထဲတွင် ပြည့်နှက်နေကာ သူ့အား ချက်ချင်းပြေးပြန်ချင်အောင် လုပ်နေသည်။
“ဟေး ဟေး ဟေး၊ ငါ မင်းကို အရမ်းအားကျလိုက်တာကွာ။ မင်း သုံးနှစ်လောက်ပျောက်နေပေမယ့် နောက်ဆုံးတော့ မင်းပဲ အပျော်ရဆုံးဖြစ်နေတယ်!”
လီရှို့ကျီမှာ သူ့ညီအစ်ကို၏ ကောင်းလှတဲ့ဘဝအား မတတ်နိုင်ဘဲ သက်ပြင်းချမိသည်။
"သူတို့ဘယ်လိုနေကြလဲ?"
ကျန်းတန်းဟယ်သည် သူတို့၏ လက်ရှိအခြေအနေအား သိရရန် မစောင့်နိုင်တော့ပေ။ သူသည် လီရှို့ကျီအား ပြင်းပြင်းထန်ထန် ကြည့်နေသဖြင့် တစ်ဖက်လူမှာ ကြက်သီးတောင် ထသွားရသည်။
"ပြမယ်!"
လီရှို့ကျီ သူ့လက်များကို ပွတ်သပ်ကာ စာကိုထုတ်လိုက်သည်။ သူကိုယ်တိုင်ဖတ်နိုင်ရန် ကျန်းတန်းဟယ်အား ပေးလိုက်သည်။
ကျန်းတန်းဟယ်သည် သူ၏ ပုံမှန်တည်ငြိမ်နေမှုကို မထိန်းနိုင်တော့ပေ။ စာရွက်ကိုမြင်သည့်အခါ သူဆွဲယူလိုက်ပြီး လက်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ကိုင်ထားလိုက်သည်။
ဒီအချိန်တွင် သူတကယ် စိတ်လှုပ်ရှားနေသည်။ အခြေအနေအား ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမသိပေ။ သူနှင့် အဆက်အသွယ်မရှိတာကြာပြီဖြစ်သည်။ သူတို့ ဘေးကင်းလုံခြုံစေဖို့ကလွဲလျှင် တခြားအကြောင်းအရင်းမရှိပါချေ။ သူတို့ ဘယ်လိုနေနေကြလဲဆိုတာ သူ မရှာရဲခဲ့ပေ။ သူသာ ရှာဖွေခဲ့ပါက သူတို့ဆီ ပြန်သွားချင်အောင် သွေးဆောင်ခံလိုက်ရမှာ သူကြောက်ခဲ့မိသည်။
ဒါပေမယ့် မဖြစ်ဘူး!
ရှောက်ကျန့်အတွက် စစ်တပ်တစ်ခုတည်ထောင်ပေးကာ သူ နန်းတက်နိုင်ရန် ကူညီပေးရမည့်အပြင် ကျန်းမိသားစု အပြစ်ကင်းစင်ကြောင်းလည်း သက်သေထူပေးရမည်!